သူ့မမရဲ့အိမ်ရှေ့ရောက်ပြီမို့ မိုး ကားပေါ်မှဆင်းလာခါ ခြံထဲဝင်လိုက်တော့ အိမ်ရှေ့ဖိနပ်ချွတ်သို့ ထဘီရင်လျားလေးနဲ့ ဆင်းလာတဲ့သူမရဲ့ မမ ။
" မ .....ရေချိုးမလို့လား ? "
" ဟုတ်တယ်ကလေးရယ်။ ရေလေးချိုးချင်လို့ မချိုးရတာ ၂ ရက်ရှိပြီလေ .... "
ဟုတ်တာပေါ့ကျောက်ပတ်တီးကြီးကအခုထိ မဖြည်ရသေးတာမို့ သူ့မမခမျာနေ့တိုင်းရေချိုးချင်တိုင်း ချိုးလို့ကမရ။
" တစ်ယောက်တည်းချိုးလို့ အဆင်ပြေပါ့မလား မရယ်။ အန်တီကော ? "
"မေမေလဲဖျားနေတယ်ကလေးရဲ့။ အဲ့ဒါကြောင့် မ,စောစောတုန်းလေးရေချိုးပြီး မေမေ့အတွက် လမ်းထိပ်ထွက်ပြီး တခုခုလေးဝယ်ပေးမလိုလေ .... "
" ဟင်... မဖြစ်သေးပါဘူး မရယ်..... ကဲ မိုး ကူချိုးပေးမယ်.... "
မိုး အိမ်ရှေ့ဖိနပ်ချွတ်မှာ သူ့ကျောပိုးအိတ်ကိုချကာ သူ့မမကိုတွဲပေးပြီးအောက်သို့ဆင်းစေသည်။
" ဖြည်းဖြည်းဆင်းချော်လဲနေမယ်.... "
ရေချိုးတဲ့ ကျောက်စည်နားအထိ တွဲပို့အပြီး ဆပ်ပြာခွက်ကိုချကာ အဖုံးဖွင့်ပေးလေသည်။ ပြီးတော့ရေခွက်ကိုကောက်ကိုင်လိုက်သဖြင့်
" ကလေးရယ်ရေတွေ စိုကုန်ပါ့မယ်... "
" စိုလဲ ကိစ္စမရှိပါဘူးမရယ်ကျောပိုးအိတ်ထဲမှာ အဝတ်အစားတစ်စုံပါတယ်။ ဒီည မရဲ့အိမ်မှာအိပ်မှာ။ Daddy ကိုခွင့်တောင်းလာပြီးပြီ ..... "
ပြောရင်းရေတစ်မုတ်ကိုကျောက်စည်အတွင်းမှ ခပ်လိုက်၍ တတောင်ဆစ်နားမှစပြီး လက်ဖျားအထိကျောက်ပတ်တီးကိုင်ထားသည့်မရဲ့ညာလက်ကို အသာလေးအပေါ်မြှောက်ကိုင်လိုက်၏ ။
" ရေမစိုအောင်အပေါ်ခဏလေးမြှောက်ထားနော်။ ကဲ မိုးရေလောင်းပေးမယ်.. "
ပြောပြီးတာနဲ့ လင်း ဘာမှပြန်ပြောချိန်တောင်မရလိုက်။ ရေခွက်ထဲက ရေတွေက သူ့ကိုယ်ပေါ်ကျဆင်းခဲ့လေပြီ ။ သုံးလးခွက်လောင်းပြီးတော့ ဆပ်ပြာတုံးကို မိုး သူ့လက်ထဲထည့်ပွတ်ကာ လင်း ရဲ့ကျောပြင်ပေါ် ခပ်ဖွဖွပွတ်တိုက်ပေးလိုက်တော့ လင်း ရဲ့ ကိုယ်ခန္ဓာလေး ဇတ်ခနဲတုန်သွား၏။
" မ နာလို့လားဟင်? "
" မ ~~ မ ဟုတ် ~~ ပါ ဘူး ..... "
လင်း စကားအထစ်ထစ် အငေါ့ငေါ့တွေ ထွက်လာပြီး တစ်ကိုယ်လုံးလည်း ဓာတ်လိုက်သလို ကျဉ်တက်ကာ ရင်တွေခုန်နေချေပြီ။ ဒါကိုအရိပ်သုံးပါးနားမလည်တဲ့ မိုး ကဆက်လက်ပြီး ဆပ်ပြာပွတ်တိုက်ပေးရင်း
"အော်ဟုတ်... နာရင်ပြောနော်မ ..... "
" အင်~~~ အင်း ကလေး ~~~ "
လင်း ရင်တွေခုန်နေသလို မိုး မှာလည်းသူ့မမရဲ့ ကျောပြင်ဖွေးဖွေးလေးကို လက်နဲ့ပွတ်တိုက်ပေးရင်း ရင်ထဲ ဟာရီကိန်းတွေတိုက်ခတ်လို့နေပါသည်။ကျောနဲ့ဘယ်လက်တို့အား ဆပ်ပြာတိုက်ရေလောင်းချပေးပြီးသောအခါ လင်း ရဲ့ရှေ့တည့်တည့်သို့ မိုး သွားရပ်လိုက်တော့
" ဂလု ...... "
နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက်မျက်တောင်ပုတ်ခက်ပုတ်ခတ်ဖြင့်ကြည့်ကြရင်း တံတွေးကိုယ်စီမျိုချလိုက်မိကြသည်။
လှပကျော့ရှင်းလှတဲ့ မ ရဲ့လည်တိုင်ရေစက်ကလေးတွေတင်ကျန်နေသေးသည့်ဖြူဖွေးဥနေသည့်အသားအရည်တို့က မိုး ရင်ခုန်သံတွေကို ပိုမိုပြင်းထန်စေသည်။ လင်း မှာလည်း သူ့ကိုပြူးတူးတူးလေး စိုက်ကြည့်နေတဲ့ရှေ့က ကလေးကိုပြန်ကြည့်မိရင်းနေရခက်နေ၏ ။
" ဟို .... မ ဘာသာပဲ ..... "
" သြော် ဟုတ်... ဟုတ်.... "
ကပျာကယာ လင်း လက်ထဲကို ဆပ်ပြာတုံးလေးထည့်ပေးကာ တစ်ဖက်သို့ လှည့်ရပ်လိုက်မိသည်။ အဲ့အခါမှ လင်း လဲသက်ပြင်းမသိမသာလေးချရလေသည်။
လင်း သူ့ဘာသာသူ ဆပ်ပြာတိုက်ချွတ်ပြီးတဲ့အခါမှ မိုးရေလောင်းပေးခဲ့သည်။
" ညာဘက်လက်ကြီးထိထားတာဆိုတော့ မ အတွက်ပိုခက်ခဲမှာပဲနော်.... "
" အရမ်းကြီးလည်း မဟုတ်ပါဘူး ကလေးရယ်.... "
စကားပြောနေရင်း မိုး ဆပ်ပြာတုံးလေးကိုင်ကာ သူ့ရှေ့တည့်တည့်ငုတ်တုတ်ထိုင်ချလိုက်တာမို့
" ဟဲ့ ပလုတ်တုတ်..... "
အစထဲကမှ ရင်တွေတုန်ပြီး စိတ်လှုပ်ရှားနေတဲ့ လင်း မှာ မိုးကြောင့်အလန့်တကြားယောင်ယမ်းမိကာ
" ဘာလုပ်မလို့လဲ ကလေးရဲ့ ..... "
လင်း အမေးကို မိုး ချက်ချင်းပြန်မဖြေသေးပဲ သူ့မမခြေဖျားလေးတွေကို ဆပ်ပြာကုန်းတိုက်ကာရေဆေးချပေးနေသည်။ အဲ့တော့မှ လင်း သဘောပေါက်သွားကာ တစ်ချက်ပြုံးလိုက်မိ၏ ။
'သြော် ကလေးရယ်မ နဲ့ပတ်သတ်လာရင်အရာရာကို လိုက်ဂရုစိုက်ပေးတတ်တာပဲ ..... ´
ကြည်နူးမှုအပြည့်နဲ့ သူ့ကိုပြုံးကြည့်နေတဲ့ မရဲ့မျက်နှာကို မိုး ပြန်မော့ကြည့်ရင်းပျော်ရွှင်နေသည့်ဟန်ဖြင့်ရယ်ပြလိုက်ပါသည်။
သနပ်ခါးလိမ်းတော့လဲ မိုး ကိုယ်တိုင်သနပ်ခါးသွေးပေး၏။ ပြီးတော့နေ့လည်စာအတွက်လဲ လမ်းထိပ်နားလောက်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ သူ့မမကိုတောင်မခေါ်ပဲ သူကိုယ်တိုင်သွားဝယ်သည်။ နောက်ဆုံးထမင်းစားတာတောင်မှ သူ့မမပန်းကန်ထဲခူးခပ်ထည့်ပေးပြီး မရဲ့မေမေအတွက်လဲ အကုန်ပြင်ဆင်ပေးပါသည်။ ပန်းကန်ဆေးတာကအစ အကုန်အစအဆုံး သူ့ဘာသာတစ်ယောက်တည်း လုပ်ပေးနေတာမို့ လင်း သူ့ကလေးလေးအပေါ် တကယ်အားနာမိပါသည်။ သူ့ကလေးလေးမှာ ညနေလောက်မှ နားရရှာသည်။
" ကလေး ဒီနေ့ကျောင်းလည်း တက်ရ။ မ အတွက်လည်း အကုန်လိုက်လုပ်ပေးရ။ အခုလည်း စာလုပ်ရနဲ့ .... ပင်ပန်းလှပါပြီကွယ်.... "
" မရယ် ... မ အတွက်ဆို မိုး ပင်ပန်းတယ်ဆိုတာတောင်ဘာမှန်းမသိရပါဘူး ။ ဒီတိုင်းကူပေးနေရရင်ကို သဘောကျပြီးပျော်တယ်။ မတောင်မှ မိုး အတွက်အသက်တောင်ပေးရဲခဲ့သေးတာပဲဟာ .... "
လင်း သဘောကျစွာပြုံးလိုက်ပြီး
" ရှင်လေးကလေ စကားသိပ်တတ်တာပဲသိလား .... "
မိုး မေးစေ့လေးကို ဆွဲပြီး လင်းပြောတော့ မိုး ကချစ်စရာယုန်ပေါက်လေးတစ်ကောင်လိုမျိုး ရုပ်ကလေးနဲ့ပြုံးလို့ရွှင်လို့။
ညအတူ အိပ်ကြတဲ့အခါမှာတော့ ဇာလီတင့်ပေးခဲ့တဲ့အကြံတွေက မိုးခေါင်းထဲကွင်းကွင်းကွက်ကွက်ပြန်ပေါ်လာတာမို့ မိုး စိတ်ကိုမနည်းထိ်န်းနေရသည်။
' အဲ့ အရူးမပြောတာတွေကို လိုက်မလုပ်စမ်းပါနဲ့ မိုးဝဿန်လွင်ရယ်။ မ ကိုဒီထက်ပိုပြီး ပင်ပန်းအောင်မလုပ်စမ်းပါနဲ့ .... ´
" ကလေး အိပ်လို့မရဘူးလာ ? "
" အာ ဟုတ် ... မ ဘယ်လိုသိလဲ ? "
" သိတာပေါ့ ဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့ဟာ ... "
" အိပ်ရေးဆတ်တဲ့ မ,တော့ မိုးကြောင့်အိပ်ရေးပျက်တော့မှာပဲ .... "
" ဟယ် မဟုတ်ပါဘူး ကလေးရယ်။ မနေ့လည်ကလဲ အိပ်ပျော်ထားလို့ထင်ပါရဲ့။ မျက်လုံးကကျယ်နေတယ်ရယ်... "
" ဒါဆို မ အိပ်ပျော်သွားအောင်မိုး ပုံပြင်ပြောပြပေးရမလား ? "
သူ့ကလေးက သူ့ကိုပုံပြင်ပြောပြမယ်ဆိုတာမို့ လင်း ရယ်လိုက်မိရင်း
" အင်းပြောပြလေ .... "
" ဟုတ်။ ဟိုးရှေးရှေးတုန်းကတဲ့ .. တီ နဲ့ ပျားဆိုတဲ့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း ၂ယောက်ရှိကြတယ်။ အဲ့တုန်းက တီကောင်လေးတွေက အခုလို ပိန်ပိန်ရှည်ရှည်ကောင်လေးတွေမဟုတ်ဘူးတဲ့ ပိုးတုံးလုံးလေးတွေလို ဝဝကစ်ကစ်နဲ့ ချစ်စရာအကောင်လေးတွေတဲ့။ သူတို့သူငယ်ချင်း ၂ယောက်က ဘယ်လောက်ချစ်ကြလဲဆိုရင်စားအတူသွားအတူနေအတူ ... အစာရှာထွက်ကြလဲ အတူတူတဲ့ မ ရဲ့။ ပြီးတော့ သိပ်ချစ်ကြလို့ဆိုပြီး သူတို့ ကြားတခြား အကောင်တွေကိုလဲအဝင်မခံဘူးတဲ့လေ .... "
ပုံပြောကောင်းတဲ့ မိုးကြောင့်လင်း မျက်လုံးလေး မှိတ်တုတ်မှိတ်တုတ်နဲ့ မိုး ဘက်သို့တစ်ဖက်လေးစောင်းပြီး စိတ်ဝင်တစားနားထောင်နေရှာသည်။
" တစ်နေ့ကျတော့ ပျားကတီကိုပြောတယ်။ မုန်တိုင်းလာတော့မယ်လို့ပြောနေကြတယ်ကွ ... အဲ့ဒါငါတို့လဲ တခြားအကောင်တွေလို အစာရှာထွက်ကြရအောင်ပေါ့ ... ဒါပေမဲ့ တီ ကပျားပြောတာကို လက်မခံဘူးတဲ့ ... မဖြစ်နိုင်တာကွာ မုန်တိုင်းဆိုတာ ဘယ်လိုကြီးလဲတဲ့ မင်းပဲ အလုပ်ပိုတွေလုပ်နေတာတဲ့ဆိုပြီး အိပ်ကျန်နေခဲ့တယ်။ ဒီလိုနဲ့တစ်နေ့ကျ ပျားကအစာတွေအပြည့်နဲ့ ခိုနားနေတဲ့အချိန်ကျမှ တီကအစာကုန်လို့ဆိုပြီး ပျား တားနေတဲ့ကြားက အပြင်ထွက်ရှာသတဲ့။ သူတို့ ၂ ဦးစားကြတဲ့အစားအသောက်က မတူကြတော့လည်း ဝေခွဲပေးလို့ကလည်း မရဘူးလေ ..... "
" အင်းပေါ့ .... "
မိုးပြောနေတာကို လင်း ဝင်ပြီးထောက်ခံလိုက်၏။ အဲ့တော့ သူ့မမကလဲ စိတ်ဝင်တစားကို နားထောင်ပေးနေတယ်ဆိုပြီး မိုး အားတက်လျော်စွာနဲ့ ဆက်ပြောပြသည်။
" ဒီလိုနဲ့ တီ ထွက်သွားပြီးသိပ်မကြာခင်မှာ မုန်တိုင်းကျတော့တယ်တဲ့။ မိုးတွေရွာလေတွေသိပ်ထန်တာမို့ တီလေးဟာလေနဲ့မိုးနဲ့အတူ လွင့်သွားခဲ့တယ်။ ပျားလေးလဲ မုန်တိုင်းပြီးတာနဲ့ သူ့အသိုက်ထဲကထွက်ပြီး သူ့သူငယ်ချင်းကို တီ တီ တီ နဲ့ လိုက်ရှာတယ်... တီကတော့ စားစရာအစာလဲ မရှိ အဝေးကြီးလဲ လွင့်ခဲ့တာမို့မြေကြီးကြားထဲကမြေစိုင်မြေခဲတွေပဲစားသောက်ခဲ့ရတယ်တဲ့။ အဲ့အချိန်ထဲက တီကောင်လေးဟာ ပိုးတုံးလုံးလို ဝဝလေးတွေမဟုတ်တော့ပဲ ပိန်ရှည်ပျော့ဖတ်တဲ့အကောင်ပုံစံပြောင်းလဲသွားတယ်။ ပျားလေးတွေကတော့ အဲ့အချိန်ထဲက တီ တီ တီ တီ လို့ပဲအော်တတ်ကြတော့တယ်တဲ့ .... ပုံပြင်လေးကတော့ ဒါပါပဲ ... ဟီး .. "
" ဟင့် ... သနားစရာလေးနော်။ သိပ်ချစ်ကြတဲ့ သူငယ်ချင်း ၂ယောက်ဘာမဟုတ်တဲ့မုန်တိုင်းကြောင့်ကွဲခဲ့ရတယ်.... "
" ဟုတ်တယ်,မ။ သနားဖို့တအားကောင်းတယ် .... မိုး ကငယ်ငယ်လေးထဲက တီကောင်သိပ်ကြောက်တတ်တာလေမေမေက မိုး ကို တီကောင်လေးတွေကကြောက်စရာမဟုတ်ဘူး ချစ်စရာလေးတွေလို့ ဆိုပြီး ဒီပုံပြင်လေးပြောပြတာ .... "
" အဲ့တော့ တီကောင် မကြောက်တော့ဘူးလား ? "
" ဟင့်အင်း ကြောက်တုန်းပဲ ခစ်ခစ်.... "
" ဖြစ်ရမယ်မရဲ့ ကလေးလေးကတော့ .... "
ဒီလိုနဲ့အေးချမ်းတဲ့ဒီဇင်ဘာညမှာ လင်း ကသူ့ကလေးကို သူ့အနားသို့ဆွဲကာစောင်လေးခြုံပေးလိုက်ပြီးခေါင်းလေးဖွဖွပွတ်ပေးနေတော့ မိုး ကသူ့ရင်ခွင်ထဲ ပိုတိုးလာခါနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။
ထုံးစံအတိုင်း လင်း ကလဲသူ့ကလေးနဖူးလေးကို ပျွတ်ခနဲနမ်းပေးကာ
" good night babe .... "
X X X X X X X
ဟဲ့ မိုးဝဿန်ဘယ်လိုလဲ အခြေအနေ အိုခေလား ? "
မိုး ရယ်လိုက်တော့
" ဟယ် နင်အဆင်ပြေလာတယ်ပေါ့လေ .... "
" ဘယ်ကသာ ငါဘာမှနင်ပြောသလိုမလုပ်ဖြစ်ဘူး .... "
သူပြောတော့ ဇာလီတင့် သူ့နဖူးသူရိုက်ကာ အားမလိုအားမရ ပုံစံဖြင့်
"ဟာ နင်ကတော့လေ။ ငါဒီလောက်သင်ပေးလိုက်တဲ့ဟာကို ... "
" နင်ကလည်း ..... ငါ မ ကိုထပ်ပြီး ဝန်လေးအောင်မလုပ်ရက်တော့ဘူး။ သူငါ့ကိုဘယ်လိုအချစ်မျိုးနဲ့ပဲချစ်ချစ်ငါနဲ့အနီးဆုံးနားလေးမှာ အမြဲအတူရှိနေပေးရင်ပဲပျော်ပါပြီဟာ ..... "
" ဟင်းးးးး .... "
ပြုံးပြုံးလေးပြောနေတဲ့ သူ့သူငယ်ချင်းကိုကြည့်ရင်း ဇာလီတင့်သက်ပြင်းချမိလေသည်။
X X X X X X
အခုနောက်ပိုင်းမှာတော့ လင်း နဲ့ မိုး တို့ ၂ယောက်မှာ ဟိုးအရင်ကလိုနွေးနွေးထွေးထွေးပြန်ရှိလာကြသည်။ တစ်ယောက်ကိုတစ်ယောက်ဟိုအရင်ကထက်ကို ပိုဂရုစိုက်ပေးဖေးမပေးခဲ့သည်။ လင်း မှာလည်း ကျောက်ပတ်တီးဖြည်လိုက်ပြီဖြစ်ပြီး အရင်လိုပဲကျန်းကျန်းမာမာ ပြန်ဖြစ်လာပါသည်။
တဖြည်းဖြည်းနဲ့ စာမေးပွဲဆိုတာကြီးကလဲ နီးသည်ထက်ကို ပိုနီးလာခဲ့ပါပြီ။ တခါတခါကျောင်းဆင်းချိန်ကျ သူ့ကိုလာလာမျှော်ငေးကြည့်နေတတ်တဲ့ တေဇာ ကို လင်း တွေ့မိပေမဲ့ မတွေ့ချင်ယောင်ပဲဆောင်နေခဲ့သည်။
နောက်ဆုံး Final exam ကြီးဖြေခါနီးမှာတော့သူတို့ကျောင်းရဲ့ နှုတ်ဆက်ပွဲလေးလဲ ကျင်းပခဲ့၏။
နှုတ်ဆက်ပွဲနေ့မှာတော့ အားလုံးပျော်ရွှင်စွာနဲ့ စားကြသောက်ကြ ကစားကြ။ ပြီးတော့ ဆရာအားလုံးကိုလည်း ကန်တော့ခဲ့ကြပါသည်။
ဖြစ်နိုင်မယ်ဆိုရင်မိုး အနေနဲ့ဒီ စာသင်နှစ်လေးကို မကုန်ဆုံးချင်ခဲ့ပါဘူး ။ ဒီစာသင်နှစ်လေးမှာ သူနဲ့ သူ့မမတို့ ဆုံတွေ့ခဲ့ကြသလို အရမ်းလည်း ပျော်ရွှင်ခဲ့ရတယ်မဟုတ်ပါလား ... ။
မိုး ထိုင်နေကျခရေပင်အောက်က ခုံလေးမှာတစ်ယောက်တည်း ထိုင်နေရင်း အတွေးထဲ မ,နဲ့သူ့ရဲ့ပုံရိပ်များစွာနဲ့အမှတ်တရများစွာတို့ကခေါင်းထဲမျက်စိထဲ ပြန်လည်အမှတ်ရနေသည်။
ရုတ်တရက် ဇာလီတင့်နဲ့ ဇွဲ တို့ဘေးကိုရောက်လာကြပြီး
" ဘာလိုလိုနဲ့ အထက်တန်းကျောင်းသူကျောင်းသားဘဝက ကုန်ဆုံးတော့မယ်နော်.... "
" နင့်အပြောကသေချာလှချည်းလား ငဇွဲရဲ့ .... "
ဇာလီက ရယ်ပြီးပြောတော့
" ငါကတော့ နင်တို့လို ဂုဏ်ထူးတွေအများကြီးမရမှာသေချာပေမဲ့အောင်မှာလဲကျိန်းသေတယ်။ ငါ့ကိုယ်ငါယုံကြည်ချက်ရှိတယ်.... "
"အေးပေါ့လေ နင်တို့က ဥာဏ်ကောင်းတဲ့လူတွေဆိုတော့ပြောအားရှိတာပေါ့ ..... "
" နင်ကလဲ ဝီရိယနဲ့ ကံကောင်းပြီးသားပါကွာ .... "
ဇွဲ နဲ့ ဇာလီတို့ပြောနေတော့ မိုး ပြုံးပြုံးလေးသာမော့ကြည့်နေသည်။ ပြီးတော့မှ
"ကျောင်းပြီးရင်နင်တို့ဘာဆက်တက်ကြမယ်လို့ စိတ်ကူးထားလဲ ? "
မိုးမေးလိုက်တော့ ဇာလီက စိတ်အားထက်သန်စွာဖြင့်
" ငါကတော့ Law တက်မယ်။ ပြီးရင်တရားသူကြီးဖြစ်တဲ့အထိ ကြိုးစားမယ်... အဟိ ... "
" အောင်မယ်တယ်ဟုတ်ပါလား .... "
" နင်ကကော ဇွဲ ? "
" ငါကတော့ ဘယ်ဟာဖြစ်ဖြစ် Distance ဝင်တက်မယ်ပြီးရင်ရတဲ့အလုပ်လေးဝင်လုပ်မယ်။ ကျောင်းပြီးတဲ့အခါကျမှ ဒုရဲအုပ်သင်တန်းဝင်လျောက်မယ် .... "
" နင်က ရဲလုပ်မယ်ပေါ့ ? "
ဇာလီရယ်ပြီးမေးတော့
" အင်း ငါကတရားမျှတတာကိုပဲ သဘောကျတယ်လေ .... "
" ဟုတ်တော့ ဟုတ်နေပြီ .... တစ်ယောက်ကတရားသူကြီးနောက်တစ်ယောက်က ရဲ .... "
" သူများကိုပဲမေးနေတယ် နင်ကကျတော့ကော ? "
" ငါကလား။ ငါက ဆရာဝန်ကြီးဖြစ်အောင်ကြိုးစားမယ်... အဲ့ဒါမှ နင်တို့တွေက ဥပဒေဘက်တော်သားတွေ လုပ်မှာမဟုတ်လား။ အဲ့တော့လူဆိုးတွေက အသက်အန္တရာယ်ပြုပြီး ဓားနဲ့ထိုးသေနတ်နဲ့ပစ်တဲ့အခါကျ ငါကခွဲစိတ်ကုသပေးမယ်လေ .... "
မိုး ရဲ့စကားလုံးတွေကြောင့်၂ကောင်စလုံး အင့်ခနဲဖြစ်သွားကြပြီး မျက်နှာငယ်လေးတွေဖြင့်
" နင်ကလဲဟယ်ငါတို့ကို အခုထဲက အရောက်ပို့နေပြီ ....တော်တော်လေး ချစ်တဲ့ပုံပဲ ဟမ်.... "
" ဟားဟားအေးလေ ချစ်လို့ပဲ ကုပေးချင်လို့ ဆရာဝန်လုပ်ပါ့မယ်ဆိုဟယ်... "
"တော်စမ်းပါ မိမိုးရယ်.... "
" ခစ်ခစ်... "
ရယ်မောနေတဲ့ မိုး ကို ဇွဲငေးကြည့်ကာ
" ဂျူတီကုတ်လေးနဲ့ဆို နင်နဲ့လိုက်မှာဟ .... ဆရာမကလည်း နင့်ကို ဆရာဝန်မကြီး ဖြစ်စေချင်တာ မဟုတ်လား ... "
" အင်း ဟုတ်တယ်အစကတော့ မ ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးချင်ခဲ့တာ ဒါပေမဲ့ အခုတော့ ငါကိုယ်တိုင်ကိုက ဝါသနာပါလာလို့လေ ... ဆရာဝန်ဆိုတာ လူနာရဲ့အသက်ကို ကယ်တင်ပေးရတာမဟုတ်လား အဲ့ဒါကြောင့်ပိုသဘောကျသွားတာ ..... "
"အေးပါကောင်းပါတယ်.... နင်ကစာသိပ်တော်တဲ့လူဆိုတော့ ကျိန်းသေပေါက်ဖြစ်မှာပါ မိမိုးရဲ့။ ဟဲ့ ဒါနဲ့ ငါတို့ ၂ယောက် နင့်ကိုရေလောင်းချင်လို့ ... "
"အော်ဒါများ request လုပ်နေသေးတယ်ဟယ်...လောင်းကြ ပြီးရင်ငါလဲပြန်လောင်းမှာနော်ဟဟား ... "
သုံးယောက်သား တစ်ယောက်တစ်လှည့်စီရေဗူးလေးတွေနဲ့ရေပက်နေကြတဲ့ မြင်ကွင်းကို ခပ်လှမ်းလှမ်းကနေ လင်း ပြုံးပြုံးလေးရပ်ကြည့်နေမိပါသည်။ ဒါကို မိုး တို့မြင်တော့ ၃ကောင်သား သူ့ဆီအပြေးရောက်လာကြပြီး
" ဆရာမကိုလည်း လောင်းမယ် အဟိ "
" ဟာ နင်ကလည်း ငါ့ မ အအေးပတ်မယ်မလောင်းနဲ့ ... "
မိုးပြောတော့ ဇာလီတင့်နှုတ်ခမ်းလေးထော်ကာ
"အေးပါဟယ်.... "
လင်း ရယ်မိလိုက်ရင်း
" ရပါတယ်ကွယ်... ဇတိပေါ့ .... နည်းနည်းလေး.... "
"တွေ့လား မိမိုး ငါတို့တီချယ်က ဒီလောက်သဘောကောင်းတဲ့ဟာကို ..... "
"အောင်မယ်.... နင်နော်.... "
ဇာလီရေသန့်ဘူး အဖုံးသေးသေးလေးနဲ့သာ လင်း ကိုပုခုံးထက်မှဖျန်းပက်လိုက်ပါသည်။ မိုး ကတော့ သူ့မမ ရေတွေစိုပြီး အအေးပက်မှာစိုးရိမ်တာမို့ ထိတောင်မထိရက်။
" ကလေးတို့ ၃ယောက်စာမေးပွဲမှာ ဂုဏ်ထူးတွေ အများကြီးနဲ့ အမှားအယွင်းမရှိဖြေဆိုနိုင်ကြပါစေလို့ ဆရာမက ထပ်ပြီးဆုတောင်းပေးလိုက်ပါတယ်ကွယ်... "
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ ဆရာမ .... "
"ပေးတဲ့ဆုနဲ့ပြည့်ကိုပြည့်မှာပါ မ .. အဟဲ .... "
" ပိုကိုပိုပြန်ပြီ ... "
မိုး ကို ဇာလီတီတွတ်ကာ မျက်စောင်းပိတ်ထိုးလိုက်၏ ။ လင်း နဲ့ ဇွဲ ကတော့ ရယ်ပဲရယ်နေကြသည်။
" သား နဲ့သမီးတို့ကကျောင်းပြီးလည်း မိုး နဲ့တော့ အနေမဝေးသွားကြဘူး မဟုတ်လား ? "
" သမီးကတော့ မန္တလေးကအဘိုးအဘွားတွေဆီ ခဏပြန်ဦးမယ်။ သင်္ကြန်ပြီးမှ ပြန်လာမှာ .... ဒါပေမဲ့ မိုးဝသန်ရဲ့ဖုန်းနံပါတ်ကို သမီးယူထားတာမို့ မကြာခဏဆက်ဖြစ်မှာပါ။ အဲ့ဒါမှသူနဲ့ ရန်ဖြစ်ကြပြီး မပျင်းရမှာ .... "
" နင်မပျင်းရအောင်ပဲ ငါက ရန်ဖြစ်ပေးရဦးမယ်.... "
နှစ်ယောက်သားတစ်ယောက်တစ်ပြန်ပေစောင်းပေစောင်းချည်းလုပ်နေကြတော့ လင်းနဲ့ ဇွဲတို့ကြည့်ကာ သဘောကျနေမိသည်။
သူတို့လိုပဲကျောင်းဝန်းထဲမှာကောကျောင်းဆောင်ထက်ဆီမှာပါ အတန်းကြီးတွေတန်မဲ့ပြေးလွှားဆော့ကစားနေကြတဲ့ကျောင်းသူကျောင်းသားများနှင့်သူ့တပည့်လေးတွေကို လင်းငေးမောကြည့်ရင်း
' သြော် ဘာလိုလိုနဲ့ သူတို့လေးတွေတောင်အထက်တန်းပြီးတော့မှာပါလား။ တစ်နှစ်ဆိုတဲ့အချိန်က မြန်လိုက်တာ ..... ´
X X X X X X
မနက်ဖြန်ဆိုလျှင် မြန်မာစာ စဖြေဆိုရမည့်နေ့ဖြစ်သဖြင့်စာမေးပွဲတွင်းလေးကိုတော့ ကလေးဆီမှာပဲ အိပ်မယ်ဟု အမေ့ကို လင်း ခွင့်တောင်းလာခဲ့သည်။ ကလေးကံကောင်းတယ်လို့ပဲပြောရမလားမေမေကသူလေးစာမေးပွဲနီးမှ ကျန်းကျန်းမာမာပြန်ဖြစ်လာသည်။
" ခက်ဆစ်တွေလည်း အကုန်ရနေပြီ။ သဒ္ဒါလဲကျေနေပြီဆိုတော့ အခုမေးခွန်းတို ၁ မှတ်တန်လေးတွေ ပြန်ကြည့်နော်ကလေး။ ပြီးရင်ရေသည်ပိုင်းကိုပြန်ဖတ်ပြီးအိပ်တော့။ မနက်ဖြေရမှာဆိုတော့ အိပ်ရေးဝဖို့လိုတယ်ဒါမှဦးနှောက်ကြည်မှာ "
နာရီကို မိုး ကြည့်လိုက်တော့ ၁၀ နာရီပင်ထိုးတော့မည်။
" မိုး က ၁၂လောက်မှ အိပ်နေကျပါ။ မ အိပ်ချင်ရင်စောစော အိပ်နှင့်နော်.... "
၁၁ ခွဲလောက်ကျတော့ မိုးရေသည်ဇာတ်လေးတွေကို စိတ်ဝင်တစား ပြန်ဖတ်နေသည်။ သူသည်အမြဲ စာကိုမကျက်ဖတ်သာဖတ်လေ့ရှိသည်။ တစ်ခါဖတ်ပြီးရင်လဲ စွဲစွဲမြဲမြဲသာ မှတ်ထားတတ်၏။ ထို့ကြောင့်သူ့အဖို့တော့ စာဆိုတာ ခက်ခဲသည့်အရာတော့ မဟုတ်ခဲ့ပေ။
စာဖတ်နေရင်း သူ့မမကို ကြည့်လိုက်တော့ မ ကဘေးနားလေးမှာ လက်ကလေးထောက်ရင်း ငိုက်တောင်ငိုက်နေရှာပြီ ။
' အင်းပေါ့လေ မနက်ဆို ၄ နာရီလောက်ထဲက ထပြီးချက်ပြုတ်ပြင်ဆင်ရကျောင်းမှာလည်း စာသင်ရ ပြီးရင်ငါ့ကိုလည်း ဆက်တိုက်သင်ပေးရနဲ့။ မ လည်း ပင်ပန်းလွန်းလှပါပြီ .... ´
" မ ကုတင်ပေါ်မှာအိပ်နော်.... "
သူ့မမကိုအသာလေးလက်လေးတို့ပြောတော့ သူ့မမနိုးလာပြီး
" sorry ကလေးရယ်။ မ ဘယ်လိုငိုက်သွားမှန်းလဲမသိဘူး ... "
" မနက်က ၄ နာရီထဲက ထထားရတာမဟုတ်လား .. ကဲ ပါ မရယ်ကုတင်ပေါ်မှာသွားအိပ်နော်... လာ .... "
မိုး အတင်းဆွဲခေါ်လာလို့သာ လင်း ကုတင်ပေါ်ရောက်သွားသည်။ မျက်လုံးတွေက တအားလေးလံနေတာမို့ မိုး သူ့ကိုစောင်လေးခြုံပေးလိုက်ပြီး သိပ်မကြာခင်မှာပဲ လင်းအိပ်မောကျသွားခဲ့သည်။
' ချစ်ဖို့ကောင်းလိုက်တာ မ ရယ်.... ´
အိပ်ပျော်နေတုန်းဆို တအားချစ်ဖို့ကောင်းလွန်းလို့ ခိုးခိုးနမ်းချင်လာသည့်စိတ်ကို မိုးတော်တော်လေးထိန်းချုပ်ခဲ့ရသည်။ စာမေးပွဲတွင်းကြီးဆိုတော့ ပစ်မှားနေလို့ကလဲ မကောင်းသေးဘူး မဟုတ်လား။
မ လဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီမို့ မိုး စာကြည့်စားပွဲမှာ ပြန်ထိုင်ရင်း ဖတ်လက်စ စာလေးတွေဆက်ဖက်ကာ ၁ နာရီလောက်မှ အိပ်ယာဝင်ခဲ့သည်။ မနက်ကျတော့ မ ကအရင်နိုးပြီး သူကတော့ ၅ နာရီခွဲလောက်မှသာ ထခဲ့သည်။
ပြီးတော့အေးအေးဆေးဆေးပဲ စားစရာရှိတာစား အဝတ်အစားလဲပြီးတဲ့နောက်ဘုရားခန်းဝင်ကာ ဘုရားကိုသေသေချာချာ အာရုံပြုကန်တော့ခဲ့သည်။သူကန်တော့နေစဉ်ဘေးနားကို လင်းရောက်လာပြီး သူ့ကလေလေးစာမေးပွဲမှာ အခက်အခဲမရှိဖြေဆိုနိုင်ဖို့အတွက်ရှိခိုးကန်တော့ကာ ဆုတွေတောင်းပေးနေလေသည်။
လင်း ကန်တော့ပြီးသွားလို့ဘေနားကြည့်လိုက်တော့သူ့ကလေးလေးက သူ့ကိုလက်အုပ်လေချီကာ
" မဖြေခင်မ ကိုလဲကန်တော့သွားမယ်နော်.... "
"ကောင်းပါပြီ ကလေးရယ်။ ကဲ မရဲ့ ကလေးလေးဖြေဆိုရမဲ့ ဘာသာတိုင်းနေ့ရက်တိုင်းမှာ အခက်အခဲမရှိ ကျန်းကျန်းမာမာနဲ့ဖြေဆိုနိုင်ပါစေ ကလေးရယ်... "
ထူးထူးခြားခြား ဒီတစ်ကြိမ်မှာတော့ လင်း နှုတ်ကနေအသံထွက်ကာ ဆုတွေပေးတာကြောင့်မိုး တအံ့တသြနှင့်ပြုံးစိစိလုပ်ကာ
" ဒီတစ်ခါ အသံထွက်ပြီးဆုပေးနေပါလား မရဲ့ .... "
" ဒီနေ့လိုနေ့မျိုးမှ ရှက်ပြီးအသံမထွက်ရင်လဲ မ ဆရာမ မပီသရာကျသွားမှာပေါ့ကွယ်။ ကဲ Fighting ကလေး .... "
" ဟုတ်မ ..... "
တစ်ယောက်နဲ့တစ်ယောက်သွားရမဲ့ကျောင်းချင်းကတော့ မတူတော့ပေ။ မိုး ကသူတို့ကျောင်းမှာပဲ ပြန်ကျပေမဲ့ လင်း ကတော့ တခြားကျောင်းမှာတာဝန်ကျတာမို့ လိုက်ပို့တော့လဲ လင်း အားဘကြီးညိုကားဖြင့်လိုက်ပို့ပေးပြီး မိုး ကိုတော့သူ့ဖေဖေကိုယ်တိုင်လိုက်ပို့ လိုက်ကြိုလုပ်ပေး၏။
သမီးလေးရဲ့တစ်သက်မှာတစ်ခါဖြေဆိုတဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြစ်တာကြောင့်ဦးကောင်းထက်ရှိသမျှအလုပ်ချိန်တွေအားလုံး သူ့လက်ထောက်တွေနဲ့လွှဲပေးကာ ဒီစာမေးပွဲလေး ၆ ရက်ကိုတော့ ကိုယ်တိုင်လိုက်ပို့ လိုက်စောင့်ပေးတာမို့ မိုး ကံကောင်းသည်လို့ပဲ ဆိုရပေမည်။ ဒီလိုဖခင်မျိုးရဖို့က လွယ်ကူတာမှ မဟုတ်တာပဲ။
ဖြေဆိုပြီးတာနဲ့ မိုး မှာသူ့မမဆီဖြေနိုင်ကြောင်း message အမြဲပို့သလို သူ့မမကလဲ အတန်းစောင့်တာဝန်ပြီးတာနဲ့ သူ့ကလေးဆီ ဖုန်းဆက်လေသည်။
" ကလေး အခြေအနေ ... "
" ဒီနေ့တော့ D မှန်းလို့ရတယ်မ ..... "
ပထမ တစ်နေ့လဲ D
ဒုတိယနေ့တွင်လဲ
" English လဲအေးဆေးပဲ D ကျိန်းသေပေါက်ပဲ မ .... "
" ဟုတ်ပါပြီကွယ်.... "
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက်ကြိုးစားပမ်းစားကျော်ဖြတ်ခဲ့ကြကာ
နောက်ဆုံးတစ်ရက်မှာတော့
" ကလေး Bio အခြေအနေ ဘယ်လိုလဲဟင်?"
တစ်ဖက်မှ အသံချက်ချင်းပြန်မထွက်လာသဖြင့်
" ဟဲလို ကလေး အဆင်ပြေရဲ့လားဟင်? "
" မ ...ကျောင်းဂိတ်ပေါက်တည့်တည့်ကိုကြည့်လိုက်။ အရမ်းချောတဲ့ မင်းသမီးလေးကိုတွေ့လိုက်ရလိမ့်မယ်.... "
Answer Paper တွေသေချာအပ်နှံပြီးမှကျောင်းဝင်းထဲက ထွက်လာရသည့်လင်း မှာသူ့ကလေးစကားကြောင့်ဂိတ်ပေါက်ဝကိုလှမ်းကြည့်လိုက်မိသည်။
ထိုအခါသူ့ကိုလက်လှမ်းပြနေသည့်ပိုးဟပ်ဖြူလေးကိုတွေ့လိုက်ရသည်မို့ လင်း အပျော်ကြီးပျော်သွားခဲ့သည်။
" ကလေး ..... "
လင်း အပေါက်ဝသို့ လျင်မြန်စွာပြေးထွက်လာတော့ မိုးကသူ့မမကို ဆီကြိုကာပွေ့ဖက်လိုက်၏ ။ ဒါကိုအနောက်က မိုးဖေဖေကပြုံးပြုံးကြီးကြည့်ကာ
" ဒီနေ့လဲ ဆရာမရဲ့တပည့်က D မှန်းထားတယ်တဲ့ ဆရာမရေ .... "
" ဟုတ်လား .... "
" ဟုတ်....မေးခွန်းကလွယ်ပါတယ်။ ကျိန်းသေD ပါလောက်တယ်.... အိမ်ကျအရင်နေ့တွေကလို မေးခွန်းပြန်တိုက်ကြမယ်လေ ... "
" အင်းပါကလေးရယ်..... ဒါနဲ့ဒီအထိ ဘာလို့လိုက်လာခဲ့တာလဲ ကလေးရဲ့။ uncle ကိုအားနာဖို့ကောင်းလိုက်တာ .... "
" ရပါတယ်ဗျာ .... ကျွန်တော်လဲ ဒီရက်ပိုင်းအားနေတာပဲ ....အားနာဖို့မလိုပါဘူးဗျာ .... "
ကားပေါ်ရောက်တော့ လင်း ဇွဲ နဲ့ ဇာလီတင့်တို့အတွက်ပူမိပြန်သည်။
" ဇွဲကိုကိုဇော်နဲ့ ဇာလီတင့်တို့ကောဖြေနိုင်ကြရဲ့လား ကလေး ? "
"ဖြေနိုင်တယ်လို့ပြောကြတယ်မရဲ့။ ဇာလီတင့်ကတော့ ဂုဏ်ထူး ၂ ဘာသာလောက်မှန်းတယ်တဲ့။ ဇွဲ ကတော့ ၁ ဘာသာလောက်ပဲ မှန်းထားတယ်ပြောတယ်.... "
"တော်သေးတာပေါ့ မ ကအဲ့ကလေးလေးတွေကောဖြေမှဖြေနိုင်ကြရဲ့လားလို့ စိတ်ပူနေတာ ..... "
" သူတို့လည်းပဲ စာဂျပိုးလေး ၂ကောင်ပါမရယ်.... ကြိုးစားကြပါတယ်။ မရဲ့တပည့်တွေအားလုံးတော်ကြပြီးသားပဲ ဥစ္စာ ..... "
"အေးပါကွယ်...... "
လင်း ပီတိအပြုံးလေးနဲ့ သူ့ကလေးလေးကိုဖက်ထားရင်း ပြုံးပျော်ခဲ့ရရှာသည်။
🌧️ 🌧️ 🌧️