ညနေခင်းလေးတစ်ခုမှာ မိုး ခြံထဲဆင်းပြီး ဒန်းလေးပေါ်မှာထိုင်ရင်းဆေးပညာပိုင်းဆိုင်ရာ စာအုပ်လေးတစ်အုပ်ကို စိတ်ဝင်တစားထိုင်ဖတ်နေမိသည်။
ထိုစဉ်ခြံတံခါးပေါက်ကနေ
"ဒေါ်လေးဝင်းရေ ....ဒေါ်လေးဝင်း .... "
သိပ်မစိမ်းလွန်းတဲ့ယောကျာ်းလေးအသံတစ်သံကို မိုး ကြားလိုက်ရသဖြင့်စာအုပ်လေးကိုဘေးသို့ချပြီး ခြံတံခါးနားသို့လျှောက်သွားလိုက်သည်။
တံခါးနားရောက်တော့ မြင်တွေ့လိုက်ရသည့်သူကသူ့သူငယ်ချင်း ဇွဲ ။
အရင်ကထက်အရပ်ကြီးပိုရှည်လာပြီးဒေါင်ကြီးကလဲ ဟက်နေသည်။ အသားဖြူဖြူမျက်ခုံးကောင်းကောင်းနဲ့ သူဝတ်ဆင်ထားသည့်ရဲအရာရှိဝတ်စုံဖြင့်လိုက်ဖက်ညီလွန်းလှသည်။
" ဇွဲ ..... "
ဖွဖွလေးပြုံးပြရင်း သူ့ကိုခြံတံခါးဖွင့်ပေးနေတဲ့ မိုး အား ဇွဲ အံ့သြမှင်သက်စွာ ရပ်ကြည့်နေမိသည်။ အရင်ကချောတယ်ဆိုတာထက်ကို နှစ်ဆလောက်ပိုချောလာသလို ဆံပင်ရှည်လေးနဲ့ မိုး မှာအင်မတန်မှ ကျက်သရေရှိလှပါသည်။
ဆံပင်လေးကိုတစ်လွှာစုစည်းထားပြီး နဖူးပေါ်ဝဲကျနေတဲ့ ဆံစလေးတွေကို နားနောက်သို့ထိုးထည့်လိုက်သည့်မိုး ရဲ့အလှဟာ အခုခေတ်သုံးစကားအရနဲ့ပြောရလျှင်အင်မတန်မှ နန်းဆန်လွန်းလှပါသည်။
" ဝင်လေ ဇွဲ ? "
မိုးပြောလိုက်တော့မှ ဇွဲ မျက်တောင်တစ်ချက်ခတ်လိုက်ပြီး
"Ahhhအေးအေး ...... "
မိုးခေါ်တော့မှ ဇွဲ ခြံထဲဝင်ဖို့သတိရလိုက်သည်။
"ဒေါ်လေးဝင်း လဲမတွေ့ပါလား ? "
"ဒေါ်လေးဝင်းက အိမ်နောက်ဖေးမှာ ညစာအတွက်ချက်ပြုတ်နေတယ်.... "
"အော်... ဦးလေးကတော့ အလုပ်ကပြန်မရောက်သေးဘူး မဟုတ်လား ? "
"အေး ဟုတ်တယ်..... "
" ဦးလေးရော ကျန်းမာရေးအခြေအနေဘယ်လိုနေလဲ ? ဟိုတလောကနေသိပ်မကောင်းဘူးလို့သတင်းကြားပင်မဲ့ ငါလဲ အလုပ်တစ်ဖက်နဲ့မို့ လာပြီးသတင်းမမေးဖြစ်ခဲ့ဘူး .... "
" ဟုတ်တယ်ဒက်ဒီအခုတလော သိပ်နေမကောင်းဘူးဟ ... အသည်းရောဂါဖြစ်နေတယ်... ငါလဲ အဲ့အကြောင်းကြောင့်ပဲ ဒီပြန်လာဖြစ်တာ ... နင့်ကို ဇာလီတင့်ဘာမှ မပြောဘူးလား ? "
"ပြောတယ်ဟ .... သူပြောလို့ ငါသိတာလေ .... "
"အော်... လာလေ အိမ်ထဲဝင်.... "
မိုး အိမ်ထဲဝင်ထိုင်ဖို့ခေါ်ပေမဲ့ ဇွဲခေါင်းခါလိုက်ပြီး ခြံထဲမှာရှိတဲ့ ခုံတန်းလေးကိုသာ ညွှန်ပြရင်း
" အပြင်မှာပဲ ထိုင်ကြရအောင်ဟာ ....အပြင်မှာလေလေးတိုက်တော့ ပိုကောင်းတယ်.... ငါလဲ အလုပ်ကတန်းလာရတာဆိုတော့ချွေးနံ့က ထထောင်ထောင်နဲ့ကွာ .... "
ဇွဲ ရယ်ရယ်မောမောပြောရင်း ဒန်းရှေ့က ခုံတန်းရှည်လေးမှာ ဝင်ထိုင်လိုက်သည်။ မိုး ကတော့ ဒန်းလေးပေါ်ပဲထိုင်ချလိုက်ရင်း
" ဇာလီတင့်ကတောင်ပြောတယ်နင်ရဲအုပ်ဖြစ်မှ သူ့ဆီကိုတောင်ရောက်မလာတော့ဘူးတဲ့ .... "
"အေးဟုတ်တယ်ဟ ... ငါလဲ ရဲအုပ်ဖြစ်မှ တာဝန်ကပိုကြီးလာတယ်... ပြီးတော့ ငါကိုင်ရတဲ့ဘက်က မူးယစ်ဆေးဘက်လိုင်းဆိုတော့ ပိုဆိုးတာပေါ့ ..... အခုခေတ်က နင်သိတဲ့အတိုင်းပဲလေဆေးတွေကနေရာတိုင်းမှာ ဖမ်းဆီးရမိနေတာဆိုတော့ .... "
ဇွဲပြောတော့ မိုးခေါင်းလေးညိမ့်လိုက်ရင်း
" အင်းပေါ့ .... "
" ဒါနဲ့ နင်ကော ဒီမှာ ဘာဆက်လုပ်မယ်စိတ်ကူးထားလဲ ? "
" ငါ့အဖေသူငယ်ချင်းရဲ့ဆေးရုံမှာပဲ အလုပ်ပြန်ဝင်ဖြစ်မယ်.... သဘက်ခါဆိုရင်အလုပ်စဆင်းပေးရမယ်လေ .... "
"အော်အေး.... ကောင်းတာပေါ့ဟ .... "
" အင်း .... "
၂ယောက်သားပြောစရာကားမရှိကြတော့တဲ့ပုံနှယ်ခဏတာ တိတ်ဆိတ်နေကြသည်။ ဇွဲ လဲ မိုး ကိုရယ်ပြရင်းပြောစရာ စကားရှာနေပုံရသည်။ မိုး ကတော့ ဇွဲ ကို တစ်ချက်ကလေးပဲ ပြုံးတယ်ဆိုရုံ ပြုံးပြလိုက်သည်။
" နင်တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်ဒီလိုမျိုး ဆရာဝန်ကြီးတစ်ယောက်ဖြစ်လာလိ်မ့်မယ်ဆိုတာ ငါကြိုသိနေတယ်.... "
" ဘယ်လို ကြိုသိလဲ ??? နင်ထင်ထားသလို မဖြစ်တာမျိုးလဲ ရှိလာနိုင်တာပဲလေ ... "
သူပြောတော့ ဇွဲ ရယ်လိုက်ပြီး
" ဟင့်အင်း .... နင်ကသူများနဲ့ မတူဘူး..... အရမ်းကို စိတ်ဓာတ်ခိုင်မာတဲ့ လူလေ ..... "
ဇွဲ စကားကြောင့်မိုး ဟက်ခနဲရယ်လိုက်ရင်း
" စိတ်ဓာတ်ခိုင်မာတဲ့လူ ? ဟုတ်လို့လား ဇွဲ ရယ်..... ငါက အတိတ်မှာ အကြိမ်ကြိမ်ကျရှုံးခဲ့ပြီးပျော့ညံ့ခဲ့တဲ့ လူတစ်ယောက်ပါဟာ ... "
ဇွဲ ပြုံးပြုံးလေးနဲ့ခေါင်းကိုခါယမ်းလိုက်ပြီး
" အတိတ်က အတိတ်ပဲ သူငယ်ချင်း .... နင်အခုလိုနေရာမှာရပ်တည်နေနိုင်တာကိုက နင့်စိတ်ဓာတ်ခိုင်မာနေလို့ပဲလေ ... လူဆိုတာ အတိတ်ကိုကြည့်ပြီး မသုံးသပ်ရဘူးဟ .... လက်ရှိကိုပဲကြည့်ပြီး သုံးသပ်ရမှာ .... "
ဒီတစ်ခေါက်ဇွဲ ရဲ့စကားကိုတော့ မိုး သဘောကျမိသလိုလိုရှိတာမို့ခေါင်းလေးတစ်ချက်နှစ်ချက်ညိမ့်လိုက်လေသည်။
" နင်...........ကျောင်းဘက်ကိုကောရောက်ဖြစ်သေးလား ? "
ဇွဲမေးတော့ မိုး ချက်ချင်းပြန်မဖြေသေးပဲသူနဲ့မျက်စောင်းထိုးမှာ ရှိနေတဲ့ နှင်းဆီပင်ကြီးကိုငေးကြည့်နေမိသည်။
" သွားချင်ပေမဲ့ မသွားဖြစ်သေးပါဘူးဟာ .... သူ နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အခါကျရင်ငါဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိသေးဘူး ဇွဲ ရယ်.... "
မိုး ရဲ့စကားကို ဇွဲ တိတ်တဆိတ်ပဲ ထိုင်နားထောင်နေမိသည်။
" တီချယ်မြတ်ကတော့ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ချင်းပြည်နယ်ဘက်မှာအလယ်တန်းကျောင်းအုပ်ရာထူးကျလို့ပြောင်းရွှေ့သွားတယ်..... တီချယ်လင်းကတော့ အခုထိ ငါတို့ကျောင်းမှာပဲရှိနေသေးတယ်... "
"အော်တီချယ်မြတ်တောင်နယ်ပြောင်းသွားပြီတဲ့လား .... "
ဘာမှ သူမပြောမိသေးခင်မှာပဲ မိုး ကပြုံးပြီးထပ်ပြောသည်။
" လွန်ခဲ့တဲ့ ၁၃ နှစ်လောက်တုန်းက ငါဂျပန်ကိုမသွားခင်တီချယ်မြတ်ကို တစ်ခုမှာခဲ့ဖူးတယ်..... 'မ´ ကိုစောင့်ရှောက်ပေးပါလို့လေ ......... "
စကားတစ်ခွန်းပြောပြီး မိုး နှင်းဆီပင်ကြီးကိုသာငေးကြည့်နေမိပြန်သည်။
"အေးပေါ့လေ ... မ လဲသူ့သမီးလေး ၂ယောက်နဲ့သူ့မိသားစုလေးနဲ့ပျော်ရွှင်နေပြီမို့ တီချယ်မြတ်လဲ စိတ်ချလက်ချထားခဲ့ပြီးမှ ထွက်သွားတာဖြစ်မယ်........... "
ပန်းပင်ကိုပဲငေးကြည့်ရင်း စကားတစ်ခွန်းပြောလိုက်ရပ်လိုက်လုပ်နေသည့်မိုး ရဲ့မျက်နှာကို ဇွဲ ဒီတိုင်းလေးပဲ ကြည့်နေမိသည်။
" မ ရဲ့သမီးလေး နှစ်ယောက်က အရမ်းချစ်ဖို့ကောင်းတာပဲနော်.... 'မ´ နဲ့ တစ်ရုပ်ထဲပဲ .... "
ဒီတစ်ခါမှာတော့ ဇွဲ မျက်လုံးပြူးသွားပြီး အံ့သြသွားကာ
" ဟမ်! နင်တီချယ်လင်းနဲ့တွေ့ပြီးပြီလား ? "
" ငါပြန်လာတဲ့နေ့ကလေဆိပ်မှာတွေ့ခဲ့တာပါ ....မထင်မှတ်ပဲအဝေးကနေပဲ လှမ်းမြင်လိုက်တာလေ ..... သူ့သမီးလေးနှစ်ယောက်နဲ့ မပျော်ရွှင်နေတာ မြင်လိုက်ရတော့ ငါတကယ်ဝမ်းသာပါတယ်ဟာ ..... "
ပြောရင်း လွမ်းဆွတ်ခြင်းကြေကွဲခြင်း တို့တစ်ပွေ့တစ်ပိုက်ပါဝင်နေတဲ့ မိုး ရဲ့အသံနေအသံထားနဲ့ မျက်ဝန်းအိမ်လေးကို ဇွဲငေးမောကြည့်ရင်း
အော်မိုး ရယ်.... ငါဟာအခုထက်ထိ နင့်အတွက်ဘာမှ မလုပ်ပေးနိုင်သေးတဲ့သူပါဟာ ......
X X X X X X X X X X
" သမီးလေး ဘယ်သွားမလို့လဲ ? "
အိမ်ပေါ်ကနေ အဝတ်အစားလဲပြီးဆင်းလာတဲ့ မိုး ကိုမြင်ပြီးဒေါ်လေးဝင်းက လှမ်းမေးသည်။
" အပြင်ခဏသွားမလို့ပါဒေါ်လေးဝင်း ... ဒီနေ့နေ့လည်စာကို သမီးအပြင်မှာပဲ စားဖြစ်မှာမို့ သမီးကိုစောင့်ပြီး မစားပါနဲ့နော်.... "
"အေးပါကွယ်...... "
နေ့လည်နေကအတော်လေးပူတာမို့ မိုး လက်ထဲကိုင်ထားတဲ့ခေါက်ထီးလေးကို ဖွင့်ဆောင်းလိုက်သည်။ အိမ်မှာကားတစ်စီးရှိနေပေမဲ့ မိုး ဘာလို့ကားဖြင့်မသွားတာလဲလို့မေးလျှင်ဖြေစရာအဖြေ ၂ ခုရှိပါသည်။ တစ်ခုကတော့ ဒီနိုင်ငံက ကားမောင်းလိုင်စင်လုပ်ထားဆဲမို့ဖြစ်သည်။နောက်တစ်ခုကတော့ သူဒီနေ့ Bus ကားလျှောက်ပတ်စီးချင်လို့ပဲ ဖြစ်ပါသည်။
သူတို့လမ်းထိပ်လေးက Bus ကားဂိတ်လေးသို့ မိုး ဖြည်းဖြည်းချင်းပဲလျှောက်လာခဲ့သည်။
ဟော .. တစ်ချိန်က သူ့မမကို လိုက်ပို့ပေးနေကျ Bus ကားဂိတ်လေးကို မိုး လှမ်းမြင်လိုက်ရပါပြီ ။ ကားဂိတ်လေးမှာ ကားစောင့်စီးမဲ့လူတွေအတွက်အမိုးအကာနဲ့ အုတ်ခုံလေးတောင်မှ လုပ်ပေးထားပေးတာမို့ အရင်ကထက်တောင်ပိုတိုးတက်လာပြီလုိ့ပဲ ဆိုရပေမည်။
မှတ်တိုင်နားက ဆိုင်းပုဒ်လေးမှာကပ်ထားသည့်ကားနံပါတ်တွေထဲကမှ သူလိုရာခရီးကိုသွားနိုင်မည့်ကားနံပါတ်ကို မိုး ရှာလိုက်သည်။နောက်ဆုံးတော့ သူရှာတွေ့သွား၏ ။
" okay ......တွေ့ပြီ ...."
ကားနံပါတ်ကို သူမှတ်ထားလိုက်ပြီး ထိုကားအလာကို မိုး ကားဂိတ်၌ ထိုင်စောင့်နေလိုက်သည်။ သိပ်မကြာလိုက်သူစောင့်နေတဲ့ ကားနံပါတ်ရောက်လာပြီမို့ မိုး ကားပေါ်သို့တက်လိုက်လေသည်။
တစ်ဦးလျှင်၂၀၀ ကျပ်ဆိုသည့်စာတန်းလေးမြင်တော့ သူပိုက်ဆံအိတ်လေးထုတ်လိုက်၏ ။ သို့ပေမဲ့ ၂၀၀ တန်ကတစ်ရွက်မှ ပါမလာ ။ ၁သောင်းတန်တွေကြားမှာညှပ်နေသည့်၁၀၀၀ တန်လေးတစ်ရွက်ကို မိုး မြင်လိုက်တော့ပျော်သွားသည်။
သူပုံးထဲကို တစ်ထောင်တန်ထည့်လိုက်တာ ဒါရိုက်ဘာက လှမ်းမြင်တော့
" တစ်ယောက်ထဲလား ? "
" ဟုတ်ကဲ့ .... "
" အဲ့ဒါဆို အနောက်ကတက်လာတဲ့လူတွေစီက ၂၀၀ တန်၄ ရွက်ပြန်ယူလိုက်နော်.... "
"အော်ဟုတ်ကဲ့ ...... "
ကားသမားပြောတဲ့အတိုင်း မိုး သူ့နောက်မှ ထပ်တက်လာတဲ့ ၃ယောက်စီမှ ၂၀၀ တန်လေး ၃ ရွက်ယူလိုက်၏ ။
ကားလဲထွက်ပြီမို့ ၂၀၀လောက်ကိုတော့စောင့်ယူမနေတော့ပါဘူးဟု မိုးတွေးလိုက်ပြီး ကားအနောက်ပိုင်းက လွတ်နေတဲ့ ခုံလေးတစ်နေရာမှာ မိုး ဝင်ထိုင်လိုက်သည်။
နေ့လည်ပိုင်းမို့လို့လားတော့မသိ ကားက ဟိုးအရင်သူနဲ့သူ့မမတို့ စီးခဲ့ဖူးတဲ့ကားလောက်ညှပ်ပိတ်သိပ်မနေပါ ။ မတ်တပ်ရပ်နေတဲ့လူတောင်သိပ်မရှိလှ ။ ထို့အပြင်air con ကားဖြစ်တာမို့ ရန်ကုန်မြို့လဲတော်တော်လေး တိုးတက်လာပြီပဲလို့ မိုး စိတ်ထဲမှရေရွတ်လိုက်၏ ။ တစ်ဆက်ထဲမှာပဲ ဟိုးအရင်ကသာ ဒီလိုကားမျိုးရှိရင်မတော်တော်လေးကို အဆင်ပြေခဲ့မှာ ... ပူပြင်းတဲ့ဒဏ်ကို မခံစားရတော့ဘူးပေါ့ လို့လည်းတွေးမိပါသေးသည်။
တစ်မှတ်တိုင်နှစ်မှတ်တိုင်လောက်စီးပြီးတဲ့နောက်မှာတော့ရှေ့ကဒါရိုက်ဘာက မိုက်ကလေးကိုင်ပြီးပြောသည်။
"ကျောပိုးအိတ်တွေ လွယ်အိတ်တွေရှေ့မှာထားလွယ်ပေးကြပါ ... ပိုက်ဆံအိတ်တွေနဲ့ ဖုန်းတွေကိုလဲ လက်ထဲကိုင်ထားကြပြီး ခါးပိုက်နှိုက်သတိထားကြပါ ..... "
ဒါရိုက်ဘာရဲ့ သတိပေးစကားကိုကြားမိပြီး မိုး သဘောကျမိပါသည်။ ခါးပိုက်နှိုက်အန္တရာယ်ကပါ လွတ်ကင်းဖို့ သတိပေးတယ်ဆိုတော့ ခရီးသည်ဝန်ဆောင်မှု မဆိုးလှဘူးပေါ့ လို့တွေးရင်း သူ့ဘောင်းဘီအိတ်ထဲက ဖုန်းလေးကိုတောင်လက်ထဲ ကိုင်ထားလိုက်သေးသည်။ ဝယ်ထားတာ သိပ်မကြာသေးတဲ့ သူ့ဖုန်းလေးကိုတော့ ခါးပိုက်နှိုက်ကို မလှူချင်သေးတာကြောင့်ဖြစ်သည်။
Bus ကားစီးရတာ ပထမဆုံးအကြိမ်မဟုတ်တော့ပေမဲ့လဲ ပထမဆုံးစီးခဲ့ရတုန်းကလောက်တော့ မိုး ရင်မခုန်တော့သလိုပျော်လဲ မပျော်တော့ပါ ။ အကြောင်းကတော့ သူ့မမ သူ့ဘေးနားမှာ မရှိတော့တာကြောင့်ဖြစ်၏ ။
သူဆင်းရဖို့ ၄ မှတ်တိုင်လောက်အလိုလောက်ကျမှ ကားပေါ်မှာဖွင့်ထားတဲ့ သီချင်းလေးတစ်ပုဒ်ရဲ့စာသားလေးတွေက သူ့ခံစားချက်နဲ့ တိုက်ဆိုင်သလိုလိုရှိတာမို့သေချာလိုက်နားထောင်နေမိသည်။
{ အဆင်မပြေလို့ ဖြစ်ဖြစ်....
မပျော်လို့ ဖြစ်ဖြစ်....
ဘာပဲဖြစ်ဖြစ်ပါ ....
နင်သတိရတဲ့အချိန်ငါ့ဆီပြန်လာပါ ....
အပျော်သဘော ဖြစ်ဖြစ်....
ဘယ်လိုပဲ ဖြစ်ဖြစ်....
ငါလက်ခံပြီးသား ....
နင်သတိရတဲ့အချိန်ငါဆီပြန်လာပါ ...
တကယ်လို့များ နင်သတိရမိတဲ့အခါ ...
ငါဆိုတာ ရှိတယ်မမေ့နဲ့ ....
ငါဆိုတာ ရှိတယ်မင်းအတွက်...
မင်းအတွက်တော့ ဘာမှမဟုတ်တဲ့ အမှိုက်တစ်စလေးပါ လိုရင်ယူသုံးလှည့်...
မင်းအတွက်တော့ အနှောက်အယှက်ဖြစ်မယ်စိတ်ထိခိုက်မယ်ဆိုရင်နင်မချစ်နဲ့ ....
မချစ်နဲ့ ...
ငါ့ကိုနင်မချစ်နဲ့ .... }
သီချင်းလေးက အဆိုတော်ဝိုင်းလေးရဲ့ 'ဘာပဲဖြစ်ဖြစ်´ ဆိုတဲ့သီချင်းလေး ဖြစ်ပေမဲ့ မိုး ကတော့ ထိုသီချင်းလေးအား ဘယ်သူဆိုထားတယ်ဆိုတာတောင်မသိပေ ။
သီချင်းလေးကို နားထောင်နေရင်း မိုး သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်မိပါသည်။ တကယ့်လို့များ 'မ´ သာ သူ့ကိုပြန်လိုအပ်ခဲ့မယ်ဆိုပါက သူ မ ဆီပြန်သွားဦးမှာလားပေါ့ ။
အင်းပေါ့ .... မ သာလိုအပ်ခဲ့မယ်ဆိုရင်မိုး မ အတွက်အမြဲအချိန်တိုင်း အဆင်သင့်ရှိနေပေးဦးမှာပါ ......
အမြဲ ....
ထာဝရ ....
မိုး ဟာ မ တစ်ယောက်ထဲအတွက်ပါ .....
X X X X X X X X X
မိုး သူဆင်းချင်သည့်မှတ်တိုင်ရောက်တော့ ဘဲလ်ခလုတ်လေး နှိပ်ပြီးဆင်းလိုက်သည်။ ထို့နောက်ကားမှတ်တိုင်ဘေးနားလေးက လမ်းလေးတစ်ခုထဲသို့ သူဝင်လာခဲ့သည်။
ထိုလမ်းလေးကတော့ ဟိုးအရင်သူ့မမလက်မထပ်ခင်တုန်းကသူ့အမေနဲ့ နှစ်ယောက်တည်းအတူတူနေခဲ့ကြတဲ့ အိမ်ဟောင်းလေးရှိရာလမ်းကလေး ။
ဟိုတစ်ချိန်က ထိုလမ်းလေးထဲမှာ အများစုဟာ တဲလေးတွေ ပျဉ်ထောင်အိမ်လေးတွေသာဖြစ်ခဲ့ကြပေမဲ့ အခုအခါမှာတော့ လုံးချင်းတိုက်အိမ်ကလေးတွေနဲ့ ကန်ထရိ်ုက်တိုက်အိမ်လေးတွေအဖြစ်ပြောင်းလဲသွားကြလေပြီ ။
အော်ဒီရပ်ကွက်လေးတောင်မှတော်တော်ပြောင်းလဲသွားပြီပဲ .....
ခြံကလေး တစ်ခြံရှေ့ရောက်တဲ့အခါမှာတော့ မိုး ရဲ့ခြေလှမ်းတွေ ရပ်တံ့လို့သွားပါသည်။
တစ်ချိန်က ပျဉ်ထောင်အိမ်အမည်းကလေးဟာ ယခုအခါမှာတော့ ၂ ထပ်တိုက်အိမ်လေးတစ်လုံးအဖြစ်ပြောင်းလဲသွားခဲ့ပြီ ။ ထို့နောက်ဟိုးအရင်က သူရဲ့မမထဘီရင်လျားလေးနဲ့ရေချိုးခဲ့သည့်ကျောက်စည်ကြီး ၂ ခုရှိသည့်နေရာလေးဟာ အခုတော့ ကားရပ်စရာ ကားပါကင်လေးတစ်ခု ဖြစ်လို့နေပါပြီ ။ ကြည့်ရတာ မ တို့ထိုခြံကလေးကို တစ်ခြားလူထံရောင်းချပစ်ခဲ့တာ ကြာပြီထင်ပါရဲ့ ။
နှမြောဖို့ကောင်းလိုက်တာ မ နဲ့အတူတူနေခဲ့ဖူးတဲ့ အိမ်ဟောင်းလေးကို တစ်ခေါက်လောက်ကလေးပဲဖြစ်ဖြစ်မြင်ချင်သေးတာ ..... အခုတော့ ........
" ဟင်း ...... "
မိုး သက်ပြင်းရှည်လေးတစ်ချက်ချရင်း လာရာလမ်းကလေးအတိုင်း လှည့်ပြန်ခဲ့ပါတော့သည်။
အရာရာ မတည်မြဲပါဘူးလေ .... တစ်သမတ်ထဲ ပုံသေရှိနေမဲ့အရာဆိုတာ မရှိသလောက်ရှားပါတယ်........
X X X X X X X X X
မှန်တင်ခုံရှေ့မှာထိုင်ပြီး ဆံထုံးလေးထုံးနေတဲ့ လင်း ရဲ့အနောက်သို့တေဇာရောက်လာသည်။
ပြီးတော့ကြယ်ပွင့်ပုံစံ စိန်လေးတစ်လုံးမြုပ်ထားတဲ့လော့ကတ်သီးလေးပါသည့်ရွှေဆွဲကြိုးလေးတစ်ကုံးကို လင်း ရဲ့လှပကျော့ရှင်းလှတဲ့ လည်တိုင်ဖွေးဖွေးလေးပေါ်၌ ဆွဲပေးလိုက်လေသည်။
" သဘောကျရဲ့လား ဝတ်ရည်? "
တေဇာမေးလိုက်တော့ လင်းခေါင်းလေးတစ်ချက်ညိမ့်လိုက်သည်။ သို့ပေမဲ့ သူ့အတွက်ကတော့ ဒီပစ္စည်းဥစ္စာတွေဟာ သူ့ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ခဲ့ပေ ။
ရုတ်တရက်တေဇာ ကမှန်တင်ခုံရှေ့ထိုင်နေတဲ့ သူရဲ့နှုတ်ခမ်းဖျားလေးကို ငုံပြီးတစ်ချက်နမ်းလိုက်တော့ သူ့ကိုယ်လုံးလေးဇတ်ခနဲ တွန့်သွားသည်။ ထို့အပြင်ခေါင်းလေးကိုလဲ မသိမသာ တစ်ဖက်သို့လှည့်လိုက်တာမို့တေဇာ မျက်မှောင်ကြုတ်လိုက်ပြီး
" ဝတ်ရည်နဲ့ကိုယ်လက်ထပ်ထားတာ ၁၃ နှစ်ကျော်ခဲ့ပြီ ..... ဝတ်ရည်ကတော့ ကိုယ့်အပေါ် အရင်ကအတိုင်းပဲ ... ကိုယ်မင်းကို မြတ်နိုးလွန်းလို့ နမ်းတိုင်း မင်း ကိုယ့်ကိုအေးတိအေးစက်ပြန်တုံ့ပြန်တယ်... အခုနောက်ပိုင်းတော့ ပိုပိုလို့တောင်ဆိုးလာတယ်... အမြဲရှောင်ဖယ်ဖယ်သွားတယ်...... "
သူ့ကို မကျေမနပ်ဖြစ်နေသည့်လေသံနဲ့တေဇာပြောတော့ လင်း ကတည်တည်ငြိမ်ငြိမ်နဲ့ပဲ
" အကို .... လင်း တို့က အိမ်ထောင်သည်တွေဆိုပေမဲ့ အခု လင်း တို့မှာ သမီးလေးနှစ်ယောက်တောင်ရှိနေပြီ ... ကလေးတွေမြင်သွားကြရင်ဘယ်လိုလုပ်မလဲ .... သူတို့လေးတွေအတွက်အတုယူမမှားစေချင်လို့ပါ ..... "
လင်းပြောတော့တေဇာ ရိသက်သက်တစ်ချက်ပြုံးကာ
" အဖေနဲ့ အမေ ချစ်လို့နမ်းကြတာပဲကွာ ... ကလေးတွေမြင်တော့ကော ဆန်းသလား ??? "
" ဒါပေမဲ့ အကိုရယ်..... "
"တော်ပြီကွာ ....ပြောမနေနဲ့တော့ .... ကိုယ်ကားပေါ်ကစောင့်နေမယ်... ဒီနေ့ကျောင်းကို ကိုယ်တိုင်လိုက်ပို့ပေးမယ်.... "
တေဇာပြောချင်တာပြောပြီး အခန်းထဲကထွက်သွားတော့ လင်း အခန်းထဲမှာ တစ်ယောက်ထဲ ကျန်ခဲ့လေသည်။ မှန်ထဲမှာပေါ်နေတဲ့ သူ့ပုံစံကို သူပြန်ကြည့်လိုက်ရင်း သက်ပြင်းရှည်တစ်ချက်ကို ချလိုက်မိသည်။
ကျောင်းရှေ့အထိတေဇာ လင်း ကိုလိုက်ပို့ပေးပြီးသောအခါ
"နေ့လည်ကျရင်လဲ သမီးကြီးကိုကျောင်းလိုက်ပို့ပေးရင်း အပြန်စောင့်နေပေးမယ်....နေ့လည်စာကို ကိုယ်တို့နှစ်ယောက်အတူတူ အပြင်မှာ စားကြတာပေါ့ ...... "
" ဟုတ်ကဲ့ ..... "
လင်းခေါင်းလေးညိမ့်ပြီး ကားပေါ်ကဆင်းမယ်လုပ်တော့
" ကိုယ့်ကိုစိတ်ဆိုးနေတာလား ? "
တေဇာမေးလိုက်တဲ့မေးခွန်းကို လင်း ပြုံုးပြုံးလေးဖြင့်တစ်ခွန်းသာပြန်ပြောလိုက်သည်။
" လင်း မှာစိတ်ဆိုးပိုင်ခွင့်ကော ရှိလို့လား အကို ? "
လင်းပြောတော့တေဇာ ပါးစပ်ပိတ်သွားပြီး ဘာမှထပ်မပြောနိုင်တော့ ။ လင်း လဲကားပေါ်မှ ဆင်းသွားပြီးကျောင်းဝန်းဂိတ်ပေါက်ဆီသို့လျှောက်လာခဲ့လိုက်သည်။
ဟုတ်ပါတယ်... လင်း ရဲ့ဘဝဟာ အိမ်ထောင်ရှင်မဖြစ်ပြီးကတည်းက သူ့ကိုယ်သူ မပိုင်တော့တာ ကြာခဲ့ပြီပဲ ။ သွားရင်လဲ သွားပြန်ပြီ ။ စားရင်လဲ စားပြန်သည်။ ဟိုမလွှတ်ဒီမလွှတ်နဲ့ ။ မတတ်နိုင်တဲ့ တပည့်ကျောင်းသူကျောင်းသားလေးတွေ ကျူရှင်ပြပေးမယ်ဆိုပြန်လဲ မပြခိုင်းပြန်။ ဟိုလူနဲ့စကားပြောပြန်ရင်လဲပြောလို့နဲ့ လင်း အပေါ်ဆိုတေဇာ မှာတအားကို ချုပ်ကိုင်လွန်းသည်။ အရမ်းချုပ်ချယ်လွန်းခဲ့တော့ တခါတခါ လင်းတော်တော်လေးစိတ်ပင်ပန်းရသည်။ အဲ့ဒါကြောင့်သူ့ယောကျာ်းသဘောင်္တက်နေပြီး သူ့သမီးလေး ၂ယောက်ဖြင့်သာပျော်ပျော်ရွှင်ရွှင်နေရသည့်အချိန်မျိုးကို လင်း ပိုနှစ်သက်မိပါသည်။
X X X X X X X X X
ကားကိုကျောင်းရှေ့ထိုးရပ်လိုက်ပြီးတေဇာ သူ့သမီးနွေးလေးရဲ့ခါးမှ ခါးပတ်ကိုဖြုတ်ပေးလိုက်သည်။
" သမီး ....ကျောင်းမှာ မတည့်တာတွေလျှောက်မစားရဘူးနော်.... "
" ဟုတ်ကဲ့ပါဖေဖေ .... သမီးနဲ့ မတည့်တာဆို သမီးမစားပါဘူး .... "
" လိမ္မာလိုက်တဲ့ဖေဖေ့သမီးလေး ... "
တေဇာ ကလေးရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်ပြီး
"ကျောင်းထဲဝင်တော့မှာလား သမီး ? "
"စောသေးတယ်ဖေဖေရဲ့။ မနက်ပိုင်း အတန်းကြီးသမားတွေတောင်မဆင်းကြသေးဘူး။ မေမေ့ကိုစောင့်ဦးမယ်လေ။ မေမေ့ကိုနှုတ်ဆက်ပြီးမှကျောင်းထဲဝင်မယ် ဖေဖေ .... "
" အင်းပါသမီးရယ်.... ဒါဆိုလဲဖေဖေတို့ အတူတူစောင့်ကြတာပေါ့ .... "
တေဇာသူ့သမီးလေးကို ရယ်ပြီးပြောလိုက်တော့ သူ့သမီးနွေးလေး ကလဲပြန်ရယ်ပြ၏ ။
ခဏအကြာမှာတော့တေဇာ မြင်ကွင်းတစ်ခုကို လှမ်းမြင်လိုက်ရပြီး သူ့မျက်နှာအပြုံးတို့ ရုတ်ချည်းပျောက်ကွယ်သွားကာ ချက်ချင်းခတ်ထန်တဲ့ဘက်သို့ရောက်ရှိသွားသည်။
ကျောင်းဝန်းထဲမှ လင်း အတန်းတူဆရာတစ်ယောက်နဲ့ စကားတပြောပြောဖြင့်ထွက်လာသည်။ ကံဆိုးချင်တော့ကျောင်းဂိတ်ပေါက်နားက သစ်ပင်ကြီးတစ်ပင်အောက်ကအဖြတ်အပေါ်ကပါချလိုက်တဲ့ ဌက်ချီးဟာ လင်းခေါင်းပေါ်တည့်တည့်သို့ လာကျပါတော့သည်။
" ဘုတ်.... "
" အို့ ! ဘာတွေပါလိမ့်.... "
လင်း လက်နဲ့ခေါင်းပေါ်စမ်းလိုက်တော့ ပျစ်ချွဲချွဲအရည်တစ်ချို့ ။ဘေးက ဆရာကမြင်တော့
" ဟာ မလင်းဝတ်ရည်တော့ ထီပေါက်မယ်ထင်တယ်ဗျာ .....ခေါင်းပေါ်ဌက်ချီးပါချခံရပြီဗျို့ ... "
အစအနောက်သန်သည့်ဆရာတင့်ဇော်ထူး ကရယ်ရယ်မောမောပြောလိုက်တော့ လင်း နှာခေါင်းလေးရှုံ့လိုက်မိသည်။
" ဟယ်.... ဌက်ချီးတွေလား .... "
လင်း စိတ်ပျက်လက်ပျက်နဲ့ လက်ကိုင်အိတ်အတွင်းက လက်ကိုင်ပုဝါကို ထုတ်မယ်ကြံတုန်း ဆရာတင့်ဇော်ထူးက သူ့အိတ်ကပ်ထဲ တစ်သျူထုတ်ကို ထုတ်ပြီး သုံးလေးရွက်အမြန်ဆွဲထုတ်ကာ လင်းခေါင်းပေါ်က ဌက်ချီးတွေကို ဖယ်ရှားပေးလေသည်။
" အို ရပါတယ်ဆရာ။ လင်း ဘာသာသုတ်လိုက်ပါ့မယ်.... "
ကျောင်းဝန်းထဲဆိုတော့ အမြင်မတော်ပဲ သူများပြောစရာဖြစ်မှာဆိုးလို့ လင်း အားနာနာနဲ့ပြောလိုက်ပြီး သူ့လက်ကိုင်ပုဝါလေးနဲ့ပဲ ဆက်သုတ်လိုက်သည်။
" ဒီနေ့မထိုးဖြစ်ရင်တော့ မနက်ဖြန်ထီထိုးပစ်အောင်ထိုးဗျ ....ပေါက်ရင်လဲ ကျွန်တော့ကို မမေ့နဲ့ဗျို့ .... "
သူ့ရှေ့က ခပ်သုတ်သုတ်မသွားခင်စဖြစ်အောင်စသွားသေးသည့်ပျော်ပျော်နေတတ်သူကျောင်းဆရာလူပျိုကြီးကိုကြည့်ပြီး လင်း ရယ်လိုက်မိသည်။
ထိုမြင်ကွင်းကိုတေဇာ မြင်တော့ဒေါသထောင်းခနဲထွက်သွားပြီး
"တောက်! ဒီမိန်းမတော့ကွာ .... "
ကားတံခါးကို ဝုန်းခနဲတွန်းဖွင့်လိုက်တော့ဘေးနားကနွေးလေးခမျာတော်တော်လေးလန့်သွားသည်။
"ဖေဖေ .... "
ဒေါသထွက်နေတဲ့ သူ့ဖေဖေကိုနွေးကြောက်ပေမဲ့လဲ သူ့မေမေကို တခုခုလုပ်လိုက်မှာ ပိုစိုးရိမ်မိတာကြောင့်နွေးလေး ကားပေါ်မှ ကပျာကယာဆင်းလိုက်လာသည်။
ကျောင်းဂိတ်ပေါက်ဝကနေထွက်လာတဲ့ သူ့ဆီသို့ကိုတေဇာခြေလှမ်းကျဲကျဲများဖြင့်လှမ်းလာတာမြင်တော့ လင်း အံ့သြသွားသည်။
" အကို ....... "
" မင်း ဘာစောက်စကားမှ မပြောနဲ့ ... "
မျက်ထောက်နီကြီးနဲ့ကြည့်ပြီး သူ့လက်ကို တလကြမ်းလာဆွဲတဲ့တေဇာ့နောက်သုိ့ လင်း ပါသွားသည်။
" အကို ဘာဖြစ်လာတာလဲ .... "
သူမေးတာတေဇာ ပြန်မဖြေ ။ ကားဘေးသို့ဆွဲခေါ်လာပြီးဆောင့်တွန်းလိုက်တော့ လင်းကျောပြင်နဲ့ကားတံခါးထိမိပြီးကျောအောင့်သွား၏ ။
"ဖေဖေမေမေ့ကို ဘာမှမလုပ်ပါနဲ့နော်.... "
နွေးလေး ကကြားကဝင်ပြောတော့
" သမီးကျောင်းထဲဝင်တော့ .... "
တေဇာပြောလိုက်ပေမဲ့နွေးလေးက သူ့အမေကိုသာ ဖက်ထားပြီး မျက်ရည်လေးတွေကျနေသည်။
လင်း ချက်ချင်းသူ့သမီးပါးပြင်က မျက်ရည်စတွေကို ဖယ်ရှားလိုက်ပြီး
"မေမေတို့ ဘာမှမဖြစ်ပါဘူး နွေးလေးရယ်။ မငိုနဲ့နော်...တော်ကြာ နှလုံးအောင့်ဦးမယ်.... "
"ဖေဖေမေမေ့ကို စိတ်မဆိုးပါနဲ့နော်... "
နွေးလေး သူ့ဖေဖေကိုမေမေ့ကိုယ်စား အသနားခံတဲ့အကြည့်လေးတွေနဲ့ ထပ်ပြောလိုက်တော့
"နွေးနေခြည်....ဖေဖေ သမီးကိုကျောင်းထဲဝင်တော့လို့ပြောနေတယ်လေ .... "
တေဇာ သူ့သမီးကို အသံမာမာနဲ့ပြောလိုက်တာမို့ လင်းဒေါသထွက်သွားပြီး
"တော်တော့ အကို .... လင်း သမီးကိုကျောင်းထဲလိုက်ပို့ပေးပြီး ပြန်လာမယ်...ကားပေါ်ကပဲစောင့်နေပါ ..... "
လင်း သူ့သမီးလေးလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပေးပြီးကျောင်းထဲသို့ခေါ်သွားပေးခဲ့သည်။
" မငိုနဲ့နော်သမီးလေး တိတ်တော့ .... သနပ်ခါးလှလှလေး လိမ်းလာတာ ပျက်ကုန်ပါ့မယ်.... "
စိန်ပန်းပင်ကြီးအောက်၌ သူ့သမီးလေးပါးပြင်မှ မျက်ရည်စတို့ကို လင်း တစ်သျူးစလေးနဲ့သုတ်ပေးနေသည်။ သမီးရဲ့မျက်ရည်တစ်စက်က မိခင်ဖြစ်တဲ့ သူ့အတွက်ပူလောင်စေပေမဲ့ လင်း ဟန်ဆောင်ကာ သူ့သမီးလေးကို ပြုံးပြလိုက်ပြီး
" သမီးဖေဖေ ဘာကိုစိတ်ဆိုးနေမှန်းမေမေ မသိပေမဲ့ .... ပြန်အဆင်ပြေသွားမှာပါ သမီးရဲ့ .... သိတယ်မဟုတ်လား သမီးဖေဖေ ဦးစိတ်တိုကြီးအကြောင်း .... သူစိတ်တိုတုန်းခဏပါပဲ .... "
သူရယ်ရယ်မောမောနဲ့ချော့ပြောလိုက်တော့ သမီးက သူ့မျက်နှာကို ငိုမဲ့မဲ့လေးနဲ့ကြည့်ပြီး
"စောနကကျောင်းပေါက်ဝနားမှာမေမေ့ဘေးနားကဆရာတင့်ဇော်ထွန်း ကမေမေ့ခေါင်းကို ကိုင်လိုက်တာမြင်ပြီးဖေဖေစိတ်ဆိုးသွားတာပါ .... "
"အော်အဲ့ဒါလား ... အဲ့ဒါမေမေ့ခေါင်းပေါ် ဌက်ချီးပါချတာကို ဆရာက အမြင်မတော်လို့ လှမ်းသုတ်ပေးတာပါ ..... သမီးဖေဖေကိုမေမေ ရှင်းပြလိုက်ရင်ဖေဖေစိတ်ဆိုးပြေသွားပါလိမ့်မယ်..... "
သူပြုံးပြုံးလေးပြောလိုက်ပေမဲ့နွေးလေးကတော့ သူ့ကိုစိတ်ပူတဲ့ မျက်ဝန်းလေးတွေနဲ့ ကြည့်နေတုန်းပဲ ။
" သမီး ငယ်ငယ်တုန်းကလိုမျိုး ....မေမေ့ကိုဖေဖေရိုက်မှာ စိုးရိမ်လို့ပါမေမေ ..... "
အော်သမီးလေးရယ်...မေမေ့အတွက်စိုးရိမ်တာတဲ့လားကွယ်....
လင်း ရင်ထဲစို့တက်သွားပြီး သမီးလေးကိုသူ့ရင်ခွင်ထဲ ထည့်ထားလိုက်ကာခေါင်းလေးကိုပွတ်ပေးနေမိသည်။
စောစောကတေဇာကျောင်းနားမှာ သူ့အပေါ်ပြုမှုသွားတဲ့ အပြုအမှုတွေကို လင်း ရှက်မနေနိုင်သေးပါ ။
သူ့အတွက်အရှက်သိက္ခာထက်သူ့သမီးလေး မနာကျင်ရဖို့က အရေးပိုကြီးတယ်လေ ။
ရင်ခွင်ထဲက သူ့သမီးလေးကို လင်း ငုံ့ကြည့်လိုက်ပြီး
" သမီး နှလုံးအောင့်နေသေးလားဟင်? "
" မအောင့်ပါဘူးမေမေ ..... "
" အောင့်တဲ့အခါသောက်ဖို့ဆေးကောပါရဲ့လား ? "
" ဟုတ်ကဲ့ဆေးဗူးပါလာပါတယ် မေမေ .... "
" တခုခုဖြစ်ရင်မေမေ့ဆီလှမ်းဆက်ဖို့ ဖုန်းကောပါလား ? "
စိတ်ပူပြီး တခုပြီးတစ်ခုမေးနေတဲ့ သူ့မေမေကို စိတ်မပူစေရန်နွေး ပြုံးပြလိုက်ပြီး
" ပါလာပါတယ်မေမေ .... သမီးအတွက်စိတ်မပူပါနဲ့နော်။ သမီးအဆောင်ထဲ ဝင်တော့မယ်နော်...မေမေလဲဖေဖေ့ဆီပြန်သွားပါတော့။ တော်ကြာ ကြာနေလို့ဖေဖေမေမေ့ကို ပိုပြီးစိတ်ဆိုးနေလိမ့်မယ် .... "
အရွယ်နဲ့မလိုက်အောင်ရင့်ကျက်လွန်းတဲ့ သူ့သမီးလေးကို လင်း ကြည့်ပြီး မျက်ရည်စများပင်ဝဲတက်လာမိသည်။
" အင်းပါ သမီးရယ်..... ကဲ သွား ... အဆောင်ထဲဝင်တော့ အပြင်မှာနေပူတယ်။ နွေးလေး အထဲဝင်တာကြည့်ပြီးမှမေမေပြန်မယ်... ဟုတ်ပြီလား .... "
သူ့သမီးရှေ့ မျက်ရည်မကျမိအောင်ထိန်းရင်း လင်း အလှဆုံးပြုံးပြလိုက်ပြီး သမီးလေး နဖူးကို နမ်းရှိုက်လိုက်၏ ။
" ဟုတ်ကဲ့မေမေ .... ဒါဆို သမီးအထဲဝင်တော့မယ်နော်။ တာတာ့မေမေ .... "
အထဲမဝင်ခင်သူ့ကိုပြုံးပြုံးလေး လက်ပြကာ နှုတ်ဆက်နေတဲ့ သမီးကို လင်း လက်လေးပြန်ပြလိုက်ရင်း ရယ်ပြလိုက်သည်။
" တာတာ့ ..... "
သမီးလေး သူ့အခန်းထဲအထိ ဝင်သွားတာကိုကြည့်ပြီးမှ လင်းလေးလံတဲ့ခြေလှမ်းတို့ဖြင့်ကားရှိရာဆီ ပြန်လျှောက်လာမိသည်။ သူကားနားပြန်ရောက်လာတော့တေဇာက ကားတံခါးဝုန်းခနဲဆွဲဖွင့်လိုက်ကာ
" တက်..... "
လင်း ကားပေါ်တက်လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်ပြီးသည်နှင့်
"တော်တော်စောက်ဆင့်မရှိတဲ့ မိန်းမ ... မင်းက ငါနဲ့ငါ့သမီးရှေ့မှာတောင်တခြားကောင်နဲ့ လူမြင်ကွင်းမှာ လာပလူးပြနေတယ်.... "
တေဇာ့ ပါးစပ်ကထွက်ကျလာသော ရိုင်းစိုင်းပြီး အပေါစားဆန်တဲ့ စကားလုံးတို့ကြောင့်လင်းဒေါသထောင်းခနဲထွက်သွား၏ ။
" ကိုတေဇာ .... ရှင်မဟုတ်တာတွေလျှောက်မစွပ်စွဲပါနဲ့ .... ဒီအတိုင်း ကျွန်မခေါင်းပေါ် ဌက်ချေးကျလာလို့ ဆရာကတစ်သျူးနဲ့သုတ်ပေးတာ.... "
" သုတ်တာ မင်းမှာလက်မပါဘူးလားပြောစမ်း ... မင်းမှာ လက်မပါလို့လား .... "
မျက်ထောက်နီကြီးနဲ့ အံ့ကြိတ်ပြီး သူ့ကိုဝါးစားလုဆဲဆဲ ကြည့်နေတဲ့တေဇာ့ အကြည့်တွေကို လင်း ပြန်စိုက်ကြည့်ကာ
" မမြင်မတော်မှန်း ကျွန်မသိလို့ ကိုယ့်ဘာသာပဲ ကိုယ်ဆက်သုတ်နေတာကျတော့ကော ရှင်မမြင်တော့ဘူးလား ကိုတေဇာ ? "
" မမြင်ဘူး ... ငါမြင်တာ မင်း အဲ့ကောင်ရှေ့ ပြုံးဖြီးပြနေတာပဲမြင်တယ်.....ပြောစမ်းပါဦး မင်း အဲ့ကောင်နဲ့စဖြစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ ? ငါသဘောင်္တက်နေကတည်းကလား ?ပြောစမ်း လင်းဝတ်ရည်သော်.... "
တေဇာ လင်း ရဲ့လက်မောင်းနှစ်ဖက်ကို ဖျစ်ညှစ်ထားရင်း လှုပ်ခါလိုက်တော့ လင်း အင်အားရှိသမျှပြန်ရုန်းပြီး လက်ကိုအတင်းပုတ်ချလိုက်ကာ
" ရှင့်စကားတွေ အရမ်းလွန်နေပြီ ကိုတေဇာ .... ရှင်ပြောတာတွေက ကျွန်မသိက္ခာ ကျွန်မရဲ့မာနကို အရမ်းထိခိုက်လွန်းနေပြီ .... "
လင်းပြောရင်း မျက်ရည်တွေ တစ်ပေါက်ပေါက်ကျလာပါတော့သည်။ အခုကျလာတဲ့မျက်ရည်တွေကတော့ အရှက်တရား ဂုဏ်သိက္ခာနဲ့ မာနကိုအထိခိုက်ခံလိုက်ရတာကြောင့်ကျလာတဲ့ မျက်ရည်တွေပဲဖြစ်လေသည်။
X X X X X X X X X
နေ့လည်အိမ်ပြန်ရောက်ကြတော့ လင်း သူ့ယောကျာ်းတေဇာ နဲ့မျက်နှာချင်းကို မဆိုင်တော့ပါ ။ သူ့ဘာသာကျောင်းကပါလာသည့်အလုပ်များကို ဧည့်ခန်းက စားပွဲမှာထိုင်လုပ်နေသည်။
တေဇာ ကတော့အိမ်နောက်က ထမင်းစားခန်းမှာထိုင်ရင်း
" အန်တီတင့်.... သူ့ကိုသွားခေါ်လိုက်ပါ ထမင်းစားကြမယ်လို့ .... "
" ဟုတ်ကဲ့ ..... "
တေဇာ့ အသံကမပျော့ပျောင်းပဲ မာကျောနေတာမို့ အန်တီတင့်အိမ်ရှေ့သို့ခပ်သုတ်သုတ်ထွက်လာပြီး လင်း ကိုလာခေါ်သည်။
" လင်းရေ ...မောင်တေဇာ ကထမင်းစားရအောင်ခေါ်နေတယ်... "
လင်း အန်တီတင့်ကို တစ်ချက်မော့ကြည့်လိုက်ပြီး ညင်ညင်သာသာလေးပဲ ပြန်ပြောလိုက်သည်။
" လင်း မဆာသေးဘူးလို့ပဲ ပြောပေးပါ အန်တီတင့်... "
လင်းပြောလိုက်တော့ အန်တီတင့်က လင်း ရဲ့အနားကပ်ကာ ခပ်တိုးတိုးလေးမေး၏ ။
" လမ်းမှာ တခုခုများဖြစ်လာကြတာလားကွယ်? "
" မဖြစ်ပါဘူး အန်တီတင့်... လင်း တကယ်မဆာသေးလို့ပါ ..... "
"အေးပါကွယ်..... "
ထိုစဉ်တီဗီစင်ဘေး၌ တင်ထားသည့်ကြိုးဖုန်းသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ ဒီအချိန်ကြီးဖုန်းလာတယ်ဆိုကတည်းကကျောင်းမှာနွေးလေးတစ်ခုခုများဖြစ်ပြီထင်တယ်ဆိုသည့်စိတ်ဖြင့်လင်း စိုးရိမ်စိတ်တို့လွှမ်းခြုံသွား၏ ။
အန်တီတင့်ကအရင်ကိုင်လိုက်မယ်လုပ်တော့ လင်း အမြန်ထလိုက်ပြီး
"နေနေ အန်တီတင့်လင်း ကိုင်မယ်.... "
မြည်နေတဲ့ဖုန်းသံရပ်သွားအောင်လင်း အမြန်ပြေးကိုင်လိုက်ပြီး
" ဟုတ်ကဲ့ အမိန့်ရှိပါရှင်..... "
" ရှင်!!!! သမီးလေး အမောဖောက်လို့ ????? "
အထိတ်တလန့်ဖြစ်သွားတာမို့ လင်း ရဲ့အသံကျယ်သွားသည်။ အနောက်ကတေဇာ လဲကြားလိုက်ပြီး ထမင်းစားပွဲမှထကာအိမ်ရှေ့သို့ထွက်လာသည်။ ပြီးတော့ ဖုန်းသံကြားပြီး လင်း ရဲ့မေမေလဲ အိပ်ခန်းထဲကနေထွက်လာ၏ ။
" ဟုတ်~~ ဟုတ်ကဲ့ မမ ~~~ လင်း တို့အခုလာခဲ့ပါမယ်...... "
စိုးရိမ်စိတ်တို့ လွန်ကဲပြီး လင်း အသံတွေတုန်ယင်လာသလို လက်တွေပင်တုန်နေသည်။
" သမီးနွေးလေးနေမကောင်းဘူးတဲ့လား ? "
အမေမေးတော့ လင်းခေါင်းညိမ့်လိုက်ပြီး
" ဟုတ်တယ်မေမေ ...နွေးလေး အမောဖောက်နေလို့တဲ့ ..... "
" ဟင်! ဒါဆို မြန်မြန်လိုက်သွားကြပါဦးကွယ်..... "
လင်း အိပ်ခန်းထဲသို့ပြေးဝင်ပြီး ကားသော့နဲ့ ပိုက်ဆံအိတ်ကို အမြန်ကောက်ဆွဲ၍ အပြင်ပြန်ထွက်လာခဲ့သည်။
ပြီးတော့ သူ့အမေကို တစ်ချက်ကြည့်ကာ
"မေမေ စိတ်အရမ်းမပူပါနဲ့ .... သမီးလေးဆေးရုံရောက်ရင်သက်သာသွားမှာပါ ...... "
ရုတ်တရက်တေဇာ လင်းရဲ့လက်ထဲမှ ကားသော့ကို ဇတ်ခနဲ လှမ်းဆွဲလိုက်ပြီး
" ကား ကိုကိုယ်ပဲမောင်းမယ်.... "
သူ့မိန်းမကိုပြောပြီး အန်တီတင့်ဘက်လှည့်ကာ
"ဒေါ်ဒေါ့် အနားမှာပဲနေပေးပါ အန်တီတင့်..... "
လင်းမေမေပါစိတ်ပူပြီး တခုခုဖြစ်မှာဆိုးလို့တေဇာ မှာခဲ့တော့ အန်တီတင့်ခေါင်းညိမ့်လိုက်ပြီး
" မမကြီးအတွက်စိတ်ချပါကွယ်.... "
" အမေ့ကို စိတ်မပူကြပါနဲ့ .... မြန်မြန်လေးသာ သွားကြပါ .... "
" ဟုတ်ကဲ့ .... လာ ဝတ်ရည်သွားမယ်..... "
တုန်ယင်နေတဲ့ လင်း လက်ကိုတေဇာလှမ်းဆွဲလိုက်လေသည်။
သူတို့ကျောင်းကိုရောက်တော့ ကလေးကတော်တော်လေးကို ထင်ထားတာထက်အခြေအနေပိုဆိုးနေ၏။ အသက်ရှုကျပ်ကာ မျက်နှာနဲ့ လက်သည်းခွံတွေတောင်မှ ပြာချင်သလိုလိုဖြစ်နေတာမို့နွေးလေးကိုပြနေကျဆေးရုံသို့အားချင်းခေါ်ချလာရပါတော့သည်။
ဆေးရုံသို့ရောက်တော့ဆေးရုံဝန်ထမ်းတွေကနွေးလေးကိုအရေးပေါ်ဌာနသို့တန်းပြီးထည့်လိုက်၏။ ဌာနမှာ တာဝန်ကျတဲ့ ဆရာဝန်ပေါက်စလေးတစ်ယောက်အရင်ရောက်လာပြီးနွေးလေး ရဲ့အခြေအနေတွေကို လာကြည့်သည်။ လင်း ကုတင်ပေါ်က သူ့သမီးလေးကို မျက်ရည်အဝိုင်းသားနဲ့ကြည့်နေပြီး သူ့လက်သည်းလေးတွေကို သွားနဲ့တထောက်ထောက်ကိုက်နေ၏ ။ ဒါ လင်း အရမ်းစိတ်လှုပ်ရှားနေချိန်တိုင်း ဖြစ်တတ်တဲ့ အပြုအမူတစ်ခုပဲ မဟုတ်ပါလား ။ ဒါကိုတေဇာ သိတော့ဘေးကနေ သူ့မ်ိန်းမ ပုခုံးလေးကို လှမ်းကိုင်ထားလိုက်သည်။
" လူနာက အရင်တုန်းကကော ဒီလိုဖြစ်ဖူးလား ? "
" ဟုတ်ကဲ့ ၃ ကြိမ်လောက်ဖြစ်ဖူးပါတယ်... ဒါလေးကြိမ်မြောက်ပါ။ ကျွန်မတို့ ဒီကနှလုံးဌာကဆရာဝန်မကြီးဒေါ်သူဇာခိုင်နဲ့လာလာပြနေကျပါ ...... "
တာဝန်ကျ ဆရာဝန်လေးမေးလိုက်တော့ လင်း အလျင်အမြန်ပြန်ဖြေလိုက်သည်။
" အာ ..... ဆရာမကြီး သူဇာခိုင်ရဲ့ Patient လား ... "
ဆရာဝန်လေးရေရွတ်လိုက်ရင်း သူ့ဘေးက nurse မလေးတွေကို လှမ်းပြောလိုက်သည်။
" နှလုံးဌာနကို အကြောင်းကြားလိုက်ပါ ... ဒီမှာ ဆရာမကြီးရဲ့ patient တစ်ယောက်Heart attack ဖြစ်ပြီးရောက်လာတယ်လို့ .... "
" ဟုတ်ကဲ့ ဆရာ ..... "
nurse မလေးတစ်ယောက်ပြေးထွက်သွားပြီးတဲ့နောက်တာဝန်ကျဆရာဝန်လေးကနွေလေး ရဲ့လက်ညှိုးလေးကိုနှုလုံးခုန်နှုန်းတိုင်းတဲ့စက်ကလေးကောက်တပ်လိုက်ပြီး pressure တိုင်းပေးနေသည်။
" ဆရာ ... ဆရာမကြီးဒေါ်သူဇာခိုင်မရှိဘူး ပြန်သွားပြီတဲ့ .. ဒါပေမဲ့ အခုနှလုံးဌာနမှာရှိနေတဲ့ လက်ထောက်ဌာနမှူးဆင်းလာပြီပြောတယ်.... "
"အေးအေး ..... လူနာကိုအောက်ဆီဂျင်ပေးဖို့ပြင်..... "
ဆရာဝန်လေးပြောနေတဲ့အချိန်မှာပဲ
" တီ တီ တီ .... တီ .............. "
နွေးလေး ရဲ့နှလုံးခုန်နှုန်းတွေ ရပ်တံ့သွားပြီဆိုတဲ့ အကြောင်းစက်က အသိပေးသံထွက်ပေါ်လာသည်။ လင်း ထိုအသံကိုကြားပြီး အရမ်းကိုထိတ်လန့်သွားကာ
" သမီးနွေးလေး ..... "
ခြေရင်းမှာ ရပ်နေရင်းက သမီးဘေးနားအတင်းသွားမယ်လုပ်တော့တေဇာ ကလှမ်းဆွဲထားရ၏ ။
ဆရာဝန်လေးလဲ အရေးပေါ်အသက်ကယ်ဆယ်ဖို့ ပြင်ဆင်တော့သည်။နွေးလေးရဲ့ ရင်ဘက်ကို လက်နဲ့ ဖိကာဖိကာဖြင့်နှလုံးခုန်လာအောင်လုပ်ပေးနေသလိုဘေးက nurse မလေးတစ်ယောက်ကလဲပါးစပ်အတွင်းသို့လေမှုတ်သွင်းသည့်ကိရိယာကို တပ်ဆင်လိုက်သည်။
" 1 .. 2 .. 3 ... 1 .. 2 .. 3 ... "
ထိုသို့ အရေးပေါ်ကုသပေးနေချိန်တွင်စောစောက nurse မလေးသွားခေါ်လာသည့်နှလုံးဌာနမှ လက်ထောက်ဌာနမှူးဆိုသည့်ဂျူတီကုတ်ဖြင့်ဆရာဝန်မလေးတစ်ယောက်ရောက်လာလေသည်။
ထိုဆရာဝန်မလေးကတော့ တခြားလူမဟုတ်တစ်ချိန်က လင်း ရဲ့ကလေးလေးဖြစ်ခဲ့ဖူးတဲ့ မိုးဝဿန်လွင်ပင်။
🌧️ 🌧️ 🌧️