လေယာဉ်ပေါ်ကဆင်းလိုက်တာနဲ့ တိုက်ခတ်လာတဲ့ဆောင်းလေပြေသွေးလေးအား အမိအရနမ်းရှိုက်လိုက်ပါသည်။
သူရပ်ထားတဲ့မြေကြီးကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး
'မ' ရှိနေတဲ့ဒီမြေပေါ်မှာ မိုးနောက်တစ်ကြိမ်ပြန်ပြီးခြေချရပြန်ပြီ .....
လက်ကိုင်အိတ်လေးကိုဆွဲပြီးလေးလံတဲ့ခြေလှမ်းတို့ဖြင့်လေဆိပ်ထဲသို့ရောက်ရှိခဲ့လေပြီ ။လေဆိပ်အဆောက်အဦးအပေါ်ထပ်မှ ဆင်းလာပြီး ပစ္စည်းရွေးရမဲ့နေရာသို့ တန်းသွားခဲ့သည်။ ပြီးတော့သူ့ laggageလေးကိုရွေးပြီး အပြင်ထွက်သွားလိုက်၏ ။
မိုး မျက်စိလျင်လျင်ကစားပြီး တစ်စုံတစ်ယောက်ကိုရှာနေမိသည်။
" မိုးဝသန်..... "
ဝမ်းသာအားရနဲ့ သူ့နာမည်ကိုအော်ခေါ်လိုက်တဲ့သူထံသို့ မိုး ကြည့်လိုက်မိသည်။
ငယ်ငယ်က ဆံပင်ရှည်ရှည်ပြည့်ပြည့်ဖြိုးဖြိုးလေးနဲ့ ညိုချောလေးဖြစ်တဲ့ ဇာလီတင့်မှာ ဆံပင်ကဂုတ်ဝဲသာသာပဲ ရှိတော့ပြီး အလုပ်တွေပိနေလို့လားတော့ မသိ လူကအရင်ကတစ်ဝက်လောက်သာကျန်တော့သည်။ သို့ပေမဲ့ အရင်ကထက်တော့ သူ့သူငယ်ချင်းပိုချောလာပါသည်လို့ မိုး ထင်မြင်မိ၏ ။
မိုး ထွက်ပေါက်ကိုကျော်လွန်လာတော့ ဇာလီတင့်ကသူ့အား ဝမ်းသာအားရပြေးဖက်လေသည်။ ပြီးတော့သူ့ကိုမော့ကြည့်ကာ
" မိုးဝဿန်လွင်ရယ်... နင်အရပ်ကြီးရှည်လာလိုက်တာဟယ်။ ပြီးတော့ အရင်ကထက်အများကြီးပိုချောလာတယ်သိလား အဟိ .... "
ဖြီးစပ်စပ်နဲ့ပြောနေတဲ့ ဇာလီတင့်ကိုကြည့်ပြီး မိုး တစ်ချက်လေးပြုံးလိုက်မိသည်။
" နင်လဲ အခုမှ slim bodyလေးဖြစ်ပြီး အရင်ကထက်ပိုချောလာတယ်.... "
"အောင်မယ်တကယ်လား ဟဲဟဲ .... "
" အင်း တကယ်.... ဒါနဲ့ ဇွဲကော ? "
" အဲ့ကောင်က ဒီနေ့အရေးကြီးအစည်းအဝေးတက်ရမှာမို့လို့တဲ့ မလိုက်လာဖြစ်ဘူးဟ .... ဒါပေမဲ့ နင့်ကိုသိပ်သတိရပြီးသိပ်တွေ့ချင်နေတယ်ဆိုတဲ့ အကြောင်းတွေ ငါ့ကို သံတော်ဦးတင်ခိုင်းလေရဲ့...... မနက်ဖြန်မနက်လောက်တော့ နင့်အိမ်ကိုလာခဲ့မယ်တဲ့လေ.... "
" သူကအခုအဆောင်မှာနေတာမဟုတ်လား .... "
"အေး အလုပ်ကပေးတဲ့ အိမ်ယာပေါ့ဟာ .... သူကလူပျိုဆိုတော့ အရာရှိ လူပျိုတွေစုနေရတဲ့ အိ်မ်ပေါ့ .... "
"အော်..... "
"ပေးပေး နင့်အိတ်ငါဆွဲပေးမယ်... "
" ဟာ ရပါတယ်ဟယ်... "
"ပေးစမ်းပါဟာ..... "
ဇာလီတင့်က သူတားတဲ့ကြားက laggage ကိုအတင်းယူဆွဲပေးလေသည်။
" ဒါနဲ့ နင့်အိမ်ကကော လာကြိုခိုင်းထားသေးလား ? "
ဇာလီမေးတော့ မိုးခေါင်းခါလိုက်ရင်း
" ဟင့်အင်း .... ငါ Daddy ကိုနင်လာကြိုပေးမယ်ဆိုတဲ့အကြောင်းပြောထားတယ်.... "
"အော်အေးပါတော်ကြာနေ လာကြိုရင်လွဲနေမှာဆိုးလို့ ... လာ အပြင်မှာ ငါ့ကားပါလာတယ်.... ပါကင်မှာရပ်ထားတယ်.... "
"အော်အေးအေး .... "
သူတို့နှစ်ယောက်စကားလေးတွေပြောရင်းလေဆိပ်ထွက်ပေါက်ဘက်သို့ ဖြည်းဖြည်းချင်းလျှောက်လာခဲ့ကြသည်။
သို့ပေမဲ့ တစ်နေရာရောက်တော့ မိုး တစ်စုံတစ်ယောက်ကို ဖြတ်ခနဲလှမ်းတွေ့လိုက်ရသဖြင့်ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။
လုံးဝကိုဖြတ်ခနဲတွေ့လိုက်ရတယ်ဆိုပေမဲ့ ထိုလူဟာ ဘယ်သူဆိုတာ မိုး သိလိုက်တာမို့ဘေးက ဇာလီတင့်ကိုတောင်ဘာမှပြန်ပြောချိန်မရပဲ ထိုတစ်စုံတစ်ဦးနောက်သို့ပြေးလိုက်ခဲ့ပါတော့သည်။
" ဟဲ့ မိုး .... ဘယ်လဲ ... ဟဲ့ .... "
အနောက်က ဇာလီလှမ်းခေါ်နေပေမဲ့ သူ့အာရုံနဲ့သူဖြစ်နေတာမို့ မိုး ကြားနိုင်စွမ်းမရှိတော့ ။
လေဆိပ်ထဲမှာ လူရှုပ်တာမို့ သူ့ရှေ့ကလူကို မျက်ခြေမပြတ်သွားအောင်သေချာပြူးပြဲကြည့်ရင်း လူတွေကိုဝင်မတိုက်မိအောင်လဲတော်တော်လေးဂရုစိုက်ခဲ့ရသည်။
လေဆိပ်ထဲကကော်ဖီဆိုင်လေးတစ်ဆိုင်ရဲ့ရှေ့ရောက်တော့ သူအသည်းအသန်ပြေးလိုက်နေရသော လူကရပ်တံ့သွားသည်။
ထိုလူကတော့ အခြားလူမဟုတ်သူတစ်ချိန်ကကော ယခုကော ရင်နင့်အောင်ချစ်မြတ်နိုးရပါသော 'မ' ။
မ ရဲ့ဘေးနားမှာ မ နဲ့ရုပ်ချင်းဆင်တူလွန်းပါသော အလယ်တန်းကျောင်းသူအရွယ်လောက်သာ ရှိသေးသည့်ကလေးမလေးတစ်ယောက်ရပ်နေသည်။ ပြီးတော့ကျန်တစ်ဖက်မှာလဲ ၅ နှစ်အရွယ်လောက်သာရှိဦးမဲ့ ဖြူဖြူဖွေးဖွေးဝဝကစ်ကစ်ကလေးလေးတစ်ယောက်။ မ ကထိုကလေးလေးကိုပွေ့ချီလိုက်ပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်ရယ်မောလို့ပါ ။
အော်.... မ ရယ်...... တကယ်ဟိုးအရင်ကအတိုင်းပဲ ဘာမှမပြောင်းလဲပဲ လှမြဲလှနေတုန်းပါပဲလား .....
အဝါရောင်ဇာပါးအကျီင်္လးကိုဝတ်ဆင်ထားကာ ဆံပင်လေးကိုကျောလည်မှာစုစည်းထားသည့်မ ရဲ့အလှမှာ မိုး ရဲ့ရင်ခုန်သံတွေကို ပိုမိုမြန်ဆန်စေသည်။
လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကျော်ကအတိုင်း မ မိုး ရဲ့နှလုံးသားကို ဆုပ်ကိုင်နိုင်နေတုန်းပါပဲလား ....
ကလေး ၂ယောက်ဟာ ဇာလီတင့်တခါပြောဖူးသည့်မ ရဲ့ သမီးလေး ၂ယောက်ဖြစ်မည်ဟု မိုးတွေးလိုက်မိသည်။
သူ့သမီး ၂ယောက်နဲ့အတူ ကြည်နူးပြုံးရွှင်နေတဲ့ မ ကိုကြည့်ပြီး မိုးပါ လိုက်ကြည်နူးပြီးငေးကြည့်ရင်း ပြုံးပျော်နေမိပါသည်။ ကြည်နူးလွန်းလို့ထင်ပါရဲ့ မိုး မျက်ဝန်းအိမ်နှစ်ခုစလုံးထဲမှာ မျက်ရည်စများကဝဲတက်လာသည်။
မ အခုလိုပျော်ရွှင်နေတာကို မိုး မြင်လိုက်ရလို့ တကယ့်ကိုဝမ်းသာမိပါတယ်မ ရယ်.....
၁၃ နှစ်လောက်ကိုယ်အရမ်းလွမ်းနေခဲ့ရတဲ့ လူတစ်ဦးကို သိပ်ကိုတွေ့ချင်နေပါတယ်ဆိုတဲ့အချိန်မှာတွေ့ခွင့်ရလိုက်ပါက ဖြစ်ပေါ်လာတဲ့ ရင်ထဲက ဝမ်းသာမှုပျော်ရွှင်မှု ကြည်နူးမှုတွေကို ဘယ်လိုစကားလုံးနဲ့တောင်ထုတ်ဖော်ပြောဆိုလို့ ရမလဲမသိပါ ။
ပျော်ရွှင်တယ်ဆိုတာထက်ပိုပါသည်။ ကြည်နူးတယ်ဆိုတာထက်လဲ ပိုပြီး ဝမ်းသာတယ်ဆိုတာထက်လဲ ပိုပါလိမ့်မည်။ အဲ့ဒါကို အချစ်စစ်လို့ သတ်မှတ်လို့ရမည်လို့ မိုး ထင်ပါသည်။
ကိုယ်သိပ်ချစ်တဲ့လူကို အခုလိုမျိုးလေး မလှမ်းမကမ်းလေးကနေ ပြုံးပြုံးကလေးရပ်ကြည့်ခွင့်ရရုံနဲ့တင်မိုးကျေနပ်လိုက်ပါပြီ ။
နှစ်အတော်ကြာ မပြုံးမိတဲ့ အသက်ပါလှတဲ့ စစ်မှန်တဲ့အပြုံးတစ်ခု အခု မိုး ရဲ့မျက်နှာမှာတည်ရှိနေပါသည်။
သူ မ ကိုအချိန်ဘယ်လောက်ကြာကြာငေးကြည့်နေမိမှန်း သတိမထားမိပါ ။ ရုတ်တရက်သူ့ကိုလှမ်းကြည့်နေတဲ့ မဘေးနားက ကလေးမလေးနဲ့ အကြည့်ချင်းဆုံလိုက်မိတော့မှ မိုး သတိပြန်ဝင်ခဲ့သည်။ သူ့ကို ပြူးကြောင်ကြောင်လေးနဲ့ ပြန်ငေးကြည့်နေတဲ့ ကလေးမလေးကြောင့်မိုး တစ်ဖက်သို့ ချာခနဲလှည့်လိုက်မိသည်။
အဲ့ဒီတော့မှ သူ့သူငယ်ချင်း ဇာလီတင့်သူ့အနောက်ရောက်နေတယ်ဆိုတာ မိုး သိလိုက်၏ ။ ဇာလီတင့်လဲ မ တို့သားအမိကိုတွေ့ပြီးပြီထင်ပါရဲ့ ။
" နင်အဆင်ပြေရဲ့လား မိုး ? "
မိုး မျက်ရည်အဝိုင်းသားနဲ့ ပြုံးပြုံးလေးပဲခေါင်းပြန်ညိမ့်ပြနိုင်ခဲ့ပါသည်။
" တီချယ်လင်းကို သွားနှုတ်ဆက်ချင်သေးလား ? "
ဒီတစ်ခေါက်မှာတော့ မိုးခေါင်းလေးခါလိုက်သည်။
" ဟင့်အင်း .... သွားကြစို့ ... နင့်ရဲ့ကားဆီကို ..... "
သူတိုးဖျော့ဖျော့လေးပြောလိုက်တော့ ဇာလီတင့်က အလိုက်သိစွာပဲခေါင်းညိမ့်ပြပြီး သူ့လက်ကို ခပ်တင်းတင်းလာဆုပ်ကိုင်ပေးကာလေဆိပ်အဆောက်အဦးအပြင်ဘက်သို့ တွဲခေါ်လာပေးခဲ့သည်။
ကားပေါ်ရောက်တဲ့အထိ ဇာလီတင့်သူ့သူငယ်ချင်းမျက်နှာကို အရိပ်တကြည့်ကြည့်ကြည့်ရင်း ကားမောင်းနေသည်။
ကားမှန်တံခါးကို မိုး ဖွင့်ချလိုက်ပြီး အပြင်ကတိုးဝင်လာသည့်လတ်ဆတ်သောလေထုကို မိုး အဝရှုသွင်းလိုက်ရင်း ပြုံးလိုက်၏ ။
" ချစ်စရာလေးတွေနော်.... "
အဆက်အစပ်မရှိတဲ့ မိုး ရဲ့စကားကြောင့်ဇာလီတင့်ကြောင်အမ်းအမ်းဖြစ်သွားသည်။
" ဘာကိုလဲ ? "
"မ ရဲ့သမီးလေး ၂ယောက်ကိုပြောတာပါ .... ၂ယောက်စလုံး မ နဲ့တစ်ထေရာတည်းပဲ .... "
"အေး ဟုတ်တယ်.... ငါပြောသားပဲ ကလေး ၂ယောက်စလုံးက တီချယ်လင်းနဲ့ပဲ ဆင်တာပါလို့ .... "
" တအားချစ်ဖို့ကောင်းကြတယ်.... "
မိုး ခပ်သဲ့သဲ့လေးထပ်ပြောကာ မှန်ချထားသည့်အပေါက်မှ အပြင်ကိုငေးမောကြည့်ရင်း မျက်လုံးလေးတွေကို မှိတ်လိုက်လေသည်။
X X X X X X X X X X
" Daddy ......... "
လက်ထဲကိုင်ဆွဲထားတဲ့ laggage ကိုချထားလိုက်ရင်း ဧည့်ခန်းမှာရပ်ပြီး သူ့ကိုကြိုဆိုနေတဲ့ အဖေထံသို့တစ်လှမ်းချင်း လှမ်းသွားမိသည်။
" သမီးလေး .... Hanna ........ "
အဖေက သူ့ကိုလှမ်းကာပွေ့ဖက်လိုက်သည်။ သူ့ကိုဖက်လိုက်တဲ့ သူ့အဖေရဲ့ကိုယ်လုံးမှာ အရင်ကထက်နှစ်ဆလောက်ပိန်သွားတာမို့
" ပိန်သွားလိုက်တာ Daddy ရယ်..... "
"ဟုတ်လား ...Daddyတော့ ကိုယ့်ဘာသာ ပိန်လာသလား ဝလာသလားတောင်မသိတော့ပါဘူးကွယ်.... "
"Daddy ကအလုပ်ကိုချည်းစိတ်နှစ်ထားတာကိုး .... ကျန်းမာရေးကို အစထဲက ဂရုစိုက်ခဲ့မယ်ဆိုရင်အခုလိုရောဂါဝင်လာမှာ မဟုတ်ဘူး .... ပြီးတော့ Daddy အခု အရက်တို့ ဘီယာတို့ကောသောက်သေးလား ? "
သူမေးတော့ အဖေကသူ့ကိုပြုံးပြပြီး
" တစ်ခါတစ်လေ ညစာစားပွဲမှသောက်ဖြစ်တာပါ သမီးရယ်.... "
မိုး သက်ပြင်းလေးတစ်ချက်ချလိုက်ပြီး
"နောက်ဆို လုံးဝမသောက်နဲ့တော့နော်... အဲ့ဟာတွေက daddy နဲ့လုံးဝ မတည့်ဘူး .... "
"အေးပါ သမီးရယ်..... "
သူ့ကိုပြုံးပြုံးလေးပြောနေတဲ့ဖခင်မျက်နှာကို မိုးသေချာကြည့်ရင်း တစ်ချက်ကလေးပြုံးပြလိုက်မိသည်။ ထို့နောက်အိမ်ထဲလှမ်းကြည့်ပြီး
"ဒေါ်လေးဝင်းကော ဒက်ဒီ ? "
သူမေးတော့ဖေဖေကရယ်ပြီး
" သမီးလေးဒီနေ့ပြန်လာမယ်ဆိုလို့လေ အဲ့ဒါမနက်ကဈေးထွက်သွားတယ်... အခုထိပြန်မရောက်သေးပုံထောက်ရင်တော့ သမီးလေးအတွက်ဖွယ်ဖွယ်ရာရာချက်ပြုတ်ပေးဖို့အတွက်သမီးဒေါ်လေးဝင်းတော့ တစ်ဈေးလုံးပတ်သိမ်းနေပြီထင်ပါရဲ့ .... "
ဖေဖေ့စကားကြောင့်မိုး ဟက်ခနဲတစ်ချက်ရယ်လိုက်မိပါသည်။
" သမီးအန်တီမာယာကတော့ company သွားတယ်.... ဒီနေ့အရေးကြီးတဲ့အစည်းအဝေးတစ်ခုဖေဖေ့ကိုယ်စား သွားတက်ပေးနေရတယ်လေ .... "
သူမမေးပါလျက်နဲ့ပြောနေတဲ့Daddy ထံမှာဒေါ်မူယာသွယ်၏ အကြောင်းတွေကြားရပြန်တော့ မိုး မျက်နှာပြန်လည်တည်ငြိမ်သွားမိသည်။
"သြော်..... "
ဒက်ဒီက သူ့ရဲ့လုပ်ငန်းတွေကို အဲ့မိန်းမကို ကိုယ်စားလွှဲပေးနေပြီပေါ့ ....ကောင်းပါတယ်လေ ဒက်ဒီပိုနားချိန်ရတာပေါ့ .....
အတွေးတစ်ခုတွေးရင်းသူ့ရှေ့ကဖေဖေ့မျက်နှာကိုကြည့်ကာ
" ဒါဆို သမီးအပေါ်ထပ်တက်လိုက်ဦးမယ်နော်.... ခရီးနည်းနည်းပန်းလာတော့ လန်းသွားအောင်ရေလေးအရင်ချိုးလိုက်ဦးမယ်.... "
"အေးအေးသမီး .... သမီးရဲ့အခန်းကတော့ဒေါ်လေးဝင်းက သမီးထွက်သွားတဲ့နေ့ကတည်းက ဒီနေ့အထိ တစ်ရက်မှမပျက်မကွက်သန့်ရှင်းရေးဝင်ဝင်လုပ်ပေးခဲ့တယ်....ဒေါ်လေးဝင်း ကသမီးလေးအပေါ်တော်တော်လေး သံယောဇဉ်ရှိရှာပါတယ်ကွယ်..... သမီးပြန်လာမယ်ဆိုတော့လဲ သူကဒက်ဒီ့ထက်တောင်ပိုဝမ်းသာနေတာလေ ... "
မိုး ပြုံးလိုက်မိပြီးခေါင်းလေးတညိမ့်ညိမ့်နဲ့
" သမီးလဲဒေါ်လေးဝင်းကို သတိရနေတာပါ .... "
အပေါ်ထပ်သို့တက်ပြီး အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ သူ့ရဲ့အခန်းလေးကသူ့ကို တိတ်ဆိတ်ညိမ်သက်စွာ ကြိုဆိုနေသည်။
သူထွက်သွားတုန်းကအတိုင်း ဘာဆိုဘာမှ မပြောင်းလဲနေပါ ။ သူနဲ့သူ့မမ အတူတူထိုင်ပြီး စာသင်ခဲ့ကြဖူးတဲ့ စားပွဲခုံလေးဟာလဲ ဖုန်တစ်စက်မရှိပဲတောက်ပြောင်ရှင်းလင်းလို့နေသည်။ မ နဲ့အတူတူအိပ်ခဲ့ဖူးတဲ့ ကုတင်လေးဟာလဲ အခုထိ အိပ်ယာခင်းပန်းရောင်လေးနဲ့ လှပနေတုန်းပဲ ။
ဒီအခန်းလေးထဲမှာ မ ရဲ့အငွေ့အသက်တွေက ယခုတိုင်ရှိနေဆဲလို့ မိုး ခံစားမိပါသည်။
လူတစ်ယောက်ကို မြတ်နိုးမိနေသေးသ၍တော့ အဲ့လူဟာ ကိုယ့်ရဲ့အနားမှာပဲ အမြဲရှိနေဦးမှာပါ ....
သူ့ရဲ့ပုံရိပ်လေးတွေဟာ အရင်ကအတူတူရှိခဲ့ကြဖူးတဲ့နေရာလေးတွေမှာ ယခုတိုင်ထင်ကျန်နေတုန်းပါ ....
ဦးနှောက်ထဲမှာ နှလုံးသားထဲမှာကောပေါ့ ....
Laggage ကိုဖွင့်လိုက်ပြီး ပထမဆုံးထုတ်လိုက်မိတဲ့အရာလေးတွေကတော့ သူ့မမကိုယ်တိုင်သူ့ကိုမြတ်မြတ်နိုးနိုးထိုးပေးထားခဲ့သည့်သိုးမွှေးအကျီလေးနဲ့ လည်စည်းမာဖလာလေးတစ်ခု ။
အကျီလေးကသေးပြီးသူနဲ့မတော်တော့ပေမဲ့ အခုထိသွားလေရာနေရာမှာ ယူဆောင်သွားပြီး အမြတ်တနိုးသိမ်းဆည်းနေကျလေ ။ မာဖလာလေးကတော့အေးခဲလှတဲ့ ဂျပန်ရာသီဥတုနဲ့လိုက်ဖက်စွာ လည်တိုင်ဖွေးဖွေးပေါ်မှာ အမြဲရစ်ပတ်နှောင်ဖွဲ့ခဲ့တဲ့ အရာလေး တစ်ခုပေါ့။
X X X X X X X X X
လက်ထဲမှာ စာအုပ်လေးတစ်အုပ်ကိုင်ထားပြီး စာတွေကိုနွေးလေး ထိုင်ကြည့်နေပေမဲ့ စိတ်ကတော့ စာထဲမှာမဟုတ်ခဲ့ ။နေ့လည်ကလေဆိပ်မှာတွေ့ခဲ့တဲ့ အမကြီးရဲ့ပုံရိပ်တွေသာ ပြန်လည်မြင်ယောင်နေမိသည်။
အဲ့မမမေမေ့ကိုကြည့်နေတဲ့အကြည့်တွေက ထူးဆန်းတယ်.... သူ့မျက်လုံးထဲမှာလဲ မျက်ရည်တွေဝဲနေတယ်...မေမေ့ကိုအဲ့မမက အရမ်းရင်းနှီးနေတဲ့ပုံစံမျိုးနဲ့ကြည့်နေတာ ......
စာအုပ်လေးကိုင်ရင်းနွေးလေးအတွေးနယ်ချဲ့နေစဉ်ဘီရိုနားသို့ ခုံပုလေးတစ်လုံး မနိုင်မနင်းနဲ့သယ်သွားတဲ့ စိန်မျောက်မျောက်ဝက်ပေါက်အားဖျတ်ခနဲမြင်လိုက်သဖြင့်အတွေးတွေလွင့်စင်သွားသည်။
ဝက်ပေါက်က ခုံပုကိုဘီရိုရှေ့မှာချပြီး ခုံပေါ်လေးဘက်ထောက်တက်နေသဖြင့်
" ပြည့်လေး ... ပြုတ်ကျဦးမယ်... ဘာလို့ခုံပေါ်တက်နေတာလဲ .... "
နွေးလေး ထသွားပြီး သူ့ညီမနားသွားပြောတော့ ထိုအမွှေစိန်က ဗီရိုပေါ်ကပလတ်စတစ်အိတ်အကြည်လေးနဲ့ထည့်ကာ တင်ထားသည့်ဝက်ဝံရုပ်ကြီးကိုလက်ညှိုးထိုးပြသည်။
" အဲ့ဝက်ဝံရုပ်ကြီးလိုချင်လို့ .... "
လပြည့်သူ့အစ်မကို ပြူးပြူးလေးကြည့်ရင်းပြောလိုက်တော့
" အဲ့အရုပ်ကမေမေ့ရဲ့အရုပ်လေ ... ယူမဆော့ရဘူးလို့မေမေမှာထားဖူးတယ်မဟုတ်လား ညီမလေးရဲ့ ... ပြုတ်ကျနေမယ်... ခုံပေါ်ကဆင်းနော်..."
နွေးလေး ဆင်းခိုင်းပေမဲ့ ဝက်ပုတ်လေးကပေကပ်နေပြီး
" အဲ့အရုပ်နဲ့ဆော့ချင်တယ်..... "
ဂျစ်တိုက်ချင်နေတဲ့ ညီမကိုနွေး မျက်စောင်းထိုးကြည့်လိုက်ပြီး
" လပြည့်ဝန်းနော်... ဂျစ်မတိုက်နဲ့ ..... အဲ့အရုပ်လေးကမေမေတအားသဘောကျတဲ့အရုပ်လေးလေ ...တော်ကြာပြည့်လေး ယူဆော့လို့ အရုပ်လေးပျက်စီးသွားတဲ့အခါမေမေဝမ်းနည်းပြီး ငိုရင်ဘယ်လိုလုပ်မလဲ ? "
သူပြောတော့ လပြည့်က မျက်လုံးလေးပေကလပ်ပေကလပ်လုပ်နေသည်။
" မမအခန်းထဲမှာလဲ ဝက်ဝံရုပ်ကြီးရှိတာပဲ ... အဲ့ဟာနဲ့သွားဆော့နော်... အခန်းထဲကဝက်ဝံရုပ်က ဒီအပေါ်ကဝက်ဝံရုပ်ထက်တောင်ပိုကြီးသေးတယ်.... လိမ္မာပါတယ်နော်လာ ဆင်းတော့ ... "
သူအတင်းချော့ပြောတော့မှ ဝက်ပုတ်လေးကခေါင်းလေး တငြိမ့်ငြိမ့်လုပ်ကာနွေးလေး လက်ကိုကိုင်ပြီးအောက်ကိုခုန်ချလေသည်။
"ဟော ကြည့်....မျောက်မလေး .... ဖြည်းဖြည်းဆင်းတာမဟုတ်ဘူး ..... "
" ဟီး .... "
နွေးလေး နှုတ်ခမ်းလေးဆူကာပြောတော့ ဝက်ပေါက်လေးကသူ့ကို သွားကျိုးလေးနဲ့ရယ်ပြပြန်သည်။
" ဟွန့်..... "
"နွေးလေး ... ပြည့်လေး .... "
" ရှင်!ဖေဖေ .... "
နှစ်ယောက်သား ပြိုင်တူထူးလိုက်ကြရင်း သူ့အဖေခေါ်တဲ့ဘက်ကို လှည့်ကြည့်လိုက်ကြသည်။
" အနောက်မှာ သမီးမေမေထမင်းဝိုင်းပြင်ပြီးသွားပြီ .... ထမင်းစားကြမယ်..... လာခဲ့ကြပါတဲ့ .... လာ ထမင်းစားဖို့ သွားကြမယ်.... "
တေဇာ သူ့သမီးငယ်လပြည့်ကိုကောက်ချီလိုက်ပြီး သမီးကြီးနွေးလေးလက်ကိုဆွဲကာ အိမ်နောက်ဖေး ထမင်းစားခန်းထဲသို့ဝင်လာသည်။
လင်း ရဲ့မေမေဘေးနားက ခုံလေးမှာ လပြည့်လေးကိုတင်ပေးလိုက်ပြီးတေဇာ ခုံကိုအရှေ့သို့တိုးပေးလိုက်သည်။
" ပုဇွန်... ပြည့်လေး ပုစွန်ထုတ်ကြီးစားမယ်... "
" ဖွားဖွားကြီးကို အရင်ဦးချဦးမှပေါ့ သမီးရဲ့ ... "
လင်း ခပ်ထည့်ထားတဲ့ ပုဇွန်ဟင်းပန်းကန်ကို လပြည့်လက်လှမ်းနေတော့ လင်း ကလှမ်းပြောသည်။
" ဟုတ်... "
အမေပြောလိုက်တော့ တစ်ခွန်းထဲနဲ့ 'ဟုတ်' ဆိုပြီး သူ့လက်ပိစိကွေးနဲ့ ဟင်းပန်းကန်ထဲက ပုဇွန်တစ်ဖက်ကို ထိုးကလော်၍ သူ့အဖွားပန်းကန်ထဲသို့ ထည့်ပေးနေသည်။
တေဇာ နဲ့ အဖွားဖြစ်တဲ့လူကတော့ လပြည့်ဝန်းလေးကို သဘောကျကာ ပြုံးကြည့်နေသည်။
"ဖေဖေ့သမီးများ ... အမေ့စကားဆို တစ်ခွန်းပဲ ...ဖေဖေ့ကိုကျ ဆိုးပြလိုက်တာမှ လွန်ပါကော .... "
သူ့အဖေက ရယ်ပြီးပြောတော့ လပြည့်သွားလေးဖြဲရယ်ပြီး
" အာ့ ချစ်လို့ဆိုးတာ ... "
"အောင်မယ်မေမေတွေ့လားမေမေ့သမီးဖေဖေ့ရှေ့ကျတစ်မျိုး ... "
နွေးပြောလိုက်တော့ လပြည့်သူ့မမကိုပြူးကြည့်နေသည်။ လင်း ကတော့သဘောကျစွာ ပြုံးနေမိသည်။
"မေမေ့ကိုကျ ပြည့်လေးက မချစ်လို့ မဆိုးတာပေါ့နော်... "
လင်း ရုတ်တရက်လှမ်းမေးလိုက်တော့ လပြည့်ခေါင်းလေးကိုအပေါ်မော့လိုက်ပြီး စဉ်းစားဟန်ပြုပြီးတဲ့နောက်
"မေမေ့ကို ပိုချစ်လို့ မဆိုးတာ ... "
စကားတတ်လွန်းလှသည့်သူ့သမီးလေးလပြည့်ကို လင်း နဲ့ သူ့မေမေ ကြည့်ပြီးရယ်လိုက်မိသလို စားပွဲနောက်မှာ ဟင်းချိုခပ်ပေးနေတဲ့ အန်တီတင့်လဲ ထရယ်လေတော့သည်။နွေးလေး ကတော့ သူ့ညီမကိုကြည့်ကာ အသဲယားလာသဖြင့်ညီမခေါင်းကဆံပင်တွေကို ထိုးဖွလိုက်ပြီးတေဇာကတော့ သူ့သမီးစကားကြားပြီး ကိုယ့်နဖူး ကိုယ်ပြန်ရိုက်လိုက်လေတော့သည်။
" ဝတ်ရည်ရေ ကိုယ်တော့ မင်း သမီးလေးကို မနိုင်တော့ပါဘူးကွာ .... တကယ်လဲပြောတတ်လွန်းတယ်.... "
" ဟီး ..... "
သွားကျဲလေးနဲ့ ရယ်ပြနေတဲ့ သူ့သမီးလေးကို လင်းငေးကြည့်ရင်း သူ့သမီးလိုပဲ စကားတတ်လွန်းလှတဲ့ သူ့ကလေးလေး 'မိုး' ကို သတိရမိသွားပြန်သည်။
'မိုး' လဲသူ့သမီးလေးလိုပဲ စကားကိုအရမ်းလည်လည်ဝယ်ဝယ်ပြောတတ်တာ မဟုတ်လား ။ အဲ့လိုလေးတွေ ချစ်စရာကောင်းအောင်ပြောတတ်လို့လဲ တစ်ချိန်က လင်း ရဲ့ အသည်းကျော်လေးဖြစ်ခဲ့ရတာပေါ့ ။ အခုတော့ သူ့သမီးလေး လပြည့်နဲ့နွေးလေးကတော့ သူ့အသဲကျော်လေးတွေ ဖြစ်လာခဲ့ရပြီး တစ်ချိန်က ကလေးလေးကိုလဲ လင်း ရင်ထဲ ယခုထိတိုင်ချစ်မြတ်နိုးဆဲပါ ။
X X X X X X X X X
" Morningဒေါ်လေးဝင်း ...... "
မနက်စာ စားပွဲဝိုင်းအတွက်ပြင်ဆင်နေသည့်ဒေါ်လေးဝင်း ကိုလှမ်းပြောလိုက်တော့ဒေါ်လေးဝင်းက သူ့ကိုပြုံးချိုစွာဖြင့်လှမ်းကြည့်ပြီး
" သမီးလေး ထလာတာစောလှချည်လား ... "
" ဟုတ်တယ်ဒေါ်လေးဝင်း ... ဟိုမှာလဲမနက်ဆို အစောကြီးထနေကျမို့ မျက်လုံးကအကျင့်ဖြစ်နေပြီ ... "
သူပြောလိုက်တော့ဒေါ်လေးဝင်းကရယ်ပြီး
" သမီးကျောင်းသူဘဝတုန်းကဆိုကျောင်းပိတ်ရက်တွေမှာ ၁၀ နာရီလောက်အထိအိပ်တာဒေါ်လေးမှတ်မိနေတုန်းပဲ .... "
ဒေါ်လေးဝင်းပြောသည့်စကားကြောင့်မိုး ပြုံးလိုက်မိသည်။
" ဟုတ်ပါရဲ့ ..... ahh သမီးဘာကူပေးရဦးမလဲ ? "
" မလိုပါဘူးကွယ်...... သမီးလေးကော်ဖီသောက်တော့မယ်မဟုတ်လား ...ဒေါ်လေးတခါထဲဌဲ့လိုက်မယ်နော်...... "
"အော်ဟုတ်ကဲ့ ...... "
မိုး အိမ်ရှေ့မှာတင်ထားတဲ့ သတင်းစာကိုအရင်သွားယူပြီးမှ မနက်စာ စားပွဲဝိုင်း၌ ဝင်ထိုင်ပြီးဒေါ်လေးဝင်းဌဲ့ပေးသည့်ကော်ဖီလေးကို တစ်ငုံချင်းသောက်ရင်း သတင်းစာဖတ်နေသည်။
သိပ်မကြာခင်မှာ သူ့ဖေဖေ မနက်စာဝိုင်းသို့ရောက်လာတော့
" Morning Daddy ..... "
မနက်စောစော မနက်စာဝိုင်းမှာသမီးဖြစ်သူကိုတွေ့လိုက်တာမို့ ဦးကောင်းထက်အံ့သြသွားသည်။
" ဟာ သမီးလေး အစောကြီးနိုးနေပါ့လား ... ညကကော အိပ်ပျော်ရဲ့လား ? "
" ဟုတ်ပျော်ပါတယ်... Daddyကော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရဲ့လား ? "
ဦးကောင်းထက်ခုံတွင်ဝင်ထိုင်လိုက်ပြီးရှေ့ဆင့်နောက်ဆင့်မှာပဲ ထိုစားပွဲဝိုင်းသို့ဒေါ်မူယာသွယ်ပါရောက်ရှိလာ၏ ။
"ညညဆို သိပ်ပြီးအိပ်လို့မရဘူး သမီးရဲ့ ... အခုတလော ဘာဖြစ်နေလဲမသိဘူး ညညဆိုရင်တွေတုန်သလိုလိုနဲ့ ခဏခဏပြန်ပြန်နိုးတယ်.... "
မိုး သူ့အဖေရှေ့ကကော်ဖီခွက်လေးထဲသို့ကော်ဖီကိုကိုယ်တိုင်ဌဲ့ထည့်ပေးလိုက်ပြီး
" Daddy နှလုံးပါသေချာပြန်စစ်သင့်ပြီထင်တယ်.... ဒါနဲ့ ဒီနေ့ Daddyဆေးရုံရက်ချိန်း ပြန်သွားပြရမှာမဟုတ်လား ? "
" ဟုတ်တယ်သမီး .... "
ဒေါ်မူယာသွယ်သူတို့သားအဖနှစ်ယောက်ကို တစ်လှည့်စီလှမ်းလှမ်းကြည့်နေပေမဲ့ မိုး ကတော့ခပ်တည်တည်ပင်။ရှေ့ကကြွေခယားကို လှမ်းယူလိုက်ပြီးကော်ဖီကိုဒေါ်မူယာသွယ်သူ့ဘာသာပဲ ဌဲ့နေသည်။
" ဒါဆိုသမီးလိုက်ခဲ့ပေးမယ်လေ .... "
"ဟေ !အေးကောင်းတာပေါ့ သမီးရဲ့ .... "
ဦးကောင်းထက်ဝမ်းသာအားရပြောလိုက်တော့သူ့ဘေးထိုင်နေတဲ့ဒေါ်မူယာသွယ်က ဟန်ဆောင်အပြုံး ပြုံးပြကာ
" သမီးလေးလိုက်သွားမယ်ဆိုတော့ ပိုကောင်းတာပေါ့ .... ဆရာဝန်အချင်းချင်းဆိုတော့ သိချင်တာလေးတွေ တိုက်ရိုက်ဆွေးနွေးကြည့်ကြလို့ရတာပေါ့ .... "
မိုး ခါးသီးစွာတစ်ချက်ပြုံးမိလိုက်ပေမဲ့ ဘာမှပြန်မပြောပဲကော်ဖီခွက်ကိုသာယူသောက်နေလိုက်သည်။
သူတို့ရဲ့ မနက်ခင်း breakfast စားပွဲဝိုင်းလေးဟာ ခဏတာမျှဆိတ်ငြိမ်သွားသည်။
"အော်ဒါနဲ့ သမီး Hanna ..... "
သူ့အဖေအသံက တိတ်ဆိတ်မှုကိုပြန်လည်ထိုးခွင်းလိုက်၏ ။
" ဟုတ်ကဲ့ Daddy ? "
" သမီးဟိုမှာ ကားမောင်းလိုင်စင်ရနေပြီမဟုတ်လား ? "
" ဟုတ်ရနေပြီ Daddy .... ကားမောင်းနေတာ ၇ နှစ်လောက်ပဲရှိတော့မယ်... ဘာဖြစ်လို့လဲဟင်? "
သူပြန်မေးလိုက်တော့ဖေဖေကရယ်ပြီး
" သမီးလေးဒီကို ပြန်ရောက်လာတဲ့ အထိမ်းအမှတ်အနေနဲ့ ... Daddy က သမီးကို ကားလေးတစ်စီးလောက်လက်ဆောင်ပေးဖို့စိတ်ကူးထားတယ်... ဒါမှ သမီးလေးလဲ သွားချင်တဲ့နေရာသွားလို့ရမှာ... "
" မလိုပါဘူး Daddy ရယ်... ကားက အိမ်မှာလဲ ရှိနေတာပဲဟာ .... သမီးအတွက်သီးသန့်ရယ်လို့ မလိုသေးပါဘူး .... "
"နောက်သမီးဆေးရုံတွေမှာ အလုပ်ပြန်ဝင်တဲ့အခါကျ လိုအပ်လာမှာပဲလေ ... "
" အဲ့ကျတော့လဲ သမီးဘာသာ ဝယ်လိုက်ပါ့မယ်.... "
သူကော်ဖီလေးတစ်ငုံသောက်ပြီးပြောလိုက်တော့ရှေ့က ဘွားတော်က ရယ်ကျဲကျဲလုပ်ရင်း
" ကိုကြီးသမီးလေးက သူဌေးမကြီးဖြစ်နေပြီထင်တယ်ကိုကြီးရေ .... "
ထိုဘွားတော်ရိသဲ့သဲ့ပြောတာကို မိုး ညိမ်ခံမနေချင်တာကြောင့်
" သူဌေးတော့မဖြစ်သေးပါဘူး ဒါပေမဲ့ ကိုယ်နေဖို့အိမ်နဲ့ စီးဖို့ကားလောက်တော့ ဝယ်နိုင်နေပါပြီ .... ကျွန်မက ကလေးမှ မဟုတ်တော့ပဲ .... "
"အေးပေါ့လေ ... တိုကျိုမြို့ရဲ့ အတော်ဆုံးခွဲစိတ်ဆရာဝန်ကြီးဆိုတော့ ဒီလောက်ကတော့အသာလေးပေါ့ ... ဟုတ်လား ... အဟက်.... "
သူ့ကိုထပ်လှောင်ပြုံးပြုံးပြနေသဖြင့်မိုး နည်းနည်းတော့ပေါက်ကွဲသွားသည်။ သူ့ဘာသာအေးအေးချမ်းချမ်းနဲ့ သာယာနေသာ မနက်ခင်းကို ထိုဘွားတော်လာဖျက်စီးဖို့ ကြိုးစားနေတာမို့ မိုး ရိသဲ့သဲ့ပြန်ပြုံးပြလိုက်ရင်း
" ဒါပေါ့ ကျွန်မက ဟိုမှာအရမ်းကို နာမည်ကြီးတဲ့ ဆရာဝန်တစ်ယောက်ပဲလေ ... ဒီက နှလုံးသမားတော်တွေတော်တော်များများတောင်မှ ကျွန်မနာမည်Hanna လို့ကြားလိုက်တာနဲ့သိကြမှာ.... "
တော်ရုံဆို စကားများများမပြောတတ်တဲ့ မိုး ထိုဘွားတော်ပါးစပ်ပိတ်သွားအောင်ပြောချပစ်လိုက်သည်။
" အဟမ်း အဟမ်း .... "
သူ့အဖေချောင်းဟန့်လိုက်သောအခါ မိုး ထရပ်လိုက်ပြီး
"ဆေးရုံက ဘယ်အချိန်သွားရမှာလဲ Daddy ? "
"နေ့လည်၁၂ နာရီအရောက်တဲ့သမီး ... "
"အော်ဟုတ်....တော်တော်လေးလိုပါသေးတယ်..... ဒါဆို သမီးခြံထဲခဏဆင်းပြီး စာဖတ်လိုက်ဦးမယ်နော်Daddy .... "
"အော်အေးပါကွယ်.... "
ခြံထဲဆင်းလိုက်တော့မှပဲစောစောကဘွားတော်ကြောင့်စိတ်ရှုပ်နေတာတွေ နည်းနည်းပြန်ပြေလျော့သွားသည်။
ထို့နောက်မိုး ရဲ့အကြည့်တို့ဟာ ခြံထောင့်က နှင်ဆီပန်းပင်ကြီးထံသို့ရောက်သွား၏ ။
ဒီအပင်လေးက .....
တစ်ချိန်က သူ့မမပန်ဖို့အတွက်ရည်စူးပြီး ပျိုးထောင်ခဲ့တဲ့ အပင်ကလေး ။ အခုတော့တော်တော်လေးကို ကြီးထွားနေပါပြီ ။
အော်အပင်ကလေးရယ်.... မင်းလေးလဲကောင်းကောင်းမွန်မွန်ကြီးပြင်းလာပါလား .....
ထိုအပင်မှာပွင့်နေတဲ့ နှင်းဆီပန်းပွင့်လေးတစ်ပွင့်ရဲ့ ပွင့်ဖတ်လေးတွေကို မိုး လက်ကလေးနဲ့တို့ထိလိုက်ပြီး စိတ်ထဲကနေပြောလိုက်မိခြင်းသာ ။
X X X X X X X X X
သူ့အဖေဆေးရုံသွားဖို့အတွက်လာကြိုပေးတဲ့ ဒရိုင်ဘာအသစ်ကိုမြင်တော့ မိုး ဘကြီးဖြိုးကိုသတိရသွားသည်။
" ဘကြီးဖြိုးကော ကျန်းမာရေးကောင်းရဲ့လား Daddy ? "
" ဦးလေးဖြိုးက ဒက်ဒီ့ထက်တောင်သွက်သေးတယ်... ကျန်းမာရေးလဲ လိုက်စားတဲ့လူဆိုတော့ ကျန်းမာရေးကတော့ဒေါင်ဒေါင်မြည်ပဲလေ ... ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က မျက်စိခွဲထားရတယ်.... အဲ့နောက်ပိုင်း သူလဲအသက်တော်တော်လေးရနေပြီဆိုတော့ Daddy လဲပေးနားလိုက်တယ်.... "
"အော်... အလုပ်နားလိုက်တယ်ဆိုတော့ သူနေရထိုင်ရတာ အဆင်ကောပြေရဲ့လား ဒက်ဒီရယ်... "
မိုးပြောလိုက်တော့ အရှေ့ခန်းက ကားမောင်းနေတဲ့ ဒရိုက်ဘာက
" ဆရာက တိုက်ခန်းတစ်ခန်းပေးထားလို့ ကျွန်တော်တို့သားအဖအတွက်နေရထိုင်ရတာ အတော်လေးအဆင်ပြေပါတယ်မမလေး ... "
အဲ့တော့မှ မိုး အရှေ့ခန်းက ဒရိုင်ဘာကို ဘက်ကြည့်မှန်ထဲကနေလှမ်းကြည့်လိုက်မိတော့ ဘကြီးဖြိုးနဲ့ ထိုဒရိုက်ဘာမျက်နှာနဲ့က ခပ်ဆင်ဆင်ရယ်။
"မောင်ညိုဝင်းက ဦးလေးဖြိုးရဲ့ သား .. သမီးရဲ့ .... "
Daddy ကရယ်ပြီးပြောမှ
"သြော်..... "
"မောင်ညိုဝင်းကDaddy အတွင်းရေးမှူးဆိုပေမဲ့Daddy ကိုအိမ်အကြိုအပို့လုပ်ပေးတာကအစ ...ဆေးခန်းသွားတာတွေ ခရီးထွက်တာတွေ လိုက်ပေးတာကအဆုံး အမြဲတမ်းအနောက်က လိုလေသေးမရှိအောင်လိုက်လိုက်လုပ်ပေးလို့Daddy မှာ သူ့ကိုကျေးဇူးတင်နေရတာ... "
Daddy ပြောတော့ရှေ့က အသက်၄၀အရွယ်ခန့်ရှိပြီဖြစ်တဲ့ ကိုညိုဝင်းဆိုသည်က ရယ်လိုက်ပြုံးလိုက်ပြီး
" ကျွန်တော်တို့ သားအဖကိုအစစအရာရာအမြဲကူညီပေးခဲ့တဲ့အတွက်ပဲ ကျွန်တော်တို့ဘက်ကသာကျေးဇူးတင်ရမှာပါဆရာရယ်.... အဖေ့အပေါ်မှာကော ကျွန်တော့အပေါ်မှာပါ ဆရာ့ရဲ့ကျေးဇူးတွေ ဆပ်လို့မကုန်ပါဘူးဗျာ .... "
Daddy အတွင်းရေးမှူးရဲ့ စကားကြောင့်မိုး တစ်ချက်လေးပြုံးလိုက်မိသည်။ ဘကြီးဖြိုးလိုပဲ သူ့သားပုံစံမှာလဲ Daddy အပေါ်အတော်လေး သစ္စာရှိပေးတဲ့ပုံပေါက်ပြီး Daddy အတွက်လဲ အတော်လေးအားကိုးရလောက်တဲ့ပုံပေါက်၏ ။ ဒီလိုလူတွေ Daddy ဘေးမှာရှိနေပေးလို့လဲ မိုး Daddy အတွက်အနည်းငယ်စိတ်အေးမိပါသည်။
ဆေးရုံရှေ့ရောက်တော့လဲ Daddy နဲ့သူဆင်းဖို့အတွက်ကိုညိုဝင်းက ကားတံခါးကအစပြေးဖွင့်ပေးသည်။
" ဒီနေ့ မမလေးပါတယ်ဆိုတော့ ... ကျွန်တော်အထဲထိမလိုက်တော့ဘူးနော်ဆရာ ... ကားပေါ်ကနေပဲစောင့်နေပါ့မယ်.... "
"အေးအေးမောင်ညိုဝင်း ..... လာ သမီးသွားကြရအောင်.... "
" ဟုတ်ကဲ့ Daddy ..... "
ဆေးရုံအဝင်လှေကားကိုတက်တဲ့အခါ အသက်၆၀ကျော်ပေမဲ့တောင့်တောင့်ဖြောင့်ဖြောင့်ရှိသေးသော်လည်း လူကြီးဆိုတော့ မတော်တဆချော်ပြီးအနောက်လန်ကျမှာ စိုးရိမ်တာကြောင့်မိုး Daddy ရဲ့လက်မောင်းလေးကိုနွေးထွေးစွာဖမ်းဆုပ်ကိုင်ထားပေးလိုက်သည်။ သမီးကသူ့ကိုထိုသို့နွေးနွေးထွေးထွေးဂရုစိုက်ပေးတော့ ဦးကောင်းထက်လဲ သဘောတွေကျသွားကာ ပြုံးနေမိလေသည်။
ဘယ်လောက်ပဲချမ်းသာနေတဲ့ သူဌေးဆိုပင်မဲ့လဲ တခြားလူနာတွေ တန်းစီနေရတဲ့နေရာမှာပဲDaddy ထိုင်စောင့်နေသည်။ တချို့သောကြီးကြီးတက်ချမ်းသာနေတဲ့ သူဌေးတွေဆို အဲ့လိုအချိန်ပေးပြီး ထိုင်စောင့်မှာမဟုတ်ပေမဲ့ Daddy ကတော့ အချိန်ပေးပြီး ထိုင်စောင့်ရှာသည်။
" ဘယ်လောက်ပဲငွေကြေးရှိရှိနောက်ဆုံးနေမကောင်းတော့လဲ ဆရာဝန်တွေဆီပဲ အပြေးရောက်လာကြရတာပဲ .... "
သားအဖနှစ်ယောက်ထိုင်စောင့်နေကြတုန်းDaddy က သူ့မျက်နှာကိုကြည့်ကာ ရယ်ရယ်မောမောနဲ့ ထိုစကားလေးတစ်ခွန်းကို ဆိုပြန်သည်။ သူ့သမီးလေးကိုယ်တိုင်ကိုက ဆရာဝန်ကြီးတစ်ယောက်ဖြစ်နေတာကြောင့်ဦးကောင်းထက်တော်တော်လေးပီတိဖြာပြီး ဂုဏ်ယူနေမိသည်။ ဆရာဝန်ဆိုတာ လူနာတွေရဲ့ အသက်ကိုကယ်တင်ပေးကြတဲ့ လူတွေမဟုတ်ပါလား ။ သူတို့လိုငွေပဲကုန်းရှာနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်သမားတွေထက်စာရင်တော့ ဆရာဝန်အလုပ်က ပိုမွန်မြတ်သည်လေ ။
" ဦးကောင်းထက်... "
" ဟုတ်ကဲ့ရှိပါတယ်.... "
nurse မလေးတစ်ယောက်နာမည်လှမ်းခေါ်တော့daddy လက်ထောင်ပြလိုက်သည်။
" ဒီအထဲကလူနာထွက်လာရင်ဦးလေးဝင်လို့ရပါပြီရှင့်.... "
" ဟုတ်ကဲ့ပါခင်ဗျ .... "
ချမ်းသာတယ်ဆိုပေမဲ့ မည်သူ့ကိုမဆို တန်းတူပြောဆိုဆက်ဆံတတ်ပြီး လူတန်းစားမခွဲခြားတတ်တဲ့daddy ရဲ့ပုံစံကို မိုး အရမ်းသဘောကျပါသည်။
ခါတိုင်းနေ့တွေနဲ့မတူ အခန်းထဲသို့ပြုံးရွှင်စွာဝင်လာတဲ့ ဦးကောင်းထက်ကိုသူ့ရဲ့သူငယ်ချင်းလဲဖြစ်family doctor တစ်ဦးလဲဖြစ်တဲ့ ဦးနေမျိုးထွန်း မြင်လိုက်တော့
" ဟာ... လာကွာထိုင်.... မျက်နှာကတော့ကွာ ပြုံးလို့ရွှင်လို့ပါလားကွ .... သမီးကိုယ်တိုင်လိုက်လာပေးလို့ဖြစ်ရမယ်... "
ဆရာဝန်ကြီး ဦးနေမျိုးထွန်း ညွှန်ပြပေးသည့်ခုံမှာ သားအဖနှစ်ယောက်ဝင်ထိုင်လိုက်ကြသည်။
"အေးကွာ .... သမီးကိုယ်တိုင်လိုက်ပို့တော့ အားရှိတာပေါ့ကွာ ..... "
"အေးပေါ့ကွာ .... သားသမီးရှိတဲ့လူဆိုတော့လဲပြောအားရှိတာပေါ့ .... "
" မင်းကိုလဲ အဲ့ဒါကြောင့်မို့ ဟိုးအရင်ထဲက မိန်းမယူပါ မိန်းမယူပါလို့ အကြိမ်ကြိမ်တိုက်တွန်းပေးခဲ့တာပေါ့ .... "
"ဟိတ်ကောင်ရ ... မိန်းမဆိုတာ ယူချင်တိုင်းယူလို့ရတာ မဟုတ်ဘူးကွ ... ငါက မင်းလိုစွံတဲ့လူမှ မဟုတ်ခဲ့ပဲကို ... "
" ဟားဟားဟား .... "
ငယ်သူငယ်ချင်းနှစ်ယောက်တွေ့လိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြသည်မှာ မသိလျှင်လူငယ်လေးတွေအလား ။
ပြီးတဲ့နောက်သူ့အဖေအတွက်လိုအပ်တဲ့စစ်ဆေးမှုလေးတွေပြုလုပ်ပေးပြီး
" မင်း ECG ဆွဲထားတာ ၂ နှစ်လောက်ရှိပြီဆိုတော့ ငါထပ်ပြီးဆွဲခိုင်းဦးမယ်... မင်းညညအိပ်လို့မပျော်ဘူး နည်းနည်းလဲမောမောနေတယ်ဆိုတော့ စစ်ကြည့်ထားလိုက်တာ မမှားဘူးလေ ..... လိုအပ်ရင်တော့ echo ပါထပ်ရိုက်ခိုင်းမယ်..... "
"အသဲကကော အခုအခြေအနေက ဘယ်လိုရှိသလဲ ဆရာ ? "
မိုးမေးလိုက်တော့ဒေါက်တာဦးနေမျိုး ကသူ့ကိုပြန်ကြည့်ပြီး
" အင်း ... သမီးဖေဖေက အရင်ကလဲ B ပိုးဝင်ခဲ့ဖူးတယ်... ပြီးတော့ အခုလက်ရှိမှာလဲ အသဲကကြီးနေတဲ့အပြင်အဆီလဲဖုံးနေတယ်....ဆေးရုံတက်ပြီး ကုသမှုခံယူရမဲ့ အခြေအနေလောက်အထိ မဆိုးပေမဲ့ အခုဆရာ on ထားပေးတဲ့ဆေးတွေကိုတော့ အမြဲမပြတ်သောက်မှ ဖြစ်မယ်.... "
" ဟုတ်ကဲ့ .... "
" ပြီးတော့ မင်း အလုပ်ကိုလဲလျော့လုပ်ပေါ့ကွာ .... အရမ်းကြီး လုပ်ငန်းနဲ့ပတ်သတ်ပြီး stress မပိစေနဲ့..... "
သူ့သူငယ်ချင်းမျက်နှာကိုသေချာကြည့်ပြီးပြောတော့ ဦးကောင်းထက်ပြုံးလိုက်ပြီး
" အလုပ်ကတော့လျော့လုပ်ချင်ပေမဲ့ အခုထိလျော့လို့က မရသေးပါဘူးကွာ ...."
" အဲ့လောက်ကြီးလောဘတကြီးတွေ ရှာမနေနဲ့တော့လေကွာ ... အခု မင်းသမီးလဲ ဆရာဝန်မကြီး ဖြစ်နေပြီပဲ .....အော်ဒါထက်သမီးကို ဆရာပြောမလို့ ..... သမီးပြန်မလာခင်ကတည်းကတော့ သမီးဖေဖေနဲ့ ဆရာတစ်ခါပြောထားဖူးတယ်..... "
သူ့အဖေနဲ့ပြောရင်း ရုတ်တရက်သူ့ဘက်ကို လှည့်ပြောတဲ့ဒေါက်တာကြီးဦးနေမျိုး ထွန်းကို မိုးသေချာကြည့်လိုက်ရင်း
" ဟုတ်ကဲ့ဘာများလဲ ဆရာ ? "
" သမီးရဲ့ uncle က သမီးကို သူ့ဆေးရုံမှာ အလုပ်ဝင်ခိုင်းစေချင်နေတာ သမီးရေ ..... "
အဖေကကြားကဝင်ပြောတော့ မိုးခေါင်းလေးညိမ့်လိုက်ရင်း
"အော်ဟုတ်ကဲ့ .... "
" ဟုတ်တယ်သမီးရယ်... ဖြစ်နိုင်တယ်ဆိုရင်သမီးကို ဆရာတို့ဆေးရုံမှာ ဝင်စေချင်တယ်ကွယ်။ အခုဆရာတို့ဆေးရုံရဲ့ နှလုံးဌာနမှာကဒေါက်တာဒေါ်သူဇာခိုင်တစ်ယောက်ထဲဆိုတော့ သိပ်မနိုင်ဘူးဖြစ်နေတယ်... သမီးလည်း သိတယ်မဟုတ်လား ... သမီးတို့ကျောင်းမှာပဲ သူလဲပါရဂူဘွဲ့ယူလာတာ .... သူကတော့ သမီးကို သိတယ်ပြောတယ်...ဒေါ်သူဇာခိုင်လေ ... "
သူရဲ့စီနီယာတော်ခဲ့ဖူးပြီး ထူးချွန်တဲ့လူတစ်ဦးမို့ မိုး ယခုထိမမေ့သေးတာကြောင့်ခေါင်းအမြန်ညိမ့်ပြလိုက်ပြီး
" ဟုတ်သိပါတယ်ဆရာ ... မမ ကသမီးတို့ရဲ့လေးစားရာကောင်းတဲ့ စီနီယာတစ်ဦးပါ ... ဒါဆို အခု မမလဲ ဒီဆေးရုံမှာထိုင်တာပေါ့နော်? "
" ဟုတ်တယ်သမီး ဒီဆေးရုံမှာပဲ ... "
သူ့သူငယ်ချင်းနဲ့ သူ့သမီးလေးစကားပြောနေကြတာကို ကြည့်ပြီး ကြားက ဦးကောင်းထက်ကရယ်ပြီးစကားတစ်ခွန်း ဖြတ်ပြောလေသည်။
" မင်း ငါ့သမီးကို မင်းတို့ဆေးရုံမှာ အလုပ်လုပ်ခိုင်းတာတော့ ဟုတ်ပါပြီ။ လခကောင်းကောင်းနဲ့ ရာထူးကောင်းကောင်း တော့ပေးမှဖြစ်မယ်နော်.... "
ဦးကောင်းထက်ပြောတော့ ဦးနေမျိုးကော မိုး ပါရယ်မိလိုက်ကြသည်။ တစ်ခါတစ်လေကျရင်သူ့ daddy က ရုပ်တည်ကြီးနဲ့နောက်ပြောင်တတ်ပါသေးသည်။
" ဟာကွာ မင်းကလဲ အဲ့ဒါတွေကပြောစရာလိုသေးလို့လား ... မင်းသမီးဆိုတာလဲ ငါ့သမီးလေးလိုပါပဲကွာ။ ဒါတွေကပြောနေစရာကို မလိုတာ။ ငါအကောင်းဆုံးတွေချည်း စီစဉ်ပေးမှာပါ... "
" သိပါတယ်သူငယ်ချင်းရာ။ ငါကစတာပါကွ ..... "
"အေးပါ သူငယ်ချင်း ..... "
အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး မိုး စဉ်းစားနေတာကိုဒေါက်တာဦးနေမျိုး ကြည့်ပြီး
" ဆရာ့ရဲ့ကမ်းလှမ်းချက်ကို သမီးအခုချက်ချင်းကြီး စဉ်းစားပေးဖို့ မလိုအပ်သေးပါဘူး ...အေးအေးဆေးဆေးတစ်ပတ်နှစ်ပတ်လောက်နားလိုက်ပါဦး။ ပြီးမှ ဆရာ့ဆီဖုန်းဆက်ပြီး အကြောင်းပြန်ပေးပေါ့ ..... "
" ဟုတ်ကဲ့ပါ ဆရာ ..... "
🌧️ 🌧️ 🌧️