မနက်စောစောအိပ်ယာကထသည်။ ပြီးတော့ ဝက်ပေါက်ကလေး မနိုးလာသေးခင်မှာပဲ လင်း ဘုရားရှိခိုး ဆွမ်းတော်နဲ့ရေချမ်းတော်ကပ်လှူရင်း ဝတ်ပြုဆုတောင်းပြီးခဲ့ပေပြီ ။
ပြီးတော့ မီးဖိုခန်းထဲဝင်ပြီး အန်တီတင့်ချက်ပြုတ်နေတာကို ကူလုပ်ပေးရင်း တစ်ယောက်သောသူအတွက်သူရဲ့လက်နဲ့ ကိုယ်တိုင်ကိုယ်ကျ တစ်စုံတစ်ခုကို ဖန်တီးပေးနေသည်။
"ပေါင်မုန့်ကြက်ဥကြော်မလို့လား .... လင်း ရယ်အန်တီတင့်ကိုပြောရောပေါ့ကွယ်.... ဖယ်ဖယ်အန်တီတင့်အခုကြော်ပေးမယ်နော်.... "
အန်တီတင့်က သူအတင်းလုပ်မယ်ဟန်ပြင်တော့ လင်း လက်ကာပြလိုက်ပြီး
" ရပါတယ်အန်တီတင့်ရယ်... လင်း ကိုယ်တိုင်ပဲလုပ်ပါရစေနော်.... "
သူပြောလိုက်တော့ အန်တီတင့်ကာ ပြုံးကာ
" ဘာလဲမောင်တေဇာ့အတွက်ကိုယ်တိုင်လေးလုပ်ကျွေးချင်တယ်ဆိုပါတော့ .... "
ရယ်ပြီးပြောတဲ့ အန်တီတင့်ရဲ့စကားကို လင်းခေါင်းခါရင်း ချက်ချင်းငြင်းလိုက်ပါသည်။
" မနေ့က မထင်မှတ်ပဲ လင်း ရဲ့တပည့်လေးတစ်ယောက်နဲ့ပြန်တွေ့တယ်.... သူပဲ သမီးလေရဲ့အသက်ကို အရေးပေါ်ကယ်တင်ပေးခဲ့တာလေ အန်တီတင့်ရဲ့ ...... "
လင်းပြောလိုက်တော့ အန်တီတင့်တအံ့တသြဖြင့်
" ဟယ်ဟုတ်လား .... "
" အဲ့တပည့်လေးနဲ့ လင်း နဲ့မတွေ့ဖြစ်ကြတာ ၁၀ နှစ်ကျော်ကြာသွားကြပြီ ..... ပြန်တွေ့ရတော့လဲ သူကဆရာဝန်မကြီးတောင်ဖြစ်နေပြီ .... "
ကြက်ဥကိုခလောက်ထားတဲ့ အရည်လေးတွေကိုပေါင်မုန့်ချပ်လေးတွေပေါ် ဆမ်းလိုက်ရင်း ဒယ်အိုးပြားပေါ် တင်ပြီးကြော်ကာ လင်းပြောနေခြင်းသာဖြစ်ပေသည်။ပြောနေရင်း မျက်နှာလေးကလဲ ခပ်ပြုံးပြုံးလေးဖြစ်လို့နေသည်။
အဲ့ကလေးရဲ့ အကြောင်းလေးတွေးလိုက်မိတာနဲ့ သူ့ရဲ့မျက်နှာလေး အလိုလိုပြုံးနေမိတာကို လင်း သူ့ကိုယ်သူ သတိမထားခဲ့မိပေ ။
X X X X X X X X X
လက်တစ်ဖက်က ခြင်းတောင်းလေးကိုဆွဲရင်း တစ်ဖက်ကနေ သူ့သမီးလေးလပြည့်ဝန်းသော်ရဲ့ လက်ကလေးကို ဆွဲကာ လင်းဆေးရုံအောက်ထပ်သို့ ဝင်လာခဲ့သည်။
ဆေးရုံအောက်ထပ်မှာဖွင့်ထားတဲ့ များပြားလှတဲ့မုန့်ဆိုင်လေးတွေထဲကရေခဲမုန့်ပုံလေးကပ်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ရှေ့ရောက်တော့
"မေမေ .... ပြည့်လေးရေခဲမုန့်စားချင်တယ်.... "
သူ့ကိုမော့ကြည့်ပြီးပြောနေတဲ့ သမီးလေးအား လင်း ငုံ့ကြည့်လိုက်ပြီး
"နေ့လည်ကျမှမေမေပြန်ဆင်းဝယ်ပေးမယ်နော်ပြည့်လေး .... "
သူပြောလိုက်တော့ ဝက်ပေါက်လေးနှုတ်ခမ်းလေးထော်လာပြီး
" ရဝူး .... ပြည့်လေး အခုပဲစားချင်တာ ... အခုဝယ်ကျွေးပါနော်...နော်မေမေ ..... "
သူ့ထဘီစကိုလက်လေးနဲ့ဆွဲထားတဲ့ ပြည့်လေးကိုကြည့်ရင်း လင်း သက်ပြင်းချမိလိုက်သည်။ သမီးရဲ့လက်လေးကိုဆွဲပြီး ဆိုင်ထဲဝင်သွားတဲ့ လင်း ကို အနောက်ကနေပြီး မိုး လှမ်းမြင်လိုက်ရသည်။
လက်ထဲက ကားသော့ကိုပိုက်ဆံအိတ်ထဲသို့ ပြန်ထည့်ရင်း ထိုဆိုင်ရှေ့နားသို့ မိုးလျှောက်လာမိသည်။
"မေမေ ..... ချီပေး ...... "
ရေခဲသေတ္တာကြီးထဲကရေခဲမုန့်တွေကိုရွေးချင်နေပေမဲ့ အရပ်မမှီတာမို့ပြည့်လေး သူ့ရဲ့မေမေကို ချီခိုင်းနေခြင်းသာ ။ သို့ပေမဲ့ လင်း ရဲ့လက်ထဲမှာလဲ ဆွဲခြင်းတောင်းတစ်ဖက်နဲ့မို့
" ဘာရေခဲမုန့်စားချင်တာလဲ ပြည့်လေးရဲ့ ....မေမေ့ကိုပြောလေမေမေယူပေးမယ်.... "
" ဟင့်အင်း ... ပြည့်လေး ကိုယ်တိုင်ယူချင်တာ .... "
ဂျီကျနေတဲ့သမီးငယ်ကြောင့်လင်း သူ့လက်ထဲကခြင်းတောင်းကိုအောက်သို့ချဖို့ ဟန်ပြင်လိုက်သည်။ တကယ်တော့ ခြင်းတောင်းထဲမှာ စားစရာတွေထည့်ထားတာမို့ သူအောက်သို့မချချင်ပေ ။
ထိုအချိန်အနောက်ကဝင်လာတဲ့ မိုး ကသူ့သမီးလေး လပြည့်လေးကိုပွေ့ချီပေးလိုက်တာမို့ လင်း အံ့သြသွား၏ ။
" ကလေး !! "
ရုတ်တရက်ရောက်လာတဲ့ မိုးကြောင့်လင်း အံ့သြသွားရသလိုပဲ ပြည့်လေးကလဲသူ့ကိုပွေ့ချီပြီး ပြုံးပြုံးလေးရယ်ပြနေတဲ့ မျက်နှာစိမ်း မမတစ်ယောက်ရဲ့မျက်နှာကို စိုက်ကြည့်ရင်း
" မမက ဘယ်သူလဲ ?? "
" မမ က သမီးမေမေရဲ့ တပည့်... "
ပြောပြီး မိုး ဝက်ပေါက်လေးကို ပြုံးပြရင်း
" ကြိုက်တာတစ်ခုရွေး .... မမ ဝယ်ကျွေးမယ်.... "
မိုးလပြည့်လေးကိုချီထားရင်းပဲ တစ်ဖက်လက်နဲ့ရေခဲသေတ္တာတံခါးကို ဖွင့်မယ်လုပ်တော့ လင်း ကကြားကနေ လှမ်းဆွဲဖွင့်ပေးလိုက်သည်။ ထိုအခါ ပြည့်လေး ကတော့ပုံစံချောကလက်ရေခဲမုန့်လေးကို လှမ်းယူလိုက်သည်။
အဲ့တော့မှ မိုး ပြည့်လေးကိုအောက်သို့ ပြန်ချပေးလိုက်ပြီးကောင်တာမှာငွေရှင်းဖို့လုပ်တော့
" ကလေးရယ်မ ပဲရှင်းပါ့မယ်.... "
လင်း တားနေတဲ့ကြားက မိုး ပိုက်ဆံထုတ်ရှင်းလိုက်ပြီး ပြုံးပြလိုက်၏ ။
" ရပါတယ်ဆရာမရယ်...... "
မိုး ပြုံးပြုံးလေး ပြုံးပြရင်းပြန်ပြောကာ ပြည့်လေးလက်ထဲမှရေခဲမုန့်ကတော့ခွက်လေးအပေါ်ရှိ အဖုံးလေးကိုခွာပေးလိုက်လေသည်။
သူအဲ့လိုလုပ်ပေးတော့ ပြည့်လေးက သွားကျိုးလေးတွေပေါ်အောင်သူ့ကိုရယ်ပြ၏ ။
" နာမည်ဘယ်လိုခေါ်လဲ ညီမလေး ? "
သူ့ဒူးခေါင်းကျော်ကျော်လောက်သာရှိသေးတဲ့ ပြည့်လေးရဲ့ရှေ့၌ ဒူးညွှတ်ကာခါးလေးကုန်းပြီးမေးလိုက်တော့
" လပြည့်ဝန်းသော်ပါရှင့်..... "
ချစ်စရာအမူအယာလေးနဲ့ အူယားစရာပြန်ဖြေကြားသည့်လပြည့်လေးရဲ့ပါးဖောင်းဖောင်းလေးအား လက်ဖဝါးလေးနဲ့ ပွတ်သပ်လိုက်ပြီး
" နာမည်လေးက လှလိုက်တာ .... "
သူအဲ့လိုပြောတော့ ဝက်ပေါက်လေးက ပြုံး၍
" ဟုတ်.... ပြည့်လေး နာမည်ကတအားလှတယ်လို့ကျောင်းကဆရာမတွေနဲ့ သူငယ်ချင်းတွေက ခဏခဏပြောတယ်... "
အကြီးမလေးနွေးလေး ထက်ကို ပိုသွက်သည်ဟု မိုး စိတ်ထဲကထင်ကြေးပေးရင်း ထိုဝက်ပေါက်လေးကိုကြည့်ကာ အသည်းတွေယားယားလာသည်။
ဒီလိုနဲ့ပဲ သူတို့ ၃ယောက်အတူတူဆေးရုံအပေါ်ထပ်သို့ တက်ခဲ့ကြသည်။ ဓာတ်လှေကားထဲရောက်တော့ လင်း ကတခုခုကိုသတိရသွားဟန်ဖြင့်ခြင်းတောင်းထဲက ဗူးလေးတစ်ဗူးကိုထုတ်ကာ
" ကလေးမနက်စာကော စားလာပြီးပြီလား ? "
သူမေးလိုက်တော့ မိုးခေါင်းလေးခါလိုက်ရင်း
" မစားခဲ့ရသေးဘူး ဆရာမ .... ဒီကျမှပဲ စားဖို့လုပ်ထားတာ .... ခဏနေ round လှည့်ပြီးမှပဲ တခုခုဆင်းစားတော့မယ်.... "
" ဟုတ်လား .... ဒါဆိုအတော်ပဲ .... ဒီမှာ မ ကလေးအတွက်ပေါင်မုန့်ကြက်ဥကြော်လာခဲ့ပေးတယ်... "
ပြောရင်းဗူးလေးကိုး လင်း လှမ်းကမ်းပေးတော့ မိုး ထိုဗူးလေးကိုသေချာကြည့်ပြီး ခပ်သဲ့သဲ့လေးပြုံးလိုက်မိ၏ ။
"ကောင်းကောင်းစားပါ့မယ်ဆရာမ .... "
ဗူးလေးကိုလှမ်းယူလိုက်တော့
" အခုထိ ကြိုက်သေးတယ်မဟုတ်လား ?ပေါင်မုန့်ကြက်ဥကြော်ကိုလေ .... "
လင်း မသိမသာလေးပြုံးပြီးမေးလိုက်တော့ မိုးအသာအယာပဲခေါင်းလေးညိမ့်ပြလိုက်ကာ
" ဟုတ်.... မိုး အကြိုက်ကိုအခုထိ မှတ်မိနေပေးလို့ကျေးဇူးတင်ပါတယ်..... "
မိုး ခပ်တိုးတိုးပဲပြန်ပြောလိုက်တဲ့စကားကြောင့်လင်း ယဲ့ယဲ့လေးသာပြန်ပြုံးပြနိုင်ခဲ့ပေသည်။
မေ့စရာလား ကလေးရယ်..... ကလေးနဲ့ပတ်သတ်သမျှအရာအားလုံးကို မ အကုန်မှတ်မိနေတုန်းပါ .......
သူ့ကိုမကြည့်ပဲ သူပေးလိုက်တဲ့မုန့်ဗူးလေးကိုသာ ငုံ့ကြည့်နေတဲ့ မိုး ရဲ့မျက်နှာလေးအား လင်းဘေးတိုက်လေးငေးကြည့်ရင်း စိတ်ထဲကနေပြောလိုက်မိ၏ ။ ရုတ်တရက်ဝမ်းနည်းသလိုရှိလာတာမို့ မျက်ရည်လေးတွေဝဲတက်ချင်လာသည်။ ထို့ကြောင့်လင်း ဆက်မတွေးတော့ပဲ စိတ်ကိုပြောင်းလဲပစ်လိုက်ရပါသည်။
အောက်က သမီးငယ်လေးကတော့ရေခဲမုန့်ကို ပလပ်ပလပ်နဲ့လျက်ရင်းဖြင့်သာ အပူအပင်ကင်းမဲ့လို့နေလေသည်။
X X X X X X X X X X
"ဒေါက်ဒေါက်...... "
တံခါးခေါက်သံနဲ့အတူ အခန်းအတွင်းသို့ဇော်ဇော်ဝင်လာသည်။
" မမ .... အပြင်မှာ မမသူဇာရောက်နေတယ်... အဲ့ဒါ မမကိုခေါ်ခိုင်းလိုက်လို့ .... "
"အော်ဟုတ်လား ... Okay ကိုယ်ထွက်ခဲ့မယ်.... "
" ဟုတ်ကဲ့ ..... "
ဇော်ဇော်ထွက်သွားပြီးရှေ့ဆင့်နောက်ဆင့်ပဲ မိုး အပြင်ဘက်သို့ထွက်လာခဲ့သည်။
နွေးလေးရဲ့ကုတင်နားမှာ မ နဲ့အတူတူ စကားရပ်ပြောနေတဲ့ မသူဇာခိုင်ကို မိုးတွေ့လိုက်တာမို့ ထိုအနားသို့လျှောက်သွားလိုက်သည်။
" မမ.... "
"အော်... ညီမလေး ... "
" ဘယ်တုန်းထဲကရောက်နေတာလဲ မမ ? "
" အခုလေးတင်ပါပဲ ... မင်္ဂလာခန်းမကို သွားကြည့်ပြီး အပြန်လှည့်ဝင်လာတာ ..... "
"အော်ဟုတ်.... "
" ဒီမှာနွေးလေး ကိုလာကြည့်တာလေ ... ကလေးကတော်တော်လေးပြန်လန်းလာပြီပဲ .... "
" ဟုတ်တယ်မမ .... မနေ့ကထက်တော့ အခြေအနေပိုကောင်းလာပါပြီ .... "
" အင်း .... အဲ့ဒါအခုပဲ ဒီကအမ နဲ့ဆွေးနွေးနေတာလေ ....ရှေ့အပတ်အမဟန်းနီးမွန်းက ပြန်ရောက်တာနဲ့ operation လုပ်ဖို့အတွက်ရက်သတ်မှတ်ပေးမယ်လို့ .... တို့တွေ ဒီလထဲပဲ လုပ်ကြတာပေါ့ .... "
"ဟုတ်ကဲ့ မမ .... "
မိုး သူ့မမ မျက်နှာကိုကြည့်လိုက်တော့ မ ကသူ့သမီးလေးအတွက်စိုးရိမ်နေပုံရသည်။
" အမက ကျွန်မတို့ Hannaလေးရဲ့ ဆရာမဆိုတာ Hannaပြောပြလို့ ကျွန်မသိပြီးရပါပြီ ..... "
မသူဇာပြောလိုက်တော့ လင်း သူနဲ့ မသူဇာခိုင်ကိုတစ်လှည့်ဆီကြည့်ရင်း
"အော်ဟုတ်ကဲ့ ..... "
" Hanna ကအရမ်းကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက်ပါ .... အမက တကယ့်ကိုတော်တဲ့ တပည့်တစ်ယောက်ကိုမွေးထုတ်ပေးခဲ့တာပဲ .... ကျွန်မတို့ Hanna ကဂျပန်မှာ အရမ်းကိုအောင်မြင်တဲ့ နှလုံးအထူးကုခွဲစိတ်ဆရာဝန်တစ်ယောက်လေ .... အခုနွေးလေးရဲ့ ခွဲစိတ်မှုမှာလဲ ကျွန်မနဲ့အတူတူ ပါဝင်မှာဆိုတော့ အမ ဘာမှစိတ်မပူပါနဲ့တော့ .... "
မသူဇာပြောတော့ လင်းခေါင်းလေးညိမ့်နေသည်။ သို့ပေမဲ့ ပုံစံကြည့်ရတာတော့ စိတ်ပူနေတဲ့ပုံပေါက်နေသေးတာမို့ မသူဇာခိုင်ပြန်သွားတော့မှ မိုး သူ့မမကို ရုံးခန်းထဲသုိ့ ခဏခေါ်လာခဲ့သည်။
" မမသူဇာက အရမ်းကိုတော်တဲ့ နှလုံးပါရဂူတစ်ယောက်ပါ .... ခွဲစိတ်မှုကြီးတွေလဲ အများကြီးလုပ်ခဲ့တဲ့လူဆိုတော့ အတွေ့အကြုံလဲအများကြီးရှိနေပြီလေ .... မမသူဇာနဲ့မိုးနဲ့က အရင်ဂျပန်မှာတုန်းကလဲ တွဲဖက်ပြီး အခုလို caseတွေ ခဏခဏ opertion လုပ်ဖူးတယ်.......နွေးလေးရဲ့ ခွဲစိတ်မှုအတွက်အရမ်းစိတ်ပူမနေဖို့ မိုးပြောချင်တာပါ ဆရာမ ...... "
သူ့ရှေ့တည့်တည့်မှာထိုင်နေတဲ့ မ ရဲ့မျက်နှာကို မိုးသေချာကြည့်ပြီး ထိုစကားတွေကိုပြောနေခြင်းသာဖြစ်၏ ။
"နွေးလေး ကငယ်ငယ်လေကတည်းက ကျန်းမာရေးသိပ်ချူချာလို့ တခြားကလေးတွေလို တန်းတူပြေးလွှာဆော့ကစားလို့ မရခဲ့ဘူး .... အမြဲတမ်း စာအုပ်လေးတစ်အုပ်ကိုင်ပြီး ငြိမ်ငြိမ်ကလေးပဲ စာထိုင်ဖတ်နေခဲ့တဲ့ ကလေးလေးတစ်ယောက်ပါ ..... ဒီခွဲစိတ်မှုကြီးလုပ်ပြီးတဲ့အခါမှာကော သူများကလေးတွေလို တန်းတူပြန်ဖြစ်နိုင်ပါ့မလား ? "
မ ရဲ့အသံတွေမှာ ဝမ်းနည်းမှုအငွေ့အသက်တွေ ပါဝင်နေတာမို့ မိုး သူ့မမအပေါ် အတော်လေးဂရုဏာသက်မိသွားသည်။
" စိတ်ချပါ operation လုပ်ပြီးတဲ့အခါကျရင်နွေးလေး အခုလိုမျိုး နာကျင်မှုတွေ ခဏခဏခံစားရတော့မှာ မဟုတ်ပါဘူး .... တခြားကလေးတွေလိုပဲ တန်းတူနေနိုင်သွားမှာပါ .... အရမ်းကြီးပြေးလွှာဆော့ကစားလို့မရရင်တောင်မှ သာမန်လူတစ်ယောက်လုပ်နိုင်တဲ့ အရာမျိုးကိုတော့သာမန်အခြေအနေနဲ့ လုပ်နိုင်သွားမှာပါ .... ဒီတိုင်း မခွဲစိတ်ပဲနေရင်သာ အသက်အန္တရာယ်စိုးရိမ်ရမှာ ..... "
သူပြောလိုက်တော့ လင်း မိုး ရဲ့မျက်နှာလေးကိုမှင်သက်စွာငေးကြည့်ရင်း တစ်ချက်လေးပြုံးပြလေသည်။
" မ ရဲ့ သမီးလေးကို အပ်ပါတယ်ကလေးရယ်..... "
မိုး လဲ လင်း ကို ပြန်ပြုံးပြလိုက်ပြီး
" မိုး အကောင်းဆုံးကြိုးစားကုသပေးမှာပါ ဆရာမ ..... "
ခေတ္တမျှ လင်း မိုး အားရီဝေသောအကြည့်တုိ့ဖြင့်ကြည့်နေမိပြီးတဲ့နောက်
"ကျေးဇူးပါ ...... "
" ဘာလို့ ခဏခဏ အဲ့စကားကိုပြောပြောနေရတာလဲ ဆရာမ ရယ်.... ဆရာမ နဲ့ မိုး နဲ့ကအဲ့လိုကျေးဇူးတင်ပါတယ်တို့ အားနာပါတယ်တို့ပြောရမဲ့ လူတွေလား ? "
လင်း ပြုံးပြုံးလေး သူ့ကိုပြုံးကြည့်နေရင်း
"အေးပါကွယ်...နောက်မပြောတော့ပါဘူးနော်.... "
သူ့မမရဲ့ အဖြေကိုသဘောကျမိတာမို့ မိုး လိုက်ပြုံးမိလိုက်ပါသည်။ တခဏတာမျှဘာမှမပြောပဲ တစ်ယောက်ကိုတစ်ယောက်ပြုံးကြည့်နေကြပြီးတဲ့နောက်၌
" ဘယ်အချိန်ကတည်းက ဒီပြန်ရောက်တာလဲဟင်? "
" သိပ်မကြာသေးပါဘူး ... တစ်ပတ်ကျော်ကျော်ပဲ ရှိသေးတယ်.... "
"အော်........ "
လင်းခေါင်းလေးကိုအောက်သို့ ငုံ့ထားမိပြန်သည်။ပြောချင်နေတဲ့ စကားလုံးတွေ ရှိနေပေမဲ့လဲ တကယ့်တကယ်ကျပြောဖို့ပါးစပ်က မလှုပ်ရှားခဲ့ပါ ။ ခဏတာ သူတို့နှစ်ယောက်အကြား တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားပြန်သည်။
" အဆင်ပြေတယ်မဟုတ်လား ..... ဆရာမတို့ မိသားစုလေးလေ ....နွေးလေးနေမကောင်းတာကလွဲလို့ ကျန်တာတော့ အဆင်ပြေနေကြတယ်မဟုတ်လား ? "
မိုးမေးလိုက်တော့ လင်း ချက်ချင်းပြန်မဖြေသေးပဲ သူ့ရှေ့ချထားတဲ့ စားပွဲပေါ်ကကော်ဖီခွက်လေးကိုပဲငေးမောကြည့်နေသည်။ ပြီးတော့မှ ခပ်သဲ့သဲ့လေး ပြန်ဖြေလိုက်၏ ။
"ပြေပါတယ်ကလေးရယ်.... "
လင်း ဆီမှအဖြေကိုကြားရပြီးတဲ့နောက်တော့ မိုး အပြုံးလေးတစ်ခုကို ကြိုးစားဖန်ဆင်းလိုက်ရင်း
" ဝမ်းသာပါတယ်... ဆရာမ အမြဲအဆင်ပြေနေတာပဲ မိုးတွေ့ချင်မိခဲ့တာပါ .....နွေးလေးရဲ့ operation ကိုလဲ ကျိန်းသေပေါက်အောင်အောင်မြင်မြင်ဖြစ်အောင်မိုးတို့ ကြိုးစားပေးမှာမို့လို့ .........နောက်ဆို ဆရာမရဲ့သမီးလေးအတွက်နဲ့ ပတ်သက်ပြီး ဆရာမ ထပ်ပြီး ပူပန်သောက မရောက်စေရတော့ပါဘူး ...... "
မိုးပြောနေတာတွေကို လင်း ဆက်တိုက်နားထောင်ပေးနေသည်။ သို့သော်အကြည့်ကိုတော့ မိုး ဆီသို့မဟုတ်ပဲ တခြားဘက်သို့ လွှဲထားရင်း လင်း မချိပြုံးလေးတစ်ချက်ပြုံးလိုက်၏ ။
" နားထဲကြားရတာ တစ်မျိုးပဲ .... "
လင်း ခပ်ဖွဖွလေးပြောလိုက်တော့ မိုး နားမလည်သလိုဖြစ်သွားကာ အနည်းငယ်ကြောင်သွားလေသည်။
" ဘာကိုလဲဟင်? "
သူ့ မမ မျက်နှာကို မိုးလေးနက်စွာစိုက်ကြည့်ရင်းမေးလိုက်တော့ လင်း ကသူ့ကိုပြုံးတယ်ဆိုရုံကလေး ပြုံးပြရင်း
"အော်..... ဆရာမ ဆရာမ နဲ့ခေါ်ခေါ်နေတော့ ..... နားထဲ တစ်မျိုးဖြစ်နေလို့ပါ ...... "
လင်း ပြုံးရုံကလေးပြုံးပြီးပြောလိုက်တဲ့စကားကြောင့်မိုး ဘာပြန်ပြောလို့ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ လင်း ကိုကြည့်နေတဲ့ အကြည့်ကိုလွှဲလိုက်ပြီးတော့ လည်တိုင်ဖွေးဖွေးလေးကို လက်နဲ့ ပွတ်သပ်နေမိသည်။
" အဲ့ဒါက ..... ဆရာမ က မိုး ရဲ့ဆရာမမို့လို့ အခုလိုပဲခေါ်တာပါ ..... ပြီးတော့ မိုး ..... "
မိုး စကားမဆုံးခင်ပဲ လင်း ခပ်မြန်မြန်လေးထရပ်လိုက်သည်။ လင်း ပုံစံမှာ အနည်းငယ်နေရခက်သွားတဲ့ပုံပေါက်နေသည်။မျက်လွှာကိုအောက်သို့ပဲချထားရင်း
" ဟို ..... မတောင်းပန်ပါတယ်ကလေး .......... မပြောသင့်တာပြောလိုက်မိပြီ ......... အပြင်မှာ သမီးလေးတစ်ယောက်ထဲ ထားခဲ့တာ ကြာသွားပြီမို့ .... မ သွားတော့မယ်နော်...... "
အခန်းထဲက ထွက်ခွာသွားတဲ့ မ ကို မိုး နားမလည်စွာငေးကြည့်နေမိသည်။
အခုအချိန်မှာ မ နဲ့ မိုး က ဆရာတပည့်ဆက်ဆံရေးထက်မှ မပိုတော့တာပဲ .... အဲ့ဒါကို မိုး က ဆရာမလို့ မခေါ်ပဲ ဘယ်လိုခေါ်ရပါ့မလဲ မရယ်.....
X X X X X X X X X
" မမ .... ဒီနေ့နေ့လည်စာကို ချယ်ရီနဲ့အတူတူလိုက်စားပါလားဟင်... ဒီဆေးရုံနားမှာ နာမည်ကြီးပြီးအရမ်းကောင်းတဲ့ စားသောက်ဆိုင်လေးတစ်ခုရှိတယ်.... "
သူ့ကိုပြုံးရွှင်စွာဖြင့်နေ့လည်စာ စားဖို့ခေါ်နေတဲ့ ချယ်ရီမေ အား မိုးသေချာပြန်ကြည့်လိုက်တော့
" ချယ်ရီနဲ့ အတူတူလိုက်ခဲ့ပါနော်... ချယ်ရီ မမကိုနေ့လည်စာ ဝယ်ကျွေးချင်လို့ပါ .... "
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လေးနဲ့ပြောရင်း ချယ်ရီက သူ့လက်မောင်းလေးကို လာဆွဲကိုင်လေသည်။ ဘယ်သူနဲ့မှသိပ်ပြီး ပူးပူးကပ်ကပ်မနေတတ်သည့်မိုး အတွက်တော့ ချယ်ရီ ထိုသို့ လက်မောင်းကိုကိုင်လိုက်ခြင်းက အနည်းငယ်အနေရခက်နေသလိုရှိသည်။ ထို့ကြောင့်ခပ်မြန်မြန်ပဲ သူပြန်ဖြေကာ
" လိုက်ခဲ့ပါ့မယ်... ဒါပေမဲ့ ချယ်ရီတော့ မဝယ်ကျွေးပါနဲ့ .... ကိုယ်က အကြီးပဲဟာ ကိုယ်ပဲဝယ်ကျွေးပါ့မယ်.... "
သူအဲ့လိုမြန်မြန်ပြောလိုက်ရင်ချယ်ရီသူ့လက်မောင်းကို လွှတ်ပေးလိမ့်မယ်ထင်ထားပေမဲ့ မဟုတ်ခဲ့ ။ ပိုပြီးတင်းတင်းကျပ်ကျပ်တောင်ဖက်တွယ်ထားလိုက်သေးသည်။
" ဟယ်.... မဟုတ်တာ မမ ကလဲ ....လောကကြီးမှာ အငယ်က အကြီးကိုနေ့လည်စာဝယ်မကျွေးရဘူးဆိုတဲ့ စည်းမျဉ်းမှ မရှိတာပဲဟာ ..... ချယ်ရီပဲ ဝယ်ကျွေးပါရစေနော်.... မမ ကိုတစ်ခါခေါက်နေ့လည်စာကျွေးချင်လို့ပါ ... "
နှာခေါင်းလေးကိုရှုံ့ကာဖြင့်ချယ်ရီထပ်ပြောတော့ မိုး အားနာနာနဲ့ခေါင်းညိမ့်လိုက်ရပြန်သည်။
" ဟုတ်ပါပြီကွယ်..... ဒီတစ်ခေါက်တော့ ရှိပါေစတော့ .... "
သူခေါင်းညိမ့်လိုက်တော့ ချယ်ရီဆိုတဲ့ ထိုချာတိတ်မရဲ့မျက်နှာလေးက ပြုံးလို့ရွှင်လို့ရယ်ပါ ။ ဒါကိုခပ်လှမ်းလှမ်းကနေ လင်း လှမ်းမြင်နေရတယ်ဆိုတာကိုတော့ မိုးကျောပေးရပ်ထားလို့ မသိလိုက်ချေ ။
ဘာလို့မှန်းမသိ ။ ထိုဆရာဝန်မလေးက မိုး ရဲ့လက်မောင်းကို တရင်းတနှီးကိုင်ထားတာတွေ့ရတော့ ရင်ထဲက နာကျင်မိသလိုလို ။ ဝမ်းနည်းမိသွားသလိုလိုရယ်ပါ ။ တကယ်ဆို သူနဲ့ မိုး နဲ့က ဘာဆိုဘာမှ မသတ်ဆိုင်တော့တဲ့ လူတွေပဲလေလို့ လင်းတွေးရင်းသက်ပြင်းချလိုက်မိပါသည်။
X X X X X X X X X X
" မမမှာ ချစ်သူရည်းစား ရှိလားဟင်? "
ထမင်းစားနေရင်း ရုတ်တရက်မေးလိုက်တဲ့ ချယ်ရီ့ရဲ့မေးခွန်းကြောင့်မိုး ချယ်ရီ့အား မျက်ခုံးလေးပင့်ကြည့်လိုက်တော့
" ဟို မမရဲ့ Personal ကိုစပ်စုချင်လို့မဟုတ်ပါဘူး .... ဒီတိုင်း မမ ကအရမ်းချောတော့ ချစ်သူရည်းစားတွေများ ဝိုင်းဝိုင်းလည်နေမှာပဲလို့တွေးမိလို့ပါ ... "
ချယ်ရီ ကရယ်ရယ်မောမောဖြင့်ထပ်ပြောလိုက်တော့ မိုး ပြုံးတယ်ဆိုရုံမျှ ပြုံးလိုက်မိသည်။
" ဝိုင်းဝိုင်းလည်လောက်အောင်တော့မရှိပါဘူး .... ပြီးတော့ကိုယ်ကကျောင်းသူဘဝထဲက စာကလွဲပြီး ကျန်တာစိတ်ဝင်စားခဲ့တာ မဟုတ်ဘူးလေ ... အဲ့ဒါကြောင့်ရည်းစားလဲ မထားခဲ့ဘူးဆိုပါတော့ .... "
အချစ်ဦးကိုမေ့မရလို့ မည်သူ့ကိုမှ ထပ်မချစ်ခဲ့ဘူးဆိုတာကိုတော့ သူမပြောဖြစ်ခဲ့ပါ ။ သူ့ရဲ့အဖြေကို ချယ်ရီတစ်ယောက်တော်တော်လေးကို သဘောကျနေပုံပေါက်သည်။ မျက်နှာလေးကစောစောကထက်၃ ဆလောက်ပြုံးဖြီးလို့ လာလေသည်။
" ချယ်ရီလဲ တူတူပဲ မမ ရဲ့ .... စာနဲ့အလုပ်ကလွဲပြီး ကျန်တာစိတ်မဝင်စားဘူး .... အခုထိ ရည်းစားလဲမထားဖူးဘူး .... ချစ်ရတဲ့လူလဲ မရှိသေးဘူး .... "
မိုး ဘက်ကဘာမှမမေးပါလျက်နဲ့ ချယ်ရီမေ သူ့အကြောင်းတွေကို ဖွင့်ဟပြနေသည်။ သူ့ကြောင်းလေးများ စိတ်ဝင်စားလေမလားဆိုတဲ့မျှော်လင့်ချက်ကလေးနဲ့ပြောလိုက်ပေမဲ့ မိုး ပုံစံကတော့ လုံးဝရေခဲတုံးပင်။
"သြော်... " ဆိုတဲ့စကားလေးတစ်ခွန်းသာ ပြန်လည်တုံ့ပြန်ခဲ့၏ ။ ထို့ကြောင့်ချယ်ရီ သူ့ရှေ့ကရေခဲတုံးမမကြောင့်အနည်းငယ်အနေရခက်သွားကာ ဘာမှဆက်မပြောတော့ပဲစားစရာရှိတာသာ ငုံ့စားနေမိသည်။
X X X X X X X X X X
" ဟင့်အင်း ... မလိုက်ချင်ဘူး ... ပြည့်လေး မမ နဲ့မေမေနဲ့တူတူနေခဲ့မယ်...ဖေဖေပဲပြန်.... "
နေ့လည်တေဇာက အိမ်သို့အတူပြန်ဖို့ သမီးငယ်ကိုခေါ်တော့ ကလေးကဂျစ်တိုက်ပြီး ငြင်းဆန်နေ၏ ။
" တစ်မနက်လုံးမမနဲ့နေပြီးသွားပြီပဲ ပြည့်လေးရယ်.. မနက်ဖြန်လဲကျောင်းတက်ရမှာမဟုတ်လား ....ဖေဖေနဲ့ အတူတူပြန်လိုက်သွားပါနော်... "
အမလုပ်သူက အတင်းချော့ပြောတော့မှ ဂျစ်တူးလေးညိမ်ကျသွားသည်။ သို့ပေမဲ့နှုတ်ခမ်းလေးကတော့ ဆူနေဆဲပဲ ။
" မနေ့ကလိုမေမေနဲ့တူတူအိပ်ချင်တာ .... "
ဆူပုတ်ပြီးပြောလိုက်တဲ့ ပြည့်လေး ရဲ့စကားကြောင့်လင်း သူ့သမီးလေးခေါင်းကို လက်နဲ့ပွတ်သပ်ပေးလိုက်ပြီး
" မနက်ဖြန်ညကျမေမေနဲ့အတူတူအိပ်ကြမယ်လေ .... ဒီတစ်ညတော့ဖေဖေနဲ့အတူအိပ်လိုက်နော်... "
"ဖေဖေကေမမေ့လို ပုံပြင်လဲ မပြောတတ်ဘူး .... "
သမီးငယ်ရဲ့စကားကြောင့်တေဇာ နဲ့နွေးလေးတို့ ၂ယောက်ရယ်လိုက်မိကြသည်။
တေဇာ သူ့သမီးငယ်ကိုပွေ့ချီလိုက်ပြီး
" ဒီညဖေဖေက ပြည့်လေးကို ပုံပြောပြမယ်နော်... "
အဖေလုပ်သူကပြောတော့ ပြည့်လေး မယုံသင်္ကာတဲ့အကြည့်နဲ့ ပြန်ကြည့်ရင်း
" ကတိနော်.... "
လက်သန်းချင်းချိတ်ကြဖို့ လက်သန်းလေးထောင်ပြတော့တေဇာ သူ့သမီးလက်သန်းလေးကို သူ့လက်သန်းဖြင့်ချိတ်လိုက်ရင်း
" okay ... ကတိ ..... ကဲသွားကြမယ်.... သမီးမေမေနဲ့ မမ ကိုနှုတ်ဆက်လိုက်ဦး .. "
တေဇာပြောတော့ ပြည့်လေး သူ့အဖေရဲ့ ကိုယ်ပေါ်ကနေ ယက်ကန်ယက်ကန်နဲ့ဘေးနားရပ်နေသော လင်း ရဲ့ပါးလေးကို မမှီ့တမှီလှမ်း၍နမ်းလိုက်သည်။
"မနက်ဖြန်ကျောင်းဆင်းရင်ဖေဖေနဲ့အတူတူ ပြည့်လေး လိုက်ခဲ့မယ်နော်.... "
" ဟုတ်ပါပြီ သမီးလေးရယ်..... မနက်ဖြန်ကျောင်းမှာ အရမ်းပြေးလွှာဆော့မနေနဲ့ဦးနော်... အစစအရာရာဂရုစိုက်ဟုတ်ပြီလား ..... "
" ဟုတ်ကဲ့ .... "
တေဇာ့ကိုယ်ပေါ်က သမီးငယ်ပြည့်လေးရဲ့ပါးလေးကို လင်း ရွှတ်ခနဲနမ်းလိုက်ပြီး
" ကဲ သွားတော့နော်.... "
" တာ့တာ့မေမေ .... မမတာ့တာ့ .... "
သူ့မမကိုလဲ လက်ကလေးလှမ်းပြတော့နွေးလေး ပြုံးရယ်ပြကာ
" တာတာ့ ဝက်ကလေး .... "
အဖေနဲ့အတူတူ သူ့ညီမလေးပြန်သွားကြတော့
"ပြောမဲ့သာပြောတာ ... ပြည့်လေးရှိနေရင်ဘေးနားတီတီတာတာနဲ့ သမီး မပျင်းရဘူး .... "
လင်း သူ့သမီးကုတင်ဘေးက ခုံလေး၌ဝင်ထိုင်လိုက်ရင်း
" သမီးမပျင်းရအောင်မေမေက အဖော်လုပ်ပေးမှာပေါ့လို့ ..... "
လင်း ရယ်ပြလိုက်တော့နွေးလေးကလဲ သူ့ကိုသွားထက်ကလေးတွေပေါ်အောင်ပြန်ရယ်ပြပြီး
"သမီး အတွက်တော့လေ ....မေမေက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ .... အခုအချိန်ထိ ကျန်းမာရေးချို့ယွင်းတဲ့ သမီးကိုပြုစုစောင့်ရှောက်လာရတာမေမေလဲ ပင်ပန်းလှပါပြီ ..... "
မျက်စိပေါ်ပြန့်ဝဲကျနေတဲ့နွေးလေးရဲ့ဆံစတွေကို လင်း နားနောက်သို့ ထိုးထည့်ပေးလိုက်ပြီး သူ့သမီးမျက်နှာလေးကို ပြုံးပြုံးလေးကြည့်ကာ
" မပင်ပန်းပါဘူးနွေးလေးရယ်.... သမီးရှိနေပေးတာကတင်မေမေ့အတွက်ဆုလာဘ်တစ်ခု ဖြစ်နေပါပြီ ... အဲ့ဒါကြောင့်မို့လို့ အဲ့လိုတွေလျှောက်မတွေးနဲ့တော့နော်..... "
" ဟုတ်ကဲ့ပါမေမေ .... သမီး မတွေးတော့ပါဘူး ..... မြန်မြန်နေကောင်းအောင်လုပ်ပြီး မြန်မြန်ပညာတတ်ကြီးဖြစ်အောင်လုပ်မယ်.... ပြီးရင်သမီးကေမမေ့ကိုတလှည့်ပြန်ပြုစုပေးမယ်နော်..... "
"အောင်မလေး လိမ္မာလိုက်တဲ့မေမေ့သမီးလေး .... "
ပြုံးရယ်နေတဲ့နွေးလေးရဲ့နဖူးကို လင်း နမ်းရှိုက်လိုက်လေသည်။
X X X X X X X X X X X X
" ဘယ်လိုလဲ တို့ လိုချင်တဲ့ဒေါ်သွန်းခိုက်စံ ဆီက ရှယ်ယာကို ပြန်ဝယ်လို့ရပြီလား ? "
" ရပြီ မူယာ ..... ကိုယ်အဆင်ပြေအောင်ပြောနိုင်ခဲ့တယ်.... "
သူ့ကို မူယာ လို့တရင်းတနှီးခေါ်လိုက်တဲ့သူကတော့ တခြားသူမဟုတ်။ တစ်ချိန်က သမီးဖြစ်သူရဲ့ကျန်းမာရေးအခြေအနေကြောင့် စက်ရုံကငွေအချို့ကို ယူသုံးမိထားတဲ့ စက်ရုံကမန်နေဂျာ ဦးအာကာမင်း ။ ဒါပေမဲ့ ယခုလက်ရှိမှာတော့ဒေါ်မူယာသွယ်ရဲ့ လူရုံလို့ပြောလို့ရတဲ့စေရာခိုင်းနိုင်တဲ့ ကျွန်တစ်ဦး ။
ကြမ်းတစ်ခါ နုတလှည့်နဲ့ မုဆိုးဖိုဦးအာကာမင်း အား မာယာမူယာတွေ အမျိုးမျိုးထုတ်သုံးရင်းဒေါ်မူယာသွယ်အပိုင်သိမ်းနိုင်ခဲ့သည်။ သူလက်ညှိုးညွှန်ရာရွှေဖြစ်အောင်လိုက်ဖန်တီးပေးနိုင်ခဲ့တဲ့ ဦးအာကာမင်းရဲ့ အရည်အချင်းကလဲတော်ရုံအရည်အချင်းတော့မဟုတ်။ အခုဆို သူပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျွန်က သူ့ရဲ့စစ်တပ်ကိုဦးစီးပေးနိုင်မဲ့ လက်ရုံးတော်စစ်သူကြီးတစ်ဦးအနေနဲ့လဲ ရှိနေပါပြီ ။
တဖန်ခင်ပွန်းသည်ဖြစ်သူ ဦးကောင်းထက်ရဲ့နောက်မှာလဲဒေါ်မူယာသွယ်ဆိုသူမှာ ဦးအာကာမင်း နဲ့အကြိမ်ကြိမ်ဖောက်ပြန်ခဲ့ပြီးဖြစ်သည်။
အာကာမင်း မှာအစကတော့ သူဌေးကိုကြောက်တာက တစ်ကြောင်း ၊ အနည်းငယ်ရိုးပြီး သမီးလေးနဲ့ ဆုံးသွားတဲ့မိန်းမအပေါ် ဖခင်ကောင်း ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ချင်ခဲ့တာကတစ်ကြောင်းဒေါ်မူယာသွယ်ပေါ် စိတ်မဝင်စားခဲ့အောင်ကြိုးစားခဲ့ဖူးပေမဲ့လဲနောက်ဆုံးမှာတော့ မူယာသွယ်ရဲ့ မာယာအောက်၌ ပြားပြားဝပ်ကျရှုံးခဲ့ရပါသည်။ သူကိုယ်တိုင်လဲဒေါ်မူယာသွယ်အပေါ် နှစ်နှစ်ကာကာချစ်မိသွားတာမို့ ထိုမိန်းမအလိုရှိရာမှန်သမျှ အကုန်လိုက်လုပ်ပေးခဲ့ပြီး မူယာသွယ်၏ အသုံးတော်ခံဖြစ်နေပါသည်။
အခုဆိုရင်ဦးကောင်းထက်၏'ကောင်း' ဆိုသည့်စီးပွားရေးလုပ်ငန်းစုကြီးမှာ ဦးကောင်းထက်ပြီးလျှင်ဒေါ်မူယာသွယ်က အာဏာအရှိဆုံးဖြစ်ပြီး သူ့လက်အောက်က ဦးအာကာမင်း ကလဲနေရာတစ်ခုကိုပိုင်ဆိုင်နေပြီဖြစ်သည်။
ဒေါ်မူယာသွယ်ကတော့ တစ်နေ့ကျရင်သူ့ယောကျာ်းကို ဖြုတ်ချပြီး သူကိုယ်တိုင်ဘုရင်မ တက်လုပ်ချင်တဲ့ဆန္ဒရှိနေပြီး ဦးအာကာမင်း ကတော့ထိုမိန်းကို အဘက်ဘက်မှ အင်အားကုန်ကူညီပံ့ပိုးပေးနေလေသည်။
ဒါတွေကို ဦးကောင်းထက်ကတော့ ယခုတိုင်မရိပ်မိရှာသေး ။ သို့ပေမဲ့ ဦးကောင်းထက်ရဲ့ လက်ရုံးတော်ဖြစ်သည့်အတွင်းရေးမှူး ကိုညိုဝင်းကတော့ သိသင့်သလောက်သိနေရှာပြီဖြစ်သည်။
" ဟက်... ဒီမိန်းမနောက်ဆုံးကျတော့ မူယာ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်သားပဲ ... "
အောင်နိုင်သူအနေနဲ့ ဂုဏ်ယူဝင့်ကြွားစွာဒေါ်မူယာသွယ်ပြုံးပန်းဆင်ရင်းပြောလိုက်တော့ဘေးက ဦးအာကာမင်း ကလဲလိုက်ပြုံး၍
" မူယာ့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ သိပ်မဝေးတော့ဘူးဆိုတာ ကိုယ်တပ်အပ်ပြောရဲတယ်...... "
ဦးအာကာမင်း စကားကြားပြီးဒေါ်မူယာသွယ်ကျေနပ်မှုများစွာဖြင့်ရယ်မောလိုက်၍ ဦးအာကာမင်း၏လည်ဂုတ်ပေါ် လက်ဖြင့်အသာအယာ ပွတ်သပ်လိုက်သည်။
" မူယာသာKaung Grop ကြီးရဲ့ ဥက္ကဌနေရာရလို့ကတော့မောင့်ကို Group ရဲ့ CEOနေရာပေးမယ်နော်..... "
မူယာ့ရဲ့ စပါးကြီးမြွေလိုညှို့ချက်အောက်၌ ဦးအာကာမင်း ကျရှုံးလျက်နဲ့ပဲ
" ကိုယ်အခုလိုတွေ လိုက်ကူညီပေးနေတာနေရာတွေ ရာထူးတွေ မက်မောလို့ မဟုတ်ဘူး မူယာ .....ဟောဒီ့က မူယာ့ကို သိပ်ချစ်လွန်းလို့ပါ ...... "
ဦးအာကာမင်းရဲ့ စကားကိုဒေါ်မူယာသွယ်သဘောကျသွားဟန်ဖြင့်တစ်ချက်ရယ်လိုက်ရင်း
" မူယာသိပါတယ်မောင်ရယ်.... မူယာလဲမောင့်ကိုသိပ်ချစ်တယ်သိလား ..... "
Kaung Grop ကနေပိုင်ဆိုင်ထားတဲ့ဟော်တည်ကြီးတစ်ခု၏ VIP အခန်းတစ်ခန်းအတွင်းမှာယောကျာ်းကြီးငုတ်တုတ်ရှိပါသေးလျက်နဲ့မူယာသွယ်တစ်ယောက်အာကာမင်း နဲ့ဖောက်ပြန်နေတယ်ဆိုတာကိုတော့ မိုးဝသန်လွင်ရဲ့အဖေဖြစ်တဲ့ ဦးကောင်းထက်သိပါလေစ ?
X X X X X X X X X X X X
နွေးလေးဆေးရုံတက်သည်မှာ တစ်ပတ်ကျော်နှစ်ပတ်နီးပါးခန့်ရှိသွားပြီဖြစ်သလိုတော်တော်လေးလဲ ပြန်ပြီးထူထူထောင်ထောင်ရှိလာပြီဖြစ်သည်။ သို့ပေမဲ့ ခွဲစိတ်ရက်ကလဲ သူတို့ဆရာဝန်ကြီးတွေ အစည်းအဝေးစုထိုင်ကြပြီး ရက်သတ်မှတ်ပြီးပြီမို့ဆေးရုံဆင်းခွင့်တော့ ပြန်မပေးတော့ ။ဆေးရုံမှာပဲ အခြေအနေကိုစောင့်ကြည့်ပြီး ကလေးကိုအားမွေးစေခဲ့သည်။ လင်း ကတော့ သမီးလေးခွဲစိတ်ပြီးသွားရင်လဲ အနားမှာထပ်ရှိနေဖို့ ခွင့်ရက်ရှည်ထပ်ယူရဦးမှာမို့ကျောင်းသို့ရက်ခြားသွားပေးနေရသည်။
လင်းကျောင်းသွားရသည့်မနက်ပိုင်းတွေဆို အန်တီတင့်နဲ့သူ့အဖေတေဇာ ကတစ်လှည့်ဆီ လာစောင့်ပေးကြသည်။
မိုး ကတော့ ဒီကြားထဲအနည်းငယ်အလုပ်ရှုပ်နေသည်။ မသူဇာခိုင်ဟန်နီးမွန်းထွက်သွားချိန်ရောက်လာကြသည့်ခွဲစိတ်ဖို့လိုအပ်သော အရေးပေါ်လူနာတွေကို ခွဲစိတ်ပေးရ ဌာနထဲ round ပုံမှန်လှည့်ရ ။ အခု မသူဇာခိုင်ပြန်ရောက်လာတော့လဲ အတူခွဲခန်းဝင်ပေးရသည့်အချိန်ကများသည်။ ပြီးတော့ ညဂျူတီကလဲ ၂ ရက်ခြားတစ်ခါလောက်ဆင်းပေးရသည်။ ဒါပေမဲ့လဲ အလုပ်အပေါ်ဝါသနာလဲပါစေသနာလဲပါတဲ့သူမို့ ပင်ပန်းတယ်လို့ တစ်ချက်မထင်ခဲ့ ။ သူ့ကြောင့်နဲ့ လူနာတွေပြန်ကျန်းမာလာတာမြင်ရရင်ပျော်ရွှင်နေတတ်သူဖြစ်သည်။စေသနာပါလွန်းလှတာကြောင့်လဲ လူနာတွေက မိုး ကိုဆိုခင်မင်ကြသည်။
မိုး မှာအလုပ်နဲ့ပတ်သတ်လျှင်အရမ်းတိတိကျကျလုပ်တာကိုကြိုက်ပြီး သူတို့ရဲ့ ဌာနမှူးဖြစ်တဲ့ မသူဇာခိုင်ထက်ပင်စကားအပြောအဆို ပြတ်သားတယ်ဆိုတာကိုလဲ ဌာနကသူတွေ တဖြည်းဖြည်းပိုသိလာကြသည်။
အမှားလုပ်မိလို့ သူသဘောမကျရင်လူနာတွေရှေ့တောင်မရှောင်ပြောဆိုတတ်တာမို့ အားလုံးကကြောက်ကြရသည်။ အမြဲရှပ်ပြာရှပ်ပြာနိုင်လှသည့်ဇော်ဇော်ဆို အပြောခံထိတာ အကြိမ်မနည်းတော့ ။ ချယ်ရီတောင်၁ ကြိမ်အဆူခံရသေးသည်။ ဒါပေမဲ့ အဆူခံကြရလဲ မိုး အပေါ်မှာတော့ သူတို့တွေ စိတ်မကွက်ခဲ့ပါ ။ အားလုံးက အလုပ်ကိုပိုဂရုစိုက်ပြီး လုပ်ကြသည်။
တစ်ရက်၌ ခွဲခန်းထဲကထွက်လာကြပြီးတဲ့နောက်လက်ဆေးသည့်နေရာ၌ မိုး လက်ကိုသေသေချာချာဆေးကြောသန့်စင်နေစဉ်တွင်
" ဟင်..... မမ ... လက်က .... ဘာဖြစ်ထားတာလဲဟင်??? "
မိုး ရဲ့ဘက်ဘက်လက်ကောက်ဝတ်၌ ကန့်လန့်ဖြတ်ထားသည့်အရမ်းမသေးလွန်းတဲ့အမာရွတ်တစ်ခုကို ချယ်ရီ မြင်သွားလေသည်။ ခါတိုင်းဆို ဒီအမာရွတ်အပေါ် အမြဲလက်ပတ်နာရီကို ဝတ်ဆင်ထားတာမို့ ဘယ်သူမှ သတိမထားမိခဲ့ ။ အခုချယ်ရီတောင်မှဘေးနားမှာ လက်အတူတူလာဆေးတုန်း မမှတ်မထင်ပဲ မြင်တွေ့ခဲ့ရခြင်းသာ ။
လက်ကို မျက်လုံးဝိုင်းလေးများဖြင့်ပြူးကြည့်နေတဲ့ ချယ်ရီကြောင့်မိုး သူ့လက်ကအမာရွတ်ကို တခြားလက်တစ်ဖက်ဖြင့်ကပျာအုပ်လိုက်ရင်း
" ဘာ ... ဘာမှမဟုတ်ပါဘူး .... "
လက်ဆေးလို့လဲ ပြီးပြီမို့ မိုး ထိုနေရာကနေ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ အနောက်မှာ ကျန်ခဲ့တဲ့ ချယ်ရီမေ ရဲ့ခေါင်းထဲမှာတော့ အတွေးများစွာ ဆက်လက်ကျန်ရှိနေသည်။
လက်ကောက်ဝတ်သွေးကြောစိမ်းစိမ်းလေးတွေပေါ် ကန့်လန့်ဖြတ်ရှိနေတဲ့ ထိုအမာရွတ်ပုံစံကို ချယ်ရီရှင်းလင်းစွာမြင်လိုက်တာကြောင့်
" တခုခုနဲ့ ရှထားတဲ့ပုံစံပဲ ..... ဘာနဲ့များ ရှထားလို့ ........ "
သူတွေးရင်းတွေးရင်းနှင့်မျက်လုံးများပြူးကျယ်သွားပြီး
" လက်ကောက်ဝတ်ပေါ်ဆိုတော့ .... မဟုတ်မှလွဲရော ... suicide ?????? "
အနည်းငယ်ထွက်ပေါ်လာတဲ့ သူ့အသံကိုသူထိ်န်းရန်အဟောင်းသားဖြစ်သွားသည့်ပါးစပ်အား လက်ဝါးဖြင့်အုပ်လိုက်ရင်းခေါင်းကိုခါရမ်းကာ
" မဖြစ်နိုင်ပါဘူး .... မမ ပုံစံက အဲ့လိုလုပ်မဲ့ ပုံစံမှ မဟုတ်တာ .... ငါdramaတွေအကြည့်များပြီး ပေါက်ကရတွေလျှောက်တွေးမိနေပြန်ပြီ ... "
ထိုစဉ်သူ့နားသို့ဇော်ဇော်ရောက်လာပြီး
" ဟဲ့ ရှမ်းမ တစ်ယောက်ထဲ ပါးစပ်က ပွစိပွစိနဲ့ ဘာဖြစ်နေပြန်တာတုန်း .... "
ဇော်ဇောမေးတော့ ချယ်ရီ မျက်နှာကိုချက်ချင်းပြန်ပြင်လိုက်ပြီး
" ဘာမှမဟုတ်ဘူးဟေ့ ဗိုက်ဆာလို့ဟ ... ဗိုက်ဆာလို့ .... "
သူ့အဖြေကြောင့်ဇော်ဇော်သူ့ကိုပေစောင်းစောင်းကြည့်ရင်း
" နင့်ဟာကလဲ ဆာလဲဆာနိုင်လွန်းတယ်...နေ့လည်ကပဲ စားပြီးတယ်အခုမှ ၅ နာရီခွဲတယ်ထပ်ဆာပြန်ပြီ ? "
" ဟဲ့ ..... ငါ့ဗိုက်နဲ့ ငါဆာတာ နင့်အပူပါလား မသာရဲ့ .... "
ဇော်ဇော့်အား မျက်စောင်းတစ်ချက်ပိတ်ကျွေးပြီး အံခဲကာ ချယ်ရီဆောင့်အောင့်ထွက်လာခဲ့လိုက်သည်။
X X X X X X X X X X
ဘယ်သူ့ကိုမှ မမြင်စေချင်တာကြောင့်အမြဲလက်ပတ်နာရီနဲ့ ဖုံးကွယ်ထားခဲ့တဲ့ အမာရွတ်ကိုမှ တစ်ခြားလူတစ်ယောက်ကတွေ့ဖြစ်အောင်တွေ့လိုက်သေးတာမို့ မိုး အနည်းငယ်တော့ စိတ်အနှောက်အယှက်ဖြစ်သွားသည်။
လူဆိုတာက ကိုယ့်အားနည်းချက်လို ဖြစ်နေတဲ့အရာတွေဆို တပါးသူကို မသိစေချင်ကြဘူးမဟုတ်လား ။
ငါ ဘာမှမှမပြောလိုက်တာပဲ ... ဘာ့ကြာင့်ဖြစ်တယ်ဆိုတာ သူလဲတိတိကျကျမသိနိုင်ပါဘူးလေ .... ထားလိုက်ပါတော့ ....... အဲ့လောက်ထိလဲ စဉ်းစားပေးနေစရာ မလိုပါဘူး .....
မိုး စိတ်ထဲရေရွတ်ကာ ခွဲစိတ်ခန်းဝတ်သည့်ဝတ်စုံကို ပြန်လဲလိုက်ပြီး လက်မှာ နာရီပြန်ပတ်လိုက်သည်။
ပြီးတော့ စိတ်နည်းနည်းရှုပ်သလိုထင်မိတာမို့ဆေးရုံအောက်ခဏလေးဆင်းပြီးလေညှင်းခံမလားလို့ စဉ်းစားလိုက်မိသည်။ သူအခန်းပြင်ကိုထွက်လာလိုက်ပြီး ဌာနထဲမှလျှောက်လာလိုက်တော့ ကုတင်ပေါ်မှာ ညိမ်သက်စွာ စာအုပ်လေးထိုင်ဖတ်နေသည့်နွေးလေးကို မြင်လိုက်ရသည်။ ခါတိုင်းလို သူ့ဘေးနားမှာ လူနာစောင့်လဲ တစ်ယောက်မှ မတွေ့တာမို့ မိုးနွေးလေး ကုတင်ရှိရာဆီလျှောက်လာလိုက်သည်။
" ဟိတ်!!နွေးလေး ..... "
" ဟာ မမမိုး ..... "
ကလေး ရဲ့ကုတင်လေးဘေးနားသို့ မိုး သွားရပ်ပြီးခေါ်လိုက်တော့ စာဖတ်နေတဲ့နွေးလေး ကသူ့အသံကြားလိုက်သည်နှင့်တစ်ပြိုင်နက်ပြုံးရွှင်စွာမော့ကြည့်လေသည်။
" ဘယ်သူမှ မရှိဘူးလား ? "
" ဟုတ်ကဲ့ မမ ...ဖေဖေက အရေးပေါ်အလုပ်ကိစ္စလေးတစ်ခုပေါ်လာလို့ ထွက်သွားတယ်.... ခဏနေရင်မေမေလဲရောက်လာတော့မှာပါ .... "
"အော်..... ဒါနဲ့ ... မမဆေးရုံအောက်က ပန်းခြံထဲခဏဆင်းပြီးလေညှင်းခံမလို့ .... အဲ့ဒါနွေးလေး လိုက်ချင်လား ? အညောင်းပြေအညာပြေ မမနဲ့ လမ်းလျှောက်ကြမယ်လေ .... "
သူခေါ်တော့နွေးလေး ကပြုံးရွှင်သွားကာခေါင်းလေးညိမ့်ပြသည်။ ဒါနဲ့ပဲမိုးနွေးလေး ရဲ့လက်လေးကို ကိုင်ဆွဲပြီး၂ယောက်သား ဆေးရုံအောက်သို့ အတူတူဆင်းလာလိုက်ကြသည်။
အောက်ရောက်တော့ ကလေးနဲ့တည့်သည့်နို့အေးဗူးလေးတစ်ဗူးဝယ်တိုက်ကာ ပန်းခြံထဲသို့ ဖြည်းဖြည်းချင်းလျှောက်လာခဲ့ကြသည်။
ခုံတန်းရှည်လေးတစ်ခု၌ ၂ယောက်အတူထိုင်လိုက်ကြရင်း
"နေလို့ကောင်းလိုက်တာ မမ ရယ်.... အထဲက air conလေက ဘယ်လောက်ပဲအေးအေး .... ဒီသဘာဝလေအေးလေးကိုတော့ မမှီဘူးနော်..... "
အသက်ကိုအားရပါးရရှုသွင်းရင်း သဘောကျစွာပြောနေသည့်နွေးလေး ရဲ့လူကြီးဆန်ဆန်လေသံလေးကြောင့်မိုး ပြုံးလိုက်မိသည်။
" ဒါပေါ့နွေးလေးရယ်.... နည်းပညာနဲ့ လိုက်တုလုပ်ထားတဲ့ ဘယ်စက်ပစ္စည်းကမှ သဘာဝတရားလောက်မကောင်းမွန်နိုင်ဘူးလေ ..... အခု ဘယ်လိုလဲ စိတ်ထဲ လန်းဆန်းသွားတယ်မဟုတ်လား ? "
" ဟုတ် .....တော်တော်လေးကို လန်းသွားတယ်.... အသက်ရှုလို့လဲကောင်းတယ်..... "
" အခုဒီအထိ လမ်းလျှောက်လာတာမောသေးလား ? "
မိုးမေးတော့နွေးလေး ရယ်ပြရင်းခေါင်းခါလိုက်သည်။
" ဟင့်အင်း .... လုံးဝ မမောဘူး မမ .... "
ချစ်စရာကောင်းလွန်းလှတဲ့နွေးလေး ရဲ့ခေါင်းလေးအား မိုး လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ဖြည်းဖြည်းလေး ပွတ်သပ်ပေးနေမိစဉ်နွေးလေး ရဲ့အကျီအိပ်ကပ်ထဲမှ ဖုန်း ring သံလေးက ထမြည်လာသည်။
နွေးလေး ဖုန်းကို ထုတ်ကြည့်လိုက်တော့
"မေမေ့ဆီကပဲ .... ခဏလေးနော်မမ ... "
သူ့ကိုလှည့်ကြည့်ရင်းပြောတော့ မိုးခေါင်းလေးညိမ့်ပြကာ
" ရတယ်နွေးလေး ...အေးဆေးပြော ... "
သူပြောတော့နွေးလေး ပြုံးရယ်ပြရင်း ဖုန်းကိုင်လိုက်သည်။
" ဟဲလိုမေမေ .... "
"နွေးလေးမေမေလာနေပြီနော်ရောက်ခါနီးပြီ သိလား .... "
" ရပါတယ်မေမေရယ်....အေးဆေးဖြည်းဖြည်းပဲလာနော်... သမီးကအခု မမမိုးနဲ့အတူဆေးရုံရှေ့က ပန်းခြံထဲမှာထိုင်နေတာ .... "
" ဟင်! ဟုတ်လား ....အောက်ဆင်းတော့မောနေသေးလား သမီး ? "
" မမောပါဘူးမေမေရယ်.... ဒီမှာလေကောင်းလေသန့်ရှုလိုက်ရလို့ ပိုတောင်လန်းဆန်းသွားသေးတယ်....ဘေးမှာ မမလဲထိုင်နေတာမို့ စိတ်မပူနဲ့နော်..... "
" အင်းပါသမီးရယ်ဟုတ်ပါပြီ ...မေမေ ခဏနေရောက်တော့မှာ ခဏပဲစောင့်နော်... "
" ဟုတ်ကဲ့ ....မေမေ အခုကားမောင်းရင်း ဖုန်းပြောနေတာ မဟုတ်လားဟင်? "
" အင်း ဟုတ်တယ်သမီး .... "
" အဲ့ဒါဆို သမီးဖုန်းချလိုက်တော့မယ်....မေမေ ကားကိုပဲ ဂရုစိုက်မောင်းနော်.... ဖြည်းဖြည်းနဲ့ ပုံမှန်လေးပဲမောင်းလာခဲ့နော်မေမေ .... "
" ဟုတ်ပါပြီနွေးလေးရယ်.... စိတ်ချနော်မေမေ ဖြည်းဖြည်းပဲမောင်းလာခဲ့မယ်..... ဒါဆိုမေမေ ကားပါကင်ရောက်မှ ထပ်ဆက်လိုက်မယ်နော်.... "
" ဟုတ်ကဲ့ေမမေ ..... "
နွေးလေး ဖုန်းကို အိပ်ကပ်ထဲပြန်ထည့်လိုက်ပြီးဘေးနားက သူ့ကိုကြည့်နေသည့်မိုး ကိုရယ်ပြလိုက်သည်။
"မေမေကသူရောက်မလာသေးခင်ဖေဖေပြန်သွားလို့ သမီးနား ဘယ်သူမှမရှိဘူးဆိုပြီး စိတ်ပူနေတဲ့ပုံပဲ .... အဲ့ဒါကြောင့်မေမေစိတ်မပူရအောင်မမဘေးမှာရှိနေတယ်လို့ ထည့်ပြောလိုက်တာ ..... "
မိုးနွေးလေးကို ပြန်ပြုံးပြလိုက်ပြီး
" ဆရာမက သမီးအလိမ္မာလေးရထားတာပဲ .....နွေးလေး ကငယ်သေးပေမဲ့တော်တော်လေး ရင့်ကျတ်နေပြီ .... မမ ညီမလေး အရွယ်တုန်းကဆို အရမ်းဆိုးတာ ... တအားဂျစ်တူးလန်ခဲ့တာလေ ..... "
သူပြောလိုက်တော့နွေးလေး ကအံ့သြသွားဟန်ဖြင့်
" ဟယ်ဟုတ်လို့လား မမ ရဲ့ ....မေမေပြောတော့ မမ ကငယ်ငယ်က အရမ်းလိမ္မာတာတဲ့ ..... သိပ်လိမ္မာလွန်းပြီး စာတော်လွန်းလို့မေမေက မမကို အရမ်းချစ်ခဲ့ရတယ်လို့ပြောတယ်မမရဲ့ .... "
နွေးလေးပြောတော့ မိုး တစ်ချက်လေးပြုံးလိုက်မိသည်။ မ ကသူ့ရဲ့အကြောင်းလေးတွေကို သမီးဖြစ်သူကိုပြောပြထားဖူးတာပါလားလို့တွေးလိုက်မိသည်။
" အဲ့ဒါက ဆရာမနဲ့ မမစတွေ့တော့မှ မမ ပြန်လိမ္မာလာတာ .... ငယ်ငယ်ကတအားဆိုးတယ်... ဆရာမကပြုပြင်ပြောင်းလဲပေးခဲ့လို့သာ မမ အခုလိုဘဝမှာ ရပ်တည်နေနိုင်တာနွေးလေးရဲ့ .... "
တစ်ခွန်းချင်းစီ ပြန်ပြောပြနေတဲ့ မိုး ကိုနွေးလေးသေချာကြည့်နေရင်း
" မမလဲမေမေ့ကိုတော်တော်လေး ချစ်တဲ့ပုံပဲနော်.... "
နွေးလေးပြောတော့ မိုး မျက်ဝန်းလေးတွေ ဝိုင်းစက်သွား၏ ။
"မေမေကလဲ မမကိုသိပ်ချစ်တာ မမရဲ့ .... မမမေမေ့ကို pooh ဝက်ဝံရုပ်ကြီး လက်ဆောင်ဝယ်ပေးဖူးတယ်မဟုတ်လား ? "
နွေးလေး ထပ်မေးတော့ မိုး မျက်ဝန်းတွေ ပိုဝိုင်းစက်သွားကာ
" ဟုတ်တယ်ညီမလေး .... "
"သမီးငယ်ငယ်ကမေမေအမြတ်တနိုးနဲ့ ကုတင်ခေါင်းရင်းမှာ တင်ပြီးပလတ်စတစ်အိတ်နဲ့ ထုတ်သိမ်းထားတဲ့ အဲ့ဝက်ဝံရုပ်ကလေးကို ယူဆော့ဖူးတယ်.... အဲ့တုန်းကတော်တော်ငယ်သေးတာမို့ အကြမ်းပတမ်းတွေဆော့ခဲ့မိတော့ အရုပ်က ကြယ်သီးလေးတစ်လုံးပြုတ်ထွက်သွားတယ်.... အဲ့ဒါကိုမေမေမြင်တော့ ...... အဲ့အချိန်တုန်းကမေမေအရမ်းဝမ်းနည်းသွားတာ မမရဲ့ ....မေမေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝဲနေတာ ညီမမြင်လိုက်ရတယ်..... အဲ့နောက်ပိုင်းထဲကမေမေတန်ဖိုးထားမှန်းသိတဲ့ အဲ့အရုပ်လေးကိုနွေး ယူမဆော့ဖြစ်တော့ဘူး .....နောက်ညီမလေး ထပ်မွေးလာတော့မေမေလဲပဲ အဲ့အရုပ်လေးကိုပလတ်စတစ်နဲ့သေသေချာချာထုတ်ထားပြီး ဘီရိုပေါ်မှာ တင်ထားတာ အခုထိပဲ ......နွေး ကြီးလာတော့ အဲ့အရုပ်ကဖေဖေလက်ဆောင်ပေးထားတာမို့ အခုလိုအမြတ်တနိုး သိမ်းထားတာလားလို့မေးတော့ ....မေမေက မဟုတ်ဘူးတဲ့ ... အရမ်းချစ်ရတဲ့ တပည့်လေးတစ်ယောက်လက်ဆောင်ပေးထားတာလို့ပြောခဲ့တယ်...... "
နွေးလေးပြောပြတဲ့စကားတွေကြားပြီး မိုး ရင်ထဲလှိုက်ကနဲဖြစ်သွားသည်။
မ က မိုး ကိုအစထဲက တပည့်လေးတစ်ယောက်လို ညီမလေးတစ်ယောက်လို ချစ်ခဲ့တာပဲထင်ပါရဲ့ .... သူ့စိတ်ကိုလဲ သူမသိခဲ့ပဲ ၅၂၈ ထက်ပိုတယ်လို့ ထင်ယောင်ထင်မှား ဖြစ်ခဲ့တာများလား ....
မိုး ပန်းခြံထဲက မြက်ခင်းပြင်စိမ်းအားတွေဝေစွာငေးကြည့်ရင်း အတွေးနယ်ချဲ့နေမိသည်။
ခေတ္တမျှတိတ်ဆိတ်နေသည့်မမမိုး အားဘေးမှနွေးလေး ထိုင်ကြည့်နေရင်း မမ ဘာတွေများစဉ်းစားနေပါလိမ့်မှာတွေးဆနေပါသည်။ သို့ပေမဲ့ ဘာမှမမေး ဒီတိုင်းလေးပဲ သူပါလိုက်ပြီးညိမ်သက်စွာထိုင်နေမိ၏ ။
" ဆရာမက အရမ်းလဲသဘောကောင်းတယ်.... ပြီးတော့ တပည့်တွေအပေါ်လဲနွေးထွေးမှုရှိတယ်....နောက်ပြီး မမ ရဲ့အသက်ကိုလဲ ကယ်တင်ခဲ့ဖူးတယ်.... "
မြင်ခင်းပြင်ကိုပဲ စိုက်ကြည့်ရင်း မိုး တစ်ခွန်းစီဖြေးဖြေးချင်းပဲပြောနေမိသည်။
"မေမေက မမ အသက်ကို ကယ်ဖူးတယ်ဟုတ်လား ? "
နွေးလေး တအံ့တသြနဲ့မေးတော့ မိုးခေါင်းလေးညိမ့်လိုက်ကာ
" အင်း ... ၁ ကြိမ်တောင်မကဘူး .... မမကြောင့်ဆရာမ ကားတိုက်ခံရပြီးဆေးရုံတောင်တက်ခဲ့ရတယ်..... အဲ့နေ့က ......... "
မိုးပြောနေရင်း စကားလုံးတွေ တိမ်ဝင်သွားသည်။ မျက်ရည်ကြည်များဝေ့တက်လာကာ
" မမ အရမ်းဆိုးခဲ့တယ်.... အမြဲတမ်းဂျစ်ကန်ကန်နဲ့ .......... "
မိုး ဘာမှဆက်မပြောနိုင်တော့ပဲခေါင်းကိုအောက်သို့ငုံ့ချလိုက်တော့ ဂုတ်နောက်ကဆံနွယ်လေးတွေဟာ မျက်နှာအနီးတစ်ဝိုက်သို့ ကျဆင်းလာပြီး ဖုံးအုပ်သွားသည်။
"မေမေကတော့ မမကို အရမ်းတော်ပြီး အရမ်းလိမ္မာတဲ့တပည့်လို့ပဲပြောခဲ့တယ်...မေမေပြောသလို မမတော်လို့လဲ အခုလိုဆရာဝန်မမ ဖြစ်နေတာပေါ့ မမရဲ့ ..... "
နွေးလေးက သူ့လက်ဖဝါးနုနုလေးနဲ့ မိုး ရဲ့ဂုတ်လေးကို လာကိုင်ပြီး ပြုံးပြနေသည်။ မိုး မျက်ရည်စတို့ အပြင်မထွက်လာအောင်စိတ်ကိုတင်းပြီးခေါင်းပြန်မော့ကာနွေးလေးကို ရယ်ပြလိုက်ရသည်။
" ဒါနဲ့လေ မမ နဲ့မေမေတို့ မတွေ့ဖြစ်ကြတာ ကြာသွားပြီဆို ? "
" အင်း ... ဟုတ်တယ်ညီမလေး .... ၁၃ နှစ်ကျော်လောက်တော့ ကြားထဲအဆက်အသွယ်ပြတ်သွားကြတယ်..... မမ က အထက်တန်းပြီးထဲက ဂျပန်မှာကျောင်းဆက်တက်ဖြစ်တယ်လေ ... ပြီးတော့ အဲ့မှာပဲ အလုပ်လုပ်ဖြစ်နေတာ ... "
"အော်၁၃ နှစ်ဆိုတော့နွေး ရဲ့တစ်သက်ကျော်နီးပါးပဲ ..... မမ တခြားနိုင်ငံမှာကျောင်းတက်ပြီးအလုပ်လုပ်ရတာ ပိုမပင်ပန်းခဲ့ဘူးလား ? "
" မမ အမေက ဂျပန်လူမျိုးလေ ... မမကိုလဲ ဂျပန်မှာမွေးတာ...Daddy ကတော့ မြန်မာလူမျိုးပဲ ...... "
"အော်အဲ့ဒါကြောင့်ကိုး ... မမကိုကြည့်ရတာ တရုတ်မလေးလိုပဲလို့ ... ဒါပေမဲ့ မမကကျ တရုတ်မလေးတွေကို မျက်လုံးမမှေးပဲ မျက်လုံးမျက်ခုံးက တအားလှပြီး အရမ်းချောလွန်းတယ်... "
" ဟက်.... ဒီကလေးကတော့ .... လူကိုမြှောက်ပြောနေပြီ ... "
နွေးလေး ရဲ့ခေါင်းကို မိုး ခပ်ဖွဖွပုတ်ရင်း ရယ်လိုက်မိတော့နွေးလေးကပါလိုက်ရယ်ရင်း
" တကယ်ပြောတာ မမရဲ့ ... မမ အခုလိုရယ်လိုက်ရင်ပိုတောင်လှသေးတယ်....နောက်ဆို အမြဲတမ်း အခုလိုရယ်နော်.... "
"အော်ညီမလေးရယ်.... ရယ်တယ်ဆိုတာ လုပ်ယူလို့မှ မရတာ .... သူ့သဘာဝဖြစ်တည်လာတာလေ .... "
နွေးလေးခေါင်းကို ပွတ်သပ်ပေးပြီးပြောတော့
" ဒါဆို မမအမြဲရယ်ရအောင်နွေး လုပ်ပေးမယ်လေ ...နော်မမမိုး ... "
" ဟုတ်ပါပြီကွယ်..... "
နွေးလေးရဲ့ ခါးလည်လောက်ထိရှည်လျားတဲ့ ဆံပင်လေးတွေကို မိုး ကထိုးဖွပေးလိုက်တော့နွေးလေးကဇတ်ခလေးပုကာ ရယ်နေရှာသည်။ ထိုစဉ်နွေးလေးဆီသို့ သူ့မေမေဆီမှာ ဖုန်းဝင်လာသဖြင့်
" ဟုတ်ကဲ့မေမေ .... "
လင်း ကားပါကင်၌ကားထိုးပြီးတာနဲ့ ဆင်းကာ ပန်းခြံဘက်သို့လျှောက်လာရင်း
"နွေးလေး ...မေမေရောက်ပြီ .... သမီးအခုဘယ်မှာလဲ ? "
" ပန်းခြံထဲက ခုံတန်းမှာထိုင်နေတာမေမေ ..... "
နွေးလေးပြောရင်း အနောက်သို့လှည့်ကြည့်လိုက်သည်။ သိပ်မနီးမဝေး၌ အဖြူအစိမ်းကျောင်းဆရာမ uniformလေးနဲ့ သူ့မေမေကိုမြင်တော့ လက်ကလေးလှမ်းပြလိုက်သည်။
"မေမေသမီး ဒီမှာ .... "
နွေးလေး လက်လှမ်းပြတဲ့ဘက်သို့ မိုး လဲလှည့်ကြည့်လိုက်မိသည်။ ထိုတွင်တော့ သူတုိ့ထိုင်နေတဲ့နေရာဆီသို့ တစ်လှမ်းချင်းလျှောက်လာတဲ့ မ ကို မိုးသေချာမြင်လိုက်ရသည်။
ကျောင်းဆရာမဝတ်စုံလေးနဲ့ မ ကိုမမြင်ခဲ့ရတာတော်တော်လေးကို ကြာသွားခဲ့ပြီပဲ ....
ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုသည့်ဆိုရိုးစကားအတိုင်း မ ရဲ့ခြေလှမ်းတိုင်းဟာ ကုဋေတစ်သန်းထက်တောင်မှ ပိုလို့အဖိုးတန်လှပေမည်လို့ စိတ်ထဲကတွေးရင်း လင်း ကို မိုးမျက်တောင်မခတ်ပဲငေးကြည့်နေမိသည်။
အသက်၄၀နီးပါးရှိနေပြီး ကလေးတွေအမေဖြစ်နေသည့်တိုင်အောင်အလှကပျက်စီးမသွားသေးပဲ နုမြဲနုဆဲ မ ရဲ့အလှဟာ ဧကရီတစ်ပါးလိုပါပဲ ။
ကြီးလေလှလေ ကြီးလေနုလေဆိုတာ မ လိုလူမျိုးကိုပြောတာပဲ ဖြစ်မယ်ထင်တယ်....
အချစ်မှာ ပျိုတယ်အိုတယ်လို့ရယ်မရှိသလိုပဲ မ ရဲ့အလှတရားဟာလဲ အိုတယ်လို့ မရှိသေးဘူးပဲ ....
တွေးရင်းငေးရင်း သူ့ကိုယ်သူတောင်ကျောင်းသူလေးတစ်ယောက်ဘဝကို ပြန်ရောက်သွားသလို မိုး ခံစားမိလိုက်ရသည်။
တစ်ဖက်မှာလဲ သူ့ကိုမျက်လုံးကလေးဝိုင်းစက်စက်နဲ့စိုက်ကြည့်နေတဲ့ မိုးကြောင့်လင်းခြေလှမ်းတွေလှမ်းလိုက်တိုင်း လှမ်းလိုက်တိုင်း ရင်ထဲစိမ့်ခနဲ ဖြစ်ဖြစ်သွားသည်။ သူ့ရဲ့အကြည့်တွေကြောင့်ရင်ခုန်မှုတွေပိုမိုမြန်ဆန်လာတာမို့ လင်း ရင်ထဲကခံစားမှုအား ဖုံးနိုင်ဖိနိုင်ရန်မျက်လွှာကိုအောက်သို့ငုံ့ရင်းသာဆက်လျှောက်လာခဲ့လိုက်သည်။
အနားရောက်တော့ သူ့ကိုငေးကြည့်နေတဲ့ မိုးကြောင့်လင်း အနည်းငယ်နေရခက်နေတာမို့ သူ့သမီးလေးဘက်သို့ကြည့်ကာ
" sorry ပါ သမီးရယ်.... ကားလမ်းတွေပိတ်လို့မေမေနည်းနည်းနောက်ကျသွားတယ်... "
သမီးရဲ့ လက်ကလေးကို လှမ်းကိုင်လိုက်တော့
" ဟင်မေမေ့လက်တွေအေးစက်နေပါလား ..... "
သူ့အမေကိုမော့ကြည့်လိုက်တော့ နဖူးစပ်နဲ့ လည်ပင်းတို့မှာ စို့နေတဲ့ချွေးစက်လေးတွေမြင်လိုက်ရတာမို့
"ဒီလောက်ကြီးလဲ မပူပဲနဲ့မေမေ့မှာချွေးတွေနဲ့ပါလား .....နေလို့မကောင်းလို့လားမေမေရယ်.... "
ပြောရင်းနွေးလေး ထရပ်ကာ သူ့အမေနဖူးကိုစမ်းလိုက်တော့
"မေမေနေကောင်းပါတယ်သမီးရယ်.... "
ခေါင်းလေးကို ပွတ်ပြီးပြောလိုက်တော့မှနွေးလေးခေါင်းလေးညိမ့်ပြကာ
" ထိုင်မေမေ .... ဒီမှာ ခဏနားနော်... ပြီးမှ အပေါ်တက်ကြမယ်...... "
နွေးလေး ကဟိုဘက်အစွန်ကိုရွေ့ထိုင်လိုက်တော့ လင်း က မိုး ရဲ့ဘေးနားမှာ ထိုင်ရမလိုဖြစ်သွားလေသည်။
" အဟမ်း .... "
မိုးချောင်းလေးတစ်ချက်ဟန့်ရင်း သူ့မမနေရခက်မည်ဆိုးသဖြင့်တစ်ဖက်ဘေးခုံအစွန်သို့ ထပ်ရွှေ့ပေးလိုက်တော့
" ရတယ်ကလေး ....နေရာအကျယ်ကြီးဟာ မ ထိုင်လို့ရပါတယ်.... "
လင်း အားနာသည့်ဟန်ဖြင့်ဝင်ထိုင်လိုက်ပြီး နဖူးကနေပါးပြင်ပေါ်စီးကျလာတဲ့ချွေးစက်လေးတွေကို လက်ဖမိုးနဲ့ သုတ်နေမိသည်။
မိုး သူ့ဂျူတီကုတ်အကျီ အိတ်ကပ်အတွင်းမှ လက်ကိုင်ပုဝါလေးတစ်ထည်ကိုလင်းရှေ့လှမ်းပေးလိုက်ရင်း
" ဒါနဲ့သုတ်ပါ .... "
မိုး လှမ်းပေးတဲ့လက်ကိုင်ပုဝါကို လင်း လှမ်းမယူသေးပဲ ဒီတိုင်းကြည့်နေမိသဖြင့်
" လက်ကိုင်ပုဝါက အသစ်ပါ .... မိုး မသုံးရသေးပါဘူး .... "
မိုး ထပ်ပြောလိုက်မှ လင်း အသိပြန်ကပ်ပြီး အားတုံ့အားနာဖြင့်လှမ်းယူကာ
" မဟုတ်ပါဘူး ကလေးရယ်.... မ အားနာလို့ပါ ...... "
" မိုးပြောထားဖူးတယ်နော်.... မိုး ကအားနာရမဲ့ တပည့်မျိုးမှ မဟုတ်ပဲ .... "
"အေးပါကွယ်.... "
လင်း လက်ကိုင်ပဝါလေးနဲ့ ဟိုတို့ဒီတို့လုပ်ပြီး
"တော်သေးတာပေါ့ ...နွေးလေးဘေးမှာ ကလေး ရှိနေပေးလို့ .... မ ကသမီးလေးဘေး အဖော်မရှိတော့ စိတ်ပူနေတာ ..... "
မိုး ရဲ့မျက်နှာလေးကိုဘေးစောင်းလေးတစ်ချက်လှည့်ကြည့်ပြီး လင်းပြောလိုက်ရာ
" မိုး လည်း ခွဲခန်းထဲက ထွက်လာခါစပဲရှိသေးတာ ... အဲ့ဒါပန်းခြံထဲခဏဆင်းထိုင်မယ်ဆိုပြီးလျှောက်လာတော့နွေးလေး အနားမှာဘယ်သူမှမရှိတာနဲ့ခေါ်လိုက်လာတာ .... ဒီရောက်တော့နွေးလေးလဲ စိတ်ပြေလက်ပျောက်ဖြစ်သွားတာပေါ့ ..... "
" အင်း ဟုတ်တယ်....သမီးလေးမျက်နှာက ပိုလန်းနေတယ်.... "
သူ့ကိုပြုံးရယ်ပြနေတဲ့ သမီးရဲ့မျက်နှာလေးကို လင်း လက်နဲ့အသာလေးပွတ်သပ်ပေးရင်းပြောလိုက်သည်။
" ဒီမှာက လေကောင်းလေသန့်ရတယ်မေမေ ရဲ့။ နောက်နေ့တွေကျရင်လဲ မမ အားတဲ့အချိန်ကျနွေးလေးတို့ အတူတူပန်းခြံထဲဆင်း ထိုင်ကြမယ်နော်... "
နွေးလေးပြောတော့ လင်း သူ့သမီးပုခုံးလေးကို လှမ်းဖက်လိုက်ပြီး ပြုံးပြုံးလေးနဲ့ခေါင်းလေးညိမ့်ပြလိုက်သည်။ ပြီးတော့ မိုး ဘက်ကိုတစ်ချက်ကြည့်လိုက်တော့ မိုး ကလဲသူ့ကိုစိုက်ကြည့်နေချိန်မို့ အကြည့်ချင်းစုံသွားပြန်သည်။
ဒီတစ်ခါတော့ နှစ်ယောက်စလုံး အကြည့်ကို မလွှဲလိုက်ကြပဲနဲ့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ပြုံးပြမိလိုက်ကြလေသည်။
ရှေ့တည့်တည့်က ပန်းပင်လေးတွေဟာလဲအေးချမ်းတဲ့ ညနေခင်းလေးနဲ့အပြိုင်လေပြေလေးတိုးဝှေ့လိုက်တိုင်း ယိမ်းနွှဲ၍ လှပလို့နေပါတော့သည်။
🌧️ 🌧️ 🌧️