နွေးလေး ရဲ့ကုတင်နားသုိ့ မိုးလျှောက်သွားလိုက်ပြီး
" အိပ်ပျော်နေတုန်းထင်တယ်.... "
သူခပ်တိုးတိုးပြောလိုက်တော့ လင်း ရဲ့မေမေက
"စောစောက ခဏနိုးလာသေးတယ်သမီးရဲ့ ... သူ့မေမေကော လို့မေးပြီးပြန်မှေးရင်း အခုတော့ အိပ်ပျော်သွားပြန်ပြီ .... "
" အိ်ပ်ပျော်တာက မိုး တို့ထိုးပေးထားတဲ့ဆေးကြောင့်ပါ ....ကောင်းကောင်းအိပ်ပျော်မှ အားပြန်ပြည့်လာမှာ .... ဒါနဲ့ ဆရာမက ဘယ်သွားလို့လဲ အန်တီ ? "
" အိမ်ခဏဆိုပြီးပြန်သွားတာ အဲ့ဒါအခုထိ ပြန်မလာသေးဘူး သမီးရယ်.... "
" ဟုတ်လား .... ဘယ်အချိန်ထဲက ပြန်သွားတာလဲ အန်တီ ? "
" ညနေကပြန်သွားတာ .... ဖုန်းခေါ်ကြည့်တော့လဲ မကိုင်လို့လေ ... အဲ့ဒါ အန်တီပြန်လိုက်ကြည့်ရင်ကောင်းမလားလို့တွေးနေတာ ..... ဒါပေမဲ့မြေးလေးအနားမှာလဲ လူနာစောင့်ကရှိမှ ဖြစ်မှာ ..... "
မိုး လက်ပတ်နာရီကို ကြည့်လိုက်တော့ အချိန်က ည ၈ နာရီထိုးကျော်တော့မည်မို့ စိတ်နည်းနည်းပူသွားမိသည်။
" မိုး ကိုဆရာမရဲ့ဖုန်းနံပါတ်လေးပေးပါလား အန်တီ .... "
"အော်အေးအေး သမီး .... "
လင်း ရဲ့မေမေကသူ့ဖုန်းလေးကို ထုတ်ကာ သမီးဖြစ်သူရဲ့ ဖုန်းနံပါတ်အား မိုး ကိုခေါ်ပေးလေသည်။ မိုးထိုဖုန်းနံပါတ်ကိုခေါ်ကြည့်ပါသော်လည်း တစ်ဖက်မှ ဖုန်းမကိုင်ပေ ။ နှစ်ကြိမ်သုံးကြိမ်လောက်ဆက်တိုက်ခေါ်ပါသော်လည်း ထို့အတူပင်။
မိုးလေပူတစ်ချက်မှုတ်ထုတ်လိုက်ရင်း
" ကားနဲ့ကိုယ်တိုင်မောင်းပြီးပြန်သွားတာလား အန်တီ ? "
" ဟုတ်တယ်သမီး ..... "
" အိမ်မှာကော ဘယ်သူရှိလဲ ? "
" မနက်ကတော့ ဘယ်သူမှမရှိဘူး သမီးရဲ့ .... ညနေကတော့မောင်တေဇာ ပြန်များရောက်လာပြီလား မသိဘူး .... သူခေါ်လို့ပဲ သမီးလေးပြန်သွားတာလားတော့ မသိပါဘူးကွယ်.... အန်တီ့လဲ ဘာမှသေသေချာချာမပြောသွားဘူး ... "
" ကိုတေဇာ့ကိုဖုန်းဆက်ကြည့်ရင်ကော အန်တီ ..... "
" အန်တီခေါ်ကြည့်သေးတယ်မကိုင်လို့ ... "
" ထပ်ခေါ်ကြည့်ပါဦး .... အခုခေါ်လို့မှ မကိုင်ရင်မိုး အိမ်လိုက်ကြည့်သွားလိုက်မယ်အန်တီ .... "
" အိမ်ကို သမီးသိလို့လားကွဲ့ ? "
" ဟုတ်ဆရာမ မင်္ဂလာဆောင်ပြီးတဲ့နောက်ပြောင်းသွားတဲ့အိမ်ပဲမဟုတ်လား ? "
သူပြောလိုက်တော့ လင်းမေမေကခေါင်းညိမ့်ပြရင်း
"အေး ဟုတ်တယ်သမီး ... ရိပ်သာမြိုင်အိမ်ယာဝန်းထဲက .... "
" ဟုတ်ကဲ့ မိုး အဲ့အိမ်ကိုသိပါတယ်.... "
သူ့သမက်ဆီသို့ ဖုန်းခေါ်ကြည့်ပေမဲ့လဲ တစ်ဖက်က စက်ပိတ်ထားသည်လို့ပဲ ပြန်ဖြေသဖြင့်
" စက်ပိတ်ထားတယ်တဲ့ သမီးရေ .... "
ဆံပင်စည်းထားလို့ပြောင်ရှင်းရှင်းဖြစ်နေတဲ့ သူ့ရဲ့ လည်တိုင်လေးအား မိုး ပွတ်သပ်လိုက်ပြီး သက်ပြင်းတစ်ချက်ထပ်မံ ချလိုက်မိပြန်သည်။
" ဒါဆို မိုး လိုက်သွားကြည့်လိုက်မယ်အန်တီ ..... "
"ကျေးဇူးပါပဲ သမီးရယ်.... "
" ရပါတယ်အန်တီ .... "
မိုး ခပ်သုတ်သုတ်ပဲ ထွက်လာခဲ့လိုက်ပြီး မသွားခင်
"နွေးလေး တခုခုထူးခြားတာနဲ့ ကိုယ့်ကို ဖုန်းဆက်လိုက်ချယ်ရီ .... ကိုယ်အရေးကြီးကိစ္စတစ်ခုပေါ်လာလို့ အပြင်ခဏသွားလိုက်ဦးမယ်.... "
သူ့ရုံးခန်းထဲဝင်၍ အပေါ်ထပ်သည့်လက်ရှည်အကျီလေးကိုထပ်ဝတ်ကာ ကားသော့လေးယူပြီးတာနဲ့ ကားပါကင်သို့ဆင်းလာခဲ့လိုက်သည်။
ဘာလို့မှန်းမသိ ။ သူ့စိတ်ထဲမှာ သူ့မမ မကောင်းတာတခုခုဖြစ်နေပြီထင်တယ်လို့ ခံစားနေမိတာမို့ စိတ်ကလေးလံလို့နေသည်။ ဒါကြောင့်ကားကိုခပ်မြန်မြန်ပဲ အရှိန်တင်ပြီးမောင်းခဲ့သည်။ မ တို့ရဲ့အိမ်ရှေ့ကို အရင်တုန်းက ၄ ကြိမ်ထက်မကရောက်ဖူးတာမို့နေရာတွေကို အလွတ်မှတ်မိနေလို့တော်ပါသေးသည်။ ရပ်ကွက်ပုံစံမှာ ဟိုးအရင်၁၃ နှစ်လောက်ကလို မဟုတ်တော့ပဲတော်တော်လေးစည်းကားလာတာမို့ လမ်းတွေမှားမဝင်မိအောင်ပင်သူမနည်းသတိထားနေရသည်။ ညဘက်မို့ မ ရဲ့အိမ်ကို သူမျက်စိလျင်လျင်ထားပြီး ရှာနေရသည်။ လမ်းချိုးတစ်ခုထဲသို့ ကားကိုကွေ့လိုက်တော့ အိမ်တစ်အိမ်ရဲ့ရှေ့မှာ ကားတစ်စီးရပ်ထားတာကိုတွေ့လိုက်၏ ။
ဒီအိမ်ပဲ ... ဟုတ်တယ်ဒီအိမ်ဆိုတာ ကျိန်းသေတယ်.....
Ford ကားအဖြူလေးကိုသေချာကြည့်လိုက်ပြီး
ဒါ မ ရဲ့ကားများလား .....
ခြံပေါက်ဝနားလျှောက်သွားလိုက်တော့ ခြံတံခါးကြီးကလဲ ပွင့်လို့ ။
" ဆရာမ .... ဆရာမ .... "
ခြံထဲမဝင်သေးပဲ ခြံပေါက်ဝကနေ ၂ ကြိမ်တိတိ အရင်လှမ်းခေါ်ကြည့်လိုက်သည်။ သို့ပေမဲ့ အထဲကနေ အရိပ်အယောင်တောင်မတွေ့ရတာမို့ ခြံထဲဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။
တခါခြံထဲဝင်လာပြီး အိမ်ရှေ့သို့လျှောက်လာမိပြန်တော့လဲ အိမ်တံခါးက ပွင့်လျက်ပဲ ။ တံခါးတွေအားလုံးဖွင့်ထားပြီး ဘာလို့လူအရိပ်အယောင်တောင်မတွေ့ရတာပါလိမ့်ဟုတွေးရင်း သူ့အသံကိုမြှင့်ကာ
" ဆရာမ .... ဆရာမလင်းဝတ်ရည်သော်..... ဆရာမ ..... "
အကြိမ်ကြိမ်အော်ခေါ်နေပေမဲ့လဲဖြေသံကထွက်မလာချေ ။ သူအထဲသို့ဆက်ဝင်ရခက်မဝင်ရခက်ဖြစ်နေသည်။
" ကိုတေဇာ .... ကိုတေဇာ .... "
" ဟူးးး ...... တစ်ယောက်မှ မရှိပဲနဲ့ ခြံတံခါးကော အိမ်တံခါးပါ ဖွင့်ထားမှာတော့ မဟုတ်ပါဘူး .... "
သူအဲ့နားလေးမှာပဲ ခဏရပ်ပြီးစဉ်းစားနေမိသည်။ အပြင်မှာလဲ ကားတစ်စီးရပ်ထားတယ်ဆိုတော့ အထဲမှာ လူတစ်ယောက်ယောက်တော့ ရှိမှာပါလို့တွေးမိသည်။ ပြီးတော့ စိတ်ထဲမှာလဲ မ အတွက်တထင့်ထင့်ဖြစ်နေတာမို့ ခဏတော့ဝင်ကြည့်လိုက်မယ်ဟုဆုံးဖြတ်လိုက်သည်။ ခြံပေါက်ဝက အိမ်နံပါတ်ကိုကြည့်လာကတည်းက သူအိမ်တော့မှားမဝင်ဘူးဆိုတာ ကျိန်းသေတာမို့ အရဲစွန့်ပြီး ဖိနပ်ချွတ်သို့ဝင်လာလိုက်၏ ။
ဖိနပ်ချွတ်ရမဲ့နေရာအိမ်ရှေ့အဝင်ပေါက်ဝ၌ သူစီးလာတဲ့ sneaker အဖြူလေးကိုချွတ်လိုက်ပြီး အထဲဝင်လိုက်တော့ မိုး ပါစပ်အဟောင်းသားဖြစ်သွားသည်။
ဖိနပ်ချွတ်သည့်နေရာ အပေါက်ဝကနေ အိမ်ထဲသို့အဝင်ညာဘက်အခန်းဖြစ်သည့်ဧည့်ခန်းကနေစ၍ ပစ္စည်းများကြေမွပျက်စီးနေတာကိုတွေ့လိုက်ရသည်။
အိမ်ထဲကိုတစ်ယောက်ယောက်ဝင်ထားပြီး ဖျက်စီးထားတယ်လို့ ထင်လိုက်မိတာမို့ မိုး ပိုပြီးသတိဝီရိယကြီးစွာနေလိုက်မိသည်။
ဖန်ကွဲစတွေရှိတာမို့ မိုး မနည်းရှောင်ဖယ်ပြီးလျှောက်နေရသည်။ မ ရဲ့နာမည်ကိုထပ်ခေါ်ချင်ပေမဲ့ သူဝင်လာတာကို တစ်စုံတစ်ယောက်က ပုန်းခိုချောင်းကြည့်နေတယ်ဆိုပြန်ရင်လဲ သူ့အတွက်က အန္တရာယ်ရှိနိုင်သည်။
ထို့ကြောင့်ဖုန်းကိုတော့ သူအဆင်သည့်ထုတ်ထားပြီး တစုံတစ်ခုဖြစ်ရင်ရဲစခန်းတန်းခေါ်ဖို့လဲ ကြိုတင်ပြင်ဆင်ထားလိုက်သည်။ကြောက်စိတ်ကတော့ တစ်ချက်မဝင်သူ့ရင်ထဲမှာ မ အတွက်စိုးရိမ်နေတဲ့ ပူပင်သည့်စိတ်တစ်ခုသာရှိသည်။
ဧည့်ခန်းရဲ့ဘေးဘက်ကိုတစ်လှမ်းချင်းဆက်လျှောက်လာလိုက်ပြီး အခန်းထောင့်ကိုကွေ့လိုက်တော့
" မ ..... "
အိမ်နောက်ဖက်ကအခန်းမရောက်ခင်အခန်းတစ်ခန်း၏ တံခါးရှေ့ပေါက်နား စားပွဲခုံတစ်လုံးရဲ့ဘေး၌ လဲကျနေတဲ့သူ့ရဲ့ မမ ကိုမြင်လိုက်တာမို့ မိုး ရင်တွေဒိန်းခနဲဖြစ်သွားသည်။ မျက်နှာနဲ့ အကျီတွေမှာသွေးတွေစွန်းထင်းနေတာကြောင့်မိုးတော်တော်လေးကိုသွေးပျက်သွား၏ ။
" မ ........ "
တုန်ယင်သောလေသံဖြင့်ခေါ်ရင်းသွေးတွေပေနေသည့်ပါကေးကြမ်းခင်းပေါ်မှ မ ရဲ့ကိုယ်ခန္ဓာအား မိုးထွေးပွေ့လိုက်ရင်း သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
" မ .... မ .... မိုးခေါ်နေတယ်.... ကြားရဲ့လား မ ..... မ ...... "
မ ကိုထိုကဲ့သို့သွေးရဲသံရဲပုံစံဖြင့်သူ့ဘဝမှာနောက်တစ်ကြိ်မ်ထပ်မံမြင်တွေ့ခဲ့ရတာမို့ မိုးကြေကွဲစို့နင့်စွာ ပင့်ရှိုက်သံဖြင့်ခပ်သဲ့သဲ့ခေါ်နေမိသည်။
ငိုသံရောယှက်နေတာမို့ သူ့ခေါ်သံက သိပ်တော့ မပီပြင်ခဲ့ ။ မ ရဲ့ခန္ဓာကိုယ်နဲ့ခြေဖျားလက်ဖျားတွေဟာအေးစက်နေပြီး မျက်နှာမှာလဲ ဖြူဆုတ်ဆုတ်ဖြစ်နေသည်။ နှုတ်ခမ်းထောင့်မှာလဲသွေးစို့နေသည့်ပေါက်ပြဲဒဏ်ရာအချို့ကနေရာယူထား၏ ။သွေးစေးတွေပေကျံနေတဲ့ ပါးနှစ်ဖက်ကို လက်ကလေးနဲ့ မထိရက်မကိုင်ရက်ဖြည်းဖြည်းလေးပုတ်ကာ
" မ .... မ ..... မ ....... "
နောက်စေ့လိုနေရာကို မိုး လက်တစ်ဖက်ဖြင့်ပိုက်ထားတော့ သူ့လက်မှာသွေးတွေက စွန်းထင်းကုန်သည်။ ထိုကြောင့်ခေါင်းမှာဒဏ်ရာကြီးကြီးထိခိုက်မိထားတာ သူသတိထားမိလိုက်၏ ။ နှလုံးခုန်သံကို မ ရဲ့ရင်ဘတ်နားကပ်ကာ နားထောင်ရင်း လက်ကောက်ဝတ်သွေးကြောကိုလဲ လက်တစ်ဖက်နဲ့ ဖိစမ်းနေမိသည်။
အသက်ရှုပြီးသွေးခုန်နှုန်းလဲကောင်းသေးတာမို့ခေါင်းနပမ်းကြီးနေခြင်းမှာ အနည်းငယ်တော့ပြေလျော့ခဲ့ရသည်။
မ ရဲ့လက်တစ်ဖက်ကို သူ့လည်ပင်းပေါ်သိုင်းတင်လိုက်ပြီးပွေ့ချီမယ်လုပ်တော့မှ
" ဟင်း ~~~~ "
မ ဆီမှ ညည်းတွားသံလေးတစ်ချက်သဲ့သဲ့လေးကြားလိုက်ရသည်။
" မ ........ "
ထမယ်လုပ်ပြီးမှပြန်ပြီးဒူးထောက်ထိုင်ချလိုက်ကာ သူ့ရင်ခွင်ထဲက မ ရဲ့ခေါင်းလေးကို လက်နဲ့အသာပြန်ထိန်းပေးလိုက်၏ ။
" မ .... မိုး ရှိတယ်နော်.... မကြောက်နဲ့ .... မ ကိုဆေးရုံခေါ်သွားပေးမယ်နော်....နော်မ ........ "
မ ရဲ့နဖူးစပ်ကသွေးစေးတွေနဲ့ကပ်ပြီး မျက်နှာပေါ်ရှုပ်ထွေးနေတဲ့ ဆံပင်တွေကို လက်နဲ့ဖယ်ရှာပေးရင်းပြောတော့ မ ရဲ့မျက်ခွံလေးတွေ လှုပ်လှုပ်ရွရွဖြစ်လာသည်။
" က~~~လေး ~~ "
မ ရဲ့နှုတ်ဖျားလေးမှ လှုပ်တယ်ဆိုရုံမျှလေးသာလေသံဖျော့ဖျော့လေးတစ်ခု တိုးထွက်လာ၏ ။
" ဟုတ်တယ်.... မိုး ရှိတယ်... အားတင်းထားနော်...... "
လက်တစ်ဖက်ကခေါင်းအောက်ဇတ်ပိုးနားကနေပွေ့ကာ တစ်ဖက်က မ ရဲ့ဒူးခေါင်းအောက်ဒခေါက်ကွေးနေရာကနေ ပင့်ပြီး မိုး ထရပ်ဖို့ ကြိုးစားသည်။ သို့ပေမဲ့ ဒူးကပြန်ညွှတ်ကျသွားသည်။ စိတ်လှုပ်ရှားပြီး လူကတုန်ယင်နေတာကြောင့်လဲပါသည်။ ပြီးတော့အရပ်ရှည်ပေမဲ့ ခပ်သွယ်သွယ်ဖြစ်နေပြီး အားမသန်တဲ့ သူ့ကိုယ်ခန္ဓာကြောင့်မိုး ကိုယ့်ဘာသာကိုယ်ပြန်အပြစ်တင်မိနေပါသည်။
ဒုတိယအကြိမ်ထပ်ပြီးထရပ်ဖို့ ကြိုးစားပြန်သည်။ သို့ပေမဲ့ သိပ်မဟန်။ မနိုင်ပဲ ပြန်လဲကျလျှင်သူ့ထက်မ မှာပိုပြီးနာကျင်မှာကိုစိုးရိမ်ရသေး၏ ။ လူနာတင်ယာဉ်ခေါ်ရင်ကောင်းမလားလို့တွေးမိသည်။ သို့ပေမဲ့ သူခေါင်းကို ခါယမ်းလိုက်ပြန်သည်။ခေါ်တာနဲ့ လာတာနဲ့ဆို အချိန်က ပိုကြာနေမည်။သွေးတွေက တချို့ဆို ခဲပြီးခြောက်နေပြီမို့ မ ဒီလိုထိခိုက်ထားတာ ကြာနေပြီလို့ ခန့်မှန်းရသည်။ အခုထိလဲသွေးကမတိတ်သေးတာမို့ အချိန်ထပ်ကြာနေလျှင်လမ်းမှာပဲသွေးထွက်လွန်ပြီး ဒုက္ခရောက်သွားနိုင်တယ်လေ ။
တဖန်ကုန်းပိုးပြီးခေါ်ဖို့ ကြိုးစားပြန်သည်။ ရင်ခွင်ထဲက မ ရဲ့ခေါင်းကို လက်နဲ့မှေးကိုင်ထားကာ ကိုယ်ခန္ဓာကိုသူ့ကျောပြင်ပေါ်သို့ မနည်းပြောင်းရွှေ့တင်လိုက်ရသည်။
" မ သတိထားနော်.... မိုးခေါ်တာ ကြားရဲ့လား ..... "
မ ကလုံးဝကြီး အရုပ်ကြိုးပျက်မဖြစ်သွားသေးတာမို့ သတိတော့ရှိနေသေးသည်လို့ မိုး ယူဆမိ၏ ။သွေးထွက်လွန်ထားတာကြောင့်pressure ကျပြီး သူ့ကိုစကားပြန်မပြောနိုင်ပဲ မျက်လုံးဖွင့်မကြည့်နိုင်တာ ဖြစ်မည်ဟုယူဆကာ သတိလုံးဝမလစ်သွားစေဖို့လဲ နှုတ်ကနေ တဖွဖွပြောနေရသေးသည်။
မ ရဲ့လက်နှစ်ဖက်ကို သူု့ခုံးတစ်ဖက်စီပေါ် သိုင်းတင်လိုက်ပြီး ကိုယ်ခန္ဓာက်အောက်ဘက်ကို လက်နှစ်ဖက်နဲ့ ထိန်းလိုက်၏ ။
" သတိထားနော်.... မ ..... "
နောက်ဆုံးတစ်ခေါက်ထပ်ပြောပြီး ဟန်ချက်ညီအောင်မနည်းထိန်းရင်း မိုး ထရပ်လိုက်သည်။ ဒီနေ့မှ ထဘီမဝတ်ဖြစ်ပဲဘောင်းဘီပဲဝတ်ထားမိတာကိုပဲကျေးဇူးတင်ရမလိုလို ။
ထရပ်တာအောင်မြင်ပြီမို့စောစောကလိုပွေ့ချီမဲ့နည်းလမ်းထက်တော့ ပိုအဆင်ပြေသည်လို့ပြောရပေမည်။
ဒီလိုနဲ့ပဲ တစ်လှမ်းချင်းစီပဲ သတိကြီးစွာဖြင့်အိမ်ရှေ့သို့ခေါ်ယူလာနိုင်ခဲ့သည်။
" အ ....... "
မ ကိုကုန်းပိုးထားရတာကြောင့်အောက်ကိုကြည့်ပေမဲ့လဲသေချာမမြင်ရတာမို့ ဧည့်ခန်းနားက ဖန်ကွဲစကို မိုး တက်နင်းမိသွားသည်။သွေးစိမ်းရှင်ရှင်တိုးထွက်လာတဲ့ခြေဖဝါးကိုမှ အားမနာမိပဲ ထပ်ပြီးမရှမိအောင်သာအောက်ကိုသေချာပြူးပြဲကြည့်ရင်း ဆက်လျှောက်လာမိသည်။ အိမ်ရှေ့ပေါက်ဝနားရောက်လာပြန်တော့လဲ သူ့ရဲ့ sneaker ဖိနပ်ကိုပြန်ထိုးဝတ်ဖို့ လုပ်ကြည့်သေးသည်။ သို့ပေမဲ့ လူတစ်ယောက်လုံးကို ကုန်းပိုးထားရင်းနဲ့က ဖိနပ်စီးဖို့ဆိုတာ ဘယ်လိုမှ မလွယ်ကူပါ ။ ထို့ကြောင့်ဒီတိုင်းသာ အိမ်အပြင်သို့ခြေဗလာနဲ့ ဆင်းလာခဲ့လိုက်သည်။
အံကိုတင်းတင်းကျိတ်ထားပြီး သူ့ကားရှိရာဆီ မ ကိုဘေးအန္တရာယ်ကင်းကင်းနဲ့ခေါ်ဆောင်သွားနိုင်ဖို့ကိုပဲ စိတ်ထဲမှာရှိနေသည်။ မ ရဲ့ကိုယ်လုံးလေး အနောက်သို့ အနည်းငယ်လျောလျောကျသွားရင်သူ့မှာ မနိုင်မနည်းနဲ့ အံ့ကျိတ်ရင်း ခါးကိုကုန်းကာ ပြန်ပင့်တင်ရသေးသည်။ မ ၏ခြေနှစ်ဖက်ကို ပင့်မပေးထားရသည့်သူ့လက်တွေလဲ အံသေနေချေပြီ ။ နဖူးကချွေးခြေမကျသည်ဆိုတဲ့စကားက အခုမှ အံကိုက်လာဖြစ်နေ၏ ။ သူ့တစ်ကိုယ်လုံးလဲချွေးတွေဖြင့်စိုရွှဲလို့ပါ ။ ပင်ပန်းတာဆိုတာထက်ဇောချွေးတွေဆို ပိုမှန်ပေမည်။
သမံတလင်းခင်းထားတဲ့ ခြံထဲကလျှောက်လမ်းတစ်လျှောက်မှာ မိုး ရဲ့ဘယ်ဘက်ခြေဖဝါးကထွက်လာတဲ့သွေးတို့ကခြေရာကွက်တွေအဖြစ်ထင်ကျန်ရစ်ခဲ့၏ ။ သူ့ခမျာ ကားရှိရာဆီရောက်ဖို့အတွက်အတော်လေးကိုကြိုးစားလိုက်ရပေသည်။
တခါကားနားရောက်ပြန်တော့လဲ ကားတံခါးကို လက်တစ်ဖက်ထဲနဲ့ ဖွင့်လို့က မရပြန်ပေ ။
ကားတံခါးရှေ့ ဒူးလေးထောက်ထိုင်ချလိုက်ပြီး
" ဟူးးးး ........ "
အသက်ကိုဝဝရှိုက်သွင်းလိုက်ပြီးမှ လက်တစ်ဖက်နဲ့ကျောပြင်က မ ရဲ့ကိုယ်လုံးလေးကို ထိန်းထားရင်း ကျန်လက်တစ်ဖက်ဖြင့်ကားတံခါးကို ဆွဲဖွင့်လိုက်ရ၏ ။ ဒါတောင်လက်အံသေနေပြီမို့တော်တော်အားသုံးပြီး ဆွဲခဲ့ရခြင်းပေ ။
ကားခေါင်းခန်းက ခုံပေါ် သူ့မမကိုသေသေချာချာနေရာချပေးလိုက်ပြီးမှ အသက်ကိုဝဝလင်လင်ရှိုက်သွင်းနေရင်း လက်ဖဝါးလေး ၂ ဖက်ဖြင့်သူ့မမပါးလေးကိုကိုင်လိုက်သည်။ ပြီးတော့ သူ့နဖူးဖြင့်သူ့မမနဖူးလေးကို ဖွဖွလေးထိကပ်လိုက်ပြီး
"ဆေးရုံ ~~~ သွား ကြ မယ်နော်~~~ မ ~~~ "
သူ့ရဲ့မောဟိုက်နေတဲ့လေသံလေးကိုတော့ မ ကြားမည်ထင်ပါရဲ့ ။ ပါးပြင်ပေါ်မျက်ရည်စက်တွေက မထိန်းထားနိုင်တော့ပဲ ကျဆင်းလို့လာလေပြီ ။ ကားခုံက ခါးပတ်ကို ခပ်မြန်မြန်ပဲ ပတ်ပေးလိုက်ပြီး ကားတံခါးကိုပိတ်ချလိုက်၏ ။ထော့နင်းထော့နင့်ဖြစ်နေတဲ့ခြေတစ်စုံနဲ့ပဲ တစ်ဖက်တံခါးပေါက်သို့လျှောက်ကာ ကားတံခါးကို ဆွဲဖွင့်လိုက်သည်။ ပြီးတော့ ကားစက်နှိုးပြီး အမြန်ဆုံးမောင်းထွက်ခဲ့ပါတော့သည်။ သူ့ကိုယ်သူကျ ခါးပတ်ပတ်ဖို့တောင်မိုး သတိမရတော့ပါ ။
ညဘက်မို့ ကားလမ်းလေးရှင်းနေတာကိုပဲကျေးဇူးတင်ရပေမည်။
တစ်ချက်တစ်ချက်ကားစတီလ်ယာတိုင်ပ်ါတင်ထားတဲ့ သူ့လက်တစ်ဖက်ကဘေးဘက်က မ ရဲ့အေးစက်နေတဲ့ လက်ဖဝါးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပေးထားရင်း
"ရောက်တော့မယ်....ရောက်တော့မယ်နော်မ ..... "
နှုတ်ကလဲပြော လက်ကလဲတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ရင်း မျက်ရည်တွေကလဲ အထိန်းအကွပ်ကင်းမဲ့စွာ အဆက်မပြတ်ကျလို့နေသည်။
အရှိန်ကို နင်းကန်စွတ်တင်ပြီးမောင်းလာခဲ့တာမို့ဆေးရုံသို့ မိနစ်၂၀လောက်အတွင်းမှာပဲရောက်လာခဲ့သည်။ ကားထိုးရပ်လိုက်ပြီးတာနဲ့ သူတစ်စုံတစ်ဦးဆီ ဖုန်းခေါ်လိုက်ပြီး
" ချယ်ရီအောက်မြန်မြန်ဆင်းခဲ့ အရေးပေါ်ဌာနကို ...... "
လိုလိုမယ်မယ်အကူညီလိုရင်တောင်းရအောင်ချယ်ရီ့ကို လှမ်းခေါ်ထားလိုက်ပြီးမှ သူကားပေါ်ကခြေဗလာဖြင့်ဆင်းလိုက်၏ ။ ပြီးတော့ဆေးရုံအောက်မှာ အသင့်ရှိနေကြတဲ့ ဝန်ထမ်းတွေကို တွန်လှည်းယူလာခိုင်းလိုက်သည်။
ခပ်မြန်မြန်တွန်းထုတ်လာသည့်လူနာတင်တွန်းလှည်းပေါ်သို့ ဝန်ထမ်းများက ကားထဲက မ ကိုပွေ့ကာပြောင်းရွှေ့တင်လိုက်ကြသည်။
အထဲက ဆရာဝန်လေးတစ်ယောက်ပြေးထွက်လာသည်။ ဘယ်သူလဲဆိုတော့ ဟိုတစ်ခေါက်နွေးလေး အရေးပေါ်ဌာနရောက်တုန်းက အရေးပေါ်ကုသပေးခဲ့တဲ့ ဆရာဝန်လေးပဲဖြစ်၏ ။ ထိုဆရာဝန်လေးက မိုး ကိုမြင်တော့ သူ့ကိုမှတ်မိပုံရသည်။
" ဘာဖြစ်လာတာလဲ အမ ? "
လူနာဘေး ကပ်လိုက်လာတဲ့ သူ့ကိုမေးတော့
"ခေါင်းထိထားတယ်.... အချိန်ကကြာပြီ ပြီးတော့သွေးလဲတအားထွက်ထားတယ်.... "
အရေးပေါ်ဌာနထဲရောက်တာနဲ့ ကုတင်ပြောင်တင်ပေးကြပြီးသွေးပေါင်တိုင်းတဲ့လူကတိုင်းသွေးခုန်နှုန်းတိုင်းသည့်လူကတိုင်းဖြင့်nurseလေးတွေပျာယာခတ်နေကြသည်။
" blood pressure ကတော်တော်လေးကျနေတယ်... "
" pressure ဘယ်လောက်လဲ ? "
မိုးမောပန်းနေသည့်လေသံနဲ့ပဲ လှမ်းမေးလိုက်တော့
" 80/60 ပဲရှိတယ်အမ .... "
ဒေါက်တာလေးက လှမ်းပြောပြီးnurseတွေကို အရေးပေါ် IV ထိုးဖို့ နဲ့ line ချိတ်ဖို့ပြင်ခိုင်းနေသည်။
ချယ်ရီမေ လဲ မိုး ဆီကဖုန်းဝင်လာထဲက ချက်ချင်းအောက်ထပ်အရေးပေါ်ဌာနသို့ အပြေးဆင်းလာခဲ့ပါသည်။ ဌာနထဲရောက်တော့ ကုတင်တစ်လုံးနားမှာ ရပ်နေသည့်သူ့ရဲ့ မမမိုး ။ခြေဗလာဖြစ်နေပြီး အကျီနဲ့ လက်တို့မှာလဲသွေးတွေပေနေသဖြင့်ချယ်ရီ မျက်လုံးပြူးသွားလေသည်။ အနားသို့ပြေးချသွားပြီး
" မမ ဘာဖြစ်လာတာလဲ ? "
ပြူးတူးပြဲတဲမေးနေတဲ့ ချယ်ရီမေ ကို မိုး တစ်ချက်လေးသာ လှည့်ကြည့်၍ ကုတင်ပေါ်ကသူ့ မမကိုသာ စိုးရိမ်တဲ့အကြည့်တို့နဲ့ ကြည့်ပြီး
" ကိုယ့်ရဲ့ ဆရာမ ..... "
" ရှင်...... "
မိုး သူ့မမကိုကြည့်နေရင်း မျက်ရည်တွေက ဝဲတက်လာပြန်သည်။ မိုးပြောမှ ချယ်ရီ လဲ ကုတင်ပေါ်က လူနာကိုသေချာကြည့်လိုက်မိတော့ လူနာကနွေးလေး ရဲ့အမေဖြစ်နေမှန်း သိလိုက်ရပြီး မျက်လုံးလေးတွေ ပိုဝိုင်းစက်သွား၏ ။
" ဘယ်လိုဖြစ်ပြီး ......... "
ချယ်ရီ တအံ့တသြဖြစ်သွားစဉ်မှာပဲ
"ခေါင်းကဒဏ်ရာက နက်တယ်.... ချုပ်ဖို့လိုအပ်တယ်ဗျ ..... "
အရေးပေါ်ဌာနကဒေါက်တာလေးပြောတော့ ချယ်ရီမေက အနားကပ်သွားပြီး ဒဏ်ရာကိုသေချာကြည့်ကာ
"ဒဏ်ရာကတော်တော်လေးနက်တာပဲ .... ဟုတ်တယ်ချုပ်မှရမယ်..... "
ဒေါက်တာလေး လက်အိပ်တွေဘာတွေစွပ်နေပြီး ချုပ်ဖို့ပြင်ဆင်နေတော့
" ကိုယ်ကိုယ်တိုင်ပဲ ချုပ်ပေးပါရစေ ..... "
မိုး ကသူလုပ်မယ်လို့ပြောလိုက်တော့ ချယ်ရီ ဝင်တားလေသည်။
" မမ ကိုယ်တိုင်မလုပ်ပါနဲ့ ချယ်ရီပဲလုပ်လိုက်မယ်......မောင်လေး ဒီ patient ကို တို့ပဲချုပ်ပေးပါရစေ ... "
ချယ်ရီတောင်းဆိုလိုက်တော့ဒေါက်တာလေးကလဲ အသာတကြည်ပဲခေါင်းညိမ့်ပြကာ
" ဟုတ်...... "
ချယ်ရီ ချက်ချင်း လက်အိပ်စွပ်ကာ ဒဏ်ရာအနီးနားတစ်ဝိုက်ကို အရင်ဆုံးဆေးကြောသန့်စင်ပြီး ပိုးသတ်လိုက်သည်။
ဆေးထိုးရမှာတောင်သိပ်ကြောက်လွန်းတဲ့ သူ့မမခမျာ အခုလို ဒဏ်ရာကိုအစိမ်းချုပ်ခံရမယ်ဆိုတော့ ဘယ်လောက်များကြောက်နေလိုက်မလဲလို့တွေးရင်း လင်း ရဲ့အေးစက်နေသည့်လက်ကလေးတစ်ဖက်ကို ဆုပ်ကိုင်ထားပေးလိုက်သည်။
မိုး လဲဆုပ်ကိုင်ပေးလိုက်ကော လင်း ရဲ့လက်ကလေးက သူ့လက်ကိုပြန်ပြီး အသာအယာပြန်ဆုပ်ကိုင်လိုက်သည်ကို ခံစားမိလိုက်တာမို့ လင်း မှာသတိလုံးဝမေ့နေခြင်းမဟုတ်ပဲ အသိရှိနေတယ်ဆိုတာ သိလိုက်ရသဖြင့်
" မ .... မကြောက်နဲ့နော်... မိုး ရှိတယ်သိလား မ ..... မိုး ရှိတယ်.... "
လက်ကိုပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ပေးရင်း ခါးလေးကုန်း၍ လင်း ရဲ့နားနားကပ်ပြောပေးနေသည်။
မိုး ကသူ့ဆရာမကို 'မ' လို့ခေါ်နေတာကြောင့်ချယ်ရီရဲ့မျက်လုံးလေးတွေဝိုင်းစက်သွားကာ မိုး ကိုတစ်ချက်လှမ်းကြည့်မိလိုက်သည်။ မျက်ရည်တွေတစ်ပေါက်ပြီးတစ်ပေါက်ကျနေတဲ့ မိုး ကိုမြင်လိုက်ရပြီး ချယ်ရီ ရင်ထဲတော်တော်လေးဝမ်းနည်းမိသွားသည်။
မမ က မမရဲ့ ဆရာမကို အရမ်းချစ်တာပဲနော်......
ချယ်ရီ ဝမ်းနည်းစွာပဲရင်ထဲကနေ တိတ်တဆိတ်ရေရွတ်လိုက်လေသည်။ ချယ်ရီ လင်း ရဲ့ဒဏ်ရာကိုအပ်နဲ့တစ်ချက်ချုပ်လိုက်တော့ လင်း ထံမှာ ညည်းသံလေးတစ်ချက်တိုးညှင်းစွာထွက်ပေါ်လာ၏ ။
" မ ရဲ့ဒဏ်ရာကနက်လို့ ချုပ်ပေးနေတာပါ .... နာပေမဲ့ နည်းနည်းသည်းခံနော်.... ထုံးဆေးထိုးပြီးချုပ်ရင်ထုံဆေးပြေတဲ့အခါ အခုနာတာထက်၃ ဆပိုနာပြီး ချုပ်ရိုးကျတ်တာလဲနှေးမှာမို့ မထိုးတာပါ ..... "
သူ့မမ စိတ်အပြောင်းအလဲလေးဖြစ်အောင်လို့ မိုး အနားကနေ စကားတွေတဖွဖွပြောပေးနေသည်။ သူပြောနေစဉ်အတွင်း ချယ်ရီနောက်ထပ်တစ်ချက်ထပ်ချုပ်လို့ ပြီးသွားလေပြီ ။ အပ်ထိုးသွင်းလိုက်တိုင်းမှာ မိုး ကိုင်ပေးထားတဲ့ လက်လေးကို လင်း အားလေးရှိသလောက်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ဇောချွေးတို့က တစ်ကိုယ်လုံးရွှဲလာပြန်သည်။ ဒါကို မိုး မြင်တော့ သူ့ရင်ထဲအစမတန်နာကျင်ရ၏ ။ သူ့မမကိုအားပေးနေပေမဲ့လဲ သူကိုယ်တိုင်ကတော့ မျက်ရည်တွေက တပေါက်ပေါက်ကျဆင်းနေသည်။ ဒါကို လင်း ကတော့ မျက်စိပိတ်ထားဆဲမို့ မမြင်နိုင်။
၄ ချက်တိတိချုပ်ပြီးတဲ့နောက်မှာတော့
" ပြီးသွားပါပြီ ..... "
ချယ်ရီပြောလိုက်တော့ မိုး ချုပ်ရိုးကိုသေချာကြည့်လိုက်၏ ။ ချုပ်ရိုးကသေသပ်တာမို့ မိုး စိတ်ချသွားသည်။ ချုပ်ရိုးပေါ်ကနေမှ ဆေးထည့်ကာ ချယ်ရီ ကပဲဆက်ပြီး ပတ်တီးစည်းပေးနေသည်။
"ခေါင်းကိုဓာတ်မှန်ရိုက်ကြည့်ရင်ပိုမကောင်းဘူးလား မမ ..... "
" မနက်မှပဲ ရိုက်ကြည့်ကြတာပေါ့ .... အခုတော့ နားပါစေဦး ..... "
သူ့မမ ရဲ့မျက်နှာလေးကိုသေချာကြည့်ရင်းပြောလိုက်သည်။ ချယ်ရီကတော့ သူ့မျက်နှာကိုပဲသေချာစိုက်ကြည့်နေတယ်ဆိုတာ မိုး မသိခဲ့ ။
" ဟုတ်ကဲ့ပါ မမ .... ဒါနဲ့ ဒီမှာပဲဆက်ထားမလား ? ဒါမှမဟုတ်အပေါ်ထပ်က သီးသန့်ခန်းကိုရွှေ့ခိုင်းလိုက်ရမလား ? "
" ဒီမှာပဲ ခဏဆက်ထားပြီး အခြေအနေစောင့်ကြည့်ဦးမယ်ချယ်ရီ ..... "
လင်း ရဲ့နှုတ်ခမ်းဖျားမှပေါက်ပြီးသွေးစို့နေတဲ့ ဒဏ်ရာကို ကြည့်ပြီး
" နှုတ်ခမ်းကလဲပေါက်သွားတာပဲ ... "
ချယ်ရီပြောပြီးဂွမ်းစလေးမှာဆေးလေးသုတ်ပြီး အနာကိုဆေးထည့်ပေးမယ်လုပ်တော့ မိုး ကြားကနေ ထိုဆေးထည့်ထားသည့်ဂွမ်းစလေးကို လှမ်းယူကာ
" ကိုယ်ပဲ လုပ်ပေးလိုက်ပါ့မယ်..... "
" ရှင်!အော်ဟုတ်ဟုတ်ကဲ့ .... "
သူ့မမရဲ့ နှုတ်ခမ်းကဒဏ်ရာလေးကို ညင်ညင်သာသာဆေးထည့်ပေးနေတာ မြင်ရပြန်တော့ ချယ်ရီ့ရင်ထဲ တစ်မျိုးဖြစ်ကာ ခံစားချက်က သိပ်မကောင်း ။
" ကိုယ်အပေါ်ခဏလောက်သွားဦးမယ်.... ချယ်ရီ ဒီမှာ ခဏလောက်စောင့်ပေးနေလို့ရမလား ? "
"ဟုတ်ရပါတယ်မမ ..... "
ချယ်ရီခေါင်းလေးညိမ်ပြလိုက်၏ ။ မိုး လင်းဘေးကနေ ထွက်သွားမယ်ဟန်ပြင်တော့
" ကလေး ...... "
လင်း မျက်လုံးကို အသာလေးဖွင့်ကြည့်ကာလေသံဖျော့ဖျော့လေးနဲ့ တိုးတိုးလေးခေါ်လိုက်တော့ မိုး ချက်ချင်းပဲ ခါးလေးကိုင်းကာ သူ့မျက်နှာနားသို့ အသာတိုးကပ်လာသည်။ ချယ်ရီကတော့ဘေးနားကနေသာ မမှိန်မသုန်လေး ရပ်ကြည့်လို့နေ၏ ။
"ဟုတ်ကဲ့ မ ..... မိုး ရှိတယ်ပြောနော်... "
"မေမေ့ကို ~~~ မပြောပါနဲ့ဦး ~~ "
တိုးတိုးလေး ထပ်ပြောလိုက်တော့ မိုးခေါင်းခါပြလိုက်ပြီး
" မပြောလို့တော့ မဖြစ်ဘူးလေ မ ရဲ့ .... အန်တီက မ ပြန်မလာကတည်းက စိတ်ပူနေတာ ..... "
" ဒီတိုင်းချော်လဲထားတယ်ပဲပြောပေးပါ ~~~ "
လင်းပြောလိုက်တော့ မိုး သက်ပြင်းချလိုက်ပြီး
"ကောင်းပါပြီ .... ဒါနဲ့ မိုး တစ်ခုလောက်မေးချင်တယ်မ ရယ်.... "
သူပြောလိုက်တော့ လင်း ကမေးပါဆိုသည့်ဟန်ဖြင့်ခေါင်းလေးကို ဖြည်းဖြည်းလေးတစ်ချက်ညိမ့်ပြလေသည်။
" မ အခုလိုဖြစ်တာ တခြားလူတစ်ယောက်က လုပ်တာ မဟုတ်လား ? "
သူမေးတော့ လင်း ချက်ချင်းပြန်မဖြေ ခဏလေးနေမှခေါင်းလေးညိမ့်ပြသည်။
" ဘယ်သူလဲ ? အပြင်ကနေဝင်လာတဲ့ သူစိမ်းတစ်ယောက်လား ? "
မိုး ဒီတစ်ခါထပ်မေးလိုက်တဲ့မေးခွန်းကိုတော့ လင်း အတွက်ပြန်ဖြေဖို့တော်တော်လေးခက်ခဲနေသည်။
" ကလေး ~~~ မခေါင်းသိပ်မကြည်လို့ ~~~နောက်မှပဲပြောပြပါရစေ ~~ "
လင်း မဖြေချင်မှန်သိလိုက်ကတည်းက တရားခံဘယ်သူဆိုတာတော့ မိုး ရိပ်မိလိုက်သည်။
" ဟုတ်ကဲ့ပါ .... မ မျက်လုံးလေး ပြန်မှိတ်ထားပြီး ခဏလေးမှေးနေလိုက်နော်... မိုး အခုအန်တီ့အကျိုးအကြောင်းသွားပြောပြီး ချက်ချင်းပြန်းဆင်းလာခဲ့မယ်နော်.... "
သူပြောလိုက်တော့ လင်းခေါင်းလေးအသာညိမ့်ပြကာ
"နွေးလေးကော ~~~ အခြေအနေ ? "
လင်း ရဲ့လေသံကတိုးဖျော့လွန်းသည့်အပြင်မောနေတဲ့ပုံပါပေါ်သဖြင့်
"နွေးလေး ရဲ့အခြေအနေက စိတ်ချလို့ရနေပြီ မရဲ့ ....နွေးလေးအတွက်ပူပင်မနေနဲ့တော့နော်... ဟုတ်ပြီလား .... "
သူ့ရဲ့လက်ကလေးကိုနွေးနွေးထွေးထွေး လာဆုပ်ကိုင်လိုက်ပြီးပြန်ပြောတဲ့ မိုး ရဲ့မျက်နှာလေးအား လင်းသေချာကြည့်ကာ
" ဟုတ်ပါပြီ ကလေး ရယ်~~~ "
" ဒါဆို မိုး ခဏသွားလိုက်ဦးမယ်နော်.... "
" အင်း ~~~~~~ "
သူကိုင်ထားတဲ့ မ ရဲ့လက်ကလေးကို အသာလေးပြန်လွှတ်ပေးပြီး ကုတင်ဘေးမှခြေထောက်ထော့နင်းထော့နင်းနဲ့လှမ်းလိုက်မိတော့
" မမခြေထောက်က ဘာဖြစ်ထားတာလဲ ? "
ချယ်ရီမေ သူ့ဘေးနားကို ချက်ချင်းရောက်လာပြီးဖိနပ်မပါခြေဗလာဖြစ်နေသည့်သူ့ခြေထောက်ကိုသေချာငုံကြည့်သည်။
" ဘာမှ မဖြစ်ပါဘူး ချယ်ရီ .... ဖယ်ပါဦး ကိုယ်အပေါ်တက်မလို့ .... "
မိုးပြောလိုက်ပေမဲ့ ချယ်ရီကတော့ မိုးရဲ့ဘယ်ခြေဖဝါးမြှောက်လိုက်တာနဲ့ကြွေပြားတွေခင်းထားတဲ့ဆေးရုံကြမ်းခင်း၌ ကျန်ခဲ့သည့်သွေးစလေးတွေကို မြင်လိုက်ပြီး
" ဘာကို မဖြစ်ပါဘူးလဲ မမရယ်.... မရဘူး ဒီမှာ အရင်ထိုင်..... "
ချယ်ရီ သူ့လက်ကိုအတင်းလာဆွဲပြီး လင်း လှဲလျောင်းနေတဲ့ ကုတင်နဲ့ဘေးချင်းကပ်ရပ်ကုတင်၌ တက်ထိုင်ခိုင်းလိုက်သည်။
" ဘာမှမဟုတ်ပါဘူး ချယ်ရီ ရယ်....နောက်မှ ကိုယ့်ဘာသာကိုယ်ဆေးထည့်လိုက်ပါ့မယ်..... "
သူ့မမကို သူဒဏ်ရာရထားတာ မမြင်စေချင်မသိစေချင်တာမို့ မိုး အတင်းပြန်ထဖို့ ကြိုးစားပေမဲ့လဲ ချယ်ရီ ကလက်မခံ ။ သူ့ဘယ်ခြေထောက်ကို အတင်းကိုင်ကာခြေဖဝါးကဒဏ်ရာကို ကြည့်လိုက်သည်။ ဒဏ်ရာကိုမြင်တော့ လန့်ပြီး
" ဟာ !! ဘာလို့ ဘာမှ မဟုတ်ရမှာလဲ ... ဒီမှာ ဒဏ်ရာက နည်းနည်းနောနောမဟုတ်ဘူး .... မမ ရယ်ဘာနဲ့ထိခိုက်မိခဲ့လို့ အခုလောက်ထိဖြစ်ရတာလဲ ..... "
ဒီလောက်အနာကြီးဖြစ်ထားတာကို ဘာမှမဖြစ်ထားတဲ့ပုံစံနဲ့နေပြီး ကိုယ့်ဘာသာကိုယ်ဂရုမစိုက်တဲ့ မမမိုး ကို ချယ်ရီဒေါသထွက်မိတယ်လို့ပြောရင်မမှားပါ ။ ထိုဒေါသကြောင့်အသံကအနည်းငယ်ကျယ်သွား၏ ။
မိုး ကတော့ သူ့မမကြားသွားပြီထင်တယ်ဆိုပြီး စိတ်ညစ်ကာ သူ့မမကိုလှမ်းကြည့်လိုက်တော့ မ ကသူကြည့်လိုက်မှ မျက်နှာလေးကို တစ်ဖက်သို့လှည့်သွား၏ ။
ချယ်ရီ မိုး ရဲ့ခြေထောက်ကိုကိုင်မြှောက်ပြီး ဒဏ်ရာကိုကြည့်လိုက်ကတည်းက လင်း မိုးခြေထောက်ကအနာကို မြင်လိုက်ရသည်။
ခြေဖဝါးမှာ လက်တစ်ဆစ်ခန့်ဖန်ကွဲစနဲ့ ခြစ်မိတဲ့ဒဏ်ရာက ယခုတိုင်သွေးမတိတ်သေး ။ ထို့အပြင်သူ့ခြေဖဝါးတစ်ခုလုံးမှာလဲသွေးတွေရဲရဲတောက်ပေကျံလို့နေသည်။
ဒါကို လင်း မြင်တွေ့လိုက်ရတေ့ ဘယ်ဘက်ရင်အုံက ဆစ်ခနဲနာကျင်လာတာမို့ခေါင်းကိုဘေးသို့ လှည့်လိုက်မိသည်။ မျက်ရည်စအချို့က သူ့မျက်ခွံကိုပိတ်ထားတာတောင်မှ အတင်းတိုးထွက်လာသေးသည်။
မတောင်းပန်ပါတယ်ကလေးရယ်.... မ ကလေးကို အနာတရဖြစ်အောင်ထပ်လုပ်မိပြန်ပြီကွယ်.....
တကယ်တောင်းပန်ပါတယ်ကလေးရယ်...
မိုး သူ့အိမ်ကိုရောက်လာချိန်မှာ သူသတိမေ့နေပေမဲ့ မိုး ကသူ့အား ရင်ခွင်ထဲဆွဲပွေ့ပေးကာသူ့ကို 'မ' လို့အော်ခေါ်နေချိန်မှာတော့ သတိလေးနည်းနည်းပြန်ဝင်လာခဲ့သည်။
သတိဝင်ရုံမျှလေးသာရှိနေပေမဲ့ မျက်လုံးလဲဖွင့်လို့မရသလိုခေါင်းလဲမထောင်နိုင်ခဲ့ ။ ထို့အတူစကားလဲ မပြောနိုင်ပေ ။ သို့သော်လဲ မိုး သူ့ကိုပွေ့ချီတာတွေ ကုန်းပိုးပြီး ကားဆီခေါ်သွားတာလေးတွေကို အိမ်မက်လိုလိုတော့ မှတ်ဥာဏ်ထဲမှာ ဝိုးတဝါးမှတ်မိနေ၏ ။
သူ့ခြေထောက်ကဒဏ်ရာကိုဆေးသေချာထည့်ပေးပြီး ပတ်တီးစည်းပေးနေတဲ့ ချယ်ရီမေ အား မိုး တစ်ချက်ကလေးငုံ့ကြည့်လိုက်ကာ
"ကျေးဇူးပါ ချယ်ရီ ..... "
မိုး ဆီမှကျေးဇူးတင်စကား ကြားလိုက်ရတော့ ချယ်ရီ သူ့မမမိုး ကိုမော့ကြည့်လိုက်ပြီး
"ကျေးဇူးတင်ဖိုမလိုပါဘူး ....နောက်ဆိုရင်မမကိုယ်ကိုသာ ဂရုစိုက်ပါ .... မမ ဒီလိုဒဏ်ရာတွေရတာ ချယ်ရီ မမြင်ချင်လို့ပါ ..... "
ချယ်ရီ ပြန်ပြောလိုက်တဲ့ စကားတစ်ခွန်းကိုကြားပြီး မိုး အသံတိတ်သွားသည်။ ပြီးတော့ သူ့လည်တိုင်လေးကို ထုံးစံအတိုင်းလက်လေးနဲ့ ပွတ်သပ်လိုက်ရင်း ထမယ်လုပ်တော့
"နေဦး မမ ..... "
ချယ်ရီ ကသူ့ရဲ့ဖိနပ်ကလေးကိုချွတ်ပေးလိုက်ပြီး သူ့ရှေ့ထိုးပေးလိုက်သည်။
" ချယ်ရီ့ဖိနပ်ကို စီးသွားပါ မမ .... "
ချယ်ရီပြောလိုက်တော့ မိုး အားနာသဖြင့်လက်ကာပြလိုက်ပြီး
" ဟာ ရပါတယ်ချယ်ရီရယ်... ကိုယ့်ရုံးခန်းထဲမှာ slipper တစ်ရံရှိသေးတယ်.... ဖိနပ်ကို ချယ်ရီ ပဲပြန်စီးထားပါနော်..... "
မိုး ဒီတိုင်းခြေဗလာပဲ ထရပ်ပြီးသွားမယ်လုပ်တော့ ချယ်ရီ ကသူ့လက်ကိုအတင်းဆွဲကာ
" မမနော်... ချယ်ရီ့ကို ဘာမှအားနာနေစရာမလိုဘူး .... မမဒီအတိုင်းကြီးလျှောက်သွားရင်ခြေထောက်ကိုဖုန်ပြန်ပေပြီး ဒဏ်ရာကို ပိုးဝင်လိမ့်မယ်.... "
" ဟို ... ဒဏ်ရာက ပတ်တီးစည်းထားတာပဲဟာ ..... "
" ကျွတ်စ်..... "
သူအတင်းငြင်းဆန်တော့ ချယ်ရီ ကျွတ်စ်တစ်ချက်စုပ်လိုက်၏ ။
" မမရယ်.... စီးသွားပါဆိုနေမှ .... တကယ်ပြောရခက်တာပဲ ....... "
ချယ်ရီ သူ့ကိုမျက်စောင်းလေးထိုးကြည့်ပြီး လက်ကလဲသူ့လက်မောင်းကို မလွှတ်တမ်းဆွဲထားတာမို့နောက်ဆုံးတော့လဲ မိုး ဘက်ကပဲ အလံဖြူပြလိုက်ရလေသည်။ ချယ်ရီ့ ဖိနပ်လေးကိုကောက်စွပ်လိုက်ကာ
" ကဲ ရပြီမလား .... ကိုယ်အပေါ်ခဏတက်ပြီး ချက်ချင်းပြန်ဆင်းခဲ့မယ်နော်... အဲ့ကျဖိနပ်ပြန်ယူလာခဲ့မယ်ဟုတ်ပြီလား ... "
အဲ့ကျမှ မမချော ချယ်ရီမေ ကသူ့မျက်လုံးလေးတွေပျောက်ကွယ်သွားတဲ့အထိ ပြုံးရယ်ပြ၍ခေါင်းညိမ့်ပြလေသည်။
" ဟုတ်.... "
ခြေထောက်လေး တစ်ဖက်ထော့နင်းထော့နဲ့လျှောက်သွားတဲ့ မိုး ကို ချယ်ရီအနောက်ကနေ စိတ်မချခြင်းများစွာဖြင့်ငေးကြည့်နေဆဲ ။
ဒါကို မသိမသာလေး မျက်စိတစ်ချက်ဖွင့်ကြည့်လိုက်တဲ့ လင်း မြင်လိုက်ရပြီး မျက်လုံးလေးကို ချက်ချင်းပြန်မှိတ်လိုက်သည်။
တော်သေးတာပေါ့ ....ကလေး ကိုဂရုစိုက်ပေးမဲ့လူနောက်ထပ်တစ်ဦးထပ်ရှိလာလို့ ....တော်သေးတာပေါ့ကွယ်......
X X X X X X X X X X
ဓာတ်လှေကားထဲရောက်တော့ ညနေကသူဆေးရုံက မထွက်လာခင်လင်း ရဲ့မေမေပြောခဲ့တဲ့ စကားတစ်ခွန်းကို မိုး ပြန်စဉ်းစားလိုက်မိသည်။
< ညနေကတော့မောင်တေဇာ ပြန်များရောက်လာပြီလား မသိဘူး .... သူခေါ်လို့ပဲ သမီးလေးပြန်သွားတာလားတော့ မသိပါဘူးကွယ်... >
ထိုစကားကို ပြန်ကြားယောင်ကြည့်ပြီးဒေါသကထောင်းခနဲထွက်လာသည်။
မ ကိုအခုလိုလုပ်တဲ့လူက ကိုတေဇာပဲဖြစ်ဖြစ်တခြားဘယ်သူပဲဖြစ်ဖြစ်.... ငါလုံးဝ ခွင့်မလွှတ်နိုင်ဘူး .....
ငါနဲ့ ဆိုင်သည်ဖြစ်စေ မဆိုင်တော့သည်ဖြစ်စေ .... မ ကိုအခုလိုမျိုး အနာတရဖြစ်အောင်ဘယ်သူ့ကိုမှ လုပ်ခွင့်မပြုနိုင်ဘူး .....
ဌာနထဲရောက်တော့ခြေထောက်မှာပတ်တီးစည်းထားပြီးခြေတစ်ဖက်ထော့နင်းဖြစ်နေသည့်သူ့ကိုမြင်တော့ ဝိုင်းမေးကြသည်။
" မမ ဘာဖြစ်လာတာလဲ ? "
" ဖန်ကွဲစလေး တစ်နင်းမိလို့ပါ ... "
" မမ ရယ်... ဂရုစိုက်နော်.... "
တွေ့သမျှတဲ့ nurse များနဲ့ ဆရာဝန်လေးတွေကမေးကြတာကို မိုး ပြန်ဖြေပေးရင်းနဲ့ပဲ လင်း ရဲ့မေမေရှိနေသည့်နွေးလေး ရဲ့ကုတင်ဘေးသို့ရောက်လာခဲ့လေသည်။
တော်သေးတယ်သူရောက်သွားတော့နွေးလေး ကအိပ်ပျော်နေတုန်းပင်။
" သမီးလေး .... "
" မိုး ဆရာမနဲ့တွေ့ပြီးပြီ အန်တီ ... "
မိုး လင်း ရဲ့မေမေဘေးနားသို့ကပ်ကာ ခပ်တိုးတိုးပဲပြောလိုက်သည်။
" မိုး အိမ်ကိုရောက်သွားတော့ အိမ်မှာ ဆရာမတစ်ယောက်ပဲတွေ့တယ်အန်တီ ... ဆရာမက အိမ်ထဲမှာချော်လဲထားလို့ခေါင်းမှာနည်းနည်းဒဏ်ရာရထားတယ်... အဲ့ဒါကြောင့်မိုး လဲဆရာမကိုဒီဆေးရုံကိုပဲခေါ်လာလိုက်ပြီး ဒဏ်ရာကို သက်သာအောင်လုပ်ပေးထားပါတယ်.... "
သူပြောသမျှကို လင်းမေမေမှာ ရင်တစ်ထိတ်ထိတ်ဖြင့်နားထောင်နေပြီးနောက်
" ဒဏ်ရာက ဘယ်လောက်တောင်ရထားတာလဲ သမီးရယ်? "
မေးတဲ့လေသံတိုးတိုးထဲ၌ စိုးရိမ်ပူပင်စိတ်တို့ ပြည့်နှက်နေကြောင်း မိုး သိလိုက်ပါသည်။
"ခေါင်းပေါက်သွားတာ အန်တီ ... ဒဏ်ရာကနက်တာမို့ ၄ ချက်လောက်ချုပ်လိုက်ရတယ်..... "
"အောင်မလေးကွယ်...... ဘယ်လိုများချော်လဲကျလို့အဲ့လောက်တောင်ဖြစ်သွားရတာပါလိမ့်... "
အန်တီကရင်ဘတ်ပေါ်လက်ကလေးတင်ကာ
" အခုသမီးဆရာမဘယ်မှာလဲ သမီး ? "
"အောက်က အရေးပေါ်လူနာဌာနမှာ ရှိပါတယ်အန်တီ ... အန်တီ သွားကြည့်ချင်လား ? "
သူမေးလိုက်တော့ အန်တီက သူ့မြေးလေးကို ကြည့်လိုက်ပြီး
" သွားကြည့်ချင်ပေမဲ့နွေးလေး နိုးလာလို့ အန်တီပါမရှိလို့လဲ မဖြစ်ပြန်ဘူး သမီးလေးရယ်..... အခု သမီးရဲ့ဆရာမ ဘယ်လိုနေသေးလဲကွယ်... "
" အခုတော့ သက်သာနေပါပြီ အန်တီ ....အကြောဆေးတွေလဲ သွင်းပေးထားတာမို့မှေးနေတယ်ရှင့်.... "
လင်း ရဲ့မေမေလဲ သူ့သမီးအကြောင်းကြားပြီး စိတ်မကောင်းဖြစ်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဆေးထိုးရမှာတောင်သိပ်ကြောက်တဲ့ ကလေးမှပဲ .... အခုလိုဖြစ်ရတယ်လို့ကွယ်..... "
လင်း ရဲ့မေမေကရင်ဘတ်ကလေးဖိကာ တိတ်တိတ်လေးရေရွတ်နေသည်။ မိုး လဲကြည့်ပြီးတော့ စိတ်မကောင်းခဲ့ ။
"တော်သေးတာပေါ့ သမီးလေး သွားကြည့်မိပေလို့သာပဲ ..... အခုလို သမီးဆရာမကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်သမီးလေး မိုး ရယ်... "
" ရပါတယ်အန်တီရယ်.... ဆရာမက သမီးရဲ့ အသက်သခင်ကျေးဇူးရှင်ပါ .... အခုလို ပြန်ကူညီခွင့်ရတာကိုပဲကျေနပ်လှပါပြီ .... "
မိုး သူ့မမရဲ့မေမေအား အချိုသာဆုံးအပြုံးနဲ့ပြုံးပြလိုက်လေသည်။
🌧️🌧️🌧️