Chapter : 32

Mulai dari awal
                                    

"မင်းသားမဏိစက္ကက ရန်သူ့တပ်ထဲ စွတ်ဝင်ပြီး တပ်မှူးနှစ်ယောက်ကို ခေါင်းဖြတ်လိုက်တယ်တဲ့"

စစ်ပွဲသတင်းများသည် ဟီရနန်းတော်သို့ အဆက်မပြတ်ရောက်ရှိလာ​၏။ နန်းတော်မှ စစ်သွေးဆူသော အကြပ်၊ တပ်မှူး၊ စစ်သည်များသည်လည်းကောင်း၊ စပ်စုသော နန်းတွင်းသူနန်းတွင်းသားများသည်လည်းကောင်း ထိုစစ်သတင်းများကို တဖွဖွပြောဆိုနေကြသည်။

စစ်ရေးသတင်းများမှာ တကူးတကလိုက်မမေးနေသည့်တိုင် လေဖြင့်ပါလာသည့် သဲမှုန်များလို ဟီရမြို့တော်အနှံ့
တဖွဲဖွဲပျံ့နှံ့နေလေ​၏။

အထက်တန်းလွှာများစုဝေးနေသော နေရာများတွင်လည်း
ထိုသတင်းများကိုကြားရတတ်​၏။ ဝန်၊ ဝန်ကတော်၊ မြို့စားကတော်၊ မြို့စား၊ သူကြွယ်နှင့် သူဌေးကတော်များအပြင် ဗိုလ်မှူး၊ တပ်ကြပ် အစရှိသော သူများ၊ တခြားအထက်တန်းလွှာများ ဆုံစည်းမိသောအခါ စားကောင်းသောက်ဖွယ်များစား၊ သာယာသောဂီတသံကို နောက်ခံကာ ထိုသတင်းများကို အားပါးတရပြောဆိုကြသည်။

"မင်းသားအရုဏရဲ့ ဇ,က တယ်သေးသလား...ရန်သူ့တပ်အလယ်ကို ဆင်ချွန်းဖွင့်ပြီး တစ်ယောက်တည်းဝင်သွားတာဗျ....အဲ့တော့ သူ့နောက်ကနေ တပ်ခုနှစ်တပ်လုံးဖြန့်ပြီး အပြေးဝင်လုံးရတော့တာပဲ"

" ရန်သူ့ဆင် ၅၀၀ ရှိပေမဲ့ တို့ဘက်က ဆင် ၁၀၀ နဲ့ မယှဉ်နိုင်ဘဲ စစ်ဦးကျိုးသွားတယ်လေ"

" ရက္ခမင်းသားဆိုတဲ့အတိုင်း ဘီလူးတစ်ကောင်လို စစ်ပွဲအတွင်း မဲမဲမြင်ရာ အကုန်သတ်တာဆိုပဲ..."

ယုဂန် တမင်တကာ နားထောင်နေခြင်းမဟုတ်သော်ငှါး
အရုဏ​၏သတင်းများကို ကြားနေရသည်။ သူသည် ဆိုင်အတွင်း တီးခတ်နေသည့် သာယာသောစောင်းသံကို နားစွင့်နေသော်လည်း ဂီတသံအစား ထိုစကားများထံသာ ပိုအာရုံရောက်နေသည်။ ယုဂန်​၏ မျက်လုံးများကမူ စာအုပ်ကို စိုက်ကြည့်နေ​၏။

လက်ညှိုးဖြင့် စာရွက်ထောင့်ချိုးကိုဖိလှန်လိုက်ရင်း ကလေးငယ်တစ်ယောက်လို ပါးစပ်ကို ဟ,ပေးလိုက်သည်။ ထိုအခါ စောရံက ကျောက်ကျောတစ်တုံးကို ခက်ရင်းဖြင့်ထိုးပြီး ယုဂန်ကို ခွံ့ကျွေးရသည်။

The Everlasting One  ( volume 1 )Tempat cerita menjadi hidup. Temukan sekarang