မနက်ဆေးရုံသို့ မိုးရောက်လာသောအခါ ချယ်ရီမေ တစ်ယောက်အပြေးလေး သူ့မမမိုးဘေးသို့ရောက်ချလာ၏ ။
" မမ မျက်နှာကဖြူဖတ်ဖြူလျော်ဖြစ်နေတုန်းပဲ ... အခုထိနေမကောင်းသေးဘူး မဟုတ်လားဟင်? "
ဟိုးတစ်နေ့က သူ့ဘဝမှာ တစ်သက်မှာတစ်ကြိမ်မူးအောင်သောက်ခဲ့မိတဲ့ အကျိုးကျေးဇူးကြောင့်မနေ့ကခေါင်းတွေတအားကိုက်ပြီးခေါင်းတောင်မထောင်နိုင်တော့သဖြင့်မိုးဆေးရုံတောင်မလာနိုင်တဲ့ အထိပင်။
"ကောင်းနေပါပြီ ချယ်ရီရဲ့ .... "
" ဒါပေမဲ့ မမ မျက်နှာက အခုထိ ဖြူဖျော့နေတုန်းပဲ .... မနေ့က ဝမ်းကဘယ်နှခါတောင်သွားတာလဲ မမရဲ့ .... "
ချယ်ရီမေးမှပဲ ဝမ်းလျောနေလို့ဆေးရုံမလာနိုင်တော့ဘူးလို့ လိမ်ညာထားတဲ့ သူ့ကိုယ်သူပင်မိုး လိပ်ပြာမလုံတော့သလိုလိုခံစားလိုက်ရပါသည်။
" ဟို ... ၅ အဲ့ ... ၆ ကြိမ်လောက်တော့ရှိမယ်ထင်တာပဲ ....... ဟို ဟိုလေ ..... မမသူဇာရောက်ပြီလား ? "
မိုး အိုးတိုးအမ်းတမ်းနဲ့ စကားလမ်းကြောင်းလှည့်လိုက်တော့
" ဟုတ်ကဲ့ရောက်နေပြီ မမ .... "
"အော်ဟုတ်လား ဒါဆို ကိုယ်မမသူဇာဆီသွားလိုက်ဦးမယ်ချယ်ရီ .... "
မိုးပြောပြီး မသူဇာခိုင်ရဲ့အခန်းရှိရာသို့လျှောက်လာခဲ့လိုက်မိသည်။ ပြီးတော့ မမသူဇာနဲ့ စကားတစ်ခွန်းနှစ်ခွန်းပြောဆိုကြပြီးတဲ့နောက်ဌာနထဲ round အတူတူလှည့်ကြလေသည်။ မနက်round တစ်ခါလှည့်ပြီးတာနဲ့ မသူဇာခိုင်နဲ့ အတူတူ ခွဲခန်းလိုက်ဝင်ရပြန်သည်။ ဒီလိုနဲ့ ခွဲခန်းထဲမှနေ့လည်၁၂ နာရီလောက်ပြန်ထွက်လာခဲ့၏ ။
" မမ လာလေ ....နေ့လည်စာအတူတူစားကြမယ်.... "
ချယ်ရီနဲ့ nurse မလေး ဖြူဖြူတို့ထိုင်နေကြသည့်စားပွဲနားသို့ မိုးလျှောက်သွားလိုက်တော့ စားပွဲပေါ်မှာ ဟင်းခွက်ကလေးတွေက စုံလင်လို့ပါ ။
"ဒေါက်တာလာ ထိုင်..... "
ဖြူဖြူကဘေးနားကခုံတစ်ခုံကို ဆွဲကာ ချပေးတော့
"ကျေးဇူးပါ ဖြူဖြူ ... "
မိုး ဝင်ထိုင်လိုက်ပြီး သူ့လက်ထဲက စတီးလ်ချိုင့်ကို စားပွဲပေါ်တင်၍ ဖွင့်လိုက်တော့
" ဟင်!! မမ ဒီနေ့လဲ ကြက်ဥပေါင်းပဲလား ... "
" အင်း ... ကိုယ်က ကြက်ဥနဲ့ ကြက်သားပေါင်းထားတာကို ငယ်ငယ်ထဲကတအားကြိုက်တာလေ .... အဲ့ဒါကြောင့်မို့ အိမ်ကဒေါ်လေးဝင်းက အမြဲလိုလိုလုပ်ပေးတာ ..... "
သူပြောတော့ဘေးကဖြူဖြူက
" ကြက်သားပါထည့်ထားပြီးပေါင်းတာလား ... အဲ့ဒါဘယ်လိုလုပ်ရတာလဲဟင်ဒေါက်တာ ..... "
" ကြက်သားကိုတောက်တောက်စင်းပြီး အသားစင်းကောလို ညက်အောင်အရင်လုပ်ရတယ်.... ပြီးတော့ ကြက်သွန့်ဖြူနဲ့ဂျင်းနဲ့ထောင်းထားတာကိုရောနယ်လိုက်ပြီး ကြက်ဥခလောက်ထားတဲ့အထဲထည့်လိုက်ပြီးမွှေလိုက်..... ပြီးမှရေပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲကို အဲ့ရောမွှေထားတဲ့ ခွက်ကလေးကိုအဖုံးပိတ်ပြီး ထည့်ထားရတယ်ပြီးရင်ဒယ်အိုးဖုံးအကြီးကြီးအုပ်ထားလိုက်အဲဒါဆို မြန်မြန်ကျတ်တယ်လေ .... "
ဖြူဖြူမေးတာကိုစိတ်ရှည်လက်ရှည်ရှင်းပြနေတဲ့ သူ့မမမိုးအားချယ်ရီထိုင်ငေးနေမိသည်။
" အရသာမှုန့်တို့ ဘာတို့ကော ထည့်ရသေးလားဒေါက်တာ ... "
" ထည့်ရတာပေါ့ ဖြူဖြူရဲ့ ... ဆားတို့ အသားမှုန့်တို့ နည်းနည်းထည့်ရတာပေါ့ ...အော်ကြက်သွန်နီကြိုက်တတ်ရင်ပါးပါးလေးတွေလှီးပြီး ထည့်လို့ရသေးတယ်အဲ့ဒါဆို ပိုစားကောင်းတယ်.... "
မိုးပြောတော့ဖြူဖြူ ကရယ်လိုက်ပြီး
"ဒေါက်တာက ဟင်းချက်တာ ဝါသနာပါတဲ့ပုံပဲနော်.... "
" ဝါသနာပါတယ်လို့ရယ်လဲ မဟုတ်ပါဘူး .... အရင်က တစ်ယောက်ထဲနေလာခဲ့တာကြာတော့ ဒီလိုပဲ တစ်ယောက်ထဲအေးဆေးလေး ချက်စားရတာကို သဘောကျတယ်.... "
ဖြူဖြူခေါင်းလေးတစ်ညိမ့်ညိမ့်လုပ်တော့ဘေးမှ ချယ်ရီ က
" ကဲ စကားပြောတာလေးရပ်ပြီး စားကြတာပေါ့ ....တော်ကြာ အရေးပေါ်လူနာရောက်လာရင်နေ့လည်စာလေး ငတ်သွားမှာဆိုးလို့ ဟဲဟဲ .... "
ချယ်ရီ့ စကားကြောင့်ဖြူဖြူကရယ်လိုက်သလို မိုး ကတော့ ပြုံးရုံလေးသာ ပြုံးလိုက်သည်။
မိုး ပါးစပ်ထဲသုိ့ ထမင်းတစ်လုပ်မျှသာရောက်ဦးမည်သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကထ၍ vibrate ထဖြစ်တာမို့ မိုး ဖုန်းကိုထုတ်ကြည့်လိုက်မိသည်။
" ဟင်..... မ ...... "
'မ' ဟု တိုးတိုးလေး မိုးရေရွတ်လိုက်တာကို ချယ်ရီကြားလိုက်တာမို့ ထမင်းငုံ့စားနေရမှခေါင်းကို ဇတ်ခနဲမော့ကြည့်လိုက်၏ ။
" ဟဲလို မ ...... "
တစ်ဖက်ဆီမှ ဘာပြန်ပြောနေသလဲဆိုတာတော့ ချယ်ရီ မကြားရပေမဲ့ ချက်ချင်းမျက်လုံးတွေ ဝိုင်းစက်ကာ ဇတ်ခနဲထိုင်ရာမှ ထရပ်လိုက်တဲ့ သူ့မမမိုး ၏အပြုအမူကြောင့်ချယ်ရီ အံ့သြသွားရသည်။
" ဟုတ်ကဲ့ ဟုတ်ကဲ့ မ .... မ ဘာမှမကြောက်နဲ့နော်.... မိုး အခုချက်ချင်းထွက်လာခဲ့မယ်... ခဏလေးပဲစောင့်နေနော်..... ထိခိုက်မိတာကော ရှိသေးလား မ ?? ....... ဟုတ်.. မိုး အခုလာပြီ မကြောက်နဲ့နော်... "
ဖုန်းကိုချလိုက်ပြီးတာနဲ့တစ်ပြိုင်နက်
" sorryနော်ကိုယ်အရေးတကြီးကိစ္စပေါ်လာလို့ .... ချယ်ရီ ဌာနထဲ အရေးပေါ်လူနာရောက်လာရင်ကိုယ့်ဆီဖုန်းဆက်လိုက်နော်..... "
သူမှာစရာရှိတာ မှာပြီးတာနဲ့ပြေးထွက်ခဲ့လေသည်။ရေးကြီးသုတ်ပြာပြေးထွက်သွားတဲ့ သူ့မမကို ချယ်ရီကြည့်ပြီး မျက်နှာက သိပ်မကောင်း ။
" ထမင်းတောင်မစားသွားရသေးပဲနဲ့ ..... ဟူး ... "
ချယ်ရီ သက်ပြင်းချလိုက်မိစဉ်
" မ ဆိုတာ ဘယ်သူမို့လို့ဒေါက်တာ အဲ့လောက်တောင်ပြာယာခတ်ပြီး ထွက်သွားတာပါလိမ့်.... "
ဖြူဖြူမေးတော့ ချယ်ရီ နှုတ်ခမ်းလေးကို မဆိုစလောက်လေး ဆူကာ
" ပြီးခဲ့တဲ့လက ဒီမှာလာခွဲစိတ်သွားတဲ့နွေးနေခြည်သော်ရဲ့အမေလေ .... အဲ့အစ်မက မမ ရဲ့ဆရာမတဲ့ ..... "
" ဟင်ဆရာမ ကို မ လို့ခေါ်တာလား .... "
ဖြူဖြူ တအံ့တသြနဲ့ရေရွတ်လိုက်တော့
" မမ ကအဲ့အစ်မကို ဆရာမဆိုပေမဲ့ အစ်မအရင်းတစ်ယောက်လိုကို ခင်တာလို့ တခါပြောဖူးတယ်.... "
"အော်....အင်း ဟုတ်မှာပါ ... ဒါ့ကြောင့်နွေနေခြည်သော်ဆိုတဲ့ ကလေးမလေးကိုဒေါက်တာကအရမ်းဂရုစိုက်တာကိုး ... "
ဖြူဖြူပြောလိုက်သော်လည်း ချယ်ရီ့ရဲ့အကြည့်တွေက ဖြူဖြူ့ဆီမှာ မရှိ ။ သူမမကျန်ခဲ့တဲ့ စားလက်စ ထမင်းချိုင့်လေးဆီသို့သာ အကြည့်တို့ကစေစားလျက်ရှိနေသည်။ စိတ်တို့ကတော့ သူ့မမမိုးဆီသို့ ဦးတည်နေဆဲပေါ့ ။
X X X X X X X X X X X
ကားလမ်းနံဘေး၌ရှေ့ဆင့်နောက်ဆင့်ရပ်လျက်ရှိတဲ့ ကားနှစ်စီးနောက်တွင်မိုး ကားကိုထိုးရပ်လိုက်သည်။ တစ်စီးမှာကားခေါင်းပိုင်းမှာ စုတ်ပြတ်နေပြီးနောက်တစ်စီးကတော့ ကားနောက်ပိုင်းမှ မီးသီးတို့ကွဲအက်ကာ အတော်လေးအထိနာထားသည်။ ထိုကားကတော့ သူ့မမရဲ့ Ford အဖြူလေးပင်။
မိုး ဆင်းကြည့်လိုက်တော့ သူ့မမက ကားလမ်းဘေးဘက်ခြမ်းက ကားတံခါးလေးကိုဖွင့်လျက်ထိုကားပေါ်တွင်ငုတ်တုတ်ကလေး ။ လက်သည်းလေးတွေကိုလဲ တထောက်ထောက်နဲ့ ကိုက်ဖြတ်လို့နေသည်။ ထို့ကြောင့်သူ့မမ ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲဆိုတာ မိုး သိလိုက်ရပါသည်။ ပြီးတော့ မျက်ခုံးနားမှာလဲသွေးစလေးတွေက စွန်းထင်းလို့နေသေးသည်။
" မ ..... "
သူ့ကလေးရဲ့အသံကြားလိုက်တော့ အသိစိတ်ပြန်ကပ်လာကာခေါင်းကိုချက်ချင်းမော့ကြည့်လိုက်မိသည်။ဘေးမှာရောက်ရှိနေပြီဖြစ်တဲ့ မိုး ကိုလဲမြင်ရော လင်း မျက်နှာကစောစောကလို အရမ်းညှိုးနွမ်းမနေတော့ပဲ အားငယ်စိတ်တို့ပြယ်လွင့်သွားပုံရသည်။
" ကလေး ..... "
သူ့ကိုအားကိုးတကြီးခေါ်လိုက်တဲ့ မ ရဲ့လက်တို့ကို မိုးနွေးထွေးစွာဆုပ်ကိုင်ပေးလိုက်ရင်း
" ဒဏ်ရာကြီးကြီးမားမား မရသွားလို့တော်သေးတာပေါ့ ....လက်တွေကအေးစက်နေတာပဲ မရယ်.... မကြောက်နဲ့တော့နော်မိုးရောက်လာပြီပဲဟာ .... "
လင်းခေါင်းလေးကို အသာတစ်ချက်ညိမ့်ပြလိုက်စဉ်ဘေးသို့ လူကြီးတစ်ယောက်ရောက်လာကာ
" ဒီက ဆရာမရဲ့ကားက အလယ်ကျောကိုယူထားပြီးမောင်နေရင်းကပဲ ရုတ်တရက်ရပ်လိုက်တယ်.... အဲ့ဒါကြောင့်အကိုလဲရုတ်တရက်မို့ ဘရိတ်ဆောင့်အုပ်လိုက်ပေမဲ့ ဘယ်လိုမှ မရတော့ဘူး .... သွားဝင်ဆောင့်လိုက်မိကော ..... ဒီမှာ ကိုယ့်ကားခေါင်းပိုင်းတခုလုံး ပျက်စီးသွားပြီ .... ညီမလာကြည့်ပါဦး ..... "
ထိုလူကသူ့ကားရဲ့အခြေအနေကိုခေါ်ပြသဖြင့်မိုး လိုက်ကြည့်လိုက်ပြီး
" အင်း ..... ဟုတ်ပါတယ်ဒါပေမဲ့ အကို့ကားပျက်စီးသွားသလို ကျွန်မ ဆရာမရဲ့ကားလဲတော်တော်လေး ပျက်စီးသွားပါတယ်.... "
မိုး ပြန်ပြောလိုက်တော့ ထိုလူက မျက်မှောင်ကြုတ်ကာ
" ဟ ... ဒါပေမဲ့ သူ့ကားက ရုတ်တရက်ကြီးရပ်ချလိုက်တာလေ .... အကို့ဘက်က ဘာအမှားမှမရှိဘူးနော်.... သူ့ဘက်ကသာ ဘာအချက်ပြမီးမှ မပြပဲ ကားကို ဘရိတ်ဆောင့်အုပ်တာ ... "
ထိုလူ ထိုကဲ့သို့ပြောတော့ ဘယ်လိုပဲရှေ့ကနေ ဘရိတ်ဆောင့်အုပ်ပါစေ အနောက်ကကားက အရှိန်နဲ့ အနီးကပ်မလိုက်လာဘူးဆို အခုလိုဖြစ်စရာအကြောင်းမရှိဘူးလေလို့ ပြန်ပြောပစ်လိုက်ချင်ပေမဲ့ အခုလိုအချိန်မှာတော့ဒေါသကိုရှေ့တန်းတင်နေလို့မဖြစ်ပါ ။ မကြောင့်ကိစ္စအားလုံးကိုအေးအေးချမ်းချမ်းနဲ့ပဲ အဆင်ပြေသွားအောင်မိုးဖြေရှင်းပေးချင်တာကြောင့်
" ဒီလိုလုပ်လိုက်လေအကို ... ဒီနားမှာ ကျွန်မသိတဲ့ပြနေကျ ဝပ်ရှော့ခ်တစ်ခုရှိတယ်.... အကို့ကားကို အဲ့မှာ လိုက်ပြပေးပြီး ပြန်ပြင်ဖို့အတွက်ကုန်ကျစရိတ်အားလုံးကို ကျွန်မတို့ဘက်ကဖြေရှင်းပေးပါ့မယ်... အဲ့ဒါဆို အကို့ဘက်ကကျေနပ်နိုင်မလား ? "
မိုး စကားကိုအေးအေးဆေးဆေးပြောပြီးပြေရာပြေကြောင်းညှိလိုက်တော့ ထိုလူကသဘောကျသွားတဲ့ပုံပါပဲ ။ခေါင်းညိမ့်ပြပြီး
"အဲ့လိုလုပ်ပေးမယ်ဆိုရင်တော့ အကို့ဘက်ကကျေနပ်တာပေါ့ကွာ .... "
" အဲ့ဒါဆို ညီမကားနောက်ကပဲ အကိုလိုက်ခဲ့နော်.... ကားကစက်နှိုးလို့တော့ရသေးတယ်မဟုတ်လား ? "
" အင်း အင်ဂျင်ပိုင်းတော့ မထိသွားဘူးထင်တယ်အကိုစောစောကနှိုးကြည့်တော့ ရတယ်.... "
" ဟုတ်..... ဒါဆိုသွားကြတာပေါ့ ..... "
သူနောက်လှည့်ကြည့်လိုက်တော့ သူ့မမက သူ့ရဲ့အနောက်မှာ လက်သည်းလေးကိုက်လို့ ရပ်နေတာ တကယ့်ကလေးငယ်တစ်ယောက်ရဲ့ ပုံစံအတိုင်းပင်။ မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ မိုး ကိုစိုက်ကြည့်နေ၏ ။
မိုး သူ့မမ လက်ကိုသွားဆွဲကိုင်လိုက်ပြီး
" မ ကားကိုဒီမှာပဲ ခဏထားခဲ့လိုက်ပြီး ကားပေါ်ကအိတ်နဲ့ ဖုန်းပဲယူခဲ့လိုက်နော်.... အခု မိုး ရဲ့ကားနဲ့ ဒီနားက ကားဝပ်ရှော့ခ်ကိုသွားကြမယ်.... ပြီးတော့မှ အဲ့ဝပ်ေရှာ့ခ်ကလူတွေကို မရဲ့ကားကို လာပြန်ယူခိုင်းလိုက်မယ်နော်..... "
မိုးပြောတော့ လင်းခေါင်းလေးသာတစ်ချက်လေးညိမ့်ပြီး သူ့ကားထဲက ဖုန်းထည့်ထားတဲ့ စလင်းဘတ်အိတ်လေးနဲ့ ဆွဲခြင်းတောင်းလေးကိုယူလိုက်ပြီး မိုး ရဲ့ကားဘေးသို့ ပြန်လျှောက်လာသည်။
လင်း ရဲ့ခြေလှမ်းတွေက ခါတိုင်းလိုက်သွက်လက်မနေပဲလေးပင်နေတယ်ဆိုတာ မိုး သတိထားမိလိုက်တာမို့ ကားတံခါးကို မိုး ကပဲအဆင်သင့်ဆွဲဖွင့်ပေးလိုက်၏ ။
ကားပေါ်ရောက်တော့လဲ မိုး ကိုယ်တိုင်ပဲ သူ့မမကိုခါးပတ်လေးပတ်ပေးလိုက်ကာ ဝပ်ရှော့ခ်တစ်ခုရှိရာဆီသို့ သူ့ကားလေးကို ဦးတည်မောင်းနှင်လိုက်သည်။
ဟိုရောက်တော့ ကားပြင်တဲ့ဆရာက ဟိုလူ့ကားအားသေချာစစ်ဆေးကြည့်လိုက်ပြီး ပြင်ဆင်ရမဲ့ကုန်ကျစရိတ်ကိုပြောသည်။
မိုး လဲလက်ထဲအရေးပေါ်ဆောင်ထားလေ့ရှိတဲ့ ပိုက်ဆံတစ်သိန်းကို ပျက်စီးသွားတဲ့ ကားပိုင်ရှင်လက်ထဲသို့အပ်ကာ
" အကို့မှာ KBZ bank account ရှိလား ? "
" ရှိတယ်ညီမလေး .... "
" အဲ့ဒါဆို account နံပါတ်ပြောပါ ညီမအခုပဲ mobile banking နဲ့လွှဲပေးပါ့မယ်.... "
"အော်ဟုတ်ပြီ ဟုတ်ပြီ ညီမ ..... "
ကျန်နေသေးတဲ့ငွေပမာဏအား bank ကနေတစ်ဆင့်လွှဲပြီးတဲ့အခါမှာတော့ ထိုကားပိုင်ရှင်မှာတော်တော်လေးကျေနပ်သွားပုံရလို့တော်သေးသည်။ လင်း ရဲ့ကားကိုလဲ ထိုဝပ်ရှော့ခ်မှာပဲ အပ်ထားခဲ့လိုက်ပြီး လင်း ရဲ့အိမ်ကိုတော့ မိုး ကိုယ်တိုင်ပဲ လိုက်ပို့ပေးခဲ့လေသည်။
" ဘယ်လိုဖြစ်တာလဲ မ ? "
တိတ်ဆိတ်နေတဲ့ သူ့မမကို မိုး ကားမောင်းနေရင်း တစ်ချက်လှည့်ကြည့်ပြီးမေးလိုက်တော့
" ရုတ်တရက်..... ရုတ်တရက်ကားမောင်းနေရင်းက ဘာမှမမြင်ရတော့လို့ပါ ..... "
လင်း ရဲ့စကားကြောင့်မိုး မျက်လုံးပြူးသွားကာ
" မမြင်ရတော့လို့ ဟုတ်လား ? "
" အင်း .... ရုတ်တရက်ဘာမှကို မမြင်ရတော့တာ .... "
" မျက်လုံးတွေ ပြာသွားတာမျိုးလား ? "
မိုးမေးလိုက်တော့ လင်းခေါင်းခါလိုက်ပြီး
" ဟင့်အင်း ... ရုတ်တရက်မဲမှောင်သွားတာ ... "
" ညဘက်မှာ ရုတ်တရက်မီးပျက်သွားသလို မဲမှောင်သွားတာမျိုးပေါ့ ? "
" အင်း ဟုတ်တယ်ကလေး .... "
မိုး သက်ပြင်းတစ်ချက်ချလိုက်ကာ
" အဲ့ဒါဆိုရင်တော့ မ ဦးနှောက်နဲ့ အာရုံကြောဌာနမှာသေချာပြန်စစ်ဆေးကြည့်ဖို့ လိုအပ်နေပြီ .... အဲ့လို အမှောင်ကျသွားတာမျိုးက အာရုံကြောထိခိုက်ထားတာကြောင့်ဖြစ်နိုင်သလို မျက်စိကြောင့်လဲ ဖြစ်နိုင်တယ်.... မျက်စိလဲတစ်ချက်ပြန်စစ်ကြည့်ရမယ်.... မနက်ဖြန်ကျရင်ကျောင်းတက်ရဦးမှာမဟုတ်လား ? "
" အင်း ... တက်ရမယ်ကလေး .... "
လင်း စကားကိုလေးလေးပင်ပင်ပဲ ပြန်ပြောလိုက်တော့
"ကျောင်းကို ၇ နာရီလောက်ရောက်ရင်ဖြစ်တယ်မဟုတ်လား ... ဒီလိုလုပ်လေ .. မိုး လဲမနက်ကိုဆေးရုံလာတဲ့ အချိန်နဲ့က သိပ်မကွာဘူး ...ဆေးရုံဂျူတီချိန်က ၈ နာရီမှဆိုတော့ အဆင်ပြေတယ်.... အိမ်ကနေ မိုး ခါတိုင်းထက်နည်းနည်းလေးစောထွက်လာပြီး မ ကိုလာခေါ်ပေးမယ်.... မ ကိုကျောင်းလိုက်ပို့ပေးပြီးမှ မိုးဆေးရုံကို ဆက်သွားလိုက်မယ်...... "
မိုး အဲ့လိုပြောတော့ လင်း ကအားနာသည့်ပုံစံဖြင့်
" မလုပ်ပါနဲ့ ကလေးရယ်.... ကလေးအတွက်တကူးတကကြီးဖြစ်နေမယ်... မ ဘာသာ လိုင်းကားနဲ့သွားလိုက်ပါ့မယ်..... "
မိုး သူ့မမမျက်နှာကို တစ်ချက်လေးထပ်လှည့်ကြည့်လိုက်ပြီး
" ကိုယ်တိုင်ကားမောင်းပြီးကျောင်းကိုသွားနေတာတော်တော်လေးကြာနေပြီ မဟုတ်လား ... အခုမှ ရုတ်တရက်Bus ကားစီးတော့ မ အတွက်အဆင်ပြေမှာ မဟုတ်ဘူးလေ .... ပြီးတော့ မနက်ပိုင်းအချိန်ဆို Busတွေက ရုံးချိန်မို့ အရမ်းကျပ်မှာ .... အဆင်မပြေပါဘူး မ ရယ်.... မိုး စိတ်မချဘူး .... မိုး ပဲလာကြိုပေးမယ်နော်..... "
သူပြောလိုက်တော့ မ ဆီမှ ဘာအသံမှ ထွက်မလာ ။ခေါင်းလေးကိုအောက်သို့ငုံ့ထားပြီး တိတ်ဆိတ်နေသည်။
" ဘာလဲ မ က မိုး ကိုဟိုးအရင်ကလိုမျိုး မခင်တော့ဘူးလား ? "
ပြုံးပြုံးလေး မိုးမေးလိုက်တော့ လင်း ပျာပျာသလဲခေါင်းကိုခါယမ်းလိုက်ပြီး
" မဟုတ်ပါဘူး ကလေးရယ်.... ဘာမှ မဆိုင်ပဲ အဲ့လိုမမေးပါနဲ့ကွယ်.... "
" အဲ့ဒါဆို ဘာလို့ မိုး ကိုအားနာနေတာလဲ ? မ နဲ့ မိုး ကအားနာစရာလိုအပ်တဲ့ လူတွေမို့လို့လား ? "
လင်း သူ့ကလေးမျက်နှာလေးကို လှည့်ကြည့်လိုက်ပြီး သက်ပြင်းလေးချလိုက်ကာ
" မ အတွက်သီးသန့်ကြီး လာကြိုရတော့ ကလေးအတွက်ပင်ပန်းမှာဆိုးလို့ပါကွယ်.... "
မိုး ပြုံးပြုံးလေးပဲ ဆက်ပြုံးနေရင်း
" မပင်ပန်းပါဘူး မ ရယ်.... မိုး အတွက်ဘာမှ အပန်းမကြီးဘူး .... အိမ်ကနေဆေးရုံကိုသွားတဲ့လမ်းကမ အိမ်နဲ့ကျောင်းနဲ့လဲ လမ်းကြောင်းသင့်နေတာပဲဟာ ..... မိုး အတွက်ဘာမှ အားနာမနေနဲ့ အရေးကြီးတာ မိုး ထက်မ အဆင်ပြေနေဖို့က ပိုအရေးကြီးတယ်..... "
မိုးနောက်ဆုံးပြောလိုက်တဲ့ စကားလေးတစ်ခွန်းက လင်း ရဲ့နှလုံးသွားကို လာရောက်လှုပ်ခတ်သွားအောင်ပြုစားနိုင်ခဲ့သည်။ အဲ့လောက်အထိ သူ့ကိုအလေးပေးပြီး ဂရုစိုက်ပေးတဲ့ ကလေးလေးကိုမှ တစ်ချိန်ကပစ်ထားခဲ့မိတာကို လင်းနောင်တရလို့ မဆုံးပေ ။
ဒီလိုနဲ့ အိမ်ရှေ့သုိ့ရောက်တော့ မိုး ကားကိုအရှိန်သပ်ကာ စက်ရပ်လိုက်၏ ။
" ခဏလေး မဆင်းနဲ့ဦးနော်မ ..... "
ကားနောက်ခန်းထဲမှာ အဆင်သည့်ဆောင်နေကျဖြစ်သောဆေးအိတ်လေးကို မိုး ယူလိုက်သည်။ ပြီးတော့ဆေးဗူးနဲ့ဂွမ်းထုတ်ကိုထုတ်ကာ ဘီတာဒင်းဆေးဘူးထဲမှဆေးစက်လေးတွေကို ဂွမ်းမှာတို့၍ သူ့မမမျက်ခုံးပေါ်က အနည်းငယ်ပေါက်သွားသည့်ဒဏ်ရာလေးပေါ်သို့ ဖိချလိုက်တော့ လင်း မျက်လုံးတွေကို မှိတ်ချလိုက်သည်။
" စပ်လို့လား ..... "
မိုးပြောပြီး ဒဏ်ရာပေါ် ပါးစပ်မှလေဖြင့်တဖူးဖူးမှုတ်ပေးနေသည်။ တကယ်တော့ဆေးထည့်လို့အနာကစပ်သောကြောင့်မျက်စိပိတ်ချလိုက်ခြင်း မဟုတ်ပဲ အနားသို့အနီးကပ်တိုးလာတဲ့ မိုး ရဲ့မျက်နှာလေးကိုငေးကြည့်မိလို့ လင်း ရင်တွေခုန်လာခြင်းကြောင့်မျက်စိပိတ်ချလိုက်တယ်ဆိုတာကို ထိုကလေးကတော့ သိမည်မဟုတ်ပါ ။
မိုး ရဲ့ပါးစပ်မှထွက်လာတဲ့လေအေးအေးလေးတွေက လင်း ရဲ့မျက်နှာပေါ်လာရောက်ရိုက်ခတ်တော့ လင်း ကျတ်သီးတွေဖြန်းခနဲ ထလာလေပြီ ။
ရုတ်တရက်မျက်လုံးကို ဖျတ်ခနဲတွန်းကန်ပြီး ပြန်ဖွင့်လိုက်တော့ သူ့မျက်နှာနဲ့ သူ့ကလေးရဲ့ မျက်နှာနဲ့က လက်တစ်ထွာခန့်တောင် မကွာဝေးတော့ ။
ဒုတ်ဒုတ်ဒုတ်.....
နှစ်ယောက်စလုံးရဲ့ ရင်ခုန်သံတွေဟာ ထိုကားလေးအတွင်း၌ ကျယ်လောင်စွာထွက်ပေါ်လျက်ရှိသည်။
" အဟမ်း ..... "
မိုးချောင်းတစ်ချက်ဟန့်လိုက်ကာ တံတွေးတို့ကို မြိုချပြီး အနောက်သို့ပြန်ဆုတ်လိုက်မိသည်။ လင်း လဲပဲစိတ်လှုပ်ရှားမှုကြောင့်ထွက်ပေါ်လာတဲ့ နှုတ်ခမ်းတစ်ဝိုက်နားကချွေးစလေးတွေကို လက်ဖမိုးနဲ့ သုတ်လိုက်မိသည်။
ဒီတစ်ခါမှာတော့ မိုး ခပ်ကွာကွာကနေပဲ သူ့မမရဲ့ မျက်ခုံးနားက ဒဏ်ရာပေါ်သို့ဆေးပလာစတာလေး ကပ်ပေးလိုက်၏ ။
" ဟို မနက်ကို မိုး ၆ နာရီ ၃၅လောက်ရောက်လာခဲ့မယ်နော်.... အဲ့ဒါမှ မကျောင်းကို ၇ နာရီလောက်ရောက်မှာ ... "
"အော်အင်း .... အင်း ပါ ကလေး .... ဒါဆို မ .... အိမ်ထဲဝင်တော့မယ်နော်....... "
" ဟုတ်ကဲ့ မ ...... "
ဆွဲခြင်းလေးကိုင်ပြီး သူ့ခြံထဲသို့ တစ်လှမ်းခြင်းဆီလျှောက်လှမ်းသွာတဲ့ မ ရဲ့နောက်ကျောကို မိုး ကားထဲမှ လှမ်းကြည့်နေမိစဉ်မှာပဲ
" ဂွီ ...... "
အောက်က ဝမ်းကဟာတာတာဖြစ်နေပြီး ဆာလောက်မှုကို အချက်ပေးသည့်အသံထွက်ပေါ်လာမှ မိုး သူ့ဗိုက်လေးကို ပွတ်လိုက်မိသည်။
" အင်း ဗိုက်က ဆာမှန်း အခုမှပဲ သိတော့တယ်..... ဟူးးး .... "
ဆေးရုံသို့အပြန်ဆိုင်တစ်ဆိုင်ဆိုင်မှာပဲ မိုး ဝင်စားလိုက်တော့မည်လို့တွေးလိုက်ရင်း မ တို့အိမ်ရှေ့ကနေ ကားကို ပြန်မောင်းထွက်လာခဲ့လိုက်သည်။
တဖန်အိမ်ထဲဝင်ခါနီးကျမှ ကားစက်နှိုးသံပြန်ထွက်ပေါ်လာပြီး ခြံရှေ့ကမောင်းထွက်သွားတဲ့ ကားလေးအား လင်း ပြန်လှည့်ကြည့်လိုက်မိသေးသည်။
ပြီးတော့ တစ်ချက်ကလေး ပြုံးလိုက်မိ၏ ။
X X X X X X X X X X X
" သမီး ဒီနေ့အစည်းအဝေးတက်နေရတယ်တောင်မေမေကထင်နေတာ ...... "
အိမ်ထဲဝင်လာတဲ့ လင်း ကိုမေမေက ဧည့်ခန်းမှာထိုင်နေရင်းနဲ့ လှမ်းပြောသည်။ လင်း သူ့မေမေဘေးမှာ ဝင်ထိုင်လိုက်တော့
" မျက်နှာက ဘာဖြစ်လာတာတုန်းသမီးရဲ့ .... ပလာစတာကြီးနဲ့ပါလား ...... "
မေမေမေးတော့ လင်း လဲဖြစ်ပျက်လာသမျှကို အကုန်ပြန်ပြောပြလိုက်ရ၏ ။
" ဟယ်သမီးရယ်ကံကြီးပေလို့သာပေါ့ .... အခုတလောမေမေ့သမီးလေးတစ်ခုပြီးတစ်ခု ဖြစ်နေပါလားကွယ်.... ဘုရားတရားကို အခုထက်ပိုပြီး ဖိလုပ်ကွယ်ကြားလား ... "
" ဟုတ်ကဲ့ပါမေမေ ..... "
မေမေကသူ့မျက်နှာကို သေချာကြည့်နေပြီး
" သမီးကိုမေမေမေးစရာလေးတွေရှိတယ်ကွယ်.... "
မေမေ ဘာကိုမေးချင်နေတယ်ဆိုတာ လင်း သိပါသည်။
" သမီးလဲမေမေ့ကိုပြောစရာတွေရှိတယ်မေမေရယ်.... "
" ညကျမှမေမေ့အခန်းထဲ လာခဲ့ပါ .... "
အခန်းထဲကထွက်လာတဲ့နွေးလေးကြောင့်မေမေထိုသို့ပြောလိုက်ခြင်းသာ ။
"မေမေ ပြန်ရောက်နေပြီလား ... ဒီနေ့နောက်ကျ ...... ဟင်..... မျက်ခုံးက ပလာစတာက ဘာဖြစ်လို့ ???မေမေ ဘာဖြစ်လာတာလဲဟင်? "
နွေးလေး ကသူ့အနားကို အပြေးလေးရောက်ချလာပြီးမေးတော့ လင်း ပြန်ပြုံးပြလိုက်ရင်း
" ဘာမှမဖြစ်ပါဘူး သမီးရယ်..... နည်းနည်းလေးပွန်းသွားရုံပါ .... လမ်းမှာမေမေ့ကားကို အနောက်ကကားက ဝင်ဆောင့်မိလို့ အဲ့ဒါ ကားစတီလ်ယာတိုင်နဲ့ ထိမိပြီး နည်းနည်းလေပွန်းသွားတယ်.... "
သူပြောလိုက်တော့နွေးလေး ရဲ့မျက်လုံးလေးတွေ ပြူးကျယ်လာကာ
"မေမေရယ်.... အဲ့ကားစုတ်က ဘယ်လောက်တောင်မောင်းလာလို့လဲ ....မေမေ အဲ့ကားနံပါတ်မမှတ်ထားဘူးလား .... ရဲတိုင်ပစ်မယ်အဲ့ကားကို ...... "
အမေနဲ့ပတ်သတ်ရင်အနေအေးတဲ့ သူ့သမီးလေးဟာဒေါသဆိုတဲ့အရာတော့ ဖြစ်ပေါ်လာပါသေးလားလို့ လင်းတွေးလိုက်ရင်း ပြုံးလိုက်မိပြန်သည်။
"မေမေ့ဘက်ကမှားတာ သမီးရဲ့ ....မေမေကရုတ်တရက်ဘရိတ်ဆောင့်အုပ်မိလိုက်လို့ သူကဝင်တိုက်လိုက်တာ ..... "
လူငယ်တန်မဲ့လေလံစွာနွေးလေး သက်ပြင်းရှည်ကိုဆွဲဆွဲငင်ငင်ချလိုက်၍
"မေမေ့ကို ကားတစ်ယောက်ထဲမောင်းမောင်းခိုင်းရတာ သမီးစိတ်မချပါဘူးမေမေရယ်..... ဖြစ်နိုင်ရင်သမီးပဲ ကားမောင်းသင်ပြီးမေမေ့ကိုကျောင်းလိုက်လိုက်ပို့ပေးချင်တယ်.... "
သမီးလေး နဖူးကို လင်း ငုံ့နမ်းလိုက်ပြီး
" မလုပ်ပါနဲ့ကွယ်....တော်ကြာ အမေ့သမီးလေး တခုခုဖြစ်မှမေမေ့မှာ ရင်ကျိုးနေရပါ့မယ်...... ကဲ ခဏနေရင်မေမေ ပြည့်လေးကိုကျောင်းသွားကြိုရဦးမယ်.... သမီးလမ်းလေးဘာလေးလျှောက်ချင်တယ်ဆိုရင်လိုက်ခဲ့လေ ...နော်..... "
သွားထက်လေးတွေပေါ်သည်အထိနွေးလေး ရယ်ပြရင်း
" ဟုတ်ကဲ့ လိုက်ခဲ့မယ်မေမေ ...မေမေနဲ့ လမ်းလျှောက်မထွက်ရတာတော်တော်လေးကြာသွားပြီ .... သမီးလိုက်ခဲ့မယ်နော်..... ကဲမေမေအဝတ်အစားသွားလဲတော့ .... ထမင်းမစားရသေးဘူးမဟုတ်လား .... သမီးမေမေ့အတွက်အနောက်မှာ ထမင်းပွဲ ပြင်ထားပေးမယ်နော်...... "
" ဟုတ်ကဲ့ပါရှင့်..... "
လင်း ပြုံးရယ်ရင်း သူ့သမီးရဲ့ပါးလေးကို ခပ်ဖွဖွညှစ်လိုက်ပေးပြီးနောက်
"မေမေ သမီးအဝတ်အစားလဲဦးမယ်နော်...."
"အေးအေး သမီး ... "
"မေမေကောနေ့လည်စာ စားပြီးပြီလား ? "
" ပြီးပြီသမီးရဲ့ ..... သမီးတစ်ယောက်ပဲ စားဖို့ကျန်တော့တာ ..... "
"အော်ဟုတ်ကဲ့ .... "
သူ့အဖွားရှေ့ကခေါင်းလေးငုံ့ခါးလေးကိုင်းကာ ဖြတ်လျှောက်သွားတဲ့ သူ့မေမေကိုကြည့်ပြီးနွေးလေး ပြုံးလိုက်မိပါသည်။
X X X X X X X X X X X X
ဆေးရုံကနေ အိမ်သို့ပြန်ရောက်တော့ ၈ နာရီပင်ထိုးနေလေပြီ ။
" သမီးဒီနေ့နောက်ကျလိုက်တာ ..... "
ဧည့်ခန်းမှာ TV ဖွင့်၍ သတင်းကြည့်နေတဲ့ဖေဖေက သူ့ကိုလှမ်းပြောလေသည်။ ခါတိုင်းလိုဖေဖေ့ဘေးမှာ ဟိုမိန်းမ မတွေ့ရတာ မြင်လိုက်တာကြောင့်မိုးဖေဖေ့ဘေးမှာ ခဏဝင်ထိုင်လိုက်ပြီး
" ဟုတ်တယ်Daddy ..... အရေးပေါ် operationလေးတစ်ခုလုပ်နေရလို့ ....Daddy ညစာစားပြီးပြီလား ? "
" အလုပ်ကအပြန်ရှယ်ယာရှင်တွေနဲ့စကားပြောရင်းDaddy အပြင်မှာပဲ စားဖြစ်လာတယ်သမီး ..... သမီးကော ? မစားရသေးဘူး မဟုတ်လား ? "
" ဟုတ်ကဲ့ မစားလာရသေးဘူး Daddy .. "
ထိုစဉ်အိမ်နောက်မှဒေါ်လေးဝင်း ထွက်လာပြီး
"ဒေါ်လေး ထမင်းပွဲပြင်ထားပေးမယ်... သမီးလေးအဝတ်အစားလဲပြီး ဆင်းလာခဲ့လိုက်နော်... "
" ဟုတ်ကဲ့ .... သမီးရေလေးပါ ချိုးလိုက်ဦးမယ်နည်းနည်းညည်းစီစီဖြစ်နေလို့ .... "
"အေးအေး သမီးလေး .... "
မိုး ထိုင်ရာမှ ထလိုက်ပြီးမှ တခုခုကိုသတိရသွားဟန်ဖြင့်
" Daddy သန်ဘက်ခါဆေးရုံမှာ ရက်ချိန်းပြန်ပြရမှာမဟုတ်လား ? "
" ဟုတ်တယ်သမီး .... "
" ဒါဆို သမီး Daddy ရုံးကို လာခေါ်ပေးမယ်နော်.... "
" မလုပ်ပါနဲ့ကွယ်Daddy ဘာသာမောင်ညွန့်ဝင်းနဲ့ လာခဲ့လိုက်မယ်... နို့မို့ဆို Daddy ကိုသမီးဆေးရုံကနေ သီးသန့်တစ်ခေါက်ကြီးလာခေါ်ရမှာ ပင်ပန်းပါတယ်ကွယ်.... "
" ဒါဆိုလဲ Daddyဆေးရုံကိုရောက်ခါနီးတာနဲ့ သမီးကို ဖုန်းလှမ်းဆက်လိုက်နော်.... "
"အေးပါ သမီးရယ်.... ကဲကဲရေသွားချိုးမယ်ဆိုလဲ မြန်မြန်သွားချိုးချေ ... ရာသီကအေးနေတာ... ချိုးပြီးနွေးနွေးထွေးထွေးလဲ ဝတ်စားဦး ..... "
" ဟုတ်ကဲ့ Daddy ...... "
မိုး အပေါ်ထပ်က သူ့အခန်းထဲရောက်တော့မှ ဖုန်းကထမြည်လာပြန်သည်။ ထို့ကြောင့်အဝတ်အစားမလဲသေးပဲ ဖုန်းကို အမြန်ကောက်ကိုင်လိုက်မိသည်။
" ဟင်... မ ဆီကပဲ .... "
contact nameလေးမြင်လိုက်တာနဲ့ မိုး ရဲ့မျက်နှာက အလိုလိုပြုံးသွားသည်။
" ဟယ်လို .... ဟုတ်ကဲ့ မ ..... ဘာဖြစ်လို့လဲဟင်...... "
" ဘာမှ မဖြစ်ပါဘူး ကလေးရယ်....နေ့လည်က ဟိုအကိုကြီးကိုလျော်ကြေးဘယ်လောက်တောင်ကလေး
ပေးလိုက်ရလဲလို့မေးမလို့ပါ ..... "
" ဘာလို့လဲ မ ရဲ့ ..... "
" ဟယ်.... မကြောင့်ဖြစ်တဲ့ကိစ္စလေ .... ကလေးစိုက်ပေးထားတာကို မ ပြန်ပေးရမှာပေါ့လို့ ..... "
မိုး ပြုံးလိုက်မိပြီး
" ပြန်ပေးဖို့ မလိုပါဘူး မ ရယ်.... ဘယ်လောက်မှလဲ မဟုတ်ပဲနဲ့ .... "
" ဟာ မဟုတ်တာ ...ပြောပါကလေးရယ်...နေ့လည်ထဲက မမေးမလို့ဟာမေ့လာလို့ပါ ....ပြောပါနော်မ ကိုအားနာရအောင်မလုပ်ပါနဲ့နော်.... "
မိုးလေပူလေးတစ်ချက်မှုတ်ထုတ်လိုက်ပြီး
" အဲ့အားနာတယ်ဆိုတဲ့ စကားကြီးကပါလာပြန်ပြီ .... "
သူပြောလိုက်တော့ မ ဘက်မှ အသံတစ်ချက်တိတ်သွားပြီးမှ
" ဟို .... ဟို .... အဲ့လို အား နားတာမဟုတ်ပါဘူး ..... ဒါပေမဲ့ ..... "
" အဲ့ပိုက်ဆံကိစ္စကိုမေ့လိုက်တော့နော်.... မိုး ဒီတိုင်းလေး ကူညီပေးချင်ရုံသတ်သတ်ပါ .... မိုး အတွက်လဲ ဘာမှအပန်းမကြီးဘူးလေ .....အော်ဒါနဲ့ မဆေးရုံပြဖို့လိုတယ်နော်အဲ့ဒါမမေ့နဲ့ အရေးကြီးတယ်..... "
" အင်းပါကလေးရယ်မမေ့ပါဘူး .... ပြမှာပါ .... ဒါပေမဲ့ ဟိုကိစ္စက ..... ကလေး အဲ့လိုလုပ်တော့ မ ကနောက်တစ်ခါ အကူအညီတောင်းမယ်ဆိုရင်တောင်းရဲမယ်တောင်မထင်တော့ဘူးကွယ်.... ကလေးမှာ bank account ရှိတယ်မဟုတ်လား ..... "
" ဟင့်အင်း မရှိဘူး .... "
မိုး ခပ်ပြုံးပြုံးလေးပဲ ပြန်စနောက်လိုက်မိတော့ တစ်ဖက်မှ အလိုမကျတော်မှုတဲ့ သူ့မမရဲ့ အသံကို ကြားလိုက်ရပြန်သည်။
" ကလေးကကွာ ... တကယ်ပါပဲ ..... "
" မ ကလဲ .... တစ်ချိန်က မ က မိုး ရဲ့အသက်ကိုတောင်ကယ်တင်ခဲ့ဖူးတာပဲ ... တစ်ကြိမ်တောင်မဟုတ်ဘူးလေ ... အဲ့လို မိုး အသက်ကိုကယ်တင်ပေးဖူးတဲ့လူအပေါ်မှာ မိုး ကဒီလောက်လေးတောင်ကူညီခွင့်မရှိဘူးလား ?? "
သူပြန်မေးလိုက်တော့ သူ့မမ အသံတိတ်သွားပြန်သည်။ တအောင့်နေမှ
" အင်းပါ ကလေးရယ်..... ကလေး သဘောပါကွယ်..... "
တခုခုဆို အမြဲသူ့ကို အလျော့ပေးတတ်ခဲ့တဲ့ မ ဟာအခုအချိန်ထိလဲ သူ့အပေါ်အလျော့ပေးနေတုန်းဆိုတာ မိုး သိလိုက်ရတော့ ရင်ထဲအားနာမိသလိုလို ။ ပြီးတော့ ဝမ်းနည်းဝမ်းသာသလိုလဲ တစ်ပြိုင်နက်ထဲ ခံစားလိုက်ရသည်။
" အခုအချိန်ထိ မိုး ကိုအလျော့ပေးတုန်းပဲနော်မ ..... "
သူပြောလိုက်တော့ မ တိတ်ဆိတ်နေပြီးခေတ္တမျှဘာမှပြန်မပြောပဲ ညိမ်နေ၏ ။
" ကလေးကို စိတ်မဆင်းရဲစေချင်တော့လို့ပါ .... မ က .... ကလေးကို စိတ်ဆင်းရဲအောင်အကြိမ်ကြိမ်လုပ်ခဲ့ဖူးတဲ့လူပါ ..... အခုအချိန်မှာ မကြောင့်ကလေး အခက်တွေ့မှာတွေနေရခက်မှာတွေကိုမ မလိုလားဘူးကွယ်.... ကလေးစိတ်ချမ်းသာတာကိုပဲ မြင်ချင်တယ်.... "
တစ်ဖက်ကကြားနေရတဲ့ မ ရဲ့လေသံခပ်အေးအေးလေးကြောင့်မိုး မျက်နှာလေး ပြုံးယောင်သမ်းသွား၏ ။
" အတူတူပါပဲ ..... မိုး လဲ မပျော်ပျော်ရွှင်ရွှင်နေနေတာကိုပဲ မြင်ချင်တယ်.... မ ကိုအမြဲတမ်းစိတ်ချမ်းသာစေချင်တယ်..... "
သူတို့ ၂ယောက်ရဲ့ကြားမှာနေရာတစ်ခု ကွာဝေးနေတယ်ဆိုပေမဲ့လဲ ၂ယောက်လုံးရဲ့ မျက်နှာပေါ်မှာတော့ အပြုံးကိုယ်စီဖြင့်သာ ။
" ကဲ မိုးရေချိုးလိုက်ဦးမယ်နော်မ .... "
" ဟယ်အခုမှချိုးမှာလား ကလေးရဲ့ ? "
" ဟုတ်ကဲ့စောစောလေးကမှဆေးရုံကပြန်ရောက်တာ မ ရဲ့ .... ထမင်းတောင်မစားရသေးဘူး .... "
သူအဲ့လိုပြောလိုက်တော့ မ ရဲ့အားနာမှုအပြည့်ပါနေတဲ့ အသံခပ်သဲ့သဲ့ကို ကြားလိုက်ရပြန်သည်။
" အိုစောစောကပြောရောပေါ့ကွယ်.... အဲ့ဒါဆို မ အခုလိုစကားရှည်ရှည်မပြောနေပါဘူး .... "
" ရပါတယ်မ ရယ်..... "
မိုး ပြုံးပြုံးလေးရယ်ရင်းပြန်ပြောလိုက်တော့
" ကဲ သွားချိုးတော့နော်.... မြန်မြန်သွက်သွက်လဲ ချိုးဦး ... ချိုးပြီးရင်လဲနွေးနွေးထွေးထွေးဝတ်ထားနော်..... "
" ဟုတ်ကဲ့ပါ မ .... ဒါဆို မနက်ဖြန်မနက်မှတွေ့ကြမယ်နော်.... good night မ ... "
" good night ကလေး ..... "
သူ့မမဘက်မှ ဖုန်းချပြီးသွားသည့်တိုင်မိုး တစ်ယောက်မှာ ဖုန်းကိုလက်ကမချသေးပဲငေးကြည့်ရင်း မျက်နှာမှာလဲ ပြုံးပန်းတွေ ပွင့်လန်းလို့နေပါသည်။ ဒါကိုကြည့်ခြင်းအားဖြင့်မိုး သူ့မမ အပေါ် ဘယ်လောက်ထိ ချစ်သလဲဆိုတာ မှန်းဆပုံဖော်ကြည့်လို့ရနိုင်ပေသည်။
🌧️🌧️🌧️