" နင်ရှေ့အပတ်ထဲမှာ ဂျပန်သွားတော့မယ်ဆို ? ငါ ငဇွဲဆီကကြားပြီးပြီ ..... "
ဇာလီမေးတော့ မိုး ဇာလီ့မျက်နှာကိုမကြည့်ပဲ စာအုပ်ကလေးကိုသာ ဆက်ဖတ်ရင်းခေါင်းညိတ်လိုက်သည်။
" နင်ဟာ .... ဒီမှာဆေးကျောင်းဆက်တက်လဲ ရနေတဲ့ဟာကို ..... ဘာလို့ဟိုသွားမှာလဲ .... "
ဇာလီတင့်ရှုံ့မဲ့မဲ့မျက်နှာလေးနဲ့ပြောတော့ မိုး သက်ပြင်းဖြေးဖြေးလေးတစ်ချက်ချလိုက်ကာ
" ငါစိတ်သစ်လူသစ်နဲ့ ဘဝသစ်ပြန်စချင်လို့ပါ ..... နင်လဲ law တက်တဲ့အခါကျကျောင်းမှာ ငါ့ထက်ကောင်းတဲ့ သူငယ်ချင်းအသစ်တွေနဲ့ ထပ်ဆုံရမှာပါ ဇာလီ ..... "
" အိုကွာ ..... ဘယ်လိုသူငယ်ချင်းအသစ်တွေထပ်ရပါစေ နင်နဲ့ ငဇွဲကတော့ ငါ့ဘဝမှာ အချစ်ရဆုံး သူငယ်ချင်းတွေပါ ..... ahhh ဒါနဲ့ ဒီမှာရော့ နင်ကြိုက်တဲ့ကျောင်းနားကပူတင်း .... ငါလမ်းကြုံလို့ဝယ်လာပေးတာ ..... "
ဇာလီတင့်သူ့လက်ထဲထည့်ပေးသော ပူတင်းဗူးလေးအား မိုး မမှိန်မသုန်ငေးကြည့်ကာ မ အရင်ကသူ့အတွက်ဝယ်ပြီးအိမ်အထိလာလာပို့ပေးခဲ့တဲ့မြင်ကွင်းလေးတွေ ပြန်လည်မြင်ယောင်လာပြန်သည်။
မနေကောကောင်းရဲ့လားမသိဘူး ....
တိုက်ဆိုင်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သူ့ရင်ထဲမှာတော့ လင်း ကိုအမြဲတစေ သတိရနေတုန်းပါ ။
X X X X X X X X X
လေဆိပ်ကိုမသွားခင်သူငယ်ချင်း ၂ယောက်နဲ့အတူဖေဖေလိုက်ပို့ပေးလို့ကျောင်းသို့ရောက်ရှိခဲ့သည်။ ထို့နောက်အထက်တန်းတုန်းက စာသင်ပေးခဲ့ကြသည့်ဆရာ ဆရာမများနှင့်အတူကျောင်းဆရာမကြီးထံသို့ ဝင်ရောက်နှုတ်ဆက်ကာ ထိုင်ကန်တော့ခဲ့ပါသည်။
ရှေ့မှာဦးသုံးကြိမ်ချနေတဲ့ မိုး ကိုကြည့်ပြီး ဆရာမဒေါ်မြတ်မြတ်ဆွေ သက်ပြင်းလေးတစ်ချက်မသိမသာချလိုက်မိသည်။
" သမီးလေး ကျန်းကျန်းမာမာနဲ့ ဘဝရဲ့ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါစေ .... "
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ တီချယ်.... "
မိုး ပြန်ထရပ်လိုက်တော့
" သမီးရဲ့တီချယ်လင်းကိုကော နှုတ်မဆက်သွားတော့ဘူးလား ? "
တီချယ်မြတ်မေးသောမေးခွန်းကို မိုး ချက်ချင်းပြန်မဖြေမိခဲ့ ။တော်တော်လေးစဉ်းစားယူပြီးမှ
" နှုတ်ဆက်သွားပါ့မယ်တီချယ်..... "
" အခုအချိန်ဆို သမီးဆရာမ နားနေခန်းရှေ့က စားပွဲလေးမှာရှိလောက်မယ်...... "
" ဟုတ်....ကျေးဇူးတင်ပါတယ်တီချယ်.... ဒါဆို သမီးကို သွားခွင့်ပြုပါဦးတီချယ်.... "
"အေးပါကွယ်....... "
တီချယ်မြတ်ကိုကျောခိုင်းကာခြေ ၃ လှမ်း လှမ်းပြီးမှနောက်သို့တစ်ချက်ပြန်ကြည့်လိုက်တော့ တီချယ်မြတ်က မိုး ကိုပြုံးပြုံးလေးရပ်ကြည့်နေသည်။
" တီချယ်လင်းကို ဂရုစိုက်ပေးပါနော်တီချယ်...... "
သူပြောတော့ တီချယ်မြတ်ခေါင်းလေးညိမ့်ပြကာ
" သမီးရဲ့ ဆရာမကို စိတ်ချပါ .... တီချယ်သေသေချာချာ ဂရုစိုက်စောင့်ရှောက်ပေးမှာပါ ..... "
မိုး ပြုံးတယ်ဆိုရုံလေးသာ ပြုံးပြီး တီချယ်မြတ်ကိုကျောပြန်ခိုင်း၍ ထိုနေရာမှ ထွက်ခွာခဲ့လေသည်။
X X X X X X X X X
နားနေခန်းရှေ့က စားပွဲခုံလေးမှာ အမှတ်ထိုင်ခြစ်နေစဉ်သူ့ဘေးနား တစ်စုံတစ်ဦးလာရပ်သည့်အရိပ်ကြောင့်လင်းမော့ကြည့်လိုက်မိသည်။
တခြားလူမဟုတ်သူအရမ်းလွမ်းနေပါတယ်ဆိုတဲ့ ကလေးလေးဖြစ်နေတာကြောင့်လင်း ရဲ့မျက်လုံးလေးတွေ ဝိုင်းစက်သွားကာ နှုတ်ခမ်းလေးကိုဖွင့်ဟလိုက်မိသည်။
ရီဝေနေတဲ့အကြည့်တွေထဲ ရပ်ကြည့်နေသော ကလေးအား လင်း ပြုံးတယ်ဆိုရုံသာ ပြုံးပြနိုင်ခဲ့သည်။ တအားလွမ်းနေပေမဲ့ပွေ့လဲဖက်မထားနိုင်တော့ ။ ဖက်ခွင့်လဲမရှိတော့ဘူး မဟုတ်လား ။
မမြင်ရတဲ့အတောအတွင်း ပိန်သွားလိုက်တာ ကလေးရယ်..... မျက်နှာလေးကလဲ ဖြူဖျော့နေတာပဲ ...နေမှကောင်းရဲ့လား လို့ လင်း စိတ်ထဲကတွေးနေတုန်းမှာပဲ
" မိုး ...... ဆရာမ ကိုလာနှုတ်ဆက်တာပါ ...... "
မပွင့်တပွင့်လေသံဖျော့တော့တော့လေးနဲ့ မိုးပြောလိုက်တော့ လင်း မျက်လုံးလေးတွေဟာ ဝိုင်းစက်တာထက်ပိုသွားရသည်။ အရင်လိုမျိုး 'မ' လို့တရင်းတနှီးမခေါ်တော့ပဲ 'ဆရာမ' ဆိုတဲ့အသုံးအနှုန်းကို သုံးနှုန်းခေါ်ဝေါ်လိုက်တာမို့ ကလေး ဘက်ကသူ့အပေါ် 'ဆရာ' ဟု စည်းခြားကန့်သတ်လိုက်ပုံပါပဲ လို့ လင်း ယူဆလိုက်ပြီး ရင်ထဲဝမ်းနည်းရပြန်သည်။
" မိုး ဂျပန်မှာပဲကျောင်းဆက်တက်တော့မယ်.... အဲ့ဒါမသွားခင်လေး ဆရာမကို ကန်တော့သွားချင်လို့ပါ ...... "
ဂျပန်ကို ???? ကလေး မ နဲ့ဝေးရာကို ထွက်သွားတော့မှာပေါ့နော်.....
"ဘယ်နေ့သွားမှာလဲဟင်? "
မေးခွင့်မရှိတော့တဲ့လူမှန်း လင်း သိပါလျက်နဲ့ ထိုမေးခွန်းကို နှုတ်ဖျားမှထွက်ကျစေခဲ့သည်။ ကြည့်ရတာ နှလုံးသားရဲ့စေခိုင်းချက်ကို ဦးနှောက်က မငြင်းဆန်နိုင်သေးဘူးထင်ပါရဲ့ ။
" ဒီညနေပါ ဆရာမ .... အခုကျောင်းကပြန်တာနဲ့လေဆိပ်ကိုတန်းသွားမှာပါ ....... "
"သြော်...... "
လင်းပြောလိုက်တဲ့ ထို 'သြော်' ဆိုသည့်စကားလုံးလေး တစ်လုံးထဲ၌ ဝမ်းနည်းမှုတွေ ပူဆွေးမှုတွေမြောက်များစွားပါဝင်နေတယ်ဆိုတာ မိုး ကတော့ မသိလိုက်ပါ ။
သူ့ရဲ့ခြေတော်ရင်းမှာ ပြားပြားဝပ်ရင်း ထိခြင်းငါးပါးဖြင့်ထိုင်ကန်တော့နေတဲ့ သူ့ရဲ့ကလေးလေးကို လင်းသေချာငုံ့ကြည့်ရင်း မျက်ဝန်းအိမ်ထဲ၌ မျက်ရည်စတို့က တွဲလွှဲခိုလာ၏ ။
ကလေးကန်တော့လို့မပြီးခင်ပါးပြင်ပေါ်ကျလုဆဲဆဲ မျက်ရည်စတို့အား လင်း လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းဆွဲပွတ်ပစ်လိုက်သည်။ ခွဲခွာရတော့မယ်ဆိုတဲ့ အသိကြောင့်ဖြစ်ပေါ်လာသည့်ရင်ထဲကဝေဒနာတွေကို မျက်ကွယ်ပြုရင်း အံ့ကြိတ်ကာ မျက်ရည်ထပ်မကျလာအောင်လင်း စိတ်ကိုတင်းထားရသည်။
သွားလေရာ လာလေရာမှာ ခလုတ်မထိ ဆူးမငြိပါစေနဲ့ ကလေးရယ်.... ပြီးတော့ ဘဝမှာ မ လိုမျိုး ကလေးကိုနာကျင်အောင်လုပ်မဲ့ လူစားမျိုးနဲ့ ဒုတိယတစ်ကြိမ်ထပ်မတွေ့ပါစေနဲ့ ..... ဘဝမှာပျော်ရွှင်မှုအစစ်အမှန်ကို ရရှိပြီး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ဘဝရဲ့လိုရာခရီးကို အရောက်လျှောက်လှမ်းနိုင်ပါစေနော်... မ ရဲ့ ကလေးလေး ..........
စိတ်ထဲကနေ ဆုတွေတစ်လုံးတစ်ဝပေးပြီးတဲ့အခါ၌ သူ့ကလေးလေးက ဘာမှမပြောပဲ မတ်တပ်ပြန်ရပ်လိုက်သည်မို့
"ပေးတဲ့ဆုနဲ့ပြည့်ပါစေလို့ ....ပြောဦးမှပေါ့ ..... "
တိုးဖျော့ဖျော့လေသံလေးနဲ့ လင်း ပြောလိုက်တော့ မိုးခေါင်းလေးအသာညိမ့်ပြရင်း
" စိတ်ထဲကပြောပြီးသွားပါပြီ ..... ဆရာမ ...... "
"အော်.........အေးပါကွယ်....... "
နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်သာ ဒီတိုင်းလေးရပ်ကြည့်နေမိကြသည်။ပြောစရာစကားလုံးတွေက နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာ ကိုယ်စီရှိနေကြပေမဲ့ နှုတ်ကနေတော့ပြောမထွက်ခဲ့ကြပါ ။
" ဒါဆို မိုး သွားတော့မယ်နော်.... "
'သွားတော့မယ်' ဆိုတဲ့ စကားလုံးဟာ မိုး အတွက်ထင်ထားတာထက်ကိုပြောထွက်ဖို့ ခက်ခဲခဲ့သလို လင်း အတွက်လဲ ထိုစကားလုံးဟာ ထင်ထားတာထက်ပို ခါးသက်နာကျင်စေရပါသည်။
လင်း သူ့ကလေးကို အတတ်နိုင်ဆုံး ကြိုးစားပြီး ပြုံးပြလိုက်ရင်း
" ကျန်းမာရေး ဂရုစိုက်နော်...... ကလေး ....... "
'ကလေး' ဆိုတဲ့စကားလုံးလေးကို ထပ်မံကြားခွင့်ပေးခဲ့တဲ့အတွက်သူ့မမကို မိုး တကယ်ကျေးဇူးတင်ခဲ့မိသည်။ ထို့ကြောင့်မိုး သူ့မမအား ပြုံးတယ်ဆိုရုံ ခပ်ယဲ့ယဲ့လေး ပြန်ပြုံးပြရင်း
" ဟုတ်ကဲ့ပါ .......... "
မိုးမျက်လွှာလေးကိုအောက်ချလိုက်ရင်း သူ့မမရှေ့ မျက်ရည်မကျလာခင်ထိုနေရာမှ လှည့်ထွက်ပြန်ခဲ့ပါတော့သည်။
ကလေး နဲ့ မ ... ဒီတစ်သက်မှာ တစ်ယောက်နဲ့တစ်ယောက်ဘယ်တော့မှ မနှုတ်ဆက်ဖြစ်လောက်ဘူး ထင်ထားခဲ့မိတာ ကလေးရယ်.......
ထွက်သွားတဲ့ ကလေးရဲ့ကျောပြင်လေးကို လင်း မျက်စိတစ်ဆုံးရီဝေစွာငေးကြည့်နေမိပါသည်။
လင်း ရဲ့မျက်ဝန်းထဲက မျက်ရည်စတွေကို မိုးတွေ့ခွင့်မရှိခဲ့သလို မိုးဝသန်လွင်ရဲ့မျက်ဝန်းထဲမှ မျက်ရည်စတွေကိုလည်း လင်းဝတ်ရည်သော်တွေ့ခွင့်မရှိတော့ပေ ။
'တွေ့ဆုံခြင်း' ဆိုတဲ့ စကားလုံးဟာတော့ ကြည်နူးမှုပျော်ရွှင်မှုဆိုတဲ့ အဓိပ္ပာယ်တွေ ပါဝင်ေပေမဲ့လဲ 'နှုတ်ဆက်ခြင်း ခွဲခွာခြင်း' ဆိုတဲ့ စကားလုံးဟာတော့ နာကျင်စရာကြေကွဲစရာတွေနဲ့ ပြည်နှက်နေတယ်ဆိုတာ ကြုံတွေ့ဖူးသူတိုင်းတော့ သိကြပါလိမ့်မည်။
< နာကျင်မှုများစွာကိုကျောခိုင်းထွက်ခွာသွားရတာ တကယ်တော့ ခက်ခဲလွန်းလှပါတယ်...
ကိုယ်စီစိတ်ကူးလေးတွေလေဟာနယ်ထဲလွင့်ပြီ အပိုင်းအစတွေပဲ တို့အတွက်ကျန်ခဲ့ပြီ ....
နီးစပ်ဖို့လဲမလွယ်တော့ဘူးဝေးသွားဖို့လဲ မခံနိုင်ဘူး တွဲလက်ကလေး လွှတ်ခါသွားချိန်... >
ဖေဖေကားပေါ်မှာဖွင့်ထားတဲ့ FM radio မှ လာနေသည့်'ဆောင်းအိမ်မက်' ဆိုတဲ့သီချင်းလေးက သူတို့နှစ်ယောက်ရဲ့ နှုတ်ဆက်ခွဲခြင်းအကြောင်းတွေကိုပင်ရည်စူးဖော်ညွှန်းနေသလိုပင်။
X X X X X X X X X
ညနေစောင်းအချိန်လောက်၌ လင်း ခြံထဲက ဒန်းလေးပေါ်မှာထိုင်ရင်း တစ်ချိန်က သူ့ကလေးလေးနဲ့ အတူတူ နားကျပ်တစ်ဖက်ဆီ နားထောင်ခဲ့ကြဖူးတဲ့ သီချင်းလေးကို နားဆင်ရင်းကောင်းကင်ကိုမော့ကြည့်နေမိသည်။
အချစ်ဒုက္ခ အချစ်မရှိမှ တစ်ယောက်ထဲလဲ ဝမ်းနည်းခဲ့ရ ...
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေးတစ်ခါတစ်လေတော့လဲ စိတ်ညစ်ဖူးတယ်...
အချစ်တတ်ဆုံး သတိရဆုံး ကိုယ့်ရဲ့ဘဝမှာ တစ်ယောက်ထဲရှိတယ်.....
တွေဝေခြင်း ဟန်ဆောင်ခြင်း .. ဒီနောင်တတွေရမှ ......
ကိုယ်ရဲ့အဝေးသူထွက်ပြေးအချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်...
အမြဲ ရင်ထဲပြည့်ကျပ်နေလို့ ....
ခံစားရခက်နေလို့ ....
ဒီစိတ်နဲ့ရူးနေလို့ ....
ရင်ထဲမှာ သိပ်ချစ်မိတာမို့ ...
လွမ်းစရာတွေးရင် ရူးလောက်အောင်စိတ်ညစ်တာမို့ ...
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကို ......
'အချစ်သီချင်း' ဆိုတဲ့ ထိုသီချင်းလေးတစ်ပုဒ်မပြီးဆုံးခင်ကောင်းကင်မှ မိုးစက်ပေါက်လေးတွေ တစ်ပေါက်တစ်ပေါက်ဖွဲဖွဲကလေးကျဆင်းလာပါသည်။
လင်း လက်ဖဝါးလေးကို ဖြန့်လိုက်ကာ သူ့လက်ဖဝါးပေါ်ကျဆင်းလာတဲ့ မိုးပေါက်လေးတွေကိုငေးကြည့်ရင်း
' မိုးစက်ကလေးတွေရယ်... ကလေးကိုတွေ့ရင်ပြောပြပေးပါလားဟင်.....လင်းဝတ်ရည်သော်ဆိုတဲ့ ဆရာမလေးတစ်ယောက်က ကလေးကို သိပ်လွမ်းနေတယ်လို့ .... '
X X X X X X X X X
ဂျပန်ရောက်ရောက်ချင်းမှာတော့ မိုး သူ့အဖွားနဲ့အတူတစ်အိမ်ထဲနေတယ်ဆိုပေမဲ့ဆေးကျောင်းစတက်တဲ့အချိန်မှာတော့ အိမ်နဲ့ကျောင်းမှာ မြို့နယ်ချင်းအတော်လေးခြားတာမို့ကျောင်းနားက ကွန်ဒိုတိုက်ခန်းလေးတစ်ခုကို သူ့အဖေကဝယ်ပေးခဲ့သည်။
အစပိုင်းမှာတော့ မိုး တစ်ယောက်ထဲနေရတာ ဘာမှမချက်ပြုတ်တတ်မလုပ်ကိုင်တတ်တာမို့ ခက်ခဲခဲ့ပေမဲ့လဲ သူ့အဒေါ်က အလုပ်ပိတ်ရက်များတွင်လာပြီး သင်ကြားပြသပေးခဲ့သဖြင့်မိုး ချက်တတ်ပြုတ်တတ်လာပြီး တစ်ယောက်ထဲ သပ်သပ်ရပ်ရပ်လေးနေတတ်လာသည်။
ကျောင်းနဲ့အိမ်... အိမ်နဲ့ကျောင်းဖြင့်သာ မိုး သူ့ရဲ့နေ့ရက်တွေကို ကုန်ဆုံးစေခဲ့ပြီး အချိန်စက်ဝန်းတို့လို လည်ပတ်စေခဲ့သည်။
တခါတရံ Yuki ဆိုတဲ့ သူငယ်ချင်းလေးသူ့ဆီရောက်ရောက်လာပြီး အဖော်လုပ်ပေးတတ်သည်။သူ့ဘာသာတစ်ကိုယ်တော်လေးပဲနေတတ်ပြီး တခြားလူတွေနဲ့ရောနှောမနေတတ်တာမို့ကျောင်းမှာလဲ သူ့အတွက်သူငယ်ချင်းဆိုတာ သိပ်ပြီးမရှိခဲ့ပါ ။ ရုပ်ချောပြီးစာတော်လို့ သူ့ကိုခင်ချင်တဲ့လူတွေက တစ်ပုံကြီးရှိပေမဲ့
စကားနည်းလွန်းပြီး တည်တည်တံ့တံ့အပြုံးအရယ်မရှိပဲ အနေအေးဆေးတာမို့ သူ့ကိုတော်ရုံလူက လာမရောရဲပေ ။
သူအများဆုံးရှိနေတတ်တဲ့နေရာကတော့ကျောင်းရဲ့စာကြည့်တိုက်သာ ဖြစ်၏ ။
ဇွဲ နဲ့ ဇာလီတင့်တို့ ၂ယောက်နဲ့တော့ တခါတလေ Online မှစကားပြောဖြစ်ပြီး ယခုထိတော့ အဆက်အသွယ်ရှိနေကြတုန်းပဲဖြစ်သည်။
တခါတခါသူ့ မမ သတင်းလေးတွေကိုတော့ ထို ၂ယောက်ဆီမှ နားစွင့်တုန်းပေါ့ ။
တစ်နေ့ စာကြည့်တိုက်ကနေ အိမ်သို့ပြန်တဲ့လမ်းကလေးမှာ စက်ဘီးလေးနင်းရင်း နားကျပ်လေးတစ်ဖက်ကိုတပ်ပြီးတော့ သီချင်းဟောင်းလေးတစ်ပုဒ်ကို ပြန်နားထောင်ဖြစ်ခဲ့သည်။
ထိုသီချင်းလေးကတော့ သူ့မမရဲ့အကြိုက်ဆုံးသီချင်းဖြစ်တဲ့ ကိုမျိုးကျော့မြိုင်ဘစိုင်း ဦးကောင်းမြတ်နှင့်အဲလက်စ်တို့သီဆိုထားသည့်'အချစ်သီချင်း'
ဘာကြောင့်များ အချစ်ကို ကိုးကွယ်မိလဲ သိချင်တာ ...
ဟိုအရင်ကလိုပဲ မင်းရဲ့အနားမှာ ရှိချင်တာ ...
ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ .. မိုးဆောင်းတွေ ပြက္ခဒိန်တွေတစ်မျိုးပြောင်းနေ ....
အတိတ်ကိုတွေး စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ ... အကျိုးအကြောင်းတွေ လွဲခဲ့ရတဲ့ တို့နှစ်ယောက်ဝေး ...........
X X X X X X X X
[ ၁၃ နှစ်ခန့်ကြာပြီးနောက်... ]
အရင်တုန်းက ဂုတ်ဝဲအထိလောက်တောင်မရှည်တဲ့ သူမရဲ့ ဆံနွယ်တွေဟာ အခုတော့ကျောလည်လောက်အထိ ရှည်လျားနေပြီဖြစ်ပြီး နီညိုရောင်သန်းနေသည်။
အရင်ကလမ်းလျှောက်ရင်သိပ်ပြီးမိန်းကလေးမဆန်လှပဲ bootတွေနဲ့ half shoeတွေသာအစီးများတဲ့ သူမမှာ ယခုမှာတော့ ၂ လက်မဒေါက်မြင့်ဖိနပ်လေးကို စီးထားသည်။ ပြီးတော့ အရင်က ၅ပေ ၄ လက်မခန့်သာရှိခဲ့တဲ့ သူမရဲ့ အရပ်ဟာလဲ ယခုမှာ၅ပေ ၆ လက်မခန့်ရှိနေပါပြီ ။
မျက်နှာမှာ မိတ်ကပ်တွေမလိမ်းခြယ်ထားပဲပေါင်ဒါလေးလောက်သာပုတ်ထားပေမဲ့ သူမရဲ့မျက်နှာဟာ ကြည်လင်ဝင်းပနေသည်။ ပြီးတော့ အသဲကွဲရောင်လေးဆိုးထားတဲ့ သူမရဲ့နှုတ်ခမ်းမထူမပါလေးဟာလဲ ရွှန်းစိုတောက်ပလှ၏ ။
ချုံငုံပြောရလျှင်တော့ သူမဟာ အလှအပမှာပြောစရာချွင်းချက်ဆိုတာ မရှိသည့်ပြီးပြည့်စုံတဲ့အလှပိုင်ရှင်မိန်းမတစ်ဦးဖြစ်လို့နေပါပြီ ။
သူမအလုပ်လုပ်တဲ့ဆေးရုံကလူတော်တော်များများကတော့ သူမကို အလှဘုရင်မလို့ တင်စားခေါ်ဝေါ်ကြသည်။
သူမဟာ အလှတွင်ပဲ ပြီးပြည့်စုံနေတာမဟုတ်ပညာအရာမှာလဲ သူများတွေထက်သာလွန်ပြီး အများရဲ့ထိပ်တွင်ရှိနေသူတစ်ဦးလဲဖြစ်သည်။
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဂျပန်နိုင်ငံမှာ အတော်ဆုံးထိပ်တန်းဆယ်ဦးစာရင်းဝင်နှလုံးအထူးကုခွဲစိတ်ဆရာဝန်မကြီးတစ်ဦးလဲဖြစ်သလို လူနာတော်တော်များများရဲ့ အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ သူမဟာ တစ်လလျှင်အမေရိကန်ဒေါ်လာ 2 သိန်းလောက်ကို အသာလေးရှာနိုင်နေပြီဖြစ်သည်။
သူရှာလို့ရတဲ့ဝင်ငွေတွေကိုတော့ တစ်လမှာတစ်ခါဆေးဝါးအထောက်အပံ့လိုအပ်နေတဲ့ဒေသတွေကိုသွားပြီးဆေးဘက်ဆိုင်ရာထောက်ပံ့မှုတွေ အမြဲပြုလုပ်ပေးနေတဲ့ သူလဲဖြစ်၏ ။
ဆေးရုံကိုရောက်လာတဲ့သူ့ကိုမြင်တာနဲ့ လူတွေက ဝိုင်းကြည့်ကြသည်။ငေးကြသည်။ အဲ့ဒီထဲမှာကောင်လေးတွေသာမကကောင်မလေးတွေပါ ပါနေသည်။
"ချောလိုက်တာ ..... "
" လှရက်လွန်းသူပါကွာ .... "
အသီးသီးတီးတိုးတီးတိုးပြောသံတွေကြားနေပေမဲ့ သူဂရုမစိုက်။
" Ohayō (မင်္ဂလာနံနက်ခင်းပါ)ဒေါက်တာ Hanna .... "
ဌာနထဲဝင်လာတဲ့ သူ့ကိုတွေ့လိုက်တဲ့ nurseလေးတွေနဲ့ သူ့လက်အောက်ကဒေါက်တာလေးတွေက ဝိုင်းနှုတ်ဆက်သောအခါခေါင်းလေးညိမ့်ကာ Ohayō လို့တစ်ခွန်းပဲပြန်ပြောပြီး သူ့ရုံးခန်းထဲသို့ဝင်သွားသည်။
သူအခန်းထဲဝင်သွားတော့ကောင်တာမှာ ထိုင်နေတဲ့ nurseလေးများက
"ငါတို့ဒေါက်တာ Hanna ကအမြဲခပ်တည်တည်ပဲနော်... သူရယ်တာငါတခါမှ မမြင်ဖူးဘူး .... "
"အေး ငါကောပဲ ပြုံးရင်တောင်ပြုံးတယ်ဆိုရုံလေးပဲ ပြုံးပြတတ်တာ .... အဲ့ဒါတောင်မှ ခပ်ရှားရှားရယ်... သူကယ်တင်ပေးလိုက်လို့ အသက်ရှင်သွားတဲ့ လူနာမိသားစုဝင်တွေကကျေးဇူးတင်စကားပြောမှ အဲ့လိုပြုံးတာ .... "
" ဒါပေမဲ့ ငါတို့ဒေါက်တာက သဘောတော့ကောင်းပါတယ်ဟ .... မာနမကြီးဘူးနောက်ပြီး လူတန်းစား မခွဲခြားတတ်ဘူး ... ပရဟိတတွေလဲ တအားလုပ်တယ်လေ ..... "
" ဒါပေမဲ့ အလုပ်နဲ့ပတ်သတ်လာရင်တော့ အရမ်းတိကျပြီးစေ့စပ်သေချာမှ ကြိုက်တဲ့လူဟ .... နည်းနည်းလေး မှားမိတာနဲ့ ပိုးစိုးပက်စက်ပြောတတ်တာ .... အလုပ်သင်ဒေါက်တာလေးတွေဆို ငါတို့ဒေါက်တာ Hanna ကိုသိပ်ကြောက်ကြရတယ်...... "
"အေးလေ ဟုတ်ပါ့ ..... "
" ဒါနဲ့လေ ငါတို့ဒေါက်တာကြီးက သူ့အနားမှာ သူ့ကိုကြိုက်တဲ့ ချစ်ခွင့်ပန်နေကြတဲ့လူတွေ ဒီလောက်ပေါနေတာကို ဘာလို့အခုထိ အပျိုကြီးလုပ်နေရတာလဲ မသိဘူးနော်.... "
" အလုပ်ကလွဲပြီး ကျန်တာစိတ်မဝင်စားချင်သေးတာမို့ မရွေးသေးတာပဲဖြစ်မယ်.... "
nurseလေးတွေ ထိုင်ပြောနေကြတာကိုကြားပြီး ဆရာဝန်လေးတစ်ယောက်က
" မရွေးသေးတာကိုပဲ ကျွန်တော်ကျိတ်ပြီးကျေးဇူးတင်နေရတာဗျို့ ... အခုနေများဒေါက်တာ Hanna ကတခြားတစ်ယောက်ယောက်ကိုရွေးချယ်လိုက်မယ်ဆိုရင်လေ ကျွန်တော့နှလုံးသားတွေ ကွဲအက်ကုန်မှာဗျ .... "
" ဟားဟားဟား ....ဒေါက်တာကလဲ အလာကြီးပါလားဟေ့ .... "
X X X X X X X X
နားကျပ်လေးတစ်ခုကိုကိုင်ပြီး သူမတာဝန်ကျတဲ့ နှလုံးအထူးကုသဆောင်ထဲ၌ round လှည့်နေသည်။ အနောက်မှာ သူ့လက်ထောက်ဆရာဝန်လေး ၂ယောက်ပါပြီး အလုပ်သင်လေး ၄ယောက်လောက်လဲပါသည်။
"ဒေါ်ဒေါ် ဒီရက်ပိုင်း ဘယ်လိုနေသေးလဲ ? နှလုံးအောင့်တာတွေဘာတွေရှိသေးလား ? "
"အောင့်တာတော့ သိပ်မရှိတော့ပါဘူးဒေါက်တာ ... ဒါပေမဲ့ခြေထောက်တွေတအားယောင်လာတယ်ဒေါက်တာ ... "
" ဟုတ်လား ...... "
လူနာရဲ့ခြေထောက်ကို သူသေချာကြည့်လိုက်သည်။
"အော်တော်တော်လေးယောင်နေတာပဲ ..... "
" ဟုတ်ပါတယ်ဒေါက်တာ .... လမ်းလျှောက်လို့လဲ သိပ်မကောင်းလို့ပါ .... "
" ဟုတ်ကဲ့ ...... ခဏလေးနော်.... "
သူ့နားကျပ်လေးကို နားမှာတပ်လိုက်ပြီး လူနာရဲ့ရင်ဘတ်ကို သုံးလေးချက်လောက်ထောက်စမ်းကာ အသံကိုအာရုံစိုက်နားထောင်လိုက်သည်။
နားကျပ်ပြန်ဖြုတ်လိုက်ကာဆေးမှတ်တမ်းကို လှန်ကြည့်လိုက်ပြီး မျက်မှောင်တစ်ချက်ကြုတ်လိုက်၏ ။
" ဒီဆေးကို ဘယ်သူပေးထားတာလဲ ? "
သူမေးတော့ဘေးနားက လက်ထောက်ဆရာဝန်လေးတစ်ဦးက မျက်နှာငယ်လေးဖြင့်
" ကျွန်~~ ကျွန်တော်ပေးထားတာပါဒေါက်တာ .... "
သူထိုလက်ထောက်ဆရာဝန်ကိုသေချာစိုက်ကြည့်လိုက်ပြီး
" ဒီဆေးက နှလုံးကြီးရောဂါဖြစ်နေရတဲ့ လူနာတွေကို မပေးသင့်တဲ့ဆေးဆိုတာ မင်းတကယ်ပဲမသိတာလား ? ဒါမှမဟုတ်သိရက်နဲ့ပေးခဲ့တာလား ??? "
သူမေးလိုက်တော့ ထိုဆရာဝန်လေးကြောက်လန့်နေသည့်ဟန်ဖြင့်မျက်နှာပျက်ယွင်းသွားကာ
" ကျွန်တော်~~ ကျွန်တော်တောင်းပန်ပါတယ်ဒေါက်တာ .... "
" ငါမင်းကိုတောင်းပန်ခိုင်းနေတာ မဟုတ်ဘူး ..... မင်းငါ့ရဲ့လက်ထောက်လုပ်နေပြီး ဒီလောက်လေးတော့သိသင့်ပါတယ်...."
သူအသက်ခပ်မာမာနဲ့ ဆူလိုက်တော့ ထိုဒေါက်တာလေး ခါးကိုကိုင်းချလိုက်ပြီးခေါင်းငုံကာ
"တောင်းပန်ပါတယ်ဒေါက်တာ ... "
" ငါတောင်းပန်တာကို သဘောမကျဘူး ... အစထဲက မှန်မှန်ကန်ကန်လုပ်တာကိုပဲ ငါလိုချင်တယ်.... ငါတို့ရဲ့အလုပ်က ဒီတိုင်းစာရင်းအင်း ထိုင်တွက်နေရတဲ့ စီးပွားရေးသမားတွေ မဟုတ်ဘူး .... လူတွေရဲ့အသက်နဲ့ရင်းပြီး လုပ်နေရတဲ့ အလုပ်.... မင်းရဲ့အမှားတစ်ခုကြာင့်လူတစ်ယောက်ရဲ့အသက်ဆုံးရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်တယ်....နောက်ဆိုရင်မသိရင်ငါ့ကိုအရင်လာမေးပါ .... ငါဆေးရုံမှာမရှိရင်လဲ ဖုန်းဆက်ပြီးမေးနိုင်တယ်..... မင်းတို့ကိုပေးထားတဲ့ ငါ့ဖုန်းနံပါတ်က အလကားမဟုတ်ဘူး ..... "
" ဟုတ်~~ ဟုတ်ကဲ့ပါဒေါက်တာ .... "
သူ့ဘေးက ခါးကုန်းထားတဲ့ လက်ထောက်ကိုမကြည့်တော့ပဲဆေးမှတ်တမ်းမှာဘောပင်ဖြင့်စာလုံးတချို့ချရေးလိုက်ကာဘေးကနောက်ထပ်လက်ထောက်တစ်ယောက်ကိုပေးလိုက်သည်။
ပြီးတော့ လူနာဘက်ကိုလှည့်ပြီး
"ဒေါ်လေးရဲ့ နှလုံးနာကျင်မှုကိုလျော့ကျစေတဲ့ဆေးတစ်မျိုးကြောင့်အဆစ်အမြစ်တွေ နည်းနည်းယောင်တာပါ .... ကျွန်မ အခုဆေးတစ်မျိုးပြောင်းပေးထားတယ်....ဒေါ်လေးရဲ့ခြေထောက်ယောင်နေတာတွေ သက်သာသွားပါလိမ့်မယ်.... "
" ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒေါက်တာ .... "
သူချာခနဲလှည့်ထွက်သွားမှ ဟိုလက်ထောက်ခေါင်းပြန်ဖော်နိုင်သည်။ ပြီးတော့ မျက်နှာငယ်လေးဖြင့်တခြားလူနာတွေလိုက်ကြည့်နေတဲ့ သူမနောက်သို့ ဆက်ပြီးပြေးလိုက်ရပြန်သည်။
နေ့လည်လောက်ကျတော့ဆေးရုံက ကန်တင်းတစ်ခုတွင်
" ငါပြောသားပဲဒေါက်တာ Hanna က သူ့လူနာတွေနဲ့ပတ်သတ်လာရင်နည်းနည်းလေးမှ အမှားမခံပါဘူးဆို ....နောက်ဆို မင်း ပိုပြီးဂရုစိုက်ရမယ်.... "
" ဒါပေမဲ့လဲကွာ ... လူနာရှေ့ကြီးမှာတော့ အဲ့လိုတိုက်ရိုက်ကြီးဆူတာကျ တစ်မျိုးပဲ .... ရုံးခန်းထဲခေါ်ပြီးပြောလဲရတဲ့ဟာကို ... "
" ဒါကမင်းကိုနောက်ထပ်ထပ်မမှားရဲအောင်လို့ တစ်ခါတည်းပြောသွားတာပါ ... မင်းကိုကောင်းစေဖို့ပြောတာပဲဟာ ... စိတ်ထဲထားမနေပါနဲ့ ..... ကဲဘာမှတွေးမနေတော့နဲ့ စားစရာရှိတာ စား .... "
"အေးပါကွာ .... "
X X X X X X X X
ခွဲစိတ်ခန်းထဲကပြန်ထွက်ပြီး အဝတ်အစားးလဲကာ သူ့ရုံးခန်းထဲသို့ပြန်လာခဲ့သည်။ အလုပ်စားပွဲရှေ့က ဘီးတပ်ကုလားထိုင်မှာ ထိုင်လိုက်ပြီး ကုလားထိုင်နောက်မှီပေါ်မှီရင်း မျက်လုံးမှိတ်ကာခေတ္တမျှ သူ့ကိုယ်သူအနားပေးလိုက်သည်။
ရုတ်တရက်သူ့ရဲ့ i phoneလေးက ring သံထမြည်လာတာမို့ မျက်လုံးပြန်ဖွင့်ပြီး ဖုန်းကိုလှမ်းယူကြည့်လိုက်သည်။
< From Daddy >
ဖေဖေ့ဆီကဖုန်းဖြစ်တာမို့ မိုး အလျင်အမြန်ပဲကိုင်လိုက်ပြီး
" ဟဲလို Daddy ....... "
" သမီးလေး Hanna .... အားရဲ့လားဟင်? Daddy နဲ့ဖုန်းပြောဖို့ အဆင်ပြေရဲ့လား? "
" ရပါတယ်Daddy ရဲ့ ..... သမီးအားပါတယ်..... "
" ဟုတ်လား ..... Daddy သမီးကိုပြောစရာလေးရှိလို့ ဖုန်းဆက်လိုက်တာ .... "
တစ်ဖက်က အဖေ့ရဲ့အသံက သိပ်မကောင်းပဲမောသံလိုလိုနေသိပ်မကောင်းတဲ့အသံလိုလိုပေါက်နေတာမို့ မိုး မျက်မှောင်လေးကြုတ်လိုက်မိသည်။
" Daddyနေမကောင်းပြန်ဘူးလား ? အသံက သိပ်မကောင်းဘူးဖြစ်နေတယ်.... "
" ဟုတ်တယ်သမီးရယ်.... အခုတလော Daddy အသည်းက ပြန်ပြန်အောင့်နေတယ်.... "
သူ့အဖေလဲ အသက်ကရလာပြီး အရင်ကသောက်ခဲ့စားခဲ့တဲ့ ဒဏ်တွေကြောင့်အသည်းကြီးတဲ့ရောဂါခံစားနေရတာ ၄ နှစ်လောက်ရှိသွားခဲ့ပါပြီ ။ ဒါကို မိုး လဲသိထားပြီးဖြစ်သည်။
" Daddyဆေးရုံရက်ချိန်းကော ပုံမှန်သွားသွားပြရဲ့လား ? Check upကော ပြန်လုပ်ကြည့်သေးလား ? "
" သမီးဆူမယ်ဆိုလဲ ခံရုံပဲရှိတော့တယ်သမီးရယ်.... Daddy ဟိုတစ်လောက အလုပ်ကိစ္စတွေ တအား အာရုံစိုက်လိုက်ရလို့ရက်ချိန်းတွေပြန်ပြဖို့မေ့သွားခဲ့တယ်.... အဲ့ဒါပြီးခဲ့တဲ့တစ်ပတ်ကမှ နည်းနည်းအောင့်လို့ သွားပြန်ပြပြီး check up လုပ်ကြည့်လိုက်တော့ အသည်းကအဆီတော်တော်လေးဖုံးနေပြီတဲ့ သမီးရယ်.... "
မိုး သက်ပြင်းတစ်ချက်ချလိုက်ပြီး
" ဒါအသည်းရောဂါသည်တွေရဲ့ ဆက်တိုက်ဖြစ်လာတတ်တဲ့ လက္ခာတွေပဲ Daddy .... အဲ့ဒါကြောင့်မို့ Daddy ကိုပုံမှန်ရက်ချိန်လေးသွားသွားပြပြီးဆေးပုံမှန်သောက်ဖို့ အတန်တန်မှာတာ .... Daddy ရယ်... အလုပ်ဆိုတာ အလွန်အကျွံလုပ်လို့ကောင်းတာမဟုတ်ဘူး .... Daddy ရဲ့အသက်ကိုလဲ ငဲ့ဦးမှပေါ့ ၆၀ကျော်ပြီး ၇၀ နားနီးနေပြီလေ .... "
" ဟုတ်ပါတယ်သမီးရယ်... Daddy အခုပြောချင်တာလဲ အဲ့ဒါပါပဲ .... Daddy လဲအသက်ကကြီးလာပြီ သမီးရယ်..... အဲ့မှာက သမီးရဲ့ဖွားဖွားလဲ မရှိတော့ဘူးဆိုတော့ ... ဒီကိုပြန်လာပြီး Daddy နဲ့အတူပြန်လာနေပေးလို့ မရဘူးလား သမီးရယ်....... Daddyလေ ... အခုလိုကျန်းမာရေးချွတ်ယွင်းလာမှ သမီးလေးကိုပိုပြီး အနားမှာရှိစေချင်မိတယ်ကွယ်...... "
အဖေ့ရဲ့စကားတွေကို မိုးသေချာနားထောင်ကြည့်တော့ အဖေပြောတာတွေလဲ မမှားပါ ။ ဟုတ်တာပေါ့ အသက်ကြီးလာတော့ သူလဲသားသမီးကို အနားမှာပြန်ရှိစေချင်တာပေါ့ ။ မိုးခေါင်းလေးညိမ့်လိုက်ပြီး
" ဟုတ်ပါပြီ Daddy .... သမီးနားလည်ပါတယ်..... သမီးအခုလုပ်နေတဲ့ဆေးရုံကဆေးရုံအုပ်ကြီးနဲ့ တစ်ချက်စကားပြောကြည့်ဦးမယ်နော်.... တကယ်လို့ အဆင်ပြေတယ်ဆိုရင်သမီးပြန်လာခဲ့ပါမယ်..... ဒီကြားထဲတော့ Daddyဆေးပုံမှန်သောက်ပြီး ရက်ချိန်းတိုင်း သွားသွားပြပေးပါနော်...... "
" အင်းပါသမီးရယ်....ဖေဖေ့အတွက်ထည့်စဉ်းစားပေးလို့ တကယ်ကျေးဇူးပါ သမီးရယ်.... "
Daddy ဆီမှကျေးဇူးတင်စကား ကြားရတော့ မိုး အားနာမိပါသည်။ ၁၃ နှစ်ဆိုတဲ့ကာလအတွင်း သူဖေဖေ့ကိုပစ်ထားခဲ့မိတယ်မဟုတ်ပါလား ။ မ မရှိတော့တဲ့ဘဝကို အနယ်ထိုင်ပြီး အတည်တကျဖြစ်အောင်သူအချိန်တော်တော်ပေးပြီး ရုန်းကန်ခဲ့ရတယ်လေ ။ ဒီကြားထဲဖေဖေ့ကိုမငဲ့ကြည့်ပဲ တစ်ကိုယ်ကောင်းဆန်ဆန်ကိုယ်လွတ်ရုန်းနေမိလို့ အဖေ့အပေါ်တကယ်အားနာမိပါသည်။
" မိဘနဲ့သားသမီးကြားကျေးဇူးတင်ကားပြောဖို့ လိုအပ်တာမှမဟုတ်ပဲ Daddy ရယ်.... သမီးကျိန်းသေပြန်လာခဲ့ပါမယ်နော်.... သမီးဒီက အလုပ်ကိစ္စလေးတွေဖြတ်လို့ရအောင်အချိန်တစ်ခုလေးအထိပဲစောင့်နေပေးပြီး ကျန်းမာအောင်နေပေးပါနော်Daddy ...... "
"အေးပါသမီးရယ်.... Daddy ကျန်းမာရေးဂရုစိုက်ပါ့မယ်ကွယ်... "
ဖုန်းချလိုက်ပြီးတဲ့နောက်မှာတော့ သူ့ရဲ့အကြည့်တွေက စားပွဲပေါ်မှ photo stand အသေးလေးဖြင့်ထည့်ထောင်ထားသည့်ဓာတ်ပုံလေးရှိရာဆီရောက်ရှိလို့သွားသည်။
လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကျော်က သူနဲ့အတူတူကမ်းခြေသွားတုန်းကရိုက်ထားသည့်selfie ပုံလေးတစ်ပုံဖြစ်၏ ။
အဲ့တုန်းကတော့ သူ့ပုံစံလေးမှာ ကလေးသာသာလေးသာ ရှိပါသေးသည်။ မ ကလဲ ၂၀ကျော်လေးပဲရှိသေးတာမို့ လူကြီးလို့ မခေါ်ဝေါ်ထိုက်သေးသည့်အရွယ်မဟုတ်လား ။
အခုကတော့ သူတောင်မှ အသက်၃၀ ပြည့်တော့မည်မို့ သူ့မမလဲ ၄၀တော့ကျော်ရောပေါ့ ။နောက်ဆုံး ဇွဲ ဆီကကြားခဲ့ရတဲ့ မ နဲ့ပတ်သတ်တဲ့သတင်းလေးကတော့ ...
အခု မ မှာ သမီးလေး ၂ယောက်တောင်ရနေပြီတဲ့ ... ၂ယောက်စလုံးက အမေတူသမီးလေးတွေမို့ အရမ်းချစ်ဖို့ကောင်းတာပဲလုိ့ ဇွဲ ကထည့်ပြောသေးသည်။
သမီးလေး ၂ယောက်နဲ့အတူ သာယာချမ်းမြေ့ဖွယ်ကောင်းတဲ့ မ ရဲ့မိသားစုဘဝလေးကို မိုး စဉ်းစားမိလိုက်တိုင်ပြုံးမိပါသည်။ သူလဲ မ ကိုအဲ့လိုပျော်ပျော်ရွှင်ရွှင်ဖြစ်စေချင်ခဲ့တာမဟုတ်ပါလား ။ မပျော်ရွှင်နေတယ်အဆင်ပြေနေတယ်ဆိုတာ ကြားသိရရင်သူတကယ့်ကို ကြည်နူးမိတာ အမှန်ပါ ။
ဒါသူ့ရဲ့ 'မ' အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာပဲလေ ။ အချစ်ဆိုတာ ပိုင်ဆိုင်ခွင့်ရမှ အချစ်လို့ခေါ်ဝေါ်ပြီးအဓိပ္ပာယ်သတ်မှတ်လို့ ရတာမှ မဟုတ်ပဲ ။ ဒီတိုင်း မြင်နေရုံလေး ကြားနေရရုံလေးနဲ့တင်ကြည်နူးမိတာကိုလဲ အချစ်လို့ခေါ်တွင်လုိ့ရတယ်လေ ။
ဓာတ်ပုံလေးကိုငေးကြည့်ရင်း မိုး ခပ်သဲ့သဲ့လေးပြုံးလိုက်မိသည်။
သြော်မ ရှိနေတဲ့အရပ်ကို မိုး ပြန်လာရဦးမယ်ထင်တယ်...... ဖြစ်နိုင်မယ်ဆိုရင်တစ်ကြိမ်တစ်ခါလောက်တော့ ထပ်တွေ့ချင်မိပါရဲ့ ။
X X X X X X X X X
" သမီးကြီးရေ ....နွေးလေး .... လာ ...ဆေးလာသောက်သမီး .... "
ထမင်းစားပြီးတာနဲ့ ဧည့်ခန်းမှာထိုင်ပြီး စာကျက်နေတဲ့ သမီးကြီးနွေးနေခြည်သော်အား လင်း အိမ်အနောက်ကနေ လှမ်းခေါ်လိုက်၏ ။
" ဟုတ်ကဲ့ လာပြီမေမေ ... "
အနောက်သို့ပြေးလာတဲ့ သူ့သမီးအား
" သမီး ရယ်.... မပြေးပါနဲ့လို့မေမေအတန်တန်မှာထားတဲ့ဟာကို .... "
လင်းပြောလိုက်တော့ သူ့သမီးကသူ့ကို ပြန်ပြုံးပြကာ
" မပြေးပါဘူးမေမေရဲ့ .... လမ်းမြန်မြန်လျှောက်လာရုံပါ ... ဟီး .... "
အမေကို မျက်နှာချိုသွေးပြီး ရယ်ပြနေတဲ့သမီးရဲ့ပါးလေးကို လင်း အသာလေးလှမ်းဆွဲလိုက်ရင်း ပြုံးရယ်ကာ
"တော်ကြာနေသမီးမောနေမှာဆိုးလို့မေမေပြောတာပါကွယ်... ကဲ ကဲဆေးလေးသောက်လိုက်ဦး ... "
ဆေး ၅ လုံးလောက်ထည့်ထားသည့်ဆေးခွက်ကလေးအား သူ့သမီးလက်ထဲထည့်ပေးရင်ရေခွက်ကလေးလှမ်းပေးလိုက်သည်။
တခါတခါအရွယ်နဲ့မလိုက်အောင်ဆေးတွေအရမ်းသောက်ရတဲ့ သူ့သမီးကြီးနွေးလေး ကို လင်း ကြည့်ပြီး အရမ်းသနားမိပါသည်။ ပြီးတော့ သမီးဒီလိုဖြစ်ရတာလဲ သူ့အပြစ်နဲ့မကင်းဘူးလို့ လင်း ထင်မိသည်။
ဘာလို့လဲဆိုတော့ ဒီကလေးကို ကိုယ်ဝန်ဆောင်ထားချိန်တုန်းက ဝမ်းနည်းစေတဲ့အကြောင်းတွေချည်း သူအမြဲတွေးမိလို့လားမသိ သမီးလေးကိုမွေးလာတော့ သမီးမှာမွေးရာပါနှလုံးအစို့ရှင်မကောင်းတဲ့ရောဂါဆိုးကပ်ပါလာခဲ့သည်။ မိခင်ကတော့ ဘာမှမဖြစ်ပဲ ကလေးမှာသွားထိခိုက်မိတယ်ပဲပြောရမလားတော့မသိပါ ။နွေးနေခြည်သော်လေးကို ကိုယ်ဝန်ဆောင်စဉ်ကာလက လင်း တစ်ချိန်လုံးငိုနေတာက များခဲ့သည်လေ ။
" သမီးညီမလေးကော ? ဧည့်ခန်းမှာပဲလား ? "
" မဟုတ်ဘူးမေမေ .... ဖွားဖွားရဲ့အခန်းထဲမှာ ... ဖွားဖွား အနားပဲတစ်ချိန်လုံးကပ်ပြီး ချွဲနေလေရဲ့ .... "
နွေးလေးကရယ်ပြီးပြောတော့ လင်း ပြုံးပြလိုက်ပြီး
" ဟုတ်လား အင်း ... ဒီငချွဲလေးကတော့လေ .... ကဲ ကဲဆေးလဲသောက်ပြီးပြီဆိုတော့ သမီးစာသွားကျက်ချင်ကျက်တော့နော်..... နားနားပြီးလဲ ကျက်ဦးသမီး ... "
လင်းခေါင်းလေးပုတ်ပေးလိုက်တော့ သမီးကဇတ်လေးပုလိုက်ပြီး ရယ်ပြ၏ ။
တစ်နည်းအားဖြင့်ပြောရရင်တော့ သမီးကြီးနွေးနေခြည်သော်လေးဟာ လင်း ရဲ့ရုပ်နဲ့ တစ်ထေရာထဲတူကာ သူ့အမေမျက်နှာချွတ်ပြီးဆွတ်ထားသလိုပင်။ အကျင့်စရိုက်ကလဲ လင်း လိုအနေအေးသည်။ စကားပြောလဲနည်းသည်။ ပြီးတော့စာကြိုးစားပြီး စာလဲသိပ်တော်သည့်ကလေးလေးဖြစ်၏ ။အားနေရင်တောင်မှဆော့ကစားခြင်းမပြုပဲ စာအုပ်တစ်အုပ်ကိုင်ကာ ဖတ်နေတတ်သည့်ကလေးမျိုးပါ ။ အသက်၁၂ နှစ်သာရှိသေးသည့်နွေးလေးမှာ ၇ တန်းသာရှိသေးတယ်ဆိုပေမဲ့ အပြုအမူတွေနဲ့ စိတ်ဓာတ်ကတော့ လူကြီးလေးနှင့်တူသည်။ မိဘစကားဆို ငယ်ငယ်ထဲက တစ်ခွန်းဆို တစ်ခွန်းပင်။
လင်း ရဲ့ဒုတိယမြောက်သမီးဖြစ်တဲ့ သမီးငယ်လပြည့်ဝန်းသော်ကတော့ ၆ နှစ်ရှိပြီဖြစ်ပြီး ၁ တန်းတက်နေပါပြီ ။
သမီးငယ်လေးကတော့ သူ့အဖေကိုတေဇာနဲ့ ရုပ်ချင်းဆင်တယ်ဆိုပေမဲ့လဲ လင်း ရဲ့မျက်နှာပေါက်နဲ့တော့ပိုဆင်ပါသည်။
ဒါပေမဲ့ လပြည့်လေးကတော့ သမီးကြီးနွေးလေးနဲ့မတူ အရမ်းကိုချွဲတတ်သည်။ ပြီးတော့ စကားလဲသိပ်သွက်၏ ။ အဖော်မင်ပြီး ကစားလဲမက်သည်။နောက်တစ်ခုကတော့ ပန်းချီဆွဲတာ အရမ်းကိုဝါသနာပါတဲ့ ကလေးမို့ တခါတခါ လပြည့်လေးပုံထိုင်ဆွဲနေတိုင်း လင်း မှာမသက်ဆိုင်တော့တဲ့ တချိန်ကသူ့တပည့်မလေး မိုးဝသန်ကို သတိရမိပါသေးသည်။
အိမ်တွင်လင်း ရယ်သူ့မေမေနဲ့ သမီးလေး ၂ယောက်ရယ်အပြင်အန်တီတင့်ဆိုတဲ့ အဒေါ်အရင်းလို အားကိုးရတဲ့ အဒေါ်ကြီးတစ်ယောက်လဲရှိပါသည်။
အန်တီတင့်မှာ လင်း နွေးလေးကို ကိုယ်ဝန်စဆောင်တဲ့အချိန်ကတည်းကတေဇာရဲ့မေမေလေးနဲ့ အဖေကအဖော်အဖြစ်ခေါ်ပေးထားခဲ့ခြင်းဖြစ်ပြီး အဲ့အချိန်ကတည်းက လင်း တို့မိသားစုအတွက်အန်တီတင့်က အားကိုးအားထားရာဖြစ်လာသည်။
ချက်ပြုတ်ရေးနဲ့ အိမ်မူကိစ္စအဝဝတို့ကို အကုန်သူပဲ ဒိုင်ခံတာဝန်ယူပေးသည်။
လင်း ကကျောင်းပိတ်ရက်တွေမှာ ချက်ပြုတ်တဲ့နေရာနဲ့ အိမ်သန့်ရှင်းရေးတွေ ဝိုင်းကူလုပ်ပေးရင်တောင်မှ သူကပေးအလုပ်မခံ ။ အကုန်သူပဲ အစအဆုံးလုပ်သွားသည့်အမျိုးအရင်းလို ယုံကြည်စိတ်ချရသော လူမျိုးဖြစ်၏ ။
အခုလဲ လင်း ပန်းကန်တွေဆေးမယ်လုပ်နေတော့ အန်တီတင့်ဘေးကိုရောက်လာပြီး
" လင်း ရယ်ကျောင်းပိတ်ရက်လေးကို နားနားနေနေနေပါ ..... ဒါတွေ အန်တီတင့်ဆေးပါ့မယ်..... "
" အန်တီတင့်က ချက်ရပြုတ်ရ အဝတ်လျှော်ပေးရနဲ့ ပင်ပန်းပြီလေ ... ဒီပန်းကန်လေး ၂ ချပ်လောက်ဆေးရရုံနဲ့ လင်း ဘာမှမဖြစ်ပါဘူး အန်တီတင့်ရဲ့ .... "
လင်းပြောနေပေမဲ့ အန်တီတင့်က အတင်းဖယ်ခိုင်းကာ
" ဖယ်ဖယ်ဒါတွေအန်တီတင့်ပဲ ဆက်လုပ်မယ်.... လင်း ကအမကြီး အခန်းထဲကိုပဲ သွားကြည့်ရေ ....တော်ကြာ လပြည့်လေး ဂျစ်တိုက်နေလို့ အစ်မကြီး မနားရပဲနေလိမ့်မယ်.... "
သူ့ကိုအတင်းတွန်းထုတ်နေတဲ့ အန်တီတင့်ကိုကြည့်ကာ လင်း ရယ်လိုက်မိ၏ ။
" ကဲ ဟုတ်ပါပြီရှင်...... ဒါဆို လင်းမေမေ့အခန်းထဲ ဝင်ကြည့်လိုက်ဦးမယ်နော်.... "
ပြောပြောဆိုဆိုနဲ့ လင်းမေမေ့အခန်းထဲဝင်လိုက်တော့ အဖွားဘေးကပ်ချွဲနေတဲ့ သူ့သမီး အမွှေစိန်လေးကိုမြင်ပြီး ရယ်လိုက်မိသည်။
"မေမေ ....မေမေ့မြေးမေမေ့ကို ဘာတွေလာရှုပ်နေပြန်ပြီလဲ ? "
အမေကသူ့ကို အဲ့လိုပြောတော့ လပြည့်ဝန်းသော်တို့နှုတ်ခမ်းလေးထော်ကာဖြင့်
" ပြည့်လေး မရှုပ်ပါဘူး ... ဖွားဖွားကြီးကို လာနှိပ်ပေးနေတာ ...နော်ဖွားဖွားကြီး .... "
ချစ်စရာကောင်းလှတဲ့ အမှုအရာလေးနဲ့ စကားသံသဲသဲကွဲကွဲ မဖြစ်သေးတဲ့ လပြည့်လေးကြောင့်လင်း မရယ်ပဲမနေနိုင်။ သူ့လက်ပိစိကွေးလေးနဲ့ သူ့အဖွားရဲ့ခြေထောက်တွေကို နှိပ်ပေးနေသော လပြည့်လေးအား လင်း ငုံ့နမ်းလိုက်၏ ။
"မေမေကခြေထောက်တွေညောင်းတယ်ဆိုလို့ နှိပ်ပေးနေတာတဲ့သမီးရေ .... "
အမေက လင်း ကိုကြည့်ကာ ရယ်ပြီးပြောသည်။ လင်း လဲရယ်နေမိပြီး
" အဲ့ဒါ့ အမေ့မြေး အမေ့ကို ကပ်ချွဲနေတာ ... ကြည့်နေ ညကျရင်မေ့မေ့ကို ပုံလာပြောခိုင်းလိမ့်မယ်..... "
ရယ်ပြီးပြောနေတဲ့ သူ့အမေကို လပြည့်လေး မျက်နှာဆူပုတ်ပုတ်နဲ့ မော့ကြည့်ပြီး
" ပုံပြောခိုင်းမို့ နှိပ်ပေးတာဟုတ်ပါဝူး ... ဖွားဖွားကြီးမညောင်းတော့အောင်လို့ပါ ....နော်ဖွားဖွားကြီး ..... "
"အောင်မလေးလေး ...အမေရေတွေ့လား အမေ့မြေး ဘယ်လောက်ထိ စကားတတ်သလဲဆိုတာကို ..... "
သူ့အမေကုတင်ပေါ်မှာ ငုတ်တုတ်လေးထိုင်နေတဲ့ သမီးလေးလပြည့်အား လင်း လှမ်းချီလိုက်ပြီးပြောတော့ လင်းမေမေကလဲ သဘောကျစွာရယ်ရင်း
" ဟုတ်ပါ့ ကြီးလာရင်တော့ ဘာလေးဖြစ်မလဲမသိဘူး အခုတော့ စကားတတ်လိုက်တာကို လွန်ရောပဲကွယ်.... "
သူတို့တွေရယ်မောနေကြစဉ်အခန်းထဲကို သမီးကြီးနွေးလေး ဖုန်းလေးကိုင်ကာ ဝင်လာသည်။ သူ့အမေကိုယ်ပေါ် ပင်ဒါဝက်ဝံလေးလို ကပ်တွယ်ထားတဲ့ ညီမကိုလဲမြင်ရော
"မေမေ ဒီမှာဖေဖေ့ဆီကဖုန်းလာတယ်... "
အဖေ့ဆီက ဖုန်းဆိုသည်နှင့်လင်း ရင်ခွင်မှာ ကပ်တွယ်ထားတဲ့ ဝက်ပေါက်ကလေးဟာ ဖုန်းဆီသို့ လက်လှမ်းပါတော့သည်။
"ဖေဖေနဲ့ပြောမယ်.... ပြည့်လေးလဲပြောမယ်..... "
အမေ့ကိုယ်ပေါ်ကနေ ဖုန်းကိုအတင်းလှမ်းလုနေသော လပြည့်လေးကို သူ့အမနွေးနေခြည်သော်မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်ကာ
" ဟိ်တ်လပြည့်နော်..... "
အမဆီမှ 'ဟိတ်ဆို ဟိတ်' တစ်ခွန်းထဲနဲ့ ဝက်ပေါက်လေး ငြိမ်ကုပ်သွားသည်။ သူကအတင်းဖက်ထားတော့ လင်း ခမျာဖုန်းပြောဖို့ အခက်တွေ့နေတာမို့ ကြားကနွေးလေးကပဲ သူ့ညီမကို ဆွဲချရသည်။
" ပြည့်လေးနော်...မေမေ့ကို ခဏခဏမချီခိုင်းပါနဲ့ဆိုတာကို ..... ဘာလဲ လမ်းမလျှောက်တတ်တဲ့ ကလေးအရွယ်လဲမဟုတ်တော့ပဲနဲ့ .... ဟွန့်... "
အစ်မကပြောတော့ လပြည့်နှုတ်ခမ်းလေးထော်ကာ
"မေမေကချီတာပါနော်...နော်ဖွားဖွား မမကိုပြောပြလိုက်.... "
အဖွားကို စစ်ကူတောင်းခံတော့ အဖွားကရယ်ပြီးခေါင်းညိမ့်ပြရသည်။ အဲ့အခါကျ သူကအောင်နိုင်သူတစ်ယောက်လိုခေါင်းလေးကိုမော်ပြီး သူ့မေမေနားသွားကပ်ပြန်သည်။
" ဟုတ်ကဲ့ အစ်ကို ........ "
" အစ်ကို ၅ ရက်နေ့ဆို ယိုးဒယားကို သဘောင်္ဆိုက်မယ်ဝတ်ရည်။ အဲ့ဒါ ၆ ရက်နေ့ အစ်ကိုရန်ကုန်ပြန်ရောက်မယ်.... "
ခင်ပွန်းသည်ပြန်ရောက်လာတော့မယ်ဆိုသော်လဲ လင်း အတွက်ကတော့ အထူးတလည်ပျော်ရွှင်စရာမရှိခဲ့ပါ။ ဒီအတိုင်း သမီးလေး ၂ယောက်တော့ သူ့အဖေပြန်လာတော့မယ်ဆိုတော့ပျော်နေတော့မှာပဲ ဆိုတဲ့အတွေးနဲ့ ကြည်နူးမိရုံသာ ရှိပါသည်။
"အော်ဟုတ်လား အစ်ကို ... "
" ဝတ်ရည်ကြည့်ရတာ အစ်ကိုပြန်လာမှာကိုပျော်တဲ့ပုံလဲမပေါ်ပါလား .... "
" ပျော်ပါတယ်အစ်ကိုရယ်။ နွေးလေးနဲ့ လပြည့်လေးလဲ အကိုဒီလပြန်ရောက်မယ်ဆိုလို့ပျော်နေကြရှာတယ်.... "
" ဟုတ်လား .... သမီးလေး လပြည့်အနားမှာရှိလား .... "
" ရှိတယ်အကို ... ခဏနော်.... "
သူ့ထဘီစလေးကို လက်လေးနဲ့ကျစ်နေအောင်လှမ်းဆွဲထားပြီးမော့ကြည့်နေတဲ့ ချစ်စရာဝက်ပေါက်လေးရဲ့ လက်ထဲသို့ လင်း ဖုန်းကိုထည့်ပေးလိုက်တော့ ဝက်ပေါက်လေးပျော်မြူးသွားသည်။
" ဟဲယို ......ဖေဖေ .......ဖေဖေ့ကို ပြည့်လေး အရမ်းတွေ့ချင်နေပြီ။ မြန်မြန်ပြန်လာတော့နော်..... "
သူ့အဖေကို ပျစ်ချွဲချွဲလေသံလေးနဲ့ချွဲနေတဲ့ သမီးငယ်လေးအား လင်း ပြုံးကြည့်ရင်း ဝက်ပေါက်လေးရဲ့ဆံပင်လေးတွေကို လက်နဲ့သပ်ပေးနေမိသည်။
" အရုပ်တွေ များကြီးဝယ်လာခဲ့နော်ဖေဖေ .... များကြီးနော်များကြီး .... "
အဖေကိုကပ်ချွဲပြီး ပူဆာနေတဲ့ ညီမဖြစ်သူကိုနွေးလေး ပြုံးကြည့်ရင်း
" အမေ့သမီးကတော့ မနိုင်ဘူး တကယ်..... "
နွေးလေးပြောတော့ လင်း ရယ်ပဲရယ်နေမိပါသည်။ လင်း ရဲ့အမေဖြစ်တဲ့မြေးနှစ်ယောက်ရဲ့အဘွားကတော့ ခုတင်ပေါ်ကနေ ထိုင်ကြည့်ရင်း ပီတိပြုံးပြုံးနေလေသည်။
🌧️ 🌧️ 🌧️