" ကလေးအိပ်ပျော်နေတာလား ဦးလေးဖြိုး ? "
" ဟုတ်တယ်ဗျ .... ပြန်ရောက်ကထဲက အိပ်နေတယ်... သမီးလေးလဲ ပင်ပန်းသွားပြီထင်ပါရဲ့ ... "
သူ့ဆရာမနဲ့ ဘကြီးဖြိုးတို့ရဲ့စကားသံကြောင့်မိုး မျက်လုံလေးပွတ်ကာ နိုးလာပြီး
" မရောက်ပြီလား .... တက်လေ .... "
မိုး ကားတံခါဖွင့်လိုက်တော့
" ဟို .... မ မှာကိစ္စလေးတစ်ခုရှိနေလို့ အဲ့ဒါ ကလေး အိမ်ပြန်နှင့်လိုက်ပါလားကွယ်... မ ကိစ္စပြီးတဲ့အခါကျရင်ကလေးအိမ်ကိုလိုက်လာခဲ့မယ်လေ ... ပြီးရင်ထမင်းပေါင်းလိုက်ဝယ်ကျွေးမယ်နော်ကလေး .... "
ကိစ္စဆိုကတည်းကကျောင်းကိစ္စဖြစ်မယ်ထင်ပြီး မိုး ပြန်တော့မမေးတော့ ။
" ရပါတယ်မရယ်... မ မအားဘူးဆိုလဲ မိုး ကိုမနက်ဖြန်မှ လိုက်ဝယ်ကျွေးပေါ့ .... မနက်ဖြန်ကစပြီးသီတင်းကျွတ်ကျောင်းပိတ်ပြီပဲဟာ ..... "
" အင်းပါ ကလေးရယ်။ မနောက်ကနေလိုက်လာခဲ့မယ်နော်..... ပြန်ပြီးနားနှင့်နော်.... "
ကလေးရဲ့ပါးလေးကို လင်း ပွတ်လိုက်ပြီးပြောတော့ သူ့ကိုရယ်ပြရှာသည်။
" ဟီး ဟုတ်...ရောက်လာလို့အိပ်ပျော်နေရင်နိုးလိုက်နော်မ ..... "
"အေးပါ ကလေးရယ်...... "
" တာတာ့ မ .... See u ..... "
" See you soon babe ..... "
ထွက်သွားတဲ့ကားလေးကို လင်း ကြည့်ပြီး ရင်လေးမိသည်။ သူတေဇာနဲ့တွေ့တာကိုသာ ကလေးသိရင်အလကားသတ်သတ်ဝမ်းနည်းနေရဦးမည်။ ကလေးငိုမှာ သူထပ်မလိုလားတော့ ။ ဒါ့ကြောင့်မို့ အကြောင်းအရာကို သူပြောမပြတော့ချင်းသာ ။ တစ်ဖက်လမ်းမမှာရှိနေတဲ့ ကားဆီသို့ လင်း ကြည့်ပြီးရင်လေးမိပြန်သည်။ ကိုတေဇာ သူ့အပေါ်မှာ ခံစားချက်ရှိနေတယ်လို့လဲ လင်း စိတ်ကရိပ်မိနေပါသည်။ ထို့ကြောင့်သူပိုဝန်လေးမိသည်။ သူ့ကိုကူညီပေးခဲ့တဲ့လူဖြစ်နေလို့သာ သူလိုက်လျောပေးခဲ့ခြင်းဖြစ်၏ ။ ထို့ကြောင့်လင်း ကားလမ်းပြန်ကူးပြီးတေဇာရဲ့ကားပေါ်သို့တက်လိုက်လေသည်။
" ဆရာမလည်း နေ့လည်စာ မစားရသေးဘူး မဟုတ်လား ? "
" ကျွန်မကျောင်းမှာစားခဲ့ပြီးပါပြီ ...... "
တကယ်တော့ လင်း အဆာပြေမုန့်လောက်သာ စားထားမိပါသည်။ယောကျာ်းတစ်ယောက်နဲ့အတူ ထမင်းလက်ဆုံမစားချင်တာကြောင့်ကြိုတင်ပြောလိုက်ခြင်းသာ ။
တေဇာက လင်း အားကန်ဘောင်နားက စိမ်းလန်းစိုပြည်ထဲသို့ခေါ်ဆောင်သွားသည်။ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူနဲ့ ကလေးတခါက ထမင်းပေါင်းလာစားဖူးသည့် Restaurantလေးသို့ခေါ်လာသဖြင့်လင်း သူ့ကလေးကို သတိရနေမိသည်။
စားပွဲထိုးကောင်လေးလာတော့
" ဆရာမ လဲတခုခုမှာပါဦးခင်ဗျ ... အစာပြေမုန့်ဖြစ်ဖြစ်အအေးဖြစ်ဖြစ်ပေါ့ ..... "
" Sunkist တစ်ဗူးပဲပေးပါမောင်လေး .... "
လင်း သူကိုယ်တိုင်ပဲ စားပွဲထိုးကောင်လေးကို မှာလိုက်သဖြင့်တေဇာခေါင်းလေးကုပ်လိုက်မိသည်။
" အကို့ကိုတော့ ပသျူးထမင်းကြော်တစ်ပွဲ .... ပြီးတော့ cola တစ်ဗူးချပေးပါကွာ .... "
စားပွဲထိုးကောင်လေး ပြန်ထွက်သွားတဲ့နောက်မှာတော့တေဇာ လင်း ရဲ့မျက်နှာကို စူးစူးစိုက်စိုက်ကြည့်လိုက်တာမို့ လင်းခေါင်းကိုတစ်ဖက်သို့လှည့်ပြီး ကန်ရေပြင်ကိုငေးလိုက်၏ ။
"ဆရာမလင်းဝတ်ရည်သော်က ကျွန်တော့ထက်ပိုမယ်ထင်တယ်ဗျ ... အသက်ဘယ်လောက်ရှိပြီလဲသိခွင့်ရှိမလားဗျ ? "
" ၂၃ ပြည့်ပြီးပါပြီ ... "
သူတေဇာကိုတစ်ချက်ကြည့်ဖြေပြီးတာနဲ့ မျက်လွှာကိုအောက်သို့ချက်ချင်းချပစ်လိုက်၏ ။
"သြော် .... ကျွန်တော်က ၂၆ ပြည့်ပြီးသွားပြီဗျ .... ဒါဆို ကျွန်တော့ထက်ငယ်တယ်ဆိုတော့နောက်ဆို ခင်ခင်မင်မင်ရင်းရင်းနှီးနှီးပဲ ဝတ်ရည်လို့ပဲခေါ်ပါရစေနော်.... "
သူ့အတွက်အရမ်းမရင်းနှီးသေးတဲ့လူတစ်ယောက်က ထိုသို့တောင်းဆိုတော့ လင်း စိတ်ထဲမနှစ်သက်မိပါ။ သို့ပေမဲ့သိတဲ့အတိုင်း လင်း မှာတစ်ဖက်သားအပေါ် အင်မတန်မှ အားနာလွန်းတတ်သည့်အားနည်းချက်ကမွေးရာပါ ဗီဇမို့ယခုလည်း ခေါင်းညိတ်မိလိုက်ပြန်လေ၏ ။
" ဟုတ်ကဲ့ ..... "
" ဝတ်ရည်က စကားနည်းတယ်နော်။ မွေးချင်းထဲမှာ အကြီးဆုံးများလား ? "
" ကျွန်မက တစ်ဦးတည်းသောသမီးပါ .... "
" အို ဟုတ်လားဗျ ... ကျွန်တော်လဲ တစ်ဦးတည်းသောသားပဲဗျ ..... ငယ်ငယ်တုန်းကဆိုရင်လေ တစ်ယောက်ထဲဆိုတော့ ညီမလေးတို့ အစ်ကိုတို့ သိပ်လိုချင်ခဲ့တာဗျာ .... ကျွန်တော့ဖေဖေကလဲ မိုးရဲ့ဖေဖေလိုပဲ ခရီးအမြဲထွက်နေတာလေ ..... ကျွန်တော့အသက်၁၇ နှစ်မှာတော့ဖေဖေကနောက်အိမ်ထောင်ပြုသွားတယ်..... ဒါပေမဲ့ ကျွန်တော့အတွက်တော့ အဆင်ပြေပါတယ်... မိထွေးဆိုပေမဲ့ ကျွန်တော့အပေါ်တော့ကောင်းပါတယ်.... "
တေဇာပြောတော့ လင်း သူ့ကလေးကိုသတိရသွားပြန်သည်။ သူ့ကလေးလေးလဲ ကိုတေဇာလို မိထွေးနဲ့အဆင်ပြေတယ်ဆိုရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲပေါ့ ။ အခုတော့ ကလေးကအထီးကျန်စွာနဲ့ ဖြတ်သန်းလာခဲ့ရတယ်မဟုတ်လား ။
ခဏနေတော့ ထမင်းကြော်တစ်ပွဲနဲ့အတူ အအေးဗူးလေးတွေလာချပေးလေသည်။တေဇာ ကတော့စားလဲစား သူ့ကိုလဲလေကပွားသေးသည်။ လင်း ခမျာလဲ အင်းမလှုပ်အဲမလှုပ်စိတ်မပါပဲ သူပြောသမျှကိုသာခေါင်းညိမ့်နားထောင်ပေးနေရ၏ ။
စားလို့ပြီးတော့
" ကျွန်တော်ပဲ ရှင်းပါရစေခင်ဗျ .... "
" မဟုတ်တာ ကျွန်မပဲရှင်းပါ့မယ်.... ထပ်ပြီး အားမနာပါရစေနဲ့တော့ရှင်..... ပြီးတော့ ကျွန်မ ကလေးအတွက်လဲ ထမင်းပေါင်းလေးဝယ်သွားချင်သေးလို့ပါ ..... ကျွန်မပဲ ရှင်းပါရစေ ..... "
လင်း အတင်းပြောတော့မှတေဇာခေါင်းညိမ့်ရင်း
" ဟုတ်ပါပြီဗျာ ...."
လင်း စားပွဲထိုးလေးတစ်ယောက်ကိုလှမ်းခေါ်၍ သူ့ကလေးအတွက်ထမင်းပေါင်းတစ်ပွဲ ပါဆယ်မှာကာဘေလ်ရှင်းဖို့တောင်းလိုက်၏ ။
" ဝတ်ရည်Hannaလေးကို တစ်ပတ်မှာ ဘယ်နှရက်ကျူရှင်သင်ပေးရလဲဟင်? "
" Sunday တစ်ရက်ပဲ နားပါတယ်... ဒါပေမဲ့ final exam ကနီးလာပြီဆိုတော့နောက်ဆို နားရက်မရှိသင်ပေးရလိမ့်မယ်ကိုတေဇာ .... "
"ကျောင်းလဲသင်ကျူရှင်လဲပြဆိုတော့ ဝတ်ရည်ပင်ပန်းမှာပဲနော်..... "
လင်း မသိမသာလေးပြုံးလိုက်ရင်း
" ကလေးတွေကို စာသင်ပေးရတာ ကျွန်မအတွက်တော့ မပင်ပန်းပါဘူး .... "
လင်း အဖြေကိုတေဇာသဘောကျသွားပုံပေါက်သည်။ နှစ်ခြိုက်စွာပြုံးလိုက်ရင်း
" ဝတ်ရည်က တပည့်တွေအပေါ် သံယောဇဉ်တော်တော်ကြီးတာပဲ ...ကောင်းတယ်ဗျာ အခုခေတ်မှာ ဝတ်ရည်တို့လို နာ ၃ နာ နဲ့သင်ပေးနေတဲ့ ဆရာတွေကတော်တော်လေးရှားပါးသွားပြီဗျ ..... အခုခေတ်က အသပြာဆရာတွေများတယ်လေ .... "
" နာ ၃ နာနဲ့သင်ပေးနေတဲ့ ဆရာတွေလဲတော်တော်များပါသေးတယ်ကိုတေဇာ ..... "
လင်း ရဲ့စကားတစ်ခွန်းဆို တစ်ခွန်းဆိုသလောက်တေဇာ ပါးစပ်ပိတ်သွားရသည်။ သူ့မှာဘာပြန်ပြောလို့ပြောရမှန်းမသိ ။
လင်း မှာထားတဲ့ ထမင်းပေါင်းလဲ ရပြီမို့ ပိုက်ဆံရှင်းပေးပြီး လင်း ထရပ်လိုက်ကာ
" ဒါဆို ကျွန်မကို ခွင့်ပြုပါဦးနော်ကိုတေဇာ .... ကလေးကို စာလဲသင်ပေးရဦးမှာ မို့လို့ပါ .... "
" ကျွန်တော် Hanna တို့အိမ်ရှေ့အထိ လိုက်ပို့ပေးပါ့မယ်... "
" ရပါတယ်ကိုတေဇာ။ နီးနီးလေးပဲဟာ ကျွန်မ လမ်းပဲလျှောက်သွားချင်လို့ပါ။ သွားခွင့်ပြုဦးနော်..... "
" ဟုတ်ကဲ့ ဒီနေ့နေ့လည်စာကျွေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဝတ်ရည်...... "
လင်းခေါင်းညိတ်ကာ တစ်ချက်ပြုံးပြရင်း ထိုနေရာမှ ခပ်သုတ်သုတ်လှည့်ထွက်ခဲ့တော့သည်။
X X X X X X
ခြံဝန်းတံခါးကသော့မခတ်ထားပေမဲ့လဲ အိမ်ထဲဝင်သွားတော့လဲ ဘယ်သူမှရှိမနေ ။
" ကြီးကြီးဝင်း .... ကြီးကြီးဝင်း .... "
လင်း ၂ ခွန်းလောက်ခေါ်လိုက်တော့မှ အိမ်အနောက်မီးဖိုခန်းထဲမှဒေါ်လေးဝင်းပြေးထွက်လာသည်။ အဲ့အခါကျမှ လင်းဖိနပ်ချွတ်ကာ အိမ်ထဲသို့ ဝင်လိုက်၏ ။
" ကလေး အပေါ်မှာလား ကြီးကြီး ? "
" ဟုတ်ကဲ့ ဆရာမလေး .... အပေါ်ထပ်မှာပါ .... "
"အော်ဟုတ်ကဲ့ကျေးဇူးပါနော်... ဒါဆိုကျွန်မ အပေါ်တက်သွားလိုက်ပါ့မယ်ကြီးကြီး .... "
" ဟုတ်ကဲ့ပါရှင့်..... "
လင်း အပေါ်ထပ်သို့တက်သွားပြီး အခန်းထဲသို့ဝင်လိုက်တော့ သူ့ကလေးက ကုတင်ပေါ်မှာ အိပ်ပျော်နေတာသိုးလို့ ။
ခုတလောသူလေး အိပ်ရေးတွေပျက်လို့ထင်ပါရဲ့ ....
လင်း လက်ထဲကိုင်လာတဲ့ ဖော့ဗူးလေးထည့်ထားသော ကြွပ်ကြွပ်အိတ်လေးကို စားပွဲပေါ်သို့တင်ကာ ကုတင်အစွန်းလေးမှာဘေးစောင်းလေးထိုင်လိုက်သည်။ ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ပိုးဟပ်ဖြူလေးရဲ့မျက်နှာအားဘေးမှမနှိုးရက်သေးပဲ ထိုင်ကြည့်နေမိသည်။
နာရီဝက်လောက်ကြာတဲ့အထိ ဒီအတိုင်းလေးဆက်ထိုင်နေ၏ ။ အိပ်ပါစေဆိုပြီး မိုး နိုးလာတဲ့အချိန်အထိဘေးမှာဒီတိုင်းလေးငုတ်တုတ်။
တခဏနေမှ ပိုးဟပ်ဖြူကဟိုဘက်လှိမ့်ဒီဘက်လှိမ့်အီးအဲနဲ့ ပြန်နိုးလာခဲ့သည်။
" ဟင်! မရောက်နေတာ ကြာပြီလားဟင်? "
သူ့မမကိုမြင်ပြီးနောက်မိုး ကုတင်ပေါ်ငေါက်ခနဲ ငုတ်တုတ်ထထိုင်ပြီးမေးတော့
" မကြာသေးပါဘူး ကလေးရယ်.... ကလေး အိပ်ရေးဝရဲ့လား ? "
" ဟုတ်ဝပါတယ်မ .... "
" အဲ့ဒါဆို ထမင်းပေါင်းလေးစားမလား ? မ ကလေးနဲ့ဟိုတခါစားကြတဲ့ဆိုင်ကပဲ ဝယ်လာတယ်.... "
" ဟယ်မရယ်တကူးတကသွားဝယ်ပေးလာပြန်ပြီထင်တယ်..... "
" တကူးတကမဟုတ်ပါဘူး ကလေးရယ်.... "
" မကော စားခဲ့ပြီးပြီလား ? "
မိုးမေးတော့ လင်း ရယ်လိုက်ပြီး
"မလိမ်မညာပဲဖြေရရင်မစားရသေးဘူး ... ဟီး ... "
" ဟယ်မရယ်... အခုပဲ ဘယ်နှနာရီရှိနပြီလဲ .... "
မိုး အခန်းထဲက တိုင်ကပ်နာရီကြည့်လိုက်ကာ
" ညနေ ၃ နာရီပဲထိုးတော့မယ်မရယ်.... ဒုက္ခပါပဲ အစာအိမ်ရောဂါဖြစ်တော့မှာပဲ ..... "
" မဖြစ်ပါဘူး ကလေးရယ်... မ သိပ်မဆာသေးလိုပါ .... "
" အဲ့ဒါဆို မိုး နဲ့အတူတူ ထမင်းပေါင်းစားကြမယ်နော်.... မိုး ကကျောင်းကပြန်လာခါစကလဲ စားထားသေးတာ .... တစ်ယောက်တစ်ဝက်စားမယ်နော်..... "
" အင်းပါကလေးရယ်.... "
" ခဏလေးနော် မ .... မိုးအောက်မှာ ပန်းကန်ပြားနဲ့ ထည့်ခဲ့ပေးမယ်.... "
" အင်းပါ ကလေး ဖြည်းဖြည်းဆင်းဦးနော်.... အလောတကြီးမလုပ်နဲ့ .... "
" ဟုတ်ကဲ့ပါရှင့်..... "
မိုးအောက်ထပ်မဆင်းခင်သူ့မမရဲ့ ညာဘက်ပါးပြင်လေးအား ရွှတ်ခနဲ ငုံ့၍နမ်းသွားသေးသည်။ မမလင်း ကတော့ မျက်လုံးပြူးပြူးလေးနဲ့ ရင်ထဲဒုန်းဒိုင်းဖြစ်ပြီး ကျန်ရစ်ခဲ့လေရဲ့ ။
" အဲ့ ကလေးလေးကတော့လေ ...... "
လင်း တစ်ယောက်မိုး နမ်းသွားတဲ့ပါးလေးကို သူ့လက်လေးနဲ့ပွတ်သပ်ရင်း ပြုံးရွှင်နေလေတော့သည်။
X X X X X X X X
သီတင်းကျွတ်လပြည့်မရောက်ခင်တစ်ရက်အဖိတ်နေ့၌
" Daddy ...... "
" ဟင်သမီး ? "
" ဒီနေ့သမီးကို ဗိုလ်ချုပ်ဈေးလိုက်ပို့ပေးပါလား .... "
" ဗိုလ်ချုပ်ဈေး ? "
" အင်း Daddy ..... Daddy မအားဘူးလားဟင်? "
" ဒီနေ့က ....နေ့လည်၂ နာရီလောက်အထိတော့ Daddy အားပါတယ်သမီးလေး ဘာဝယ်ချင်လို့လဲဟင်? "
" မနက်ဖြန်သတင်းကျွတ်လပြည့်နေ့လေ Daddy ရဲ့ အဲ့ဒါ Daddy အတွက်ကောနောက်ပြီး ဆရာမအတွက်ပါ တခုခုဝယ်ကန်တော့ချင်လို့ .... Daddy ကိုတော့ အကျီလှလှလေးဝယ်ပေးချင်လို့ ..... "
သမီးဖြစ်သူဆီက ထိုသို့လက်ဆောင်ပေးချင်တယ်လို့ ကြားရတာ ဒါပထမဦးဆုံးဖြစ်တာမို့ ဦးကောင်းထက်အင်မတန်မှ ဝမ်းသာသွားလေသည်။ တကယ်တော့နေ့လည်၁၁လောက်ကတည်းက အလုပ်ကိစ္စတစ်ခုရှိပေမဲ့ သမီးဖြစ်သူက စကားစခေါ်နေကတည်းက သူအော်တိုညာလိုက်ခြင်းပင်။ သမီးအတွက်ဆို အရာရာအကုန်ဖန်တီးပေးချင်သည်။ တကယ်ဆို တစ်နေကုန်တောင်အားတယ်ပြောချင်တာပါနေ့လည်၂ နာရီလောက်ကျရင်အရေးတကြီးစာချုပ်ချုပ်ဆိုစရာရှိနေတာမို့ဖြစ်၏ ။
" သမီးလေးက Daddy အတွက်အခုလို ထူးထူးခြားခြားဝယ်ကန်တော့မယ်ဆိုတော့ Daddy ကအခုပဲ အကန်တော့ခံချင်နေပြီ .... "
ဦးကောင်းထက်ရယ်ပြီးပြောတော့ မိုး လိုက်ရယ်လိုက်မိ၏ ။
" ကဲ ဒါဆို အခုကော်ဖီသောက်ပြီးတာနဲ့ Daddy ကိုယ်တိုင်လိုက်ပို့ပေးမယ်... ဟုတ်ပြီလား .... "
မိုး မျက်လုံးလေးမှိတ်သွားသည်အထိ ရယ်ပြကာ
" ဟုတ်ကဲ့ Daddy .... "
ထို့နောက်သားအဖ ၂ယောက်ထဲ ကားနဲ့အိမ်မှထွက်လာခဲ့ကြသည်။ဒေါ်မူယာသွယ်ကတော့ အခဲမကြေနိုင်ပဲ အံကြိတ်ခါကျန်နေခဲ့လေရဲ့ ။
သားအဖ ၂ယောက်ကတော့ ဗိုလ်ချုပ်ဈေးတခွင်ပြဲပြဲစင်အောင်လျှောက်ပတ်နေကြသည်။ မိုး ကသူ့ဖေဖေကိုတော့ တန်ဖိုးမသေးလှသည့်အကျီအစင်းကြားလက်ရှည်လေးတစ်ထည်ကို သူစုထားတဲ့မုန့်ဖိုးလေးနဲ့ ဝယ်ပေးခဲ့သည်။ အဖေကိုသူကိုယ်တိုင်ကိုယ်ကျ လူငယ်ဆန်ဆန်ကိုဆင်ပေးလေရဲ့ ။ ပြီးတော့ သူ့မမအတွက်ကျတော့ သူ့ဖေဖေကို အားကိုးတကြီး လိုက်ရွေးခိုင်း၏ ။
" Daddy ရဲ့ကြည့်ပါဦး .... Daddy ကသမီးထက်မိန်းကလေးတွေနဲ့လိုက်မဲ့အဆင်ကို ပိုသိမှာပေါ့ .... သမီးဆရာမနဲ့ ဘယ်အဆင်လေးက ပိုလိုက်မယ်ထင်လဲ ? "
ကချင်ချိတ်လုံချည်၂ ထည်ကို အဆင်ရွေးခိုင်းနေသဖြင့်သူ့ဖေဖေက ရယ်မောကာ
"အော်ခက်ပြီ သမီးရယ်။ အေးပေါ့လေ ငါ့သမီးကဆရာတင်တယ်ဆိုမှတော့ ..... "
မိုး လက်ထဲမှ အနက်ရောင်ပေါ် အနီနဲ့အဖြူရောစပ်ရက်လုပ်ထားတဲ့ ချိတ်လုံချည်နဲ့ အဝါရောင်အောက်ခံပေါ် အဖြူအနက်နဲ့ခရမ်းနုတို့ဖြင့်ရက်လုပ်ထားတဲ့ လုံချည်၂ ထည်ကို ဦးကောင်းထက်ဘယ်ကြည့်လိုက်ညာကြည့်လိုက်ကြည့်ကာ
" သမီးဆရာမက အသားဖြူတာပဲ အဝါလေးနဲ့ဆို ပိုပေါ်မယ်ထင်တယ်.... လူငယ်လဲပိုဆန်တာပေါ့ .... "
မိုး သဘောကျစွာခေါင်ညိမ့်လျက်
" Wow ထင်သားပဲ ဒီနေရာမှာ Daddy ကသမီးထက်ပိုကျွမ်းကျင်မယ်လို့ .... အဲ့ဒါကြောင့်မို့လဲ အိုကာစံ (မေမေ) က Daddy ကိုရွေးချယ်ခဲ့တာဖြစ်မယ်ထင်တယ်.... "
မိုး ရယ်ရယ်မောမောနဲ့နောက်လိုက်တော့ သူ့ Daddy ကလက်မလေးထောင်ကာ မျက်ခုံးလေးပင့်ပြလျက်
" ဒါပေါ့ကွာ ... သမီးမေမေ Fashion ကျတာကလည်း Daddyကြောင့်ဆို မမှားဘူး .... "
ဖေဖေက ဂုဏ်ယူဝင့်ကြွားစွာဖြင့်စိတ်ကြီးဝင်နေသည့်အိုက်တင်လုပ်ပြနေတော့ မိုးခေါင်းကိုခါယမ်းလိုက်ကာ ရယ်ပြီး
"ပြောမိတာမှားပြီထင်ပါရဲ့ ..... "
ဗိုလ်ချုပ်ဈေးက ပြန်ထွက်ခါနီးကျတော့ မိုး သူ့မမကောသူကော သိပ်ကြိုက်ကြတဲ့ မုန့်ဗိုင်းတောင့်ဆိုသည့်မြန်မာ့သရေစာမုန့်ကိုလဲ ဝယ်ခဲ့လိုက်သေးသည်။ ပြီးတော့ သားအဖနှစ်ယောက်တရုတ်တန်းမှာ ကြက်ပေါင်းဆီချက်ဝင်တီးကြရင်း
" ဒီလိုလုပ်လေ သမီး ... အခု ၁ နာရီထိုးတော့မယ်ဆိုတော့ Daddy ရုံးကို သမီးလိုက်ခဲ့လိုက်။ အဲ့ကျမှ သမီးဆရာမအိမ်သွားဖို့အတွက်Daddy ဦးလေးညိုကို ဖုန်ဆက်ခေါ်ပြီး လိုက်ပို့ခိုင်းမယ်လေ။ Daddy ကရုံးမှာ ၂ နာရီကျအရေးကြီးဧည့်သည်ချိန်းထားတာဆိုတော့ ... "
" ဟုတ်ကဲ့ Daddy .... ရတယ်သမီးလိုက်ခဲ့မယ်နော်.... "
X X X X X X X X
ကျောင်းပိတ်ရက်ဆိုပေမဲ့ဆရာမတစ်ဦးအနေနဲ့တော့ နားရတယ်ကိုမရှိ ။အိမ်ကလုပ်စရာရှိသည့်အလုပ်တွေကို နိုးလာတာနဲ့ဖုတ်ပူမီးတိုက်လုပ်ပြီးကျောင်းကပါလာသည့်အလုပ်တွေကိုလဲ အိမ်မှာတခါလုပ်ရသေးသည်။
သို့ပေမဲ့ လင်း တချက်ပင်ပန်းတယ်ဟု မညည်းညူမိခဲ့။ အမေကဒီရက်ပိုင်းမှာ ကျန်းမာရေးနည်းနည်းပြန်ချူချာလာတာမို့ အမေ့ကိုလဲဆေးလေးလိမ်းပေးလိုက်အချိန်မှန်ဆေးလေးတိုက်လိုက်ဖြင့်အလုပ်ရှုပ်လို့နေ၏။
အိမ်ရှေ့ကိုကားတစ်စီး လာရပ်သံကြားကတည်းက လင်း ထင်လိုက်သည်ဒါသူ့ကလေးပဲ ဖြစ်မည်ဟု ။
" မရေ ....... "
ထင်ထားသည့်အတိုင်း သူ့တပည့်ကျော်ပိုးဟပ်ဖြူလေးရဲ့အသံကြားလိုက်သည်နှင့်လင်း ရဲ့မျက်နှာမှာ ပြုံးပန်းတွေဝေလို့ဆာလို့သွားလေသည်။
ချက်ချင်းငေါက်ခနဲ ကောက်ထပြီး ခြံရှေ့သို့ပြေးထွက်လိုက်၏။
" ကလေး ..... "
ပြေးမဖက်ရုံတမယ်လင်း မိုး ကိုကြိုဆိုလိုက်ကာ
" ဘယ်ကနေဘယ်လိုရောက်လာတာလဲ ကလေးရဲ့ .... လာမယ်ဆိုလဲ ကြိုဖုန်းဆက်ထားတာ မဟုတ်ဘူး မ ကလေးအတွက်မုန့်တခုခုလုပ်ပေးထားမှာပေါ့လို့ .... "
" အဲ့လိုတကူးတကတွေ ပြင်ဆင်ပေးထားမှာကြောက်လို့ကို တမင်ဖုန်းမဆက်တာပါနော်။ တော်ကြား နားရက်မှာတောင်မ မိုးကြောင့်မနားရမှာစိုးလို့လေ ... "
ဟော ကြည့်ပါဦး ဒီကလေးလေးရဲ့အတွေးအခေါ်တွေက သိပ်ကိုလူကြီးဆန်လွန်းတာပဲ အဲ့ဒါတွေကြောင့်ချစ်နေရတာလို့ လင်း စိတ်ထဲမှဆိုလိုက်ရင်း
" လူကြီးလေးကျနေတာပဲ .... "
လင်းပြောတော့ မိုး မျက်စလေးပစ်ပြကာ
" မိုး ကအစထဲက လူကြီးပဲဟာ ခစ်ခစ်။ ဒီမှာ ဗိုလ်ချုပ်ဈေးကနေ မိုး မ ကြိုက်တဲ့ မုန့်ဗိုင်းတောင့်ဝယ်လာတယ်။ အဲ့ဒါ မ ကိုစားစေချင်လို့ လာပို့ပေးတာ .... "
မမမိုးတို့ကတော့ သူ့ မမ ကိုတွေ့ချင်ရင်တွေ့ချင်တယ်မပြော ။ ဟိုကတော့ သူ့အတွက်တောင်တကူးတက မုန့်လာပို့ပေးတယ်ဆိုပြီးပျော်ရွှင်နေလိုက်တာ မိုးလေတွေတောင်မြင်သည့်ပုံမပေါ်တော့ ။
" ကလေးဒီနေ့ မြို့ထဲသွားဖြစ်တယ်ပေါ့ ? "
" ဟုတ်ကဲ့ ... Daddy နဲ့လေ ၂ယောက်ထဲ Date လုပ်တာ အဟိ .... "
ပြုံးဖြီးကာ သွားလေး ၃၂ချောင်းပေါ်နေသည့်သူ့ကလေးရဲ့ပါးလေးကို လင်း အားရပါးရဆွဲလိုက်ရင်း
"အောင်မယ်ဒါ့ကြောင့်ရှင်လေးရဲ့ရုပ်က ပြုံးရွှင်နေတာကိုး .... အရမ်းကိုပျော်နေတယ်ပေါ့လေဖေဖေနဲ့ ၂ယောက်ထဲဒိတ်လုပ်ခဲ့တော့ .... "
" ဒါပေါ့ မ ရဲ့ ... ဒီလိုအပြင်တူတူမထွက်ရတာ ကြာပြီပဲဟာ .... "
" ဟုတ်ပါပြီ .... ရှင်လေးပျော်နေတာမြင်ရရင်ကျွန်မကလဲ အရမ်းကိုပျော်ရပါတယ်နော်.... ကဲ လာ ... အိမ်ထဲသွာကြစို့ ..... "
မိုး အိမ်ထဲသို့ဝင်လိုက်သည်နှင့်လင်း ရဲ့မေမေကိုနှုတ်ခွန်းဆက်လိုက်သည်။
" အန်တီနေကောင်းရဲ့လား ? "
" ဒီရက်ပိုင်းသိပ်မကောင်းချင်ဘူး သမီးလေးရယ်... "
လင်းမေမေရဲ့ဘေး၌ သူဝင်ထိုင်လိုက်ကာ
" ဟုတ်လား ... ဘာဖြစ်လို့လဲ နှလုံးကြောင့်လား အန်တီ ? "
" ရာသီကနည်းနည်းအေးလာတော့ခြေတွေလက်တွေက နာတယ်လို့ပါ သမီးလေးရယ်... နှလုံးကတော့ခုရက်ပိုင်း မဆိုးလှပါဘူးကွယ်.... "
မိုး နဲ့သူ့မေမေစကားပြောနေကြစဉ်လင်း ကအိမ်နောက်ဖေးဝင်ကာ ကလေးဝယ်လာပေးသည့်မုန့်တွေကို ပန်းကန်ပြားလေးနှင့်ထည့်နေ၏ ။
" ကိုယ်တွေလက်တွေနာတယ်ဆိုတော့ အန်တီလေးဘက်နာရောဂါရော ရှိလားဟင်? "
" ရှိတော့ မရှိဘူးသမီးလေးရဲ့ .... "
" ဒီတစ်ခေါက်ဆေးခန်းပြရင်ဆရာဝန်ကိုပြောကြည့်ပါလား အန်တီ .... အဲ့ဒါမှသူတို့သွေးဖောက်စစ်ကြည့်ပြီး result သိရမှာ ... အရင်ကမရှိပေမဲ့ အခုရှိနေရင်လဲ ရှိနိုင်တာပဲလေ .... "
မိုးပြောတော့ လင်းမေမေကသဘောကျစွာရယ်ပြီး
"အောင်မလေးသမီးလေးက အန်တီတို့ထက်တောင်ပိုသိပါလားကွယ်....အေးပါကွယ်ဒီတခါဆေးခန်းရက်ချိန်းပြရတဲ့အခါ ဆရာဝန်ကိုပြောလိုက်ပါ့မယ်.... "
လင်း အိမ်ရှေ့ပြန်ထွက်လာကာ မုန့်ထည့်ထားသည့်ပန်းကန်ကို သူ့မေမေဘေးက စားပွဲဝိုင်းလေးပေါ်တင်လိုက်ပြီး
" ကလေးက ကြီးလာရင်ဆရာဝန်ဖြစ်မှာ ကျိန်းသေတယ်မေမေရဲ့ ..... သူကအခုကတည်းက သမီးတို့ထက်ကျန်းမာရေးဗဟုသုတ ပိုရှိတယ်..... "
လင်းမြှောက်လိုက်တော့ မိုး ရယ်ကျဲကျဖြင့်ရှက်သွားပြီး
" ဟာ မ ကလည်း။ ဒါက ကျန်းမာရေးစာဆောင်တွေ ဖတ်လို့ပါ။ အတင်းပဲ ဆရာဝန်ဖြစ်ခိုင်းနေတော့တာပဲ ... "
" ဟယ်! ကလေးပဲ ဖြစ်အောင်လုပ်မယ်ဆို ... "
" မ ဖြစ်စေချင်ရင်ဖြစ်အောင်ကြိုးစားမှာပေါ့လို့ပြောခဲ့တာပါ .... မိုး ကြိုးစားတိုင်းလဲ ဖြစ်လာဦးမှလေ မ ရယ်.... "
" ကလေးရယ်ဖြစ်ချင်တဲ့ဆန္ဒရှိပြီး တကယ်ကြိုးစားရင်မဖြစ်နိုင်ဘူးဆိုတ ဘာမှမရှိဘူး .... အဓိကဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားအားထုတ်မှုပဲလိုအပ်တာ။ အခု မရဲ့ကလေးလေးက စာလဲတအားကြိုးစားတယ်အဲ့ဒီအပြင်IQ ကလဲ သူများတွေထက်ပို Bright ဖြစ်တယ်။ တစ်ခုလေးပဲ နည်းနည်းလိုအပ်နေတာ ..... "
လင်းပြောတော့ မိုး သွားလေးဖြီးကာ
" ဘာလဲဟင်? "
" အိပ်ပုတ်ကြီးတာလေးနည်းနည်းလေးလျော့ဖို့ပဲ လိုအပ်တာ .... "
မိုး တဟားဟားနဲ့ထရယ်ပြီး
" နည်းနည်းလေးဆိုတော့ ပိစိလေးလျော့အိပ်ပါ့မယ်နော်ဟီး .... "
ချစ်စဖွယ်ကလေးပိစိကွေးလို ဖြူစင်စွာရယ်နေသူလေးအား လင်းခေါင်းကိုခပ်ဖွဖွပွတ်ပေးရင်း
" လိမ္မာလိုက်တာ ....မေမေ ဒီမှာ ကလေးက မုန့်ဗိုင်းတောင့်တွေဝယ်လာတယ်.....မေမေလဲစား ကလေးလဲစားနော်..... "
" အန်တီနဲ့ မ အရင်စား .... "
လေးစားသမှုဖြင့်မိုး ပန်းကန်ပြားလေးကို လူကြီးဘက်သို့ တွန်းပေးလိုက်လေ၏ ။ စားသောက်ပြီးလို့တော်တော်လေးကြာတဲ့အထိ မိုးတို့လေထိုင်ပန်းပြီးကြသောအခါ၌ ပြန်ရဖို့အချိန်တန်ပြီမို့ မိုး ခြံထဲဆင်းတော့ လင်း ကလိုက်ပို့သည်။
" မနက်ဖြန်ဘုရားတက်ကြဦးမလားဟင်မ ? "
" ကလေးက သွားချင်လို့လား ? "
" မ သွားမှလိုက်မှာပါ .... "
"မေမေက သိပ်နေမကောင်းသေးတော့ရွှေတိဂုံဘုရားဖူးဖို့ကျ တစ်နေကုန်မယ်ဆိုတော့ သိပ်အဆင်မပြေဘူး .... ဒီလိုလုပ်ပါလား မ တို့ရပ်ကွက်ထဲမှာပဲစေတီလေးတစ်ဆူရှိတယ်တအားလဲအေးချမ်းတယ်အရမ်းလဲသပ္ပာယ်တယ်ကလေးရဲ့ ..... မတောင်မနက်ဖြန်ညနေ သွားမယ်စိတ်ကူးထားတာ ...."
" မနက်ဖြန်ည Daddy ကိုပြောပြီး မ အိမ်မှာလာအိပ်ချင်လို့ အဲ့ဒါရမလားဟင်မ ? "
ကလေးကလာအိပ်မည်ဆိုတာမို့ လင်းပျော်သွားကာ
" ရတာပေါ့ ကလေးရယ်။ မ ရဲ့အိမ်က ကလေးအတွက် Everytime welcome ပါနော် .. "
လင်း ဆိုသောစကားကြောင့်မိုး မျက်နှာကြီးပြုံးစိစိဖြစ်လေတော့သည်။
" ဟီး ...ကျေးဇူးတင်ပါတယ်ရှင့်။ အဲ့ဒါဆို မနက်ဖြန်ညနေလောက်မိုး လာခဲ့မယ်နော်မ .... "
" ဟုတ်ကဲ့ပါရှင့်.... "
နှုတ်ဆက်ကာ ခြံပြင်ထွက်ခွာသွားတဲ့ သူ့ကလေးကို လင်း လက်ပြနှုတ်ဆက်ရင်း အလွမ်းသယ်ရပေဦးတော့မည်။
နောက်တစ်နေ့မနက်ကျတော့ သူ့ဖေဖေဆီမှာ မိုး ခွင့်တောင်းသည်။အဖေကလဲချောချောချူချူကို ခွင့်ပြုပေးခဲ့သည်မို့ မိုး အပျော်ကြီးပျော်ရလေပြီ ။
🌧️ 🌧️ 🌧️