ဆေးရုံသို့တေဇာတစ်ယောက်အထုတ်အပိုးတွေဆွဲပြီး ပြန်လည်ရောက်ရှိလာပါသည်။
" သမီး အခြေအနေဘယ်လိုနေသေးလဲဝတ်ရည်? "
တေဇာ့ပုံစံက အခုကျတော့လဲနေ့လည်ကသူဘာမှ မလုပ်ထားသည့်ပုံစံဖြင့်လင်း ကိုလာပြီးပြောဆိုနေသည်။ လင်း လဲစိတ်ထဲမှာတော့ ခံပြင်းပေမဲ့လဲ အပြင်မှာတော့ ဘာမှမဖြစ်သလိုနေနေလိုက်ပြီး
" အင်းစောစောကသတိရလာပြီးမှ အခုပြန်အိပ်ပျော်သွားတယ်.... "
" နှလုံးကောအောင့်သေးတယ်ပြောလား ? "
" ဟင့်အင်း .... နှလုံးတော့မအောင့်တော့ဘူးပြောတယ်... နည်နည်တော့မောနေသေးတယ်တဲ့ .... "
"တော်သေးတာပေါ့ ..... "
လင်း ဆီကသူ့သမီးအခြေအနေလေးသိရပြီးမှတေဇာ လက်ထဲကအထုတ်တွေကိုအောက်ချလိုက်၏ ။
"စောင်အိပ်ယာခင်း နဲ့တခြားလိုအပ်မယ်ထင်တဲ့ ပစ္စည်းတွေ အန်တီဝင်းထည့်ပေးလိုက်တယ်ဝတ်ရည်.... မနက်ကျ သမီးစားဖို့သောက်ဖို့အတွက်အိုဗာတင်းဘူးလေးရယ်ပေါင်မုန့်လေးတွေပါ ထည့်ပေးလိုက်တယ်ပြောတယ်.... ပြီးတော့ ဒီမှာ သမီးလေးရဲ့ဆေးမှတ်တမ်းဖိုင်.... "
တေဇာ ချိုင်းကြားညှပ်လာတဲ့ ဖိုင်တစ်ခုကို လင်း လက်ထဲထည့်ပေးလိုက်ပြီး
" ကိုယ်ဖွင့်ကြည့်ပြီးမှ ယူလာတာ .... "
အထဲဖွင့်ကြည့်လိုက်တယ်ဆိုသောကြောင့်လင်း မျက်လုံးလေးတွေ ဝိုင်းစက်သွားသည်။
" ဖွင့်ကြည့်လိုက်သေးတာလား .... စာရွက်စာတမ်းတွေကော အပြင်ထုတ်လိုက်သေးလားဟင်? "
လင်း မျက်လုံးဝိုင်းလေးဖြင့်ခပ်သွက်သွက်မေးလိုက်သည်။ သူ့ရင်ထဲ တစ်စုံတစ်ရာကို စိုရိမ်နေပေမဲ့ အပြင်ပန်းမှာတော့ ဘာမှသိပ်ထွေထွေထူးထူး ဖြစ်နေပုံမပေါ်အောင်ထိန်းထားသည်။
" ဟင့်အင်း မထုတ်ပါဘူး .... ဒီအတိုင်းလေးပဲ သမီးလေးရဲ့ ဖိုင်ဟုတ်မဟုတ်စစ်ကြည့်လိုက်တာပါ ...တော်ကြာ မှားယူမိမှာဆိုးလို့လေ ... "
တေဇာ ရှင်းပြလိုက်မှ လင်း မသိမသာလေး သက်ပြင်းတစ်ချက်ချလိုက်ရသည်။
" ဒါက ဝတ်ရည်အတွက်ကိုယ်ဆေးရုံအောက်ကဆိုင်ကနေ ဝယ်လာတာ ..... "
အိတ်တစ်ခုထဲကကော်ဖီဗူးလေးနဲ့ အသားညှပ်ပေါင်မုန့်တစ်ခုကို ထုတ်ပေးရင်း လင်း ဆီသို့လှမ်းပေးလေသည်။
"နေ့လည်ထဲက ဘာမှမစားရသေးဘူးဆိုတော့ ဆာနေမှာပဲဆိုပြီး ဝယ်လာခဲ့တာ ..... စားလိုက်ဦးနော်.... "
လင်းခေါင်းလေးညိမ့်ပြီးတေဇာပေးတဲ့မုန့်နဲ့ကော်ဖီဗူးကို လှမ်းယူလိုက်သည်။သမီးဇောနဲ့ လင်း လဲပူထူပြီး သူ့ကိုယ်သူ ဆာလားမဆာဘူးလားတောင်မသိခဲ့ဘူး မဟုတ်လား ။
"အော်... အင်း.... "
လင်းခေါင်းလေးညိမ့်လိုက်တဲ့အခါတေဇာ သူ့ဘေးနားသို့တိုးလာပြီး သူ့ရဲ့ပုခုံးကို လက်နဲ့အသာလာကိုင်သည်။
" ကိုယ်တောင်းပန်ပါတယ်ဝတ်ရည်.... သမီးအခုလိုဖြစ်သွားတာ ကိုယ့်ကြောင့်ပါ ...."
မျက်နှာငယ်နဲ့တောင်းပန်စကားလာဆိုသောယောကျာ်းဖြစ်သူအား လင်း တစ်ချက်မော့မကြည့်မိပဲခေါင်းငုံ့လျက်သာ
" ပြီးခဲ့တာတွေ ပြီးသွားပြီပဲလေ .... "
ဘာမှမဖြစ်သလို လင်းပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့တေဇာပြောဆိုခဲ့လို့ ဖြစ်ပေါ်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကတော့ ဘယ်တော့မှ လွယ်လွယ်နဲ့မေ့လို့ရမည်မဟုတ်ပေ ။
" ဒီညအိမ်မှာပဲ ပြန်အိပ်လိုက်ပါ .... "
" ဘာလို့လဲ .... ကိုယ်ပြန်အိပ်ရင်ဝတ်ရည်တစ်ယောက်ထဲ ဖြစ်နေမှာပေါ့ ... "
" ဟိုးအရင်အခေါက်တွေ သမီးလေးဆေးရုံတက်ခဲ့ရတုန်းကလဲ လင်း တစ်ယောက်ထဲပဲ စောင့်ပေးနေကျပါ .... အိမ်မှာ လပြည့်လေးနဲ့ အမေလဲရှိနေသေးတယ်ဆိုတော့ ... အကို အိမ်ပဲပြန်အိပ်လိုက်ပါ .... "
" ဒါပေမဲ့လဲ ကိုယ်စိတ်မချလို့ပါ .... "
"စောစောက လင်း ရဲ့တပည့်လေး မိုး လာပြောသွားတယ်.... သူလဲဒီညဆေးရုံမှာပဲ ရှိတယ်တဲ့ .... အဲ့ဒါကြောင့်စိတ်ချလက်ချပြန်ပါ .... "
"အော်Hannaလေးရှိနေတာလား .... ဒါဆို ကိုယ်သူ့ကို သမီးလေးရဲ့ဆေးမှတ်တမ်းတွေ သွားပေးလိုက်ဦးမယ်..... "
"အော်.... အင်း ...... "
X X X X X X X X X
" Hello daddy ........ သမီး ဒီညဆေးရုံမှာပဲ အိပ်ဖြစ်မယ်.... "
" ....... "
" ဟုတ်ကဲ့အရေးပေါ်လူနာတစ်ဦးရောက်လာလို့ပါ ... အဲ့ဒါစိတ်ချရအောင်စောင့်ကြည့်ချင်သေးလို့ ..... "
" ........ "
" ရပါတယ်Daddy ရယ်..... သမီး မပင်ပန်းပါဘူး စိတ်မပူနဲ့နော်.... Daddyကောဆေးတွေသောက်ပြီးရဲ့လား ? "
" ....... "
" မနက်ကျရင်လဲ မနက်စာစားပြီးတာနဲ့ဆေးသောက်နော်Daddy ........ ဟုတ်ကဲ့ ဟုတ်ကဲ့ .... ဒါဆို Good night Daddy ....စောစောအိပ်နော်.... ဟုတ်ကဲ့ .... "
ဖုန်းချလိုက်ပြီးသိပ်မကြာမှီလေးမှာပဲ
"ဒေါက်....ဒေါက်.... "
အခန်းအတွင်းသို့ ဖြူဖြူဆိုသည့်nurse မလေးတစ်ယောက်အရင်ဝင်လာသည်။
"ဒေါက်တာ .... ဒီမှာနွေးနေခြည်သော်ဆိုတဲ့ patient ရဲ့အဖေကဒေါက်တာနဲ့တွေ့ချင်လို့တဲ့ ... "
ကိုတေဇာနဲ့တွေ့ရမည်ဆိုသဖြင့်မိုး အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပြီး
" အင်းအင်း ဝင်ခွင့်ပေးလိုက်ပါ ..... "
သူဝင်ခွင့်ပေးလိုက်တော့မှတေဇာအခန်းအတွင်းသို့ ဖိုင်လေးတစ်ခုကိုင်၍ ဝင်လာသည်။
" ထိုင်ပါ ကိုတေဇာ ... "
သူ့ရှေ့တည့်တည့်က ခုံကိုညွှန်ပြပြီးထိုင်ခိုင်းလိုက်၏ ။တေဇာ ထိုင်ပြီးတဲ့နောက်သူ့လက်ထဲက ဖိုင်ကို မိုး ရဲ့အလုပ်စားပွဲပေါ်သို့ တင်ပေးလိုက်ပြီး
" ဒါအကို့သမီးလေးရဲ့ဆေးမှတ်တမ်းနဲ့ဆေးစစ်ချက်မှတ်တမ်းတွေပါ Hanna .... "
"အော်ဟုတ်ကဲ့ ..... "
မိုး လဲဖိုင်ထဲက စာရွက်စာတမ်းတွေကို တစ်ခုချင်းစီ ထုတ်ကြည့်လိုက်ပြီး စာရွက်တစ်ခုကို ကိုင်ကာ
" ဒါလွန်ခဲ့တဲ့တစ်လကျော်ကမှစစ်ထားတာပဲ .... ကလေးကသွေးအားလဲနည်းနေတယ်နော်... ဟီမိုကလိုဘင်က သာမန်လူတွေမှာ ရှိသင့်တဲ့နှုန်းထားထက်လျော့ကျနေတယ်..... "
" ဟုတ်လား ... "
ဟုတ်လား လို့တေဇာပြောလိုက်တော့ မိုးတေဇာ့ကို မျက်ခုံးလေးပင့်ကြည့်လိုက်သည်။ တကယ်ဆို မိဘတစ်ယောက်အနေနဲ့ ကလေရဲ့ အခြေအနေတွေကို သိထားသင့်တယ်မဟုတ်ပါလား ။
မိုး မျက်ခုံးလေးပင့်ကြည့်တော့ တေဇာကသူ့လည်ပင်းကို ပွတ်လိုက်ပြီး
" အကိုက သဘောင်္ကပြန်ဆင်းလာတာ ရက်ပိုင်းပဲရှိသေးတာ .... သမီးလေးရဲ့ကျန်းမာရေးအခြေအနေတွေကို အကို့ထက်Hanna ရဲ့ ဆရာမ ကပိုသိတယ်..... "
" ဆ ရာ မ ... က ...... "
'ဆရာမ´ ဆိုတဲ့စကားလုံးလေးကို တိုးညှင်းစွာရေရွတ်ရင်း ခါးသက်သက်ပြုံးမိလိုက်သေးသည်။ ဒါပေမဲ့သိသာစေတဲ့ အပြုံးတော့မဟုတ်ခဲ့ ။
ပြီးတော့ ကျန်သေးတဲ့ စာရွက်စာတမ်းတွေနဲ့နွေးလေး ငယ်ငယ်ကတည်းကဆေးရုံဆေးခန်းတွေတက်ခဲ့ရတဲ့ မှတ်တမ်းများစွာဆေးစစ်ချက်များစွာတို့ကိုမိုး စိတ်ရှည်လက်ရှည်နဲ့သေသေချာချာထိုင်ဖတ်ပြီးမှ
" ကလေးက Heart Valve လို့ခေါ်တဲ့ နှလုံးအဆို့ရှင်ချို့ယွင်းတဲ့ လက္ခာရှိတယ်.... အစပိုင်းမှာတော့ သူ့ရဲ့ functionတွေကိုသိပ်ကောင်းကောင်း အလုပ်မလုပ်တာပေါ့ .... အဲ့ကနေမှတစ်ဆင့်ရုတ်တရက်ရပ်သွားတာဖြစ်သွားနိုင်တဲ့ အခြေအနေထိဖြစ်သွားနိုင်တယ်... အခုဒီနေ့လိုပေါ့ ..... နှလုံးမှာ အဆို့ရှင်က အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုမှာပါတယ်လေ ..... အခု အကို့သမီးလေးက အဲ့နှလုံးအဆို့ရှင်အပိတ်အဖွင့်ကောင်းကောင်းမလှုပ်ပေးနိုင်တော့တာ ..... "
မိုး ရှင်းပြနေတာကိုတေဇာသေချာအာရုံတစိုက်နားထောင်နေပြီး
" အဲ့ဒါကို ဘယ်လိုကုသလို့ ရမလဲ Hanna ? "
" သူ့ကိုကသောက်ဆေးနဲ့တင်ထိန်းချုပ်နေလို့မရဘူး .... operation လုပ်မှရမယ်..... aortic valve replacement လို့ခေါ်တဲ့ အပိတ်အဖွင့်မလုပ်နိုင်တဲ့ အဆို့ရှင်နေရာမှာ အပိတ်အဖွင့်လုပ်ပေးနိုင်တဲ့ စက်လေးကိုအစားထိုးကုပေးမှရလိမ့်မယ်... အဲ့လိုမှ မလုပ်ပဲဒီအတိုင်းဆက်ထားမယ်ဆိုရင်တော့ ကလေးမှာ အသက်အန္တရာယ်ရှိလာနိုင်တယ်ကိုတေဇာ .... "
"အော်.. အဲ့လိုခွဲစိတ်ဖို့ကျတော့ကော .... ဒီနိုင်ငံမှာ ခွဲဖို့အဆင်ပြေပါ့မလား ... "
" အရင်ကတော့လူတော်တော်များများက ယိုးဒယားတို့ စင်ကာပူတို့မှာ သွားပြီးအဲ့လိုခွဲစိတ်မှုအကြီးစားတွေ လုပ်ကြတယ်..... အခုညီမတို့တိုင်းပြည်လဲ တိုးတက်သင့်သလောက်တိုးတက်နေပါပြီ .... ပြီးတော့အခုဒီဆေးရုံကလဲ နိုင်ငံတကာအဆင့်မှီဆေးရုံကြီးဆိုတော့ ကိရိယာ စက်ပစ္စည်းတွေလဲ စုံလင်ပါတယ်........ ဖြစ်နိုင်မယ်ဆိုရင်ညီမကတော့ ကလေးကို ဟိုကိုမခေါ်သွားစေချင်ဘူး .... အဲ့လိုရွှေ့ပြောင်းနေရင်ခရီးပိုပန်းလိမ့်မယ်.... အခု ကလေးက အရမ်းလဲ weak ဖြစ်နေတယ်လေ ..... "
မိုးပြောနေတာကိုတေဇာခေါင်းလေးတစ်ညိမ့်ညိမ့်နဲ့စဉ်းစားနေပြီးနောက်
" ညီမလေးပြောတာ ဟုတ်ပါတယ်.... ဘာပဲဖြစ်ဖြစ်အကို့သမီးလေးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီး ကုသပေးပါလို့တောင်းဆိုပါရစေ .... "
" စိတ်ချပါ ဘယ်လူနာကိုမဆို အကောင်းဆုံးကြိုးစားကုသရမှာ ဆရာဝန်တိုင်းရဲ့ တာဝန်ပါ ..... မနက်ဖြန်ကျရင်မသူဇာခိုင်ကိုယ်တိုင်လဲ လာကြည့်ပါလိမ့်မယ်.... သူလဲရှေ့အပတ်wedding ရှိနေတော့တော်တော်လေး busy ဖြစ်နေတယ်လေ ..... "
"အော်.... အင်းပါ Hanna ရယ်.... ဘာပဲဖြစ်ဖြစ်ပါ ဒီနေ့သမီးအသက်ကို ကယ်တင်ပေးခဲ့တာနဲ့တင်ကျေးဇူးတင်လှပါပြီကွာ ..... တစ်ချိန်က ကိုယ့်မျက်စိအောက်မှာဆော့ကစားနေတဲ့ ညီမလေးတစ်ယောက်က အခုလို ဆရာဝန်မကြီးဖြစ်နေပြီဆိုတာ မြင်ရလို့ တကယ်ဝမ်းသာမိပါတယ်.... ညီမလေးရဲ့ ဆရာမ .. ဝတ်ရည်လဲ အတော်လေးဝမ်းသာဂုဏ်ယူနေရှာတာ .... "
တေဇာရဲ့စကားလုံးတွေကြောင့်မိုး အသက်မပါတဲ့အပြူံးလေးတစ်ခုကို ဖန်ဆင်းလိုက်ရသည်။
X X X X X X X X X
ည ၂ နာရီထိုပြီးတဲ့အထိ မိုး မအိပ်သေးပါ ။ ကွန်ပြူတာရှေ့ထိုင်ပြီးဆေးပညာနဲ့သက်ဆိုင်တဲ့ ပညာရှင်ကြီးတွေရေးသားပြုစုထားသောဆေးကြမ်းတွေနဲ့ဆေးမှတ်တမ်းအချို့ကိုလေ့လာဖတ်ရှုနေသည်။ ခါးညောင်းလာလို့ မတ်တပ်ထရပ်ကာ တိုင်ကပ်နာရီကိုကြည့်မိလိုက်တဲ့အခါမှ မနက်၂ နာရီကျော်နေပြီဆိုတာ မိုး သိခဲ့ရသည်။
" အိပ်လို့ကော ရရဲ့လားမသိဘူး .... အဆင်မှပြေရဲ့လား ...."
ခေါင်းထဲဝင်လာတဲ့မေးခွန်းကို အဖြေရှာဖို့အတွက်မိုး သူ့ရုံးခန်းအပြင်ကိုထွက်လိုက်သည်။ အခန်းပြင်ရောက်လို့ အနည်းငယ်မျက်စိကစားလိုက်တော့ သူ့ရုံးခန်းနဲ့ မျက်စောင်းထိုးကကောင်တာမှာလက်ကလေးထောက်ပြီး အိပ်ငိုက်နေတဲ့ သူ့ရဲ့လက်ထောက်ဆရာဝန်လေးဇော်ဇော်၊ ပြီးတော့ အသီးသီးအိပ်ပျော်နေကြသည့်nurseလေးများနဲ့ အလုပ်သင်ဆရာဝန်လေးများကို မိုးတွေ့လိုက်ရသည်။ ဌာနထဲမှာ မအိပ်ပဲ တကုပ်ကုပ်နဲ့ ဟိုလိုက်ကြည့်ဒီလိုက်ကြည့်လုပ်နေတဲ့လူဆိုလို့ nurse မလေးဖြူဖြူသာရှိလေသည်။
လူနာအချို့ရဲ့ line ချိတ်ထားတဲ့ဆေးပုလင်းတွေ ကုန်သွားတဲ့အခါ လိုက်လဲပေးနေသည်။
ဖြူဖြူအလုပ်လုပ်နေတာကို တစ်ချက်ကလေး ကြည့်လိုက်ပြီးတဲ့နောက်သူ့မမနဲ့မ ရဲ့သမီးလေးရှိရာဘက်သို့ မိုးခြေခပ်ဖွဖွနင်းပြီးလျှောက်လာလိုက်သည်။ အားလုံးအိပ်ပျော်နေပြီမို့ ဌာနထဲ၌တိတ်ဆိတ်လို့နေသည်။
ခြေလှမ်း ၁၀ လှမ်းကျော်မျှ လှမ်းပြီးတဲ့နောက်မှာတော့ အိပ်စက်အနားယူနေသော သမီးငယ်လေးရဲ့လက်ကို ဆုပ်ကိုင်ထားပြီး ကုတင်စောင်းလေးပေါ်ကိုယ်လေးတစ်ခြမ်းစောင်းပြီးခေါင်းလေးတင်ထားရုံမျှသာ တင်ပြီးအိပ်ပျော်နေတဲ့ မ ကိုသူမြင်လိုက်ရသည်။
မိုး လင်း ရဲ့ဘေးနာမှာရပ်၍ ကိုယ်တစ်ခြမ်းစောင်းလေး အိပ်ပျော်နေတဲ့ သူ့မမ ကိုအတန်ကြာအောင်ငေးမောရပ်ကြည့်နေမိသည်။
မရယ်.... အရာရာအရင်အတိုင်းပါပဲလား .... ကလေး ၂ယောက်အမေဆိုပေမဲ့ လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကအတိုင်းပါပဲ ဘာဆို ဘာမှ မပြောင်းလဲသွားသေးဘူးနော်....
အခုအချိန်ထိ'မ´ က မိုး ရဲ့ရင်ထဲက တစ်ပွင့်တည်းသောပန်း .... တစ်ပါးတည်းသော ဘုရင်မပါ ....
အပြင်ကဆောင်းဥတုရဲ့အအေးဒဏ်ပြီးတော့ ဌာနထဲရှိနေတဲ့ Air con တို့မှ အအေးဓာတ်တို့ကြောင့်ထင်ပါရဲ့ လက်ပြတ်အကျီလေးသာဝတ်ထားတဲ့ မ ရဲ့ကိုယ်လုံးလေးဟာ တစ်ချက်တစ်ချက်တုန်တက်သွား၏ ။ ထို့ကြောင့်မိုး သူ့ရဲ့ရင်ဖုံးအကျီလေးပေါ် ထပ်ထားတဲ့အကျီလက်ရှည်လေးကို ချွတ်လိုက်ပြီး သူ့မမရဲ့ကိုယ်ခန္ဓာလေးပေါ်သို့ ခပ်ဖြည်းဖြည်းလေး လွှမ်းခြုံပေးလိုက်လေသည်။ လူကောစိတ်ပါ ပင်ပန်းထားလို့ထင်ပါရဲ့ ဟိုးအရင်က အရမ်းအအိပ်ဆတ်တတ်တဲ့ မ ခမျာ ယခုမှာတော့ သူ့အကျီလေးခြုံလွှမ်းပေးလိုက်တာကိုတောင်မသိရှာပဲ အိပ်မောကျနေဆဲပင်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါစေ မ ...
အတော်လေးကြာသည်အထိ လင်း အနားမှာ မိုး ရပ်နေရင်းနွေးလေး ရဲ့အခြေအနေကိုပါကြည့်ရှုပြီးတဲ့နောက်ထိုနေရာမှ ပြန်လှည့်လာလိုက်သည်။
"ဒေါက်တာ အနားမယူသေးဘူးလား ?တော်တော်လေးတောင်ညဉ့်နက်လှပြီ ... "
ဖြူဖြူရဲ့ ခပ်တိုးတိုးမေးခွန်းလေးကြောင့်မိုးနောက်ပြန်လှည့်ကြည့်လိုက်ရင်း
" ဟိုကလေးရဲ့အခြေအနေဘယ်လိုနေသေးလဲ ခဏထွက်ကြည့်တာပါ .... ဒါနဲ့ ကိုယ်စောစာထဲက ညီမလေးတစ်ယောက်ပဲ တစ်ဌာနလုံး လိုက်ကြည့်နေတာတွေ့တယ်.... တခြားဂျူတီကျသူတွေကို နှိုးလိုက်ပြီး ညီမတစ်လှည့်နားတော့လေ ... "
"အော်ဟုတ်ကဲ့ပါဒေါက်တာ ...ဒေါက်တာလဲ စိတ်ချလက်ချအနားယူတော့နော်.... ဒီကလေးတစ်ခုခု အခြေအနေထူးခြားရင်ညီမတို့ဒေါက်တာ့ကို လာခေါ်ပါ့မယ်... "
မိုးခေါင်းတစ်ချက်ညိမ့်ပြလိုက်ပြီး
" အင်း ညီမလေး .... "
X X X X X X X X
မနက်၆ နာရီခွဲလောက်ကတည်းက ချယ်ရီမေဆေးရုံသို့ရောက်ရှိလာပြီး
" မမကော ? "
"ရုံးခန်းထဲမှာ မမ ..... ညကတော်တော်လေး ညဉ့်နက်တဲ့အထိဒေါက်တာ မအိပ်ဘူးရယ်.... "
ချယ်ရီမေးတော့ nurse မလေးဖြူဖြူကပြန်ပြောပြသည်။
" ဟုတ်လား ..... "
" ဟုတ်.... "
ဖြူဖြူရဲ့အဖြေကို ကြားပြီးတဲ့နောက်ချယ်ရီ ရဲ့ခြေလှမ်းတွေဟာ မိုး ရဲ့ရုံးခန်းဘက်သို့ ဦးတည်လေသည်။
" ကျွီ ..... "
အခန်းတံခါးလေးကို ဖြည်းဖြည်းလေးဟပြီး အထဲကိုချောင်းကြည့်လိုက်တော့ အလုပ်စားပွဲပေါ်ခေါင်းလေးမှောက်ပြီး အိပ်ပျော်နေသေးသည့်မိုး အား ချယ်ရီမေ မြင်တွေ့လိုက်ရသည်။
ထိုအခါ ချယ်ရီ အခန်းထဲသို့ ဖြည်းဖြည်းလေးဝင်သွားသည်။ ပြီးတော့ အိပ်ပျော်နေတဲ့ မိုး ကိုခေတ္တမျှငေးမောပြီး တစိမ့်စိမ့်ရပ်ကြည့်နေမိ၏ ။
မမ ကိုစတွေ့မိတဲ့နေ့ကတည်းက ချယ်ရီ ရဲ့ရင်ခုန်နှုန်းတွေက စပြီးသွက်လက်လာတယ်...
အရယ်အပြုံးသိပ်မရှိပဲ ခပ်တည်တည်တံ့တံ့ မမရဲ့ပုံစံက ချယ်ရီ့ရဲ့စိတ်ကို ဖမ်းယူညို့ငင်နိုင်ခဲ့တယ်မမ ...
ချယ်ရီ အနီးကပ်လေးသေချာငုံ့ကြည့်လိုက်ပြီးနောက်
သွေးကြောမျှင်လေးတွေ မြင်နေရတဲ့ မမရဲ့ပါးပြင်ဖွေးဖွေးလေးတွေကို ချယ်ရီလေ တစ်ခါလောက်ထိတွေ့ဖူးချင်မိတယ်.... သိလား မမ ......
ခဏကြာ သူ့စီနီယာမမ မျက်နှာလေးကို စိုက်ကြည့်နေပြီးတဲ့နောက်လက်ထဲကိုင်ထားတဲ့ သွားပွတ်တံအသစ်စက်စက်လေးတစ်ချောင်း ၊ သွားတိုက်ဆေးလေးတစ်ဗူး နဲ့အတူတူ ပုဝါအသစ်လေးတစ်ထည်ကို မိုး အိပ်ပျော်နေတဲ့စားပွဲရဲ့ထောင့်စွန်းလေးမှာ တင်ထားခဲ့လိုက်ပြီး အခန်းအတွင်းမှ ချယ်ရီမေ ပြန်ထွက်လာခဲ့လိုက်သည်။
သူပြန်ထွက်သွားပြီးနောက်သိပ်မကြာခင်မှာပဲ မိုး အိပ်ပျော်နေရာမှ ပြန်နိုးလာလေသည်။ ထိုအခါ စားပွဲအစွန်လေးမှာ အသင့်ရောက်ရှိနေတဲ့ သွားပွတ်တံ သွားတိုက်ဆေးနဲ့ ပုဝါလေးတစ်ထည်ကိုမြင်ပြီး အံ့သြသွားပါသည်။
ဘယ်သူများပါလိမ့်........
X X X X X X X X X
လင်း နိုးလာတော့ သူ့ကိုယ်ခန္ဓာပေါ်မှာ ရှပ်အကျီလက်ရှည်လေးတစ်ထည်ရောက်ရှိနေတာကြောင့်သူအံ့သြသွားရသည်။ ပိုပြီးအံ့သြမိတာကတော့ ...
ဒီအကျီလေးက ညက ကလေးဝတ်ထားတဲ့ အကျီလေးပဲ ...
ဒါဆို ညက အနားကို ကလေးရောက်လာသေးတယ်ထင်တယ်...
အတွေးတစ်ပိုင်းတစ်စနဲ့အတူ လင်း ရဲ့မျက်နှာမှာ အပြုံးလေးခပ်သဲ့သဲ့ပေါ်လွင်သွားပြန်သည်။ သူ့သမီးလေးကို ကြည့်လိုက်တော့နွေးလေးက အိပ်မောကျနေဆဲပင်။
ဆေးရုံအောက်ဆုံးထပ်ကကော်ဖီဆိုင်လေးတစ်ခုမှာ မိုး သတင်းစာလေးတစ်စောင်ကို ထိုင်ဖတ်ရင်း မနက်စာစားနေမိသည်။
ဖတ်လိုက်ရတဲ့သတင်းတွေထဲမှာ လူသတ်မှုသတင်းတွေနဲ့ ခိုးယူလုယက်မှုသတင်းတွေက များနေတာမို့ မိုး သက်ပြင်းတစ်ချက်ချလိုက်မိသေးသည်။ ဘာပဲပြောပြောခေတ်က အရင်ကနဲ့မတူတော့တာတော့ အမှန်ပါပဲ ။ အရင်သူအထက်တန်းကျောင်းသူဘဝတုန်းက ဒီလောက်ကြီးအထိ မဆိုးဝါးသေးဟုတွေးဆမိ၏ ။
ဆိုင်ကမထွက်ခင်ကောင်တာကိုတစ်ချက်သွားပြီးကော်ဖီတစ်ခွက်နဲ့ ပူတင်းကိတ်လေး ၂ လုံးဝယ်ပြီးတော့မှ မိုး သူ့ဌာနသို့ ပြန်တက်လာခဲ့သည်။
ဌာနထဲဝင်လိုက်တော့
" ဟယ်... မမ က breakfast အတွက်အောက်ဆင်းဝယ်နေတာကိုး .... ချယ်ရီ့ ကိုခိုင်းတာမဟုတ်ဘူး ချယ်ရီ ဆင်းဝယ်ပေးမှာပေါ့ မမရဲ့ .. "
သူ့လက်ထဲကိုင်ထားတဲ့ကော်ဖီဗူးလေးနဲ့ မုန့်ဗူးလေးကို ချယ်ရီမြင်ပြီးပြောလိုက်ခြင်းသာ ။
" breakfast ကကိုယ်အောက်မှာ တခါထဲစားခဲ့ပြီးပါပြီ ..... ဒါနဲ့မနက်ကကိုယ့်အခန်းထဲမှာ ပုဝါနဲ့သွားပွတ်တံလာထားပေးသွားတာ ချယ်ရီများလား ? "
သူမေးလိုက်တော့ ချယ်ရီ့ရဲ့မျက်နှာမှာ အပြုံးရိပ်လေးတစ်ခု ဖြတ်ပြေးသွားပြီး
" ဟုတ်တယ်မမ ..... မမ လိုအပ်မယ်ထင်လို့လေ .... ချယ်ရီ ဝင်လာတော့ မမအိပ်ပျော်နေတုန်းမို့ပြောမသွားတော့တာပါ .... "
"အော်.... thank you ချယ်ရီ ...... "
လျှပ်တစ်ပြက်စာမျှ အပြုံးလေးတစ်ခုကို မိုး ချယ်ရီ့အား ပြုံးပြလိုက်ပြီးနောက်သူ့မမရှိနေမဲ့နေရာသို့ ထွက်လာခဲ့လိုက်သည်။
မမ ရဲ့အပြုံးက မိုနာလီဇာအပြုံးလိုပါပဲလား ........
အနောက်မှာ ချယ်ရီမေ တစ်ယောက်အပြုံးပန်းတွေဝေဆာစွာဖြင့်ကျန်ရစ်ခဲ့တယ်ဆိုတာကိုတော့ မိုး မသိခဲ့ပါ ။
အခုမှနိုးလာတဲ့ သူ့သမီးလေးရဲ့မျက်နှာကိုရေဆွတ်ထားတဲ့ လက်ကိုင်ပုဝါလေးတစ်ခုဖြင့်အသာလေးပွတ်ပေးနေရင်း
" ဗိုက်ဆာပြီလားနွေးလေး ? "
" နည်းနည်းတော့ ဆာပြီမေမေ ... "
နွေးလေးရဲ့အသံက မနေ့ကလောက်တော့ တိုးဖျော့မနေတော့ပေ ။
" ဒါဆိုမေမေ အိုဗာတင်းဖျော်ပေးမယ်နော်..... "
လင်း ပြုံးပြုံးလေးပြောလိုက်တော့နွေးလေးက သူ့အမေမျက်နှာကိုသေချာကြည့်ပြီး
"မေမေလဲ မနက်စာမစားရသေးဘူး မဟုတ်လား ? "
"မေမေ မဆာသေးလို့ပါ ....လောလောဆယ်အိုဗာတင်းဖျော်ဖို့ရေနွေးမရှိဘူး ဖြစ်နေတယ်....အောက်ထပ်မှာမေမေဆင်းဝယ်ရမယ်ထင်တယ်..... "
ကုတင်ဘေးက စားပွဲတစ်လုံးပေါ်တင်ထားတဲ့ အိုဗာတင်းဗူးလေးထဲက အမှုန့်တွေကို ခွက်ကလေးတစ်လုံးထဲသို့ ခပ်ထည့်ရင်း လင်းပြောလိုက်စဉ်
" မိုး ကိုခွက်ပေးလိုက်ပါ .... မိုး ရဲ့အခန်းထဲမှာရေပူရေအေးစက်ရှိတယ်.....ရေနွေးထည့်ခဲ့ပေးပါ့မယ်.... "
ရုတ်တရက်မိုး ရဲ့အသံကြားလိုက်တာမို့ လင်း ချက်ချင်းအနောက်လှည့်ကြည့်လိုက်၏ ။
သူ့ကိုပြုံးပြုံးလေး ရပ်ကြည့်နေတဲ့ သူ့ကလေးလေးကို မြင်လိုက်ရပြီး လင်း ရဲ့မနက်ခင်းလေးဟာလဲ သာယာလှပသွားသလို ခံစားလိုက်ရပါသည်။
"အော်ဒီမှာ .... ဆရာမ မနက်စာမစားရသေးဘူးထင်လို့... မိုး breakfastဆင်းစားရင်း ဆရာမအတွက်ပါ ဝယ်လာလိုက်တယ်... "
လက်ထဲကကော်ဖီဗူးလေးနဲ့ မုန့်ဗူးလေးကို စားပွဲပေါ်လှမ်းတင်ပေးလိုက်ပြီး မိုးပြောလိုက်သည်။
" အားနာစရာတွေ ဖြစ်ကုန်ပြီ ကလေးရယ်..... "
လင်း သူ့ကလေးမျက်နှာလေးကိုသေချာကြည့်ပြီးပြောလိုက်တော့ မိုး ကပြုံးပြုံးလေးပဲ ပြန်ပြောပါသည်။
" အားနာရမဲ့ လူတွေမှ မဟုတ်ပဲ ဆရာမရယ်.... "
ရုတ်တရက်နွေးလေးဘက်ကို မိုး လှည့်ကြည့်လိုက်ပြီး
" Morning ညီမလေး .... "
သူ့ကို ပြုံးပြီးကြည့်နေတဲ့နွေးလေးကို မိုး ပြန်ရယ်ပြရင်း နှုတ်ဆက်စကားဆိုလိုက်၏ ။
" Morning မမ .... "
" ညကကောင်းကောင်းအိပ်ပျော်တယ်မဟုတ်လား ညီမလေး ? "
" ဟုတ်ကဲ့ အိပ်ပျော်ပါတယ်မမ .... "
ပြုံးချိုစွာပြန်ပြောတဲ့နွေးလေးခေါင်းလေးကို မိုး ပွတ်သပ်ပေးလိုက်ရင်း
" အသံလေးက ပြန်ကြည်လာပြီ ... ညကအိပ်လိုက်လို့ အားတွေ ရှိသွားပြီ ဟုတ်လား ..... "
သူ့သမီးလေးကို ရယ်ရယ်မောမောနဲ့ စကားတွေပြောနေတဲ့ မိုး အား လင်း ပြုံးပြုံးလေးပဲ ရပ်ကြည့်နေမိပါသည်။
ကလေး ကိုဒီလိုမျိုး ပြုံးပြုံးရွှင်ရွှင်လေး မြင်နေရတာ မ အရမ်းဝမ်းသာပါတယ်ကလေးရယ်.....
ရုတ်တရက်မိုး လင်း လက်ထဲမှ ခွက်ကလေးကို လှမ်းယူလိုက်ပြီး
"ရေနွေးထည့်ပြီး ပြန်လာပို့ပေးမယ်နော်..... "
"အော်အင်းပါ ကလေး .... "
သူ့ကိုငေးမောကြည့်နေတဲ့ လင်း ကိုပြောလိုက်ပြီး မိုး သူ့အခန်းထဲသို့ ပြန်ဝင်သွားလေသည်။
" အဲ့ မမ က ...မေမေတစ်ခါပြောဖူးတဲ့မေ့မေ့ကိုဝက်ဝံရုပ်လေးပေးခဲ့ဖူးတဲ့ အချစ်ဆုံးတပည့်ဆိုတာလားဟင်? "
သူ့ကိုငယ်ငယ်လေးတုန်းက လင်း တစ်ခါပြောပြခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကိုနွေးလေးကသေသေချာချာ မှတ်ထားပုံရသည်။
" ဟုတ်တယ်နွေးလေး ... အဲ့ဒါမေမေတခါပြောဖူးတဲ့မေမေ့ရဲ့ အချစ်ရဆုံး .......... တပည့်မလေးဆိုတာပဲ ..... "
အချစ်ရဆုံး တပည့်မလေး .. ပြီးတော့မေ့မေ့ရဲ့ အချစ်ရဆုံး သူလေးပါ ......
တချို့သော စကားလုံးတွေကိုတော့လင်း ရင်ထဲမှာပဲ သိမ်းဆည်းထားလိုက်ပါသည်။
လင်း ကိုအိုဗာတင်းဖျော်ထားတဲ့ ခွက်ကလေး လာပေးပြီး သိပ်မကြာခင်မှာပဲ မိုး သူ့ရဲ့လက်ထောက်၂ယောက်နဲ့အတူ ဆရာဝန်ပေါက်စလေးတွေနဲ့ ဌာနတစ်ခုလုံးကို round လှည့်လေတော့သည်။
ဌာနထဲက လူနာတိုင်းကိုနွေးနွေးထွေးထွေး ချိုချိုသာသာ ဆက်ဆံပြောဆိုပြီး စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတဲ့ သူ့ရဲ့ရင်ထဲကဒေါက်တာမလေး မိုးဝသန်လွင်ကို လင်းဝတ်ရည်သော်လှမ်းလှမ်းကြည့်နေမိသည်။
ငယ်ငယ်ကပုံစံနဲ့မတူတော့ပဲ အရမ်းကိုတည်ငြိမ်ခန့်ညာလာတဲ့ မိုး ကို လင်း ကြည့်ပြီး ဒီအသက်အရွယ်ကျမှ ရင်တွေပြန်ခုန်လာတယ်လို့ပြောရင်အားလုံးက ဝိုင်းလှောင်ရယ်ကြမည်မှာ မလွှဲချေ ။ ဒါပေမဲ့ သူ့ရင်ထဲက အချစ်ဦးနဲ့နောက်ဆုံးအချိန်အထိ ချစ်ရမဲ့လူက ဒီကလေးလေးတစ်ယောက်ထဲသာ ရှိခဲ့ပါတယ်ဆိုတာကိုတော့ လင်း နဲ့သူ့ရင်ထဲက နှလုံးသားလေးတစ်ခုပဲ သိပေမည်။
နွေးလေး ရဲ့ကုတင်နဲ့ မျက်စောင်းထိုး ကုတင်မှာရှိနေသော သားသား ဆိုတဲ့ ကလေးလေးနား သို့ မိုး တို့ဆရာဝန်တစ်စုရောက်ရှိလာကြသည်။
" သားသားဒီနေ့ မျက်နှာလေး ပိုလန်းနေသလိုပဲ ..... "
" ဟုတ်ပါ့ ... မျက်နှာလေးက ပြုံးချိုနေတာပဲ ..... "
မိုးပြောလိုက်တော့ဘေးက ချယ်ရီမေ ကလဲထောက်ခံလိုက်သည်။
" ဒီနေ့သားသား အသက်ဝဝရှုလို့ရနေတယ်ဒေါက်တာ မမ .... "
" ဟုတ်လား .....မမ မနေ့က သားသားကိုဆေးလေးပြောင်းပေးထားတာ ပိုအဆင်ပြေတယ်ထင်တယ်.... ကဲ လှဲ ပါဦး မမ သားသားရဲ့ အသက်ရှုသံလေး နားထောင်ကြည့်ချင်လို့ .... "
မိုး ကသူ့ကို အသက်ရှုသံလေး နားထောင်ကြည့်ချင်တယ်လို့ပြောလိုက်တော့ ၇ နှစ်အရွယ်သားသားလေးတစ်ယောက်မျက်နှာလေးက ပြုံးစိစိဖြစ်သွားသည်။
နားကပ်လေးတပ်လိုက်ပြီး သားသားရဲ့ရင်ဘတ်ကို လိုက်စမ်းသပ်လိုက်တော့ သားသားမျက်နှာလေး ဖြီးလို့နေပါသည်။ ဒါကိုဘေးနားမှာပါလာတဲ့ မိုး ရဲ့လက်ထောက်၂ယောက်နဲ့ ဆရာဝန်လေးတွေ မြင်တော့
" ကလေးစုတ်လေး ရုပ်ကိုဖြီးနေတာပဲ .... "
"ဟိတ်ကောင်လေး .... မင်းကို ငါနားကျပ်နဲ့ စမ်းသပ်ဖူးတဲ့အချိန်ကျတော့ မျက်နှာကတစ်မျိုး အခုကျရုပ်ကတစ်မျိုး ..... "
ချယ်ရီ ကဘေးကနေတိုးတိုးလေးလှမ်းစလိုက်သလိုဇော်ဇော်ကလဲနောက်သလိုလိုပြောလိုက်သည်။ ဒါကို သားသားကတော့ ဘာမှပြန်မဖြေ ရှက်သလိုလိုနဲ့ သူ့ရဲ့နားကားကားလေးတွေ နီရဲလာသလို ပါးလေးနှစ်ဖက်ဟာလဲ ပန်းရောင်သမ်းတက်လာသည်။
မိုး သားသားကိုပြုံးကြည့်ရင်း နားကျပ်လေးပြန်ဖြုတ်လိုက်သည်။
"တော်တော်လေးကိုကောင်းနေပြီပဲ ....နောက်၁ ရက်၂ ရက်လောက်နေရင်အောက်ဆီဂျင်တောင်ဖြုတ်လို့ရလောက်ပြီ ..... "
သူပြောလိုက်တော့ သားသားပျော်သွားပုံရသည်။
" ဟုတ်လား မမဒေါက်တာ ... ကျွန်တော်အဲ့ဒါကြီးမတပ်ချင်တော့တာ ကြာပြီ .... "
"အေးပါ သားသားရယ်.... မနက်ဖြန်ဒီထက်ပိုကောင်းလာရင်မမဖြုတ်ပေးပါ့မယ်နော်..... "
" ဟုတ်ကဲ့ မမဒေါက်တာ ..... "
ပြုံးဖြီးနေသောသားသားကို အားလုံးကဝိုင်းကြည့်ပြီးသဘောကျနေကြသည်။
" သိပါမပျော်ရှာဘူး ကလေးစုတ်လေး ..... "
မိုး လိုပဲ ကလေးချစ်တတ်တဲ့ ချယ်ရီမေ ကသားသားရဲ့ခေါင်းလေးကို ပွတ်သပ်ပေးပြီးပြောလိုက်သည်။
မိုး ဂျူတီကုတ်အကျီအိပ်ကပ်ထဲက သကြားလုံးလေး တစ်လုံးကို ထုတ်ပြီး သားသားလက်ထဲထည့်ပေးလိုက်သည်။
"ရော့ ..... လက်ဆောင်.... "
မိုးပေးလိုက်တော့ဘေးနားက တစ်အုပ်စုလုံးက
" Wowww ..... သားသား ဒီနေ့ ကံတွေစွတ်ကောင်းနေတယ်ကွာ .... "
" ဟုတ်ပါ့ကွာ ဖိုး luckyလေး .... "
" ဖိုးသား အစ်ကို့ကို တစ်ဝက်ပြန်ကျွေးကွာ .... "
အားလုံးဝိုင်းစနောက်နေကြတော့ သားသား ရှက်လို့ခေါင်းလေးကိုငုံ့ကာထားသည်။ မိုး ကတော့ ထိုကလေးလေးရှက်နေတဲ့ ရုပ်ကလေးကိုကြည့်ပြီး အသည်းတွေယားနေလေရဲ့ ။
ဘေးနား မလှမ်းမကမ်းမှာရပ်နေတဲ့ လင်း ကတော့ မိုး ရဲ့အမူအရာ အပြုအမူတိုင်းကိုသာငေးမောကြည့်နေတာ အသက်ပင်ရှုဖို့ သတိရရဲ့လား မသိ ။ဘေးကသူ့သမီးလှမ်းပြောတော့မှ သတိဝင်လာလေသည်။
"မေမေ .... အဲ့သားသားဆိုတဲ့ကောင်လေးက ချစ်စရာလေးနော်... နားလေး ကားနေတာပဲ .... "
" ahh .... ဟုတ်ပါရဲ့ ... "
ဟုတ်ပါရဲ့ သာသူ့သမီးကို ပြန်ပြောလိုက်ပေမဲ့ လင်း ရဲ့အကြည့်ကတော့ မိုး ထံမှမရွှေ့သေးပေ ။
" ဟယ်... ဖွားဖွားကြီးနဲ့ဖေဖေ တို့လာကြတယ်မေမေ .... ပြည့်လေးလဲ ပါလာတယ်..... "
လင်း အဲ့ကျမှတစ်ဖက်သို့ လှည့်ကြည့်လိုက်မိသည်။
"မေမေ ..... "
ဝက်ပေါက်လေးက ထုံးစံအတိုင်း သူ့ကိုမြင်လိုက်တာနဲ့ လုံးနေအောင်ပြေးလာပြီးခြေထောက်ကို လာဖက်သည်။
လင်း သူ့သမီးလေး လပြည့်ဝန်းသော်လေးကိုပွေ့ချီလိုက်ပြီး
"ဆေးရုံမှာ ပိုးမွှားတွေနဲ့ဟာကို ဘာလို့လိုက်လာရတာလဲ သမီးရယ်... "
" မမ နဲ့မေမေ့ကို လွမ်းလို့ .... "
" ဟုတ်လား ...မေမေ နဲ့ မမကိုလွမ်းနေပြီပေါ့ ..... "
သူပြန်မေးတော့ ပြည့်လေးက သနားစရာရုပ်လေးလုပ်ပြပြီးခေါင်းလေးညိမ့်ပြလေသည်။
" ကိုယ်ကမလိုက်ခဲ့ပဲ အိမ်မှာအန်တီတင့်နဲ့ပဲနေခဲ့ဖို့ပြောတာ အဲ့တာ မင်းရဲ့သမီးလေးက လက်မခံဘူး .... အတင်းဂျီတိုက်နေတာနဲ့ခေါ်လာလိုက်တာ ...... "
တေဇာ လှမ်းပြောတော့ လင်း ဘာတစ်ခွန်းမှ ပြန်မပြောမိပါ ။တေဇာ့ဘေးနားက သူ့အမေကိုသာ လှမ်းကြည့်ပြီး
"မေမေကပါ ဘာလို့လိုက်လာတာလဲ ...အိမ်မှာပဲ နားနားနေနေနေတာမဟုတ်ဘူး .... "
"အော်နွေးလေး သက်သာရဲ့လားဆိုတာ သိချင်လို့ လိုက်လာတာပါ ..... "
လင်း ကိုပြောပြီး သူ့မြေးမလေးဘေးသို့ သွားကာ
"နွေးလေး သက်သာရဲ့လား ... ဘယ်လိုနေသေးလဲ သမီး ? "
သူ့အဖွားမေးတော့နွေးလေး ပြန်ပြုံးပြလိုက်ပြီး
" ဟုတ်သက်သာနေပါပြီ ဖွားဖွား ... သမီးကို မစိုးရိမ်နဲ့တော့နော်..... "
" မနေ့ကမြေးလေးအတွက်ဖွားဖွားတစ်ညလုံး ဘုရားစာတွေ ထိုင်ရွတ်ပေးနေတာ ..... "
" ဟုတ်လား .... ဖွားဖွားတော့ သမီးကြောင့်ပင်ပန်းသွားရပြီ .... ဖွားဖွား ဘုရားစာတွေ ရွတ်ပေးနေလို့ဖြစ်မယ်ညထဲက သမီး သက်သာပြီး အစောကြီး အိပ်ပျော်သွားတယ်ဖွားဖွားရဲ့ .... "
"တော်သေးတာပေါ့ကွယ်... "
သူ့မြေးမျက်နှာလေးကို လက်လေးနဲ့လှမ်းပွတ်သပ်လိုက်သည်။
" လူနာစောင့်၂ယောက်ပဲနေပြီး ကျန်တဲ့လူတွေ အပြင်ထွက်ပေးကြပါနော်... ဆရာဝန်မကြီး လာကြည့်မှာမို့လို့ ...."
nurse မလေးတစ်ယောက်လာပြောတော့တေဇာ လင်း လက်ထဲကသူ့သမီးငယ်ကို လှမ်းချီယူလိုက်ပြီး
" ကိုယ်နဲ့သမီးလေးပဲ ထွက်လိုက်မယ်.. "
တေဇာ ကလေးကိုချီပြီး အပြင်ဘက်သို့ ထွက်သွားလေသည်။
မိုး တို့အုပ်စုလဲနွေးလေးဘေးနားက ကုတင်ကလူနာကို စစ်ဆေးကြည့်ရှုပေးပြီး သူတို့ကုတင်ဆီသို့ရောက်လာကြသည်။
ဂျူတီကုတ်နဲ့ မိုး ကိုမြင်လိုက်တာနဲ့ လင်း ရဲ့မေမေအရမ်းကို အံ့သြသင့်သွားခဲ့သည်။
" သမီးလေးက ....... "
လင်းမေမေ ကိုမြင်တော့ မိုး ဘက်ကပဲအရင်စပြီးခေါင်းလေးငုံ့ကာ နှုတ်ဆက်လိုက်ပါသည်။
" မင်္ဂလာပါ အန်တီ .... သမီး မိုးဝသန်လွင်ပါ .... မှတ်မိသေးတယ်မဟုတ်လား ... "
" မှတ်မိတာပေါ့ကွယ်....အော်သမီးလေးတောင်ဆရာဝန်မကြီး ဖြစ်နေပြီကိုး ...... "
မိုး ကိုပြုံးပြုံးကြီးကြည့်၍မေမေ က လင်းရဲ့ဘက်သို့ပြန်လှည့်ကာ
"မေမေပြောတယ်မဟုတ်လား တစ်နေ့ကျ သမီးတပည့်ဒီလိုဖြစ်လာမှာပါလို့ .... သမီး ဆရာမကလေ သမီးကို အမြဲတမ်းသတိရနေတာ ..... အန်တီလည်း သတိရနေမိတာပါကွယ်... "
သူ့ကို သတိရနေတာလို့ လင်းမေမေဆီမှစကားကို မိုး ကြားရပြီးနောက်ပြုံးလိုက်မိသည်။
အော်... သတိရနေသေးတယ်တဲ့လား ...
ပြုံးမြဲလေးပဲ ပြုံးရင်း သူ့မမဘက်တစ်ချက်ကြည့်လိုက်တော့ လင်း ကသူ့ကို ခပ်ဖွဖွလေးပြုံးပြ၏ ။
" သမီးလဲ အဲ့တုန်းက အားချင်ထွက်သွားခဲ့ရလို့ အန်တီ့ဆီလာပြီး နှုတ်မဆက်ဖြစ်လိုက်တာပါ .... အန်တီအခု ကျန်းမာရေးလေးတော့ကောင်းတယ်မဟုတ်လား ? "
လင်းမေမေရဲ့မျက်နှာကိုသာသေချာစိုက်ကြည့်ရင်း မိုးပြောလိုက်တော့
"အေးကွယ်.....ကောင်းပါတယ်သမီးလေးရယ်.... အခုလို ပြန်တွေ့ရတာ တကယ်ဝမ်းသာပါတယ်သမီးလေးရယ်.... "
" သမီးလဲ ဝမ်းသာပါတယ်အန်တီ ... "
ပြုံးရွှင်စွာ စကားရပ်ပြောနေကြတဲ့ လင်း ရဲ့မေမေနဲ့ သူတို့ရဲ့လက်ထောက်ဌာနမှူးမမကိုဘေးနားကဆရာဝန်လေးတွေကတော့ ဒီတိုင်းလေး ရပ်ကြည့်နေမိကြသည်။
လင်း ကတော့သူ့ရဲ့ ကလေးငယ်လေးမဟုတ်တော့တဲ့ ထာဝရရင်ထဲကကလေးလေး မိုး မျက်နှာလေးကိုသာငေးကြည့်မြဲငေးကြည့်နေဆဲပေါ့ ။
နွေးလေး ရဲ့ရင်ဘတ်ပေါ်ကို မိုး နားကျပ်လေးနဲ့ လိုက်စမ်းကြည့်နေသည်။
နွေးလေး ကတော့သူ့ရင်ဘတ်က နှလုံးခုန်သံနဲ့ အသက်ရှုနှုန်းကို နားထောင်နေတဲ့မိုး ရဲ့မျက်နှာကိုသေချာစိုက်ကြည့်နေရှာသည်။
မိုး နားကျပ်လေးဖြုတ်ကာ သူ့လက်ထောက်၂ယောက်ဘက်သို့လှည့်ပြီး
"မနေ့က ကိုယ်onပေးထားတဲ့အတိုင်းပဲ ဆက်ပေးမယ်နော်..... "
" ဟုတ်ကဲ့ပါ မမ ... "
မိုးနွေးလေး မျက်နှာကို ပြန်ကြည့်ကာ ပြုံးလိုက်ပြီး
" သက်သာသွားမှာပါ .... မနက်ဖြန်ဆိုဆေးရုံရှေ့က ကွင်းထဲဆင်းပြီး မမနဲ့အတူတူ ကစားလို့တောင်ရနေလောက်ပြီ ... "
မိုး မျက်လုံးလေးတစ်ဖက်မှိတ်ပြကာနွေးလေးရဲ့ နားနားကပ်ပြီးပြောလိုက်တော့နွေးလေးက မိုး ကိုသေချာကြည့်ပြီး ရယ်လေသည်။
" အခုတောင်ဆင်းကစားလို့ရနေပြီ မမရဲ့ ....နွေး မမောတော့ဘူး .... "
" ဟာ ... အခုတော့ မလုပ်ပါနဲ့ဦးကွာ .... အခုတော့နားဦးနော်....နွေးလေး ....နောက်ဆိုနွေးလေးလို့ပဲခေါ်မယ်ဟုတ်ပြီလား .... "
" ဟုတ်ကဲ့ပါ မမ .... "
သူ့ကို သွားထက်ကလေးပေါ်အောင်ပြန်ရယ်ပြနေတဲ့ ဒုတိယလင်းဝတ်ရည်သော်လေး၏ပါးဖောင်းဖောင်းလေးကို မိုး ဖြည်းဖြည်းလေးလှမ်းဆွဲလိုက်ပြီးမှ လင်း နဲ့ လင်းမေမေဘက်သို့လှည့်ကာ
"နွေးလေးရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေကနေကျော်လွန်လာပါပြီ ... စိုးရိမ်စရာမရှိတော့ပါဘူး ဆရာမ .... "
သူ့မျက်နှာတည့်တည့်ကိုကြည့်ပြီးပြောလာတဲ့ မိုး အား လင်းခေါင်းလေးပြန်ညိတ်ပြလိုက်သည်။
" မိုး ကိုခွင့်ပြုပါဦးနော်အန်တီ .... တခြားလူနာလေးတွေ လိုက်ကြည့်လိုက်ဦးမယ်.... "
တဖန်လင်းမေမေဘက်လှည့်ပြောပြန်တော့ လင်းမေမေက ပြုံးပြုံးလေးခေါင်းညိတ်လိုက်၏။
"အေးပါ သမီးလေးရယ်.... "
ထိုနေရာမှ မိုး ထွက်သွားသည့်တိုင်လင်း နဲ့ လင်းမေမေရဲ့အကြည့်တို့ဟာ မိုး ရဲ့ကျောပြင်က မခွာ ။ တခြားလူနာတွေကို ဆက်ကြည့်၍ စမ်းသပ်စစ်ဆေးပေးနေသော မိုး အားကြည့်၍ အမေ ကလင်းဘက်သို့လှည့်ကာ
" သမီးရဲ့ တပည့်လေးကကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာပဲ ..... ဆရာဝန်ကြီးတောင်ဖြစ်နေပြီဆိုတော့တော်လိုက်တာ သမီးရယ်..... "
အမေပြောတော့ လင်း ပြုံးပြုံးလေးပဲ သူ့အမေကို ပြန်ကြည့်လိုက်ပြီး
" ဟုတ်တယ်မေမေ .... ကလေးက အရမ်းတော်တဲ့ သူတော်လေးတစ်ယောက်ပါ .... "
သမီးကသူ့ကို နာကျင်မှုတွေ တစ်ပွေ့တစ်ပိုက်ပေးခဲ့တဲ့ ကြားထဲကနေ သမီးဖြစ်စေချင်ခဲ့တဲ့ ဒီလိုဆရာဝန်ကြီးတစ်ယောက်ဖြစ်အောင်ကြိုးစားပေးခဲ့တဲ့ ကလေးလေးပါမေမေရယ်....
သမီးရဲ့ မိုးလေးက သိပ်ကိုထူးချွန်တဲ့ ကလေးလေးပါ .......
X X X X X X X X X
ဒီနေ့တစ်ညကိုတော့ သူစောင့်ပေးမယ်ပြန်နားပါလို့ လင်း ကိုတေဇာ အတင်းပြောသလိုနွေးလေး ကလဲမေမေအိမ်ပြန်နားလိုက်ပါလို့ ဆိုတာကြောင့်လင်း သူ့မေမေ သူ့သမီးလေး လပြည့်နဲ့အတူတူ အိမ်ပြန်ခဲ့ရသည်။
ညရောက်တော့ သားအမိနှစ်ယောက်ထဲ အတူတူအိပ်ကြလေသည်။ အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ သမီးငယ်လေးလပြည့်ရဲ့ခေါင်းကလေးကိုပွတ်ပေးနေမိသည်။
"မေမေ ဟိုတီကောင်နဲ့ ပျား ပုံပြင်ပြောပြ ..... "
မျက်စိလေးပေမှေးဖြင့်ခပ်တိုးတိုးတောင်းဆိုရှာတဲ့ လပြည့်လေးရဲ့တောင်းဆိုချက်ကို လင်း လိုက်လျောပေးသည့်အနေနဲ့ ဘယ်တော့မှ မရိုးနိုင်သော ပုံပြင်လေးတစ်ပုဒ်ကို ပြန်ပြောပြပေးခဲ့သည်။
" ဟိုးရှေးရှေးတုန်းကတဲ့ .... တီကောင်နဲ့ ပျားကလေးတစ်ကောင်တို့က အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့ကွယ်... "
တစ်ချိန်က သူ့ကလေးလေးသူ့ကိုပြောပြပေးခဲ့ဖူးတဲ့ ပုံပြင်လေးက သူ့သမီးလေး ၂ယောက်စလုံးအတွက်လဲ အနှစ်သက်ဆုံးပုံပြင်လေးတစ်ပုဒ်ဖြစ်ခဲ့ပါသည်။
" အဲ့လိုနဲ့ တစ်နေ့ မုန်တိုင်းတိုက်တဲ့အခါမှာ ....... "
ပုံပြင်လေးမပြီးဆုံးခင်မှာပဲ သူ့သမီးလေးအိပ်မောကျသွားလေပြီ ။ သူ့ရင်ခွင်ထဲမှာ တခေါခေါနဲ့ အိပ်ပျော်နေပြီဖြစ်တဲ့ လပြည့်ရဲ့ နဖူးစပ်လေးအား လင်း အသာလေးငုံ့နမ်းလိုက်၏ ။
တချိန်က ငါ့ရဲ့ရင်ခွင်ထဲမှာ အိပ်ပျော်ခဲ့ဖူးတဲ့ ကလေးရဲ့နဖူးလေးကိုလဲ ငါအခုလို နမ်းရှိုက်ခဲ့ဖူးတယ်နော်.... တကယ့်ကို မြတ်မြတ်နိုးနိုးနဲ့ပေါ့ .........
လပြည့်လေးရဲ့ မျက်နှာလေးကို ကြည့်နေချိန်မှာပဲ အာရုံထဲ တချိန်ကသူ့ရင်ခွင်ထဲ အိပ်စက်ခဲ့ဖူးတဲ့ ကလေး ရဲ့မျက်နှာလေးအားပြေးလို့မြင်ယောင်မိပြန်သည်။
လပြည့်လေးကစောစောစီးစီး အိပ်ပျော်သွားပေမဲ့လဲ ထိုညအတွက်တော့ လင်းတော်တော်နဲ့အိပ်မရခဲ့ပေ ။
တစ်ချိန်ကအပျိုပေါက်အရွယ်ကလေးသာသာ သာရှိပါသေးတဲ့ သူ့ရဲ့ မိုးလေး ကအခုတော့ အပျိုကြီးကိုဖြစ်လို့နေလေပြီ ။ ဒါပေမဲ့ လင်း အတွက်ကတော့ မိုး က ထာဝရကလေးလေးတစ်ယောက်ပါ ။
ကုတင်ပေါ်ကအသာဆင်းပြီး သူ့ရဲ့ဗီရိုတံခါးလေးကို ဖွင့်လိုက်၏ ။ ထို့နောက်ဗီရိုထဲက လက်တစ်တောင်မရှိတရှိ ဗူးလေးတစ်ဗူးဆွဲထုတ်ရင်း အခန်းထဲက စာကြည့်စားပွဲပေါ်သို့ တင်လိုက်၏ ။
ထိုဗူးလေးရဲ့ အဖုံးကို လှန်ဖွင့်လိုက်တော့ ....
အချိန်ကြာသွားပေမဲ့ မဟောင်းနွမ်းသေးသည့်ဆဲလ်ဖုန်းလေးတစ်လုံး ....
ယခုတိုင်တောက်ပနေသေးတဲ့ကျောက်ကလေးတွေ စီတန်းထာသည့်ကလစ်လေးတစ်ခု ....
စတီးလ်ရောင်လက်နေသေးသော အိုမီဂါနာရီလေးတစ်လုံး ....
ပြီးတော့ တစ်ချိန်က သူ့လက်ခလယ်မှာ မိုး ကိုယ်တိုင်စွပ်ပေးခဲ့တဲ့ လက်စွပ်ကလေးတစ်ကွင်းနဲ့ ဓာတ်ပုံကလေးတစ်ပုံ .....
အချိန်တွေသာပြောင်းသွားတယ်အရာရာကတော့ အခုထိသစ်လွင်နေဆဲပါ ။ လူတွေသာ အသက်ကြီးသွားကြမယ်ရင်ဘတ်ထဲက ချစ်တတ်တဲ့ နှလုံးသားတစ်ခုကတော့ ယနေ့ထက်တိုင်ချစ်သူ့မျက်နှာယမ်းယောင်မြင်မိလိုက်တာနဲ့ တဒိတ်ဒိတ်ခုန်နေဆဲပါ ။
ဒီဓာတ်ပုံလေးထဲမှာ ဆံပင်တိုလေးနဲ့ကောင်မလေးဟာ ယနေ့မှာကျောလည်လောက်အထိ ဆံနွယ်ရှည်တွေ ပြန့်ဝဲနေပြီဆိုပေမဲ့လဲ ....
အရမ်းကို ရင့်ကျက်တည်ငြိမ်သွားတဲ့ပုံပေါ်နေပေမဲ့လဲ ....
အရင်တုန်းက ငယ်ရုပ်လေးကတော့ပြောင်းလဲမသွားသေးပါ ။ မသေခင်တစ်ကြိမ်တစ်ခါလောက်လေးတွေ့ချင်မိတဲ့ ဆန္ဒလဲပြည့်ခဲ့ပြီမို့ လင်း အတိုင်းထက်အလွန်လဲ ဝမ်းသာမိပါသည်။
ဓာတ်ပုံလေးထဲက မိုး ရဲ့ပုံရိပ်လေးကို လင်း လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွတို့ထိလိုက်ရင်း
ကလေးရယ်.... တစ်ချိန်က ကလေးကိုနာကျင်မှုများစွာပေးခဲ့ဖူးတဲ့ မ ကို မနာကျည်းမိဘူးလားဟင် ?
မ ရဲ့ကလေးလေး .....
ကလေးရဲ့အပြုံးလေးတွေ မ ကိုပြန်လည်တွေ့ခွင့်ပေးခဲ့လို့ အမြဲတမ်း မ ကလေးကိုကျေးဇူးတင်နေမှာပါကွယ်....
ဝေဝါးလာတဲ့ မျက်လွှာကို လင်း ပိတ်ချလိုက်တော့ မျည်ရည်စီးကြောင်းတစ်ခုက ပါးပြင်ထက်ဝယ်ဖြစ်တည်လာပါတော့သည်။
မိုးအပေါ်ထားရှိတဲ့ လင်း ရဲ့ချစ်ခြင်းမေတ္တာတွေကတော့ သူအသက်ရှင်နေသေးသ၍ ရှင်သန်နေဦးပေလိမ့်မည်။
သူ့ကို 'မ' လို့မခေါ်တော့ပဲ 'ဆရာမ' လို့သာ သုံးနှုန်းခေါ်ဝေါ်နေတဲ့ မိုး ဟာ အခုသူ့အပေါ် ချစ်သေးလား မချစ်တော့ဘူးလားဆိုတာကိုတော့ လင်း မသိချင်တော့ပေ ။ အဓိကသူ့ကလေးလေးကို သူ့နှလုံးသားထဲက မြတ်နိုးမှုများစွာနဲ့ ချစ်ခွင့်ရနေရင်ပဲ ပြည့်စုံပြီမဟုတ်ပါလား ။
X X X X X X X X X X
ဆေးရုံကနေပြန်ရောက်လာပြီးရေမိုးချိုးကာ အဖေနဲ့အတူတူ ညစာစားပြီးတဲ့နောက်မှာတော့ မိုး ခြံထဲသို့ဆင်းက ဒန်းလေးပေါ်၌ သွားထိုင်မိလေသည်။
ည ၈ နာရီခွဲကျော်လောက်ရှိပြီမို့ဆောင်းရာသီရဲ့ အအေးဓာတ်လေးက စတင်ဝင်ရောက်နေလေပြီ ။ သို့ပေမဲ့ ဂျပန်ဆောင်းကိုတောင်အံတုခဲ့သည့်မိုး အဖို့တော့ ဒီရန်ကုန်ဆောင်းက သူ့အတွက်တော့ မဖြုံတော့ပေ ။ ချိုင်းပြတ်အကျီအပါးလေးသာဝတ်ထားပြီး အပေါ်ကနေ အင်္ကျီလက်ရှည်လည်း မထပ်ထား ။
အပေါ်ကိုမော့ကြည့်လိုက်တော့ မဟူရာရောင်ကောင်းကင်ပြင်ကြီးနဲ့အတူလိုက်ဖက်ညီစွာ လခြမ်းကွေးလေးက တွဲလောင်းခိုလျက်ရှိနေသည်။ဘေးနားမှာတော့ ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည့်ငွေမှင်ရောင်သဖွယ်ကြယ်ကလေးတွေက လင်းလက်လို့နေပါသည်။
တစ်ချက်တစ်ချက်မြောက်လေပြေအေးလေးကဝေ့တိုက်လာတဲ့အခါတိုင်း မိုး ဒန်းရဲ့နောက်မှီလေးပေါ်ခေါင်းလေးမှေးတင်ထားရင်း မျက်စိကိုမှိတ်ကာမြောက်လေညှင်းလေးအား အမိအရနမ်းရှိုက်နေမိသည်။
နှာသီးဖျားလေးအား လာရောက်ဖြတ်တိုက်ပွတ်ရှပ်သွားသည့်ဆောင်းလေပြေညှင်းကို မိုး တအားသဘောကျပါသည်။
" ဒီမှာ မအေးဘူးလား သမီးရဲ့ ? "
အနောက်က ဒက်ဒီ့ရဲ့ အသံကြောင့်မိုး မျက်လုံးလေးပြန်ဖွင့်ကြည့်လိုက်ကာနောက်သို့မှီထားတဲ့ ခါးကိုပြန်မတ်လိုက်၏ ။
" ဒက်ဒီ !!!! ရန်ကုန်ဆောင်းက သမီးအတွက်တော့အေးတယ်လို့တော့ မဟုတ်ပါဘူး ...."
သူထိုင်နေတာကိုဘေးသို့တိုးပေးလိုက်တော့ဖေဖေက သူ့ဘေးမှာဝင်ထိုင်လိုက်ကာ
" ဟုတ်တာပေါ့ သမီးက တိုကျိုဆောင်းကိုတောင်ခံစားဖူးတဲ့သူဆိုတော့ ... ရန်ကုန်ဆောင်းက ဘယ်အေးပါတော့မလဲ ..... "
အဖေက ပြုံးပြုံးလေး သူ့ကိုကြည့်ပြီးပြောလေသည်။
" ဒါပေမဲ့ မပူမအေးလေးနေလို့တော့ကောင်းတယ်ဒက်ဒီရဲ့ သမီး ရန်ကုန်ဆောင်းကို ပိုသဘောကျပါတယ်... "
အဖေ့ကို တစ်ချက်လေးပြုံးပြရင်း မိုးပြောလိုက်တော့ အဖေကသဘောကျစွာပြုံးနေပြန်သည်။
" ဒါနဲ့ ဒက်ဒီ ညဆေးတွေကောသောက်ပြီးရဲ့လား ? "
"သောက်ပြီးပါပြီ သမီးရယ်.....ဆေးမသောက်မှာတော့ မပူနဲ့သမီးရေ ... ဒက်ဒီက အသက်ရှည်ရှည်နဲ့ ဒက်ဒီ့သမီးလေးနဲ့အတူတူ အချိန်တွေအကြာကြီးနေချင်သေးတယ်အဲ့ဒါကြောင့်ဆေးကိုတော့ အချိန်မှန်ဂရုစိုက်သောက်ဖြစ်ပါတယ်.... "
" အဲ့ဒီဆေးတွေသောက်ပြီး စိတ်ချမ်းချမ်းသာသာနေနေရသ၍တော့ ဒက်ဒီဘာမှ ထပ်ဖြစ်မှာမဟုတ်ဘူးလို့ သမီးကျိန်းသေပြောရဲပါတယ်..... "
သူပြောလိုက်တော့ သူ့အဖေကဘာမှထပ်မပြာသေးပဲ သမီးဖြစ်သူရဲ့ မျက်နှာလေးကိုသာ သေသေချာချာစိုက်ကြည့်နေသည်။ ခဏလေးနေတော့
" ဒက်ဒီ့သမီးလေးမှာ ချစ်သူရည်းစားမရှိသေးဘူးလား ? "
အဖေ့ရဲ့ ရုတ်တရက်မေးခွန်းကြောင့်မိုး ပြုံးလိုက်ရပြန်သည်။
" မရှိသေးပါဘူး ဒက်ဒီရယ်။ ဘာလဲ ဒက်ဒီက သမီးကို ရည်စားထားခိုင်းစေချင်နေပြီလား ? "
သူမျက်ခုံးလေးပင့်ကာပြောတော့ သူ့အဖေ ဦးကောင်းထက်တစ်ယောက်ထရယ်လေသည်။
" ဘယ်လိုပြောရမလဲ သမီးရယ်... ဒက်ဒီလဲအခု အသက်ကမငယ်တော့ဘူးလေ ... အဲ့တော့ တခါတလေကြရင်တီတီတာတာနဲ့ ချွဲနွဲ့ပြီး နားပူနားဆာလုပ်မဲ့မြေးလေးဘာလေး လိုချင်မိသားကွယ်.... "
မိုး ဘာမှပြန်မပြောသေးပဲ တစ်ချက်လေပြုံးရင်းကောင်းကင်ကိုသာမော့ကြည့်မိလိုက်သည်။
" သမီးကို တကယ်မြတ်မြတ်နိုးနိုးချစ်နိုင်မဲ့လူတစ်ယောက်လောက်နဲ့တွေ့ဆုံမိတဲ့အခါကျရင်ဒက်ဒီ့ကို အရင်မိတ်ဆက်ပေးပါ့မယ်နော်.... "
သူပြောလိုက်တော့ အဖေကခေါင်းလေးတညိတ်ညိတ်နဲ့သာ
"ကောင်းပါပြီကွယ်.... "
သူပြောသာပြောမိတာပါ တကယ့်တကယ်တမ်းမှာတော့ မ ရဲ့နေရာကို တခြားလူတစ်ယောက်အစားထိုးပစ်လိုက်ဖို့ဆိုတာ ဘယ်လိုမှ သူ့အတွက်မဖြစ်နိုင်ပေ ။
🌧️ 🌧️ 🌧️