မိုး လည်း သူ့ရင်ထဲမှာ အတော်လေးခံစားရခက်နေပေမဲ့ မျက်နှာကတော့ဘာမှမဖြစ်သလိုပင်။ လင်း လည်းထို့အတူ။ တပည့်တွေရှေ့၌ အပြုံးမပျက်ခဲ့။ နေ့လည်လသူ့ကလေးအတန်းသို့ ဝင်ရတဲ့အခါမှာတော့ ကလေးကိုအရိပ်တကြည့်ကြည့်နဲ့ ။ ကလေးမျက်နှာလေးကတော့ ပြုံးရွှင်နေသေးသဖြင့်လင်း စိတ်အနည်းငယ် အေးခဲ့ရပါသည်။
နေ့လည် မုန့်စားဆင်းတော့ မိုး သူ့မမဆီကိုမသွားပါ။ လူအရောက်အပေါက်နည်းတဲ့ အဆောင်ဘေးက အားကစားရုံဟောင်းကြီးဆီသို့ ထွက်လာခဲ့သည်။ သူ့အနောက်က ကောင်လေးတစ်ယောက် ပါလာတာကိုတော့ မိုး မသိလိုက်။
ကစားရုံဘေးက စိန်ပန်းပင်ကြီးခြေရင်းမှာ ထိုင်ပြီးကောင်မလေးတစ်ယောက်တစ်ရှိုက်ရှိုက်ငိုနေပါသည်။ အရမ်းမွန်းကျပ်နေတဲ့ သူ့ရဲ့စိတ်ကိုထွက်ပေါက်ပေးဖို့အတွက်က ငိုကြွေးခြင်းခုသာ ရှိသည်မဟုတ်ပါလား ။
ငိုလို့ဝသွားသာအခါ မိုးခေါင်းကိုပြန်မော့လိုက်တော့
" ဟင်! နင်...... "
သူ့ကိုလက်ကိုင်ပုဝါလေး လှမ်းကမ်းပေးနေသည့်ဇွဲကိုကိုဇော်ကိုမြင်တော့ မိုး လန့်သွားပါသည်။
" ယူပါဟ။ ငါနင်ငိုတာကိုလဲ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး .... "
ဇွဲ လှမ်းပေးတဲ့ လက်ကိုင်ပုဝါလေးကို မိုး လှမ်းယူပြီး သူ့မျက်ရည်စတွေကို သုတ်ယူဖယ်ရှားလိုက်ကာ
" ငါ့နောက်ကို နင်လိုက်လာတာလား ? "
" တမင်လိုက်လာတာ မဟုတ်ပါဘူး။ နင်ဒီဘက်ထွက်လာတာမြင်လိုက်လို့ လိုက်လာတာပါ ... နင်လည်း သိတယ်မဟုတ်လား အားကစားရုံနားက သရဲခြောက်တယ်လို့ နာမည်ကြီးနေတဲ့နေရာဆိုတာကို .... "
ဇွဲ ကအရွှန်းလေးဖောက်ပြီးပြောလိုက်တော့ မိုး ယဲ့ယဲ့လေးပြုံးလိုက်ရင်း
" ငါက သရဲကြောက်တတ်တဲ့ပုံစံပေါ်နေလို့လား ? "
" အင်း ပေါ်သလိုလိုပဲ ..... "
ဇွဲ ရယ်လျက်နဲ့ပဲ ပြန်ဖြေလေသည်။
" ဟက်..... ငါအဲ့လောက်သွေးမကြောင်တတ်ပါဘူး ..... "
ဇွဲ ဘာမှပြန်မပြောပဲ ပြုံးပြုံးလေးသာလုပ်နေပြီး စိန်ပန်းပင်ကြီးကိုသာ စိုက်ကြည့်နေသည်။
" နင်နဲ့ငါ စကားပြောဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်လား .... "
မိုးမေးလိုက်တော့
"မဟုတ်ပါဘူး နင်အရင်ကလဲငါ့ကိုပြောဖူးပါတယ်... "
" အဲ့ဒါတွေကရန်ထောင်ခဲ့တာတွေဆို ပိုမှန်လိမ့််မယ်ထင်တာပဲ .... "
မိုးပြောရင်း ရယ်တော့ ဇွဲ လဲလိုက်ရယ်လေသည်။
" နင်ငါ့အပေါ် ဘာလို့ကောင်းပေးနေရတာလဲ ? ငါ့ကိုချစ်နေတာလား ဒါမှမဟုတ်ငါကသူဌေးသမီးဖြစ်နေလို့လား ? "
မိုး ရဲ့မေးခွန်းတွေမှာ အရမ်းကိုရင့်သီးနေတဲ့မေးခွန်းတွေဖြစ်နေပေမဲ့မေခွန်းထုတ်ခဲ့တဲ့ သူ့လေသံကတော့ ရင့်သီးသံတစ်သံမပါခဲ့ ။ ခပ်အေးအေးလေပြေလေညှင်းသံလေးနဲ့သာပြုံးပြုံးလေးမေးခဲ့ခြင်းပင်။
" နင်က သူဌေးသမီးဖြစ်နေလို့ မဟုတ်ပါဘူး .... "
ဇွဲ လဲခပ်အေးအေးလေးပဲ ပြန်ဖြေပေးသည်။ ဒီအခါ မိုး ဇွဲ ရဲ့မျက်နှာကိုသေချာမော့ကြည့်လိုက်ပြီး
" ဒါဆို နင်ငါ့ကို ချစ်နေတာပေါ့ ? ဟုတ်တယ်မဟုတ်လား ? "
မိုးမေးတော့ ဇွဲ မဖြေ။ ဒီတိုင်းလေးသာကြောင်ပြီးရပ်နေသည်။ ထို့ကြောင့်မိုး ထပ်မမေးတော့။ မဖြေလဲ သိပြီးသားအဖြေတစ်ခု မဟုတ်ပါလား ။
" ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။ ငါနင့်ကိုဒီတစ်သက်ပြန်ချစ်နိုင်မယ်မထင်ဘူး ဇွဲကိုကိုဇော်..... "
စိတ်မကောင်းစရာ အဖြေတစ်ခုဆိုပေမဲ့ ဇွဲ ကတော့ပြုံးပြုံးလေးသာ လက်ခံခဲ့သည်။
" နင်အခုလို ငါ့ကိုစကားပြန်ပြောပေးတာနဲ့တင်ငါအရမ်းဝမ်းသာလှပါပြီဟာ ..... "
မိုး ဟက်ခနဲတစ်ချက်ဖြစ်သွားကာ မတ်တပ်ထရပ်လိုက်ပြီးနောက်
" အချစ်ဆိုတာ ဘာလို့နင်သတ်မှတ်သလဲ ? "
" ရယူခြင်းမဟုတ်တဲ့ပေးဆပ်ခြင်း။ မပိုင်ဆိုင်ရပေမဲ့ သူပျော်ရွှင်နေတာမြင်ရရင်လိုက်ပြီးဝမ်းသာမိတာမျိုးပေါ့ ..... "
ဘာလို့ငါ့အတွေးတွေနဲ့ဆင်နေရတာလဲ လို့ မိုးတွေးရင်း ခပ်သဲ့သဲ့လေးပြုံးလိုက်မိပြန်သည်။
" နင်က နင့်အဒေါ်နဲ့ မတူဘူးပဲ .... နင့်အဒေါ်သာ နင့်လိုဆိုရင်သိပ်မဆိုးလှဘူးပေါ့ ..... "
ဇွဲ မိုး ရဲ့စကားကို ခပ်ပြုံးပြုံးလေးသာ တုံ့ပြန်သည်။
" ငါတို့ သူငယ်ချင်း လုပ်ကြရအောင်လား ..... "
သစ်ပင်ကိုငေးနေတဲ့ ဇွဲ ရဲ့အကြည့်တွေက ချက်ချင်းပျော်ရွှင်သွားသည့်အရိပ်အယောင်တွေပြည့်နှက်သွားပြီး မိုး ကိုသေသေချာချာကြည့်လေသည်။
" နင်တကယ်ပြောတာလား မိုး ? "
မိုး ပြုံးပြုံးလေးနဲ့ခေါင်းလေးတစ်ချက်ညိမ့်ပြလိုက်တော့ ဇွဲ အားရဝမ်းသာဖြင့်
"ကျေးဇူးပါပဲဟာ .... "
" နင်ငါနဲ့သူငယ်ချင်းလုပ်မယ်လို့ ပြန်မဖြေသေးဘူးနော်.... "
" ဟာ နင်ကလဲ ပြန်ဖြေနေစရာတောင်မလိုပါဘူးဟ ..... ငါနင့်ရဲ့သူငယ်ချင်းလုပ်ပေးမယ်.... အကောင်းဆုံးသူင်ချင်းအဖြစ်ပေါ့ ...... "
ဇွဲပြောတာလဲ မှန်ပါသည်။ ထိုအချိန်ကနေစတင်ပြီး ဇွဲ ဟာ မိုး ရဲ့ဘဝအတွက်အကောင်းဆုံးသူငယ်ချင်းတစ်ယောက်အဖြစ်ဖြစ်တည်ပေးခဲ့ပါသည်။
X X X X X X X
မုန့်စားကျောင်းဆင်းချိန်မိုး သူ့ဆီကိုမလာသဖြင့်လင်း အတန်းထဲသို့ လိုက်သွားခဲ့သည်။ သို့ပေမဲ့ အတန်းထဲမှာလဲ မတွေ့ရတာမို့ လင်း သူ့ကလေးကို တစ်ကျောင်းလုံးခေါင်းမီးတောက်အောင်လိုက်ရှာခဲ့ပါတော့သည်။
သွားနေကျ အဆောင်နောက်က ခရေပင်အောက်မှာလဲ မရှိ ။ စာကြည့်တိုက်ပြေးကြည့်တော့လဲ မတွေ့ ။ကျောင်းမုန့်စားဆောင်နဲ့ မိန်းကလေးသန့်စင်ခန်းထဲတွေ လိုက်ရှာတော့လဲ မရှိပြန်။
ကြာလာတော့ လင်း ရင်တွေတအားပူလာချေပြီ ။
ကလေးရယ်ဘယ်တွေသွားနေတာလဲကွာ
နေရအနှံ့အပြား လိုက်ပြေးရှာခဲ့တာမို့ လင်းခမျာလဲခြေကုန်လက်ပန်းကျနေလေပြီ ။နောက်ဆုံးတော့ လင်း လက်လျော့ပြီးကျောင်းပြန်တက်ရင်တော့ သူ့အခန်းကိုပြန်လာမှာပဲဆိုတဲ့အတွေးနဲ့ မိုး ရဲ့အတန်းရှေ့သို့ပင်ပြန်လာခဲ့၏ ။
သူရောက်ပြီးရှေ့ဆင့်နောက်ဆင့်လေးမှာပဲ မိုး သူ့အတန်းကိုပြန်လာတာ လင်း မြင်လိုက်လေသည်။
သို့ပေမဲ့ သူ့ကလေးတစ်ယောက်ထဲတော့မဟုတ်။ဘေးနားမှာ ဇွဲကိုကိုဇော်ပါရှိနေပြီး သူ့ကလေးကလဲ မျက်နှာလေးကိုပြုံးရွှင်လို့ပါ ။
လင်း ခပ်သုတ်သုတ်သူ့ကလေးအနားလျှောက်သွားကာ
" ကလေး ...... "
သူ့မမကိုမြင်လိုက်တာမို့ မိုး မျက်လုံးလေးတွေဝိုင်းစက်သွားရ၏ ။
" ဘယ်တွေသွားနေတာလဲကွာ ..... မ မှာကလေးကိုမတွေ့လို့ တစ်ကျောင်းလုံးလိုက်ရှာနေတာ နှံ့နေပြီ ကလေးရယ်.... "
မောဟိုက်နေတဲ့လေသံနဲ့ လင်းပြောတော့ မိုး တကယ်အားနာသွားရသည်။
" မိုးအားကစားဆောင်ဘက်ခဏသွားနေလို့ပါတောင်းပန်ပါတယ်နော်မ .... "
" မုန့်ကော စားပြီးရဲ့လား ? "
လင်း သူ့ကလေးဘေးက ဇွဲ ကိုမမြင်တော့ ။ သူ့ကလေးတစ်ယောက်ထဲကိုသာ ဂရုစိုက်မိနေသည်။
" ahh မစားဖြစ်ဘူး မ .... ဆာလဲ မဆာသေးလို့ပါ ... "
" ဟာ မစားလို့ဘယ်ဖြစ်မလဲ ဆာဆာ မဆာဆာ စားရမယ်လေ ... တစ်နေကုန်နေရဦးမယ့်ဟာကိုတော်ကြာကျောင်းပြန်တက်မှ ဆာနေလိမ့်မယ်... လာ မ နဲ့လိုက်ခဲ့ ..... "
ကလေးလိုက်ချင်လား မလိုက်ချင်ဘူးလားဆိုတာ လင်းမေးမနေတော့ပဲ မိုး ကိုထိုနေရာမှ လက်ဆွဲခေါ်လာပါတော့သည်။ ဇွဲ ကတော့သူတို့နှစ်ယောက်ကိုကြောင်တောင်တောင်လေး ကြည့်ကျန်ခဲ့လေရဲ့ ။
ဆရာများနားနေခန်းထဲမှာ ထားခဲ့တဲ့သူ့ဆွဲခြင်းတောင်းလေးအတွင်းမှ မုန့်ဗူးလေးတစ်ဗူးကို ခပ်သုတ်သုတ်သွားယူပြီး နားနေခန်းရှေ့နားက စားပွဲမှာထိုင်နေသော ကလေးနားသို့ ပြန်ရောက်လာသည်။
" မနက်က ကလေးကို စားစေချင်လွန်းလို့ မစောစောထပြီးပေါင်မုန့်ကြက်ဥကြော်လာပေးတာ .... တစ်ချပ်နှစ်ချပ်ဖြစ်ဖြစ်ဝင်သလောက်လေးစားလိုက်နော်.... "
သူ့မမလက်ထဲရှိ မုန့်ဗူးအတွင်းမှပေါင်မုန့်ကြက်ဥကြော်လေးတွေ မြင်ပြန်တော့ မိုး ငိုချင်မိပြန်သည်။ ဒါပေမဲ့ စိတ်ကိုထိန်းချုပ်ရင်း
" မ ..... "
" ဟင် ကလေး ? "
"နောက်ဆိုရင်လေ ..... "
" အင်း ? "
" မိုး ကိုအခုလိုအသေးအမွှားလေးတွေကအစ လိုက်ပြီးဂရုမစိုက်ပေးလို့ ရမလားဟင်? "
ထူးဆန်းတဲ့ ကလေးရဲ့မေးခွန်းကြောင့်လင်း မျက်နှာကအပြုံးလေးတွေ လွင့်ပြယ်သွားကာ
" ဘာလို့လဲ ကလေးရယ် ..... "
ဘာလို့လဲဆိုတဲ့ သူ့အမေးတွေထဲမှာ ဝမ်းနည်းမှုများစွာရောဝင်နေ၏ ။ ဒါကို မိုး ကတော့သတိမထားနိုင်သေး ။
" မ အဲ့လိုတွေလိုက်ဂရုစိုက်ပေးတိုင်း မိုး အနေရခက်လို့ပါ။ ဖြစ်နိုင်ရင်မိုး ကိုလျစ်လျူရှုထားပေးပါလား မရယ်.... "
" အို ကွာ .... ကလေးကလည်း ...... "
လင်းလေးလေးပင်ပင်သက်ပြင်းတစ်ချက်ကိုချလိုက်မိသည်။
အော်ကလေးကအခုတော့ ငါ့ကြောင့်အနေရခက်နေပြီတဲ့လား ဆိုပြီးတော့ ရင်ထဲစို့နင့်တက်သွားတာကိုတော့ သူေလးမြင်မည်မထင်ပေ ။
နောက်ဆုံးတော့လဲ လင်း သူ့ကလေးအလိုတော်ကျစေဖို့အတွက်ခေါင်းလေးတစ်ချက်ညိမ့်ပြပေးပြီးမျက်လွှာကိုအောက်သို့စိုက်ချလိုက်၏ ။
" ကဲ စားနော်။ နောက်ဆို မ ကလေးပြောသလိုနေပါ့မယ်.... "
လင်း အဖြေပြန်ပေးလိုက်တော့မှာ သူ့ကလေးလေးက ပြုံးပြ၏ ။ လင်း လဲသူ့ကလေးခေါင်းလေးကို ပွတ်ပေးဖို့ လက်ဟန်ပြင်ပြီးမှ လက်ကိုပြန်ရုတ်သိမ်းရင်းပေါင်မုန့်စားနေသည့်မိုး ကိုတစ်ချက်ပြုံးပြလိုက်သည်။ ဒါပေမဲ့ လင်း ရဲ့အပြုံးက ပြုံးတစ်ဆိုရုံမျှလေးသာ ။
X X X X X X
နောက်ပိုင်းမှာတော့ မိုး လင်းအပေါ်ဆက်ဆံသည်များမှာ နည်းနည်းအေးစက်စက်နိုင်လာသည်ဟု လင်း ခံစားမိ၏ ။ မနက်ကျောင်းမတက်ခင်လဲ အရင်လိုကားဂိတ်မှာ မိုး ရှိမနေတော့ ။ မုန့်စားဆင်းချိန်တွေတိုင်းလဲ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဇွဲ နဲ့ ဇာလီတင့်တို့နဲ့သာ တပူးတွဲတွဲ ။
လင်း ခမျာအထီးကျန်ဆန်သလိုတောင်ခံစားမိစပြုလာချေပြီ ။ တခါတလေ မမမြတ်ကအနားရှိနေပေးလို့သာတော်သည်ဟုဆိုရပေမည်။ မိုး နဲ့အတူရှိချိန်တွေဆိုလို့ကျောင်းဆင်းပြန်ချိန်နဲ့ ညနေစာသင်ချိန်လေးပဲရှိပါတော့သည်။ အိမ်အပြန်များတွင်လဲ အရင်လိုမျိုး ကားဂိတ်အထိလိုက်ပို့ပေးမယ်လို့ယောင်လို့တောင်မိုး မပြောခဲ့။
ဒါ့ကြောင့်လင်းတော်တော်လေးစိတ်ထိခိုက်ခဲ့ရပါသည်။ သို့ပေမဲ့လဲ ကလေးရှေ့မှာတော့ သူမျက်နှာတစ်ချက်မပျက်အောင်ထိန်းသိမ်းထား၏ ။ ကလေးလဲ သူ့စာသူလုပ်သလိုပဲ လင်း ကလဲသူသင်ပေးစရာရှိတာတွေကိုသာ သင်ပေးခဲ့သည်။ စာသင်ချိန်တွေမှာတောင်အရင်လိုတစ်ယောက်နဲ့တစ်ယောက်စဟယ်နောက်ဟယ်ရယ်မောပျော်ရွှင်ချိန်တွေ ရှားပါးသွားခဲ့လေပြီ ။
ဒီလိုနဲ့ပဲ ၁၁ လပိုင်း ကုန်ဆုံးသွားခဲ့ပြီး ၁၂ လပိုင်းထဲရောက်ရှိလို့လာခဲ့၏ ။ကျောင်းမှာ မိုး ဇွဲကိုကိုဇော်နဲ့ ပိုအတွဲများလာသလို ထိုသို့ ဇွဲ နဲ့တပူးတွဲတွဲတွေ့ရတိုင်း လင်း စိတ်ထဲထင်မိတာက ကလေးသူ့ကိုအရင်လိုမချစ်တော့ဘူးထင်တယ်ဆိုတဲ့အတွေးက ထိပ်ဆုံးကဝင်ရာက်လာတတ်စမြဲ ။
တစ်နေ့မှာတော့ကျောင်းဆင်းချိန်တွင်
" ကလေး အတူတူပြန်ကြမယ်.... "
ကားဆီ အတူတူသွားကြဖို့ကိုတောင်မှ အမြဲရှေ့ကကြိုသွားပြီး သူ့ကိုရှောင်ဖယ်နေတတ်တဲ့ ကလေး လက်ကလေးကို လင်း လှမ်းဆွဲပြီးပြောလိုက်ခြင်းသာ ။
"အော်ဟုတ်..... "
ကံကောင်းစွာနဲ့ပဲ ကလေးလက်လေးဟာ သူ့လက်ထဲမှ ရုန်းထွက်မသွားခဲ့တာမို့ လင်း တစ်ချက်ပြုံးမိလိုက်သည်။
သို့ပေမဲ့ ထိုသာယာမှုက ခဏလေးကြာအောင်တောင်မခံလိုက်ပေ ။
ကျောင်းဂိတ်ပေါက်ဝနားရောက်တော့
" ဝတ်ရည်..... "
ခေါ်သံကြားကတည်းကတေဇာဖြစ်မယ်ဆိုမှန်း လင်းကော မိုး ပါသိလိုက်ကြသည်။တေဇာသူတို့ ၂ယောက်နားကိုလျှောက်လာကြပြီး
" ဒီနေ့ကျွန်တော့မွေးနေ့လေ .... အဲ့ဒါကြောင့်ဝတ်ရည်နဲ့ Hanna ကိုမုန့်လေးတစ်ခုခုလောက်လိုက်ကျွေးချင်လို့ပါ ..... "
တေဇာ့ စကားအဆုံး၌ မိုး သူ့လက်ကိုကိုင်ထားတဲ့ လင်း လက်ကိုဖြုတ်လိုက်ရင်း
" ညီမတော့ နည်းနည်းပင်ပန်းနေလို့ မလိုက်တော့ဘူးနော်.... ကိုတေဇာ လိုက်ကျွေးချင်ရင်ဆရာမကိုပဲ လိုက်ကျွေးလိုက်ပါ .... "
ဟာ ဒီကလေးကလဲ ဘာလဲကွာ ....
မိုး စကားကြောင့်လင်း အတော်လေးစိတ်ပျက်သွားရသည်။ သူ့ကိုတေဇာ သဘောကျနေမှန်း သူလေးလဲရိပ်မိမှာပါ ။ အဲ့ဒါကိုသိရက်နဲ့ ဒီလိုလုပ်တာတော့ မကောင်းဘူးလို့ စိတ်ထဲမှပြောဆိုနေမိ၏ ။
" ကလေး ..... မ,တို့စာသင်ရဦးမှာလေ ...... "
လင်း သူ့တပည့်မျက်နှာကို မျက်မှောင်ကြုတ်ကြည့်ပြီးပြောလိုက်တော့ မိုး ကခပ်ပြုံးပြုံးသာ ။
" ကိုတေဇာ လိုက်ကျွေးမှာ မကြာဘူးမဟုတ်လား .... "
" မကြာပါဘူးဗျာ .... ခဏလေးပါ ... ပြီးရင်ကျွန်တော်ကိုယ်တိုင်ညီမလေး Hanna အိမ်အထိပြန်လိုက်ပို့ပေးပါ့မယ်..... "
" ခဏလေးလိုက်စားပေးလိုက်ပါ မ ရယ်။ သိပ်မကြာတာပဲဟာ .... ကိုတေဇာဒီအထိ တကူးတကလာပေးတာ အားနာစရာကြီးလေ ... စာသင်တာက တစ်ရက်တစ်လေ နည်းနည်းလေးနောက်ကျလို့လဲ ပြသနာမရှိပါဘူး။ မိုး လဲခဏလာက်နားရတာပေါ့။ နော် မ "
မိုး သူပြောချင်တာတွေသာ စွတ်ပြောပြီး
" မိုး သွားနှင့်မယ်နော် မ။ See u later .... "
ခပ်ပြုံးပြုံးသာထွက်သွားတဲ့ သူ့တပည့်မကိုကြည့်ပြီး လင်း အနည်းငယ်စိတ်ဆိုးမိသွားသည်။ ဖြစ်နိုင်မယ်ဆိုရင်အဲ့ကလေးကိုဆောင့်ဆွဲပစ်လိုက်ချင်မိသည်။ သို့ပေမဲ့လည်း ဒေါသကိုထိန်းပြီး မလိုက်ချင်လိုက်ချင်ဖြင့်တေဇာရဲ့နောက်ကို လိုက်ခဲ့ရ၏ ။
တေဇာကျွေးတဲ့နေ့လည်စာကိုလဲ လင်း ဟုတ်တိပတ်တိစားမဝင်ခဲ့ ။
" ဝတ်ရည်သိပ်လဲမစားပါလား .... စားမကောင်းလို့လားဗျ ? "
" မဟုတ်ပါဘူး .... ဟိုလေ ကိုတေဇာ .. "
" ဗျာ ? "
" ကျွန်မ ကိုတေဇာကိုတောင်းဆိုရာရှိလို့ပါ ..... "
တောင်းဆိုစရာဆိုသည့်အတွက်လင်း ကသူ့ကိုဘာများတောင်းဆိုမလဲဆိုပြီးမျှော်လင့်စောင့်စားနေမိပါသည်။
" တခြားတော့မဟုတ်ပါဘူး .... အခုကလေးရဲ့စာမေးပွဲက နီးနေပြီလေ .... အဲ့ဒါကြောင့်မို့ ကျွန်မအနေနဲ့ ကလေးရဲ့စာသင်ချိန်တွေကို နည်းနည်းလေးတောင်အလျော့မခံနိုင်ဘူး။ နောက်ဆိုရင်ဒီလိုမျိုးတွေ မလုပ်ပါနဲ့လား .... ဒီတစ်ခေါက်တောင်ကိုတေဇာရဲ့မွေးနေ့မို့လို့ အားနာလို့လိုက်ခဲ့မိတာပါ ....နောက်ကိုတော့ ဒီလိုမျိုး ကိုတေဇာလာခေါ်လဲ ကျွန်မလိုက်နိုင်မယ်မထင်ဘူး ..... "
" အာ ..... ဟုတ်ကဲ့ခင်ဗျ "
တေဇာလဲ လင်း ရဲ့စကားကြောင့်အနေရခက်သွားပုံရ၏ ။ ဘာမှတောင်သိပ်ပြီးထပ်မပြောတော့ပေ ။
X X X X X X
လင်း စိတ်ဆိုးဆိုးနဲ့ပဲ ကလေးရဲ့အိမ်သို့ရောက်ရှိလာလေပြီ ။ အခန်းတံခါးဖွင့်ဝင်လိုက်တော့ သူ့ကလေးစုတ်က နားကျပ်ကြီးတပ်လို့ ကုတင်ပေါ်အိပ်နေ၏ ။
လင်း မကျေနပ်ချက်တွေနဲ့အတူ သူ့ကလေးရှိရာဆီလျှောက်သွားပြီး
" ကလေး .... "
အသံခပ်တင်းတင်းနဲ့တစ်ချက်ခေါ်လိုက်ပေမဲ့ ပိစိကွေးက မကြားချေ ။ လင်း နှုတ်ခမ်းထောင့်စွန်းလေးကို သွားနဲ့ဖိကိုက်ကာ
" ကျွတ်စ်...... "
ဒီတစ်ခါမှာတော့ မမလင်း သူ့ကလေးနားက နားကျပ်ကိုဆောင့်ဆွဲလိုက်လေတော့သည်။ အဲ့တော့မှ နှံပီစုတ်က သူ့ကိုမျက်လုံးဖွင့်ကြည့်ကာငေါက်ခနဲထထိုင်လိုက်၏ ။
" မ ...... "
ကြိမ်ဆွဲခြင်းတောင်းလေးကို လင်း စားပွဲပေါ်ဆောင့်တင်လိုက်ပြီး
" ကလေး တကယ်မကောင်းဘူးကွာ .. "
သူ့ကိုမကျေနပ်တဲ့အကြည့်တို့နဲ့ လက်ပိုက်ကြည့်နေတဲ့ လင်း ကို မိုး ထိုင်နေရာကနေ ပြန်မော့ကြည့်မိလိုက်သည်။ ဘာမှ သူမေးခွန်းပြန်မထုတ်ပဲနားထောင်ခဲ့သည်။
" ဒီနေ့ ကလေးကို မ စိတ်ဆိုးတယ်သိလား .... "
စားပွဲဘေးနားက ကုလားထိုင်မှာ လင်းခြေချိတ်ထိုင်ပြီး လက်ပိုက်ကာ သူ့ကိုမျက်စောင်းကြီးခဲ၍ စိုက်ကြည့်နေသဖြင့်
" ဘာလို့လဲ မ ရဲ့ ? "
မိုး မသိနားမလည်မှုတွေနဲ့မေးလိုက်တော့
" ဟာ စာမေးပွဲက ဒီလောက်ကပ်နေတဲ့ဟာကို ကိုယ့်စာသင်ချိန်ကို အပျက်ခံပြီး မ ကိုအဲ့လူနောက်လိုက်ခိုင်းလိုက်ရသလား ... "
မိုး ခပ်သဲ့သဲ့လေးပြုံးလိုက်ရင်း
"အော် မရယ်.... ခဏပဲဟာ။ 1 နာရီခွဲလောက်လေးလျော့သွားလို့ ဘာမှမဖြစ်... "
မိုး ရဲ့စကားအဆုံးထိ လင်း မစောင့်နေပဲ အရင်လိုလေသံပျော့ပျော့မဟုတ်အသံခပ်မာမာဖြင့်
" အို ... ၁ နာရီခွဲလဲအချိန်တစ်ခုပဲလေကွာ ... မတို့အတွက်၁ စက္ကန့်ဆိုတာလဲ အချိန်ပဲ သိရဲ့လား။ ပြီးတော့စောစောက စာသင်ချိန်ကို နည်းနည်းလျော့လဲရပါတယ်တို့ဘာတို့ပြောရမဲ့လူက ကလေးလား မ လား။ ပြောပါဦး။ ကလေးက ဆရာမလား မ က ကလေးရဲ့ဆရာမလားဆိုတာကို ? "
ပေါက်ကွဲသံစဉ်တွေလာဖွင့်နေတဲ့ သူ့မမကို မိုး မချိုမချဉ်အကြည့်နဲ့ပြန်ချေကာ
" okay .... မ ကိုစိတ်ဆိုးအောင်လုပ်ခဲ့မိတဲ့အတွက်တကယ့်ကို sorry ပါ။ နောက်ကို မိုး ဘာမှမပြောတော့ဘူး ဟုတ်ပြီလား .... "
' ဘယ်သူကကော ကိုယ်ချစ်တဲ့လူကို တခြားလူနောက်တကယ်ထည့်ပေးချင်မှာတဲ့လဲ .... တကယ်ဆို မိုး ကထည့်ပေးပြီး လိုက်သွားပါလို့ပြောခဲ့တုန်းက မ အခုလိုတွေ အသံမာမာနဲ့လိုက်လို့မဖြစ်ဘူး စာသင်ရမယ်လို့ ဇွတ်ငြင်းပါလား .... ´
မိုး ရင်ထဲမှ မကျေမနပ်နဲ့ ခွန်းတုံ့ပြန်ကာ ပြန်အော်နေပေမဲ့ အပြင်ပန်းမှာတော့ မတုန်မလှုပ်။ စာကြည့်စားပွဲမှာ လာထိုင်ကာ
" ဘာ စသင်မှာလဲ ဆရာမ ? "
ဆူုတ်ပုတ်ပုတ်မျက်နှာပေးနဲ့ သူ့ကို ဆရာမလို့ခေါ်လိုက်သဖြင့်
" ကလေးက အခု မ ကိုပြန်စိတ်ကောက်နေတာလား ? အခုကိစ္စဘယ်သူက မှားတာလဲ ? "
" ဟုတ်သိပါတယ်။ အားလုံး မိုး ရဲ့အမှားပါ။ ရပြီလား ဟုတ်ပြီလား ... "
မ ကသူ့ကို သူ့အပြစ်တွေလို့ပြောချင်နေတဲ့ပုံစံပေါက်နေတာမို့ မိုး ဝမ်းနည်းမိသွားတာအမှန်ပင်။ ပုခုံးတွန့်ကာပြောလိုက်တဲ့ မိုး ရဲ့အသံထဲမှာ ငိုသံခပ်သဲ့သဲ့ပါနေသလိုလို ။ ဒါ့ကြောင့်မို့ လင်း သူ့ကိုယ်သူပြန်လည်ထိန်းချုပ်ကာ စိတ်ကိုပြန်လျော့လိုက်ရ၏ ။
" ကလေးကလဲကွာ။ မ ကဒီတိုင်း ကလေးနားလည်အောင်ပြောပြတဲ့ဟာကို .... "
ကလေးငိုမှာကြောက်မိတာမို့ လင်းလေသံကို ခပ်လျော့လျော့လေးနဲ့ပြောလိုက်တော့ကောက်စိန်မကမရတော့ပေ ။ကောက်ချိတ်လုပ်ကာ
" မ စာမသင်တော့ဘူးလား။ မ ပဲတစ်စက္ကန့်လေးကလည်း အချိန်ပဲဆို .. "
ကောက်စိန်သူ့ကလေးအား လင်း ကြည့်ပြီးလေပူတစ်ချက်မှုတ်ထုတ်ကာ
" ကဲ ကဲ chemistry စာအုပ်ထုတ်.... "
ထိုနေ့က စာသင်တဲ့အချိန်တစ်လျှောက်လုံးကော စာသင်ပြီးတဲ့အထိကော မိုး ရဲ့မျက်နှာမှာကောက်ချိတ်ရုပ်ပုံနှင့်သာ ။ လင်း ချော့ချင်ပေမဲ့လည်း ချော့လို့က မရခဲ့ပေ ။
တစ်ပတ်ကျော်လောက်ကြာသည်အထိလဲ ကလေးကသူ့ကိုရှောင်ဖယ်ရှောင်ဖယ်နဲ့ ။ကျောင်းမှာလဲသေချာမျက်နှာချင်းမဆိုင်။ အိမ်မှာစာသင်ပြန်တော့လဲ သူနဲ့အကြည့်ချင်းစုံလို့ကို မရခဲ့ ။
ကြာလာတော့ လင်း ဝမ်းနည်းစပြုလာလေပြီ ။ အရင်ကသူနဲ့ ကလေးပြေပြေလည်လည်ရှိခဲ့ကြတဲ့ ကြည်နူးစရာအချိန်တွေကို ပြန်လည်တောင့်တခဲ့မိတာမို့ ကလေးကို မရမကပြန်ချော့ဖုိ့ သူစိတ်ကူးခဲ့သည်။
တစ်နေ့ကျောင်းဆင်းချိန်မှာတော့
ရှေ့ကနေ နားကျပ်လေးတစ်ဖက်တပ်ပြီး feelလေးနဲ့လမ်းလျှောက်နေတဲ့ မိုး ... ။
အနောက်ကနေ ခြင်းတောင်းလေးတစ်ဖက်နဲ့ သူ့ကလေးထံအမှီလိုက်နေတဲ့ ဆရာမလေးလင်း ... ။
" ကလေး ..... ကလေး .... "
၂ ခွန်းလောက်လင်းနောက်ကနေလှမ်းခေါ်လိုက်သံကိုရှေ့ကကောက်စိန်မိုးဝသန်လွင်ခပ်သဲ့သဲ့လေးကြားလိုက်ရသဖြင့်လမ်းလျှောက်နေတဲ့အရှိန်ကို ပိုမြှင့်လိုက်ကာ မကြားဟန်ဆောင်လေသည်။
" ကလေး ..... "
ရှေ့ကခပ်သုတ်သုတ်မပြေးရုံတမယ်သွားရှာသော မိုး အား လင်း အနောက်ကနေ ကလေး ကလေး နဲ့ခေါ်ရင်း အမှီလိုက်ပြန်သည်။
ရှေ့ကသွားတဲ့လူကသွားနောက်ကလဲလိုက်တဲ့လူက အမှီလိုက်နေတဲ့ ဆရာတပည့်၂ယောက်အား ဆရာမဒေါ်မြတ်မြတ်ဆွေ ကသူ့ကားေပ်ါကနေ လှမ်းမြင်လိုက်ရ၏ ။
" ကလေး ... "
မိုး လင်း ကိုပြန်လှည့်မကြည့်။ ဂိတ်ပေါက်ဝရောက်တာနဲ့ တစ်ဖက်ကားလမ်းကို ဖြတ်ကူးဖို့ပြင်လေသည်။ အနောက်ကသူ့မမ သူ့ကိုမမှီစေချင်တဲ့စိတ်ကြောင့်ကားလမ်းဖြတ်ကူးဖို့အလုပ်.....
မိုး ကူးဖို့ပြင်နေတဲ့နေရာမှာ ကားတစ်စီးကာပိတ်ရပ်ထားတာမို့နောက်ကကျော်တက်လာတဲ့ကားကို မိုး မမြင်ခဲ့။ သို့ပေမဲ့ အနောက်က အမှီလိုက်လာတဲ့ လင်း ကမြင်လိုက်တာမို့
" ကလေး ..... မကူးနဲ့ဦး ..... "
ခေါ်သံမကြားချင်တော့တာကြောင့်မိုး နားကျပ်ကို ၂ ဖက်စလုံးတပ်လိုက်ပြီမို့ လင်း အသံကိုသဲသဲကွဲကွဲမကြားရတော့ ။ အတင်းဇွတ်ကူးဖို့ မိုး ကားလမ်းပေါ်တက်သွားသောအခါ
" ဟင်! ကလေး !!! မိုး !!!!! "
လင်း စိုးရိမ်တကြီးအော်ရင်း ကားလမ်းပေါ်တက်သွားတဲ့ သူ့ကလေးကို အမှီလှမ်းတားဖို့ပြင်လေသည်။ သို့ပေမဲ့ အနောက်ကနေ လှမ်းဆွဲလိုက်တာလဲ မမှီလိုက်။ အနောက်ကကျော်တက်တဲ့ ကားတစ်စီးက ဟွန်းသံကို အဆက်မပြတ်ကျယ်လောင်စွာတီးတော့မှ မိုး သတိပြန်ကပ်တော့သည်။
သို့ပေမဲ့ မိုးနောက်ပြန်ဆုတ်ဖို့က သိပ်ကိုနောက်ကျသွားလေပြီ ။ သူ့ဆီသို့ အရှိန်မထိန်းနိုင်တော့ပဲဝင်ရောက်လာတဲ့ ကားဆီသို့သာ မိုး ပြူးကြောင်ကြောင်နဲ့ အထိတ်တလန့်ကြည့်နေဆဲ ။
" မိုး ........ "
ကျယ်လောင်သော မ ရဲ့အော်သံကိုတော့ အနောက်သို့တစ်ချက်ဝေ့ကြည့်ဖို့ ကြိုးစားမိသေးသည်။
'မိုးသေရတော့မှာလားဟင် မ .... ´
လက်ကဆွဲထားတဲ့ ကြိမ်ခြင်းတောင်းလေးကို လင်း ပစ်ချလိုက်ကာ သူ့ဆီကိုအပြေးလာနေတဲ့ မ .... ။
'မ ... မိုး အရမ်းဆိုးမိသွားတယ်နော်။ တကယ် တောင်းပန်ပါတယ် .... ´
မိုး မျက်လုံးအစုံကို မှိတ်ချလိုက်တော့ မျက်ရည်တို့ကပါးပြင်ကိုဖြတ်ပြေးလုဆဲဆဲ။ လက်ကိုလည်း ကျစ်နေအောင်လက်သီးဆုပ်ကာ အရာအားလုံးရင်ဆိုင်ရဲတဲ့သတ္တိဆိုတဲ့အရာကို မိုး တစ်ခဏအတွင်းမွေးမြူလိုက်လေသည်။
လင်းဝတ်ရည်သော်လည်း ဘာကိုမှစဉ်းစားမနေတော့။ ကားလမ်းလယ်ခေါင်မှာတောင့်တောင့်ကြီးရပ်နေတဲ့ သူ့ကလေးအား တင်းတင်ကျပ်ကျပ်ပြေးဖက်လိုက်ကာ ကားကိုကျောခိုင်း၍ မိုး ကိုကာကွယ်ပေးလိုက်တော့၏။
' မကြောက်နဲ့ မ ရှိတယ်။ ကလေးဘာမှ မဖြစ်စေရဘူးနော်.... ´
ပါးစပ်ကနေ ဖွင့်ဟပြောဆိုဖို့ အချိန်မမှီလိုက်တဲ့ လင်း ရင်ထဲကစကားလေးတစ်ခွန်း .... ။
ရုတ်တရက်သူ့ခန္ဓာကိုယ်အား တင်းကျပ်စွာတစ်စုံတစ်ယောက်ကပွေ့ဖက်လိုက်မှန်း မိုး သိလိုက်သည်။ သို့ပေမဲ့ တင်းတင်းကျပ်ကျပ်မှီတ်ထားတဲ့ မျက်ဝန်းတစ်စုံကို ပြန်လည်ဖွင့်ကြည့်ဖို့တော့ အချိန်မမှီတော့ပေ ။
" ကျွီး ........ "
ကားဘရိတ်ကိုအချိန်မှီအုပ်ခဲ့ပေမဲ့လဲ မရှိန်ကမတောမသတ်နိုင်။
" ဒုန်း ........ "
ကတ္တရာလမ်းမပေါ်သို့ ဆရာတပည့် ၂ယောက်စလုံး အရှိန်နဲ့ပစ်လဲသွားကာ အနောက်သို့ နှစ်ပတ်သုံးပတ်လောက်ပင်လှိမ့်သွားသေးသည်။
ထိုမြင်ကွင်းကိုကျောင်းဂိတ်ပေါက်ကနေထွက်လာတဲ့ ကားပေါ်ကဒေါ်မြတ်မြတ်ဆွေ မြင်လိုက်ရပြီး ထိတ်လန့်တုန်လှုပ်သွားသလို လင်းကျောင်းဆင်းသည့်မြင်ကွင်းကို ကြည့်ချင်လွန်းလို့ကျောင်းရှေ့နားမှာ ကားရပ်ကာ တကူးတကလာစောင့်နေတဲ့တေဇာ လဲမြင်လိုက်ကာ ပါးစပ်အဟောင်းသာဖြစ်သွားခဲ့သည်။
" ဝတ်ရည်........ "
" လင်းလင်း ..... မိုးဝဿန်လွင်..... "
အတိုက်ခံလိုက်ရတဲ့နေရာကို လူတွေစုရုံးစုရုံးဖြင့်ရောက်ရှိလို့လာသည်။ ထိုအထဲမှာဒေါ်မြတ်မြတ်ဆွေနဲ့တေဇာ တို့ကထိပ်ဆုံးက ဖြစ်၏ ။
တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ လင်း ရဲ့လက်တို့ဟာ မိုး ရဲ့ခန္ဓာမှတော်တော်နဲ့ခွာလို့မရခဲ့ ။ လင်း ရဲ့ခေါင်းမှာသွေးတွေရွှဲနေသလို မိုး မှာကတော့ ပွန်းပဲ့ဒဏ်ရာတွေကနေရအနှံ့ ။
လူတွေရဲ့ခေါ်သံတွေကြားမှ မိုး မျက်လုံးလေးကိုမပွင့်တပွင့်တချက်ဖွင့်လိုက်တော့ သူ့မျက်နှာရှေ့တည့်တည့်မှာသွေးတွေစီးကျနေတဲ့ မ ရဲ့မျက်နှာလေး ။
' ဟာ ...... မ ....... မ ....... ´
ဖွင့်ထားတဲ့မျက်လုံးက ကံမကောင်းစွာနဲ့ပဲ မ ကိုကြာကြာကြည့်ခွင့်မပေးခဲ့။ မျက်လုံးတွေပြာလာပြီး အမှောင်ထုကဖုံးလွှမ်းလိုက်လေပြီ။
ကားပေါ်မှဆင်းပြီး ထွက်ပြေးဖို့လုပ်နေတဲ့ကားသမားကို လူအုပ်ကြီးက ဝိုင်းတားထားကြသည်။တေဇာ လည်း သွေးဆူကာ ထိုကားသမားကို တာဆီးမရအောင်ကို တဖုန်းဖုန်းနဲ့ ဆွဲထိုးလေတော့သည်။
"ကျောင်းဆင်းတဲ့အချိန်ဆို အရှိန်လျော့မောင်းရမှာ မင်းမသိဘူးလား။ ဒီနားမှာကျောင်းရှိတာတောင်မသိဘူးလားကွစောက်ရူးကောင်....သေသင့်တဲ့ကောင်.... "
" ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ အရေးကြီးကိစ္စရှိလို့ အရှိန်နဲ့မောင်းမိတာပါဗျာ ...ရှေ့မှာကားခံနေလို့ ကားနောက်ကထွက်လာတာ မမြင်လိုက်လို့ပါဗျာ ..... "
အော်ဟစ်ကြိမ်းမောင်းသံတွေ ရိုက်နှက်သံတွေတောင်းပန်နေတဲ့အသံတွေ လူအုပ်ထဲမှဝိုင်းခေါ်နေကြတဲ့အသံတွေ။ အို အသံတွေက စုံလို့ပါ။
နားထဲမှာ မိုး တပိုင်းတစ်စကြားနေသေးပေမဲ့ ဘယ်အရာမှ သဲကွဲမှုမရှိတော့ ။ အိမ်မက်ဆိုးတစ်ခုသဖွယ်သာ ထင်ဟပ်လို့နေသည်။
' မ ...... ´
'မ ...... ´
' မ မိုး ကိုမခွဲသွားရဘူးနော် ..... ´
မိုး ရဲ့ ဦးခေါင်းပိုင်းကို ပိုက်ထားတဲ့ လင်း ရဲ့လက်ဖဝါးနုနုဟာတော့ တင်းမာမနေတော့ချေ ... ။
🌧️ 🌧️ 🌧️