အစည်းအဝေးကပေရှည်နေသဖြင့်ညနေ ၅ နာရီကျော်လောက်မှ ပြီးခဲ့လေသည်။ မိုးကသည်းကြီးမဲကြီးရွာနေသေးတာမို့ လင်းကျောင်းဆောင်ထဲကထွက်လို့မရသေးပေ ။ မိုးနည်းနည်းလေးစဲအောင်စောင့်နေရင်း မိုး ဆီသို့ဖုန်းခေါ်ရန်အတွက်စလင်းဘတ်အိတ်ထဲမှ ဖုန်းလေးကိုထုတ်လိုက်၏ ။ သို့ပေမဲ့ ဖုန်းကဘက်ထရီကုန်နေသဖြင့်စက်ကပိတ်နေလေပြီ ။
" ဟူး .... မနေ့ကဖုန်းအားသွင်းဖို့မေ့နေတာပဲ .... ဒုက္ခပဲ ကလေးနဲ့မေမေတော့စိတ်ပူနေတော့မှာပဲ ..... "
၅ နာရီခွဲခါနီးကျမှ မိုးကအနည်းငယ်စဲသွားသဖြင့်လင်းကျောင်းရှေ့က Bus ကားမှတ်တိုင်သို့ထွက်လာခဲ့လေသည်။ဒီနေ့ကျမှပဲ ၄၈ Bus ကားတွေက ရှားလွန်းနေသည်။ လာသည့်ကားတစ်စီးကျတော့လဲ တက်လို့မရအောင်ကိုပဲ ကျပ်ပတ်သိပ်နေတာမို့ လင်း တွယ်တက်လို့ပင်မရခဲ့ပါ ။
နောက်တစ်စီးတော့ မကြာခင်ထပ်လာဦးမှာပါဆိုသည့်မျှော်လင့်ချက်လေးနဲ့ Bus မှတ်တိုင်မှာ လင်း ထီးကလေးဆောင်းကာ ရပ်နေသည်။ Taxiတွေလှမ်းတားတော့လဲ လူတွေကပါနေသဖြင့်မရပ်ပေးကြ ။ ခဏနေတော့ မိုးက သဲကြီးမဲကြီးကိုရွာချပြန်လေသည်။ ထို့အပြင်လေကလဲပြင်းတာမို့ လူကောထီးပါ လွင့်ထွက်သွားမလားဟုပင်ထင်ရပါသည်။ဘေးနားကသစ်ပင်ကြီးတွေဟာ ယိမ်းထိုးနေပြီး မှတ်တိုင်နားက ဓာတ်ကြိုးတွေဟာလဲ လှုတ်ယမ်းနောတမို့ လင်းကြောက်စိတ်ဝင်လာသည်။ အခုမှ မိုးပြောခဲ့သည်မုန်တိုင်းဝင်နေတယ်ဆိုတဲ့စကားကို လင်း ပြန်အမှတ်ရလေတော့သည်။
ကျောင်းဝန်းထဲပဲ ခဏပြန်ဝင်နေရမလားလုိ့တွေးနေစဉ်မှာပဲ သူ့ရှေ့တည့်တည့်သို့ ကားအဖြူလေးတစ်စီး ဆိုက်ရောက်လာသည်။ ပြီးတော့ ကားမှန်တံခါးကိုချလိုက်သဖြင့်ကားထဲတွင်ရှိနေသည့်လူကို လင်းတွေ့လိုက်ရပါသည်။
" ဆရာမ .... ကားစောင့်နေတာလား ခင်ဗျ ..... ကျွန်တော်တေဇာပါ မှတ်မိတယ်မဟုတ်လား ? "
မိုး ကအရမ်းသည်းနေတာမို့တေဇာကားထဲကနေအော်ပြောလေသည်။ လင်း လဲခေါင်းညိမ့်ပြလိုက်ရင်း အသံကိုအနည်းငယ်မြင့်ကာ ပြန်ပြောရ၏ ။
" ဟုတ်ကဲ့ ..... မှတ်မိပါတယ်.... "
" Busစောင့်နေတာလား ဆရာမ ? "
" ဟုတ်ကဲ့ ..... "
" ဆရာမဘယ်ကိုပြန်ရမှာလဲဗျ ? "
"ahhh အင်းစိန်ဘက်ကိုပါ ..... "
" ဟုတ်လားဗျ ... အတော်ပဲဗျာ ကျွန်တော်လဲ အဲ့ဘက်သွားမှာ လမ်းကြုံလိုက်ခဲ့ပါလားဗျ ..... "
လင်းချက်ချင်းခေါင်းခါလိုက်ကာ
" ahh ရပါတယ်ရှင့်... ကျွန်မ Bus ပဲစောင့်စီးလိုက်ပါ့မယ်..... "
လင်း ကငြင်းနေပေမဲ့တေဇာက ကားပေါ်မှဆင်းလာကာ မိုးရေကြီးထဲ၌ကားနောက်ခန်းတံခါးကိုဆင်းဖွင့်ပေးရင်း
" အားမနာပါနဲ့ဗျာ .... တက်ပါဗျ ... ကျွန်တော်က အင်းစိန်အကျော်ကဖော့ကန်ကိုသွားရမှာ .... မိုးကရမ်းသည်းနေတယ်ဗျ .... "
လင်း ထပ်ငြင်းဖို့လုပ်ပေမဲ့တေဇာကလဲ တစ်ကိုယ်လုံးမိုးစိုခံပြီး ကားတံခါးဆင်းဖွင့်ပေးနေတာမို့ ငြင်းရခက်သွားသည်။ Bus ကလဲဒီအတိုင်းဆို ကြာနေရင်အိမ်ပြန်ရောက်ဖို့တအားနောက်ကျနေမည်။ သူမိုးချုပ်နေလျှင်ကလေးနဲ့မေမေတို့ ၂ယောက်စလုံး သူ့ကိုတအားစိတ်ပူနေမှာ စိုးရိမ်တာမို့ လင်းတေဇာရဲ့ကားနဲ့လိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်သည်။
ကားပေါ်ရောက်ပြီးအစကတော့ယောကျာ်းလေးတစ်ယောက်နဲ့ ကားအတူစီးရတာ အနည်းငယ်ကြောက်စိတ်ဝင်ပေမဲ့နောက်ပိုင်းတေဇာရဲ့ပြောဆိုပုံ ဆက်ဆံပုံတို့ကြောင့်ဒီလူဟာလူရိုးပဲဖြစ်လိမ့်မည်ဟု လင်း ခန့်မှန်းခဲ့၏ ။
" ညီမလေး Hanna ကဒီကျောင်းကလားဗျ .... "
" ဟုတ်ပါတယ်.... "
"အော်ကျွန်တော်သူ့အဖေနဲ့ ရင်းနှီးပေမဲ့ ညီမလေး ဘယ်ကျောင်းတက်နေမှန်း မသိခဲ့ဘူးဗျ .... ကျွန်တော်လဲ ဒီကျောင်းထွက်ပဲ ......ကျောင်းကိုတော့ မရောက်ဖြစ်တာ ကြာပါပြီဗျာ ...ကျောင်းရှေ့ကသာ အမြဲဖြတ်သွားဖြတ်လာလုပ်နေပေမဲ့ကျောင်းထဲတော့ တစ်ခါမှမဝင်ဖြစ်ဘူးဗျ ..... ဒီနှစ်ဆရာကန်တော့ပွဲကျရင်တော့ လာဖြစ်အောင်လာရမယ်ဗျာ ...... "
" ဟုတ်ကဲ့ .... "
လင်း ဟုတ်ကဲ့ဆိုသည့်စကားတစ်လုံးကလွဲပြီး ကျန်တာမပြောဖြစ်ခဲ့ ။တေဇာက ကား air con ကိုလျော့ပေးပြီး
" ဆရာမ ချမ်းနေတယ်ထင်လို့ ကျွန်တော်air conလေးလျော့ပေးထားတယ်.... ချမ်းနေသေးရင်ပြောနော်ကျွန်တော်လုံးဝပိတ်ပေးမယ်...."
"ahh ရပါတယ်ရှင့်မအေးပါဘူး .....ကျေးဇူးတင်ပါတယ်ကိုတေဇာ ..... "
" ရပါတယ်ဗျာ .....ကျေးဇူးတင်ဖို့မလိုပါဘူး .... "
ထို့နောက်တေဇာက လမ်းမှာ မိုး ရဲ့အဖေနဲ့ သူ့ရဲ့အဖေတို့က သူငယ်ချင်းတွေမို့ မိုး ငယ်ငယ်လေးကတည်းက သူနဲ့ရင်းနှီးနေတာဆိုတဲ့ အကြောင်းလေးတွေ စကားဖောင်ဖွဲ့ပြောနေလေသည်။ လင်း ကတော့ခေါင်းညိမ့်နာထောင်ရုံအပြင်အပိုစကားမပြောတတ်။ အစထဲကရိုးအေးတဲ့လူမို့ မရင်းနှီးသေးတဲ့ လူတစ်ယောက်နဲ့ စကားဖောင်ဖွဲ့ပြီးလဲ မပြောတတ်ခဲ့ ။ ယခုလိုကားတစ်စီးထဲ အတူတူလိုက်စီးရတာကိုပင်သူ့အနေဖြင့်အတော်ကြီးကို မျက်နှာပူလှပေပြီ ။ အိမ်မြန်မြန်ရောက်ချင်တဲ့စိတ်ကြောင့်လိုက်လာခဲ့တာဆိုပေမဲ့ အစပိုင်းတေဇာနဲ့တစ်ကားထဲလိုက်လာရတာကိုပင်သူ့မှာစိတ်ပူနေရှာတာမဟုတ်ပါလား ။ သူ့ဘဝတစ်လျှောက်လုံးမှာယောကျာ်းလေးတွေနဲ့ သိပ်ပြီးလဲရင်းရင်းနှီးနှီးမနေခဲ့ဖူးတာမို့ယောကျာ်းလေးသူငယ်ချင်းရယ်လို့တောင်မရှိခဲ့ဖူးပါ ။
" ahh အဲ့လမ်ထိပ်က ကားဂိတ်လေးဆိုရပါပြီရှင့်... အဲ့မှာပဲရပ်ပေးပါနော်... "
"အော်ဟိုလမ်းထိပ်နော်.... "
" ဟုတ်ကဲ့ ... "
တေဇာလဲကားကို လင်း ညွှန်ပြသည့်လမ်းထိပ်မှာပဲ လမ်းဘေးချရပ်ပေးလိုက်၏ ။ လင်း ကားတံခါးခလုပ်ကိုဖွင့်တော့ ကားတံခါးက မပွင့်။ ဒါကိုရှေ့ခန်းကတေဇာ လှည့်ကြည့်ပြီးနောက်
"ahh အဲ့တံခါးက တခါတလေ အထဲခလုပ်က ဖွင့်မရဖြစ်တတ်တယ်ဗျ ... ခဏလေး ကျွန်တော်အပြင်က ဖွင့်ပေးမယ်.... "
မိုးရွာကြီးထဲတေဇာထီးမပါပဲ တံခါးကိုအပြင်က ဆင်းဖွင့်ပေးသဖြင့်လင်း ပိုအားနာသွား၏ ။ မဆင်းခင်သူ့ထီးလှမ်းပေးဖို့လုပ်ပေမဲ့ မမှီတော့ပေ ။
လင်း ကားပေါ်မှဆင်းပြီး သူ့ထီးကိုအမြန်ဖွင့်လိုက်ကာ သူ့ကိုတံခါးဆင်းဖွင့်ပေးသည့်တေဇာ့ကိုဆောင်းပေးလိုက်ရင်း
" ကျွန်မကြောင့်မိုးတွေရွှဲကုန်ပြီ .... တကယ်အားနာပါတယ်ရှင်.... ပြီးတော့ကျေးဇူးလဲတင်ပါတယ်.... "
လင်း စကားကိုတေဇာ ပြုံးပြုံးကြီးလက်ခံရင်း
" ရပါတယ်ဗျာ .... ကဲ ကျွန်တော်သွားဦးမယ်ခွင့်ပြုပါဦးခင်ဗျ .... "
" ဟုတ်ကဲ့ပါ .... "
တေဇာ ကားပေါ်ပြန်တက်တဲ့အထိ လင်း ထီးမိုးပေးခဲ့တာမို့တေဇာတစ်ယောက်အပျော်ကြီးပျော်နေရှာသည်။တေဇာ ကားပေါ်ရောက်တော့မှ လင်း လဲတစ်ဖက်သို့ခြေဦးတည့်လိုက်လေ၏ ။
တေဇာကတော့ ကားမောင်းထွက်သွားတဲ့အထိ လင်း ရဲ့နောက်ကျောပုံရိပ်ကို ကားနောက်ကြည့်မှန်မှငေးကြည့်နေခဲ့သေးသည်။
လင်း လဲလမ်းထိပ်ကားဂိတ်ကနေ သူ့လမ်းထဲဝင်ဖို့ခြေလှမ်းတွေဦးတည်နေစဉ်
" မ ....... "
ကလေးရဲ့ခေါ်သံသဲ့သဲ့ကို မိုးရေတွေကြားထဲက ကြားမိလိုက်တာမို့ လင်း အနောက်သို့ချာခဲလှည့်ကြည့်လိုက်သောအခါ မိုးစက်တွေကြားထဲ ရပ်နေရှာသည့်သူ့ကလေးလေး ။
" ဟယ်ကလေး ...... "
လင်း အရမ်းအံ့သြသင့်သွားကာ မိုး ရဲ့အနားသို့ခြေလှမ်ကျဲများဖြင့်လှမ်းသွားပြီး
" ကလေး ဘယ်လိုဖြစ်ပြီး ???? မ အလာကိုထွက်စောင့်နေတာလားဟင်? "
မိုး ဘာမှမပြောပဲခေါင်းလေးသာညိမ့်ပြခဲ့သည်။ သူ့မှာစောစောကမြင်ကွင်းကိုမြင်ပြီးကတည်းက ဝမ်းနည်စို့တက်ပြီး စကားလုံးတွေနစ်မြုပ်ခဲ့ရပြီ မဟုတ်ပါလား ။ မ ကဘာ့ကြောင့်အခုလို ထိုလူ့ကားနဲ့အတူပါလာရတာလဲ ။ အဲ့လူနဲ့ ကားအတူလိုက်စီးရတဲ့အထိကော မ ကရင်းနှီးနေပြီလားဟုမေးခွန်းပေါင်းမြောက်များစွာဖြင့်ရင်ထဲမှာတဆစ်ဆစ်နာကျင်နေရသည်။
လင်း မိုး ရဲ့လက်ကလေးကို လှမ်းဆွဲတော့ မိုး မသိမသာပဲ သူ့မမရဲ့လက်ကိုရှောင်တိမ်းလိုက်ရင်း
" မရဲ့မေမေစိတ်ပူနေပြီ .... အမြန်ပြန်ကြရအောင်... "
ငိုချင်သည့်စိတ်ကိုတင်းပြီး အသံကိုမတုန်အောင်ထိန်းကာ မိုးပြောလိုက်၏ ။ ထို့နောက်သူလမ်းထဲသို့အရှေ့ကနေ ဝင်သွားလေတော့သည်။ ဒီတခါလဲ မိုး ဘာဖြစ်သွားတယ်ဆိုတာကို လင်း ချက်ချင်းစဉ်းစားလို့မရခဲ့
။နောက်မှစောစောကသူတေဇာ့ရဲ့ကားထဲကထွက်လာတာကို ကလေးမြင်ပြီး သူ့အပေါ်တစ်မျိုးများထင်သွားတာလားဟုတွေးနေရင်းလေထဲမိုးထဲ သူ့ကလေးရဲ့အနောက်သို့ အမှီပြေးလိုက်ရပါတော့သည်။
အနောက်က လင်း သူ့ကိုမမှီလာအောင်မိုးခြေလှမ်းကျဲကျဲနဲ့ခပ်သွက်သွက်လျှောက်ခဲ့၏ ။ ဘာလို့လဲဆိုတော့ သူ့မျက်ရည်များကို မ ကိုမမြင်စေချင်ဘူးလေ ။
ရုတ်တရက်မိုး တုန်တုန်ယင်ယင်လက်နဲ့ကိုင်ထားတဲ့ ထီးကလေးဟာလေဟုန်တစ်ချက်ရဲ့အပင့်မှာ လွင့်ပါသွားလေတော့သည်။ မိုး ရဲ့ပါးပြင်က မျက်ရည်စတွေဟာလဲ အရှိန်ပြင်းပြင်းထန်ထန်ကျဆင်းနေသည့်မိုးရေစက်တွေနဲ့အတူမျောပါကုန်လေ၏ ။ သို့ပေမဲ့ မိုးနောက်သို့လှည့်ပြန်ပြီး မကောက်ခဲ့ ။
အနောက်သို့ အရှိန်နဲ့လွင့်ပါလာတဲ့ ထီးလေးကို လင်း အပြေးလိုက်ကောက်ရင်းရှေ့ကမိုးရေတွေတောလျှောက်လှမ်းနေတဲ့ မိုးနောက်သို့အပြေးအလွှား သွားဆောင်းပေးရလေသည်။
" ကလေး !!! ဒုက္ခပါပဲ ဖျားတော့မှာပဲ ကလေရယ်...... "
မိုးရေတွေနဲ့ရောကျနေတဲ့ မိုး ရဲ့မျက်ရည်တွေကိုတော့ လင်း သတိမထာမိခဲ့ ။အေးစက်နေတဲ့ မိုး ရဲ့လက်လေးကို လင်း တင်းတင်းကျပ်ကျပ်ကိုင်ဆွဲလိုက်တော့ မိုး တစ်ချက်ပြန်ရုန်းသည်။ သို့ပေမဲ့ လင်း လက်ကိုလုံးဝမလွှတ်တမ်းဆွဲထားရင်း အိမ်သို့အတူတူပြန်ခဲ့ကြသည်။
" သမီးရယ်နောက်ကျလိုက်တာကွယ်... "
" ဟုတ်တယ်မေမေရယ်... အစည်းအဝေးက ၅ နာရီလောက်မှပြီးတယ်... သမီးဖုန်းဆက်မလို့လုပ်သေးတယ်ဖုန်းအားကကုန်နေလို့ခေါ်မရတာနဲ့ ..... ထင်တော့ထင်တယ်မေမေနဲ့ ကလေးအရမ်းတွေစိတ်ပူနေကြတော့မယ်ဆိုတာ .... "
" ဟုတ်တယ်သမီးတပည့်လေးကမေမေ့ထက်ပိုစိတ်ပူနေရှာတာ ... လမ်းထိပ်ထွက်စောင့်မယ်ဆိုလို့လေမေမေ့ဖြင့်စိတ်မချပဲ လွှတ်လိုက်ရတယ်... အခုတော့ကြည့်ပါဦး သမီးလေးတစ်ကိုယ်လုံး မိုးတွေရွှဲကုန်ပြီ .... အန်တီပြောသားပဲ သမီးလေးဆရာမ အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်မှာပါလို့ ....... "
လင်းမေမေလှမ်းပြောသည့်စကားကို မိုး ပြန်လည်ဖြေကြားတုံ့ပြန်နိုင်စွမ်းလဲ မရှိတော့ ။ခေါင်းကိုသာအောက်သို့ငုံ့ထားမိသည်။
" သမီးကော သမီးလေးမိုးကော အဝတ်အစားမြန်မြန်လဲပြီးနွေးနွေးထွေးထွေးနေကြ .... "
" ဟုတ်ကဲ့မေမေ .... ကလေး လာလာ .... "
လင်း မိုး ကိုအခန်းထဲဆွဲခေါ်ပေးသွားပြီး အခန်းထဲက တဘက်တစ်ထည်ယူ၍ မိုး ရဲ့ဆံပင်တွေကို သုပ်လိုက်ရင်း
" မ အပြင်ထွက်ပေးမယ်... ကလေး အဝတ်မြန်မြန်လဲလိုက်နော်.... "
အပြင်ထွက်ဖို့ ဟန်ပြင်လိုက်တဲ့ လင်း ရဲ့လက်ကို မိုး လှမ်းဆွဲလိုက်ပြီး
" မ အရင်လဲပါ .... "
မိုး အခန်းထဲမှ လျင်မြန်စွာထွက်သွားတာ လင်းတောင်တားဖို့အချိန်မမှီ ။ တံခါးကိုအပြင်မှ ပြန်တွန်းပိတ်ထားရင်း အခန်းတံခါးကိုမှီကာဖြင့်မျက်ရည်များကြောင့်ဝေဝါးလာသည့်မျက်ဝန်းအိမ်အား ပိတ်ချလိုက်တော့ မျက်ရည်တွေလျှံထွက်လာ၏ ။ ရုတ်တရက်ထွက်သွားတဲ့ မိုး ကို လင်း မျက်လုံးလေးပြူးကြည့်ရင်း ပြန်ပိတ်သွားသည့်အခန်းတံခါးကိုလှမ်းတွန်းဖွင့်တော့ တခါးကဖွင့်လို့မရ ။ အပြင်ကနေ မိုး တွန်းပိတ်ထားမှန်း လင်း သိတာကြောင့်
" ကလေး .... "
လင်း ရဲ့ခေါ်သံထဲတွင်စိုးရိမ်စိတ်တွေ ပြည့်နှက်နေမှန်း မိုး သိပါသည်။ သို့ပေမဲ့ သူငိုနေတာကိုတော့ လင်း ကိုမမြင်စေချင်။ ထို့ကြောင့်အသံမပျက်အောင်ထိန်းကာ
" မြန်မြန်လဲလေ မ ... မ ပြီးမှ မိုး လဲလို့ရမှာပေါ့ .... "
လင်း ရဲ့မေမေမကြားရအောင်မိုး အသံခပ်အုပ်အုပ်ကလေးသာပြောလိုက်၏ ။ လင်း လဲအပြင်ဘက်မှာ အမေလဲရှိနေတာမို့ တံခါးလဲတွန်းမဖွင့်တော့ ။သူ့ကလေးသူ့ကိုအထင်လွဲနေပြီလို့ သူထင်နေပြီး ကလေးစိတ်ကောက်မှာလဲ သူကြောက်နေသည်။ ထို့ကြောင့်အကြောင်းစုံကို ရှင်းပြဖို့အတွက်လင်းရေစိုဝတ်တွေကိုသာ အမြန်လဲလှယ်လိုက်တော့သည်။
"ဒေါက်ဒေါက်.... "
" ကလေး တံခါးဖွင့်တော့ မ အဝတ်လဲ ပြီးပြီ ... "
မျက်ရည်စတွေကို မိုး လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းဆွဲသုတ်ရင်း တံခါးကိုမှီထားရာက ဖယ်ပေးလိုက်၏ ။ အခန်းတံခါးတွန်းဖွင့်လိုက်သောအခါ ကလေးရဲ့မျက်နှာကို လင်း အနီးကပ်သေချာစိုက်ကြည့်လိုက်လေသည်။ မိုး ကမျက်နှာကိုအောက်သို့ငုံထားပေမဲ့ နီရဲနေတဲ့ မျက်ဝန်းတွေကိုတော့ လင်း ဖျတ်ခနဲမြင်တွေ့လိုက်ရ၏ ။
" ကလေး ..... ငိုထားတာလား ? "
အိမ်ရှေ့ကအမေကြားမှာလဲ စိုးရိမ်တာမို့ လင်း အသံခပ်တိုးတိုးနဲ့မေးလိုက်၏ ။ အသံကတိုးသာတိုးပေမဲ့ စိုးရိမ်ပူပင်မှုတို့ပြည့်နှက်နေသည့်အသံမှန်းတော့ မိုး သိပါသည်။ သို့ပေမဲ့ သူ လင်း ကိုရှောင်ဖယ်ကာ အခန်းအတွင်းဝင်လိုက်သည်။ လင်း လိုက်ဝင်မယ်ဟန်ပြင်တော့ မိုး လင်း ကိုလက်နဲ့တွန်းထားပြီး
" မိုး အကျီလဲပါရစေ ..... "
အသံလေးက တိုးတိုးလေးရယ်ပါ ။ဒါပေမဲ့ အဲ့အသံတိုးတိုးလေးဟာ ငိုချင်နေတာကိုချုပ်တီးထားတဲ့ ဝမ်းနည်းကြေကွဲသံလဲပေါက်နေသည်။ အခန်းတံခါးကို မိုး အတင်းပြန်ဆွဲပိတ်ကာ အထဲကနေချလက်ပါချလိုက်၏ ။ ချလက်ချလိုက်သည့်အသံ ထွက်ပေါ်လာတာမို့ လင်း ပိုစိတ်ပူသွားပြီး ဂယောက်ဂယက်ဖြစ်သွားခဲ့သည်။
" ကလေး ချလက်မချနဲ့လေ ... မ မဝင်ပါဘူးကွယ်.... အပြင်မှာပဲစောင့်နေပါ့မယ်.... "
လင်း စိုးရိမ်စိတ်အပြည့်နဲ့ တံခါးနားတိုးတိုးလေးကပ်ပြောတာကို အထဲကနေ မိုး ကြားတော့ကြားပါသည်။ သို့ပေမဲ့ မဖွင့်ပေးနိုင်ပေ ။ အကြောင်းကတော့ သူချုံးပွဲချငိုကြွေးနေခြင်းကြောင့်ပင်။
သူ့တစ်သက်မှာ တစ်ကြိမ်တစ်ခါထဲသာ ချစ်ခဲ့ဖူးတာပါ ။ သူ့အမေကိုချစ်ခဲ့ဖူးတဲ့ အချစ်တွေထက်လဲပိုခဲ့ပါတယ်လို့ပြောရရင် အမေ့ကိုအားတော့နာမိပါရဲ့ ။ သို့ပေမဲ့ တကယ်ပါ တစ်သက်မှာ ဒီလိုချစ်တတ်ဖူးခဲ့တာ ဒီတစ်ကြိမ်ထဲပါ ။သေလောက်အောင်အရူးအမူးစွဲလမ်းခဲ့သလို ကိုယ့်အသက်ထက်ကို သူ့ 'မ' ကိုပိုလို့ချစ်ခဲ့သည်။
ထိုသို့ချစ်ရပါသောသူ့ 'မ' က တခြားယောကျာ်းလေးတစ်ယောက်နဲ့ ကားအတူတူလိုက်စီးလာရလောက်တဲ့အထိ ရင်းနှီးနေပြီဆိုတော့ သူဘာဆက်လုပ်ရမည်နည်း ။ သူကသာ မ ကိုချစ်သူတစ်ယောက်လို ချစ်နေတာဆိုပေမဲ့ မ ကတော့သူ့အပေါ် ညီမလေးတစ်ယောက်ထက်လဲ ပိုမည်မဟုတ်ဟု မိုး သိနားလည်ထား၏ ။ ထို့ကြောင့်မိုးကြောက်နေမိပါသည်။ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်မ တစ်ခြားလူတစ်ယောက်ကို ချစ်သူအနေနဲ့ ချစ်ကြိုက်သွားပြီး သူ့ကိုထားသွားမှာကို မိုး သိပ်ကိုကြောက်ရွှံပါ၏ ။
" မ သာတခြားလူတစ်ယောက်ကိုချစ်သွားခဲ့မယ်ဆိုရင်.... မိုး ရူးသွားလိမ့်မယ်ထင်တယ်မ ..... "
အခန်းတံခါးကိုမှီကာ မိုး ရင်ထဲကနေ ဟစ်ကြွေးရင်း အခန်းငယ်အတွင်း အသံတိတ်ငိုကြွေးလို့နေပါသည်။
အပြင်ဘက်က လင်း ခမျာလဲ အခန်းတံခါးလေးကို လက်ဖဝါးလေးဖြင့်ထိထားရင်း အခန်းထဲက အသံကိုနားစွင့်လို့နေသည်။ မိုး အသံတိတ်ငိုကြွေးနေတယ်ဆိုပေမဲ့လဲ တချက်တချက်ရှိုက်သံကို လင်း အပြင်ဘက်က ကြားနေရပြီး ရှိုက်လို့ တုန်တုန်တက်သွားတဲ့အခါ တံခါးကိုမှီထားတာကြောင့်တံခါးဟာ အနည်းငယ်မသိမသာလေး လှုပ်လှုပ်သွားတာမို့
" မငိုပါနဲ့ ကလေးရယ်..... မ တကယ်တောင်းပန်ပါတယ်... တံခါးဖွင့်ပေးပါ .... "
လင်း ရဲ့ရင်တွေ မီးမြိုက်ခံထားရသလို ပူလောင်နေပါပြီ ။ ကလေးကသူ့ကြောင့်နဲ့ငိုနေတာဖြစ်တာမို့ အပြစ်စိတ်တွေက ရင်ထဲဓားနဲ့မွှန်းနေသလို တဆစ်ဆစ်နာကျင်လွန်းလှသည်။ သူ့ကလေးဝမ်းနည်းနေသလို သူလဲ အဆပေါင်းများစွာ ဝမ်းနည်းကြေကွဲနေရလေပြီ ။ လင်း ရင်ထဲစို့နင့်တက်လာပြီး မျက်ရည်တွေ တပေါက်ပေါက်ကျလာပါတော့သည်။ လင်းရဲ့ တိုးဖျော့လှသည့်တောင်းပန်ပါတယ်လို့ပြောတဲ့စကားနဲ့တံခါးဖွင့်ပေးပါဟုတောင်းဆိုသံတို့ဟာ အက်ကွဲနေပြီး ဝမ်းနည်းမှုတို့ကြောင့်တုန်ယင်နေတာမို့ အထဲက မိုး သတိထားမိလိုက်သည်။
" မ ငိုနေတာလား ? "
ငုတ်တုတ်လေးထိုင်ကာ ဒူးခေါင်း ၂ ဖက်ပေါ်ခေါင်းမှောက်ကာ ငိုကြွေးနေသည့်မိုး ရဲ့ခေါင်းတို့ပြန်လည်ထောင်မတ်လာသည်။ မိုး မှာ တံခါကိုကျောမှီထားခြင်းဖြစ်ပြီး လင်း ကတော့ ထိုတံခါးကိုလက်လေးနှစ်ဖက်နဲ့ထိထား၏ ။ သူတို့ ၂ယောက်ကြားမှာ ခပ်စုတ်စုတ်သစ်သားတံခါးလေးတစ်ချပ်သာ ခြားနေပါသည်။
အိမ်ရှေ့ခန်းက လင်းမေမေကတော့ TV ကမိုးလေဝသ သတင်းကိုသာ စိတ်ဝင်တစားကြည့်နေတာမို့ သူတို့ ၂ယောက်အကြောင်းကို ဘာမှသတိထားမိပုံမပေါ် ။
သူ့မမ ငိုနေသလားဆိုသည့်စိုးရိမ်မူတို့ကြောင့်မိုး တံခါးချလက်ကို လက်နဲ့အသာလေးကိုင်လိုက်ရင်း
" ချလောက်........ ကျွီ .... "
မိုး ညင်ညင်သာသာလေးပဲ တွန်းဖွင့်လိုက်တော့ ....
အို ..... မ ရဲ့ပါးပြင်မှာ မျက်ရည်စတွေ စိုရွှဲလို့ပါလား ....
မိုး ရင်ထဲ ထပ်မံစို့နင့်တက်သွားပြီး
" မ ရယ်...... "
အခန်းအတွင်းသို့ လင်း ကိုလှမ်းဆွဲသွင်းလိုက်ပြီး တံခါးကို အသာပြန်ဆွဲပိတ်လိုက်တော့
" မတောင်းပန်ပါတယ်ကလေးရယ်.... ကိုတေဇာက လမ်းကြုံလို့ မ ကိုခေါ်လာပေးတာပါ .... မိုးတွေက တအားရွာပြီး Bus ကားတွေကလဲ မလာလို့ပါ .... Taxi ကလဲဌားမရဘူး ကလေးရယ်.. အစက မ ငြင်းပါသေးတယ်... ဒါပေမဲ့ bus ကားမရပဲ ဒီထက်ပိုနောက်ကျသွားရင်ကလေးနဲ့မေမေပိုစိတ်ပူနေကြမှာ စိုးရိမ်လို့ပါ ..... အဲ့ဒါကြောင့်မ လိုက်လာခဲ့တာပါ ....... "
မျက်ရည်တွေ တစ်စက်ပြီးတစ်စက်ကျနေရင်း သူ့မမက သူ့ကို တလစပ်အသည်းအသန်တွေရှင်းပြနေသည်။ မိုး အစကတော့ လင်း ကိုတေဇာနဲ့ရင်းနှီးနေပြီလားဆိုပြီးကြောက်ရွံ့မိပါသည်။ ဒါပေမဲ့အခုတော့ သူ့မမပါးပြင်က မျက်ရည်စတွေကို မိုး ပိုကြောက်မိသည်။ လင်း ရဲ့မျက်ရည်စက်တစ်စက်တိုင်းက မိုး ရဲ့နှလုံးသားကို အက်စစ်ရည်တွေလိုလောက်ကျွမ်းစေပါသည်။ သူ့မမအခုလိုငိုနေတာမြင်ရတော့ မိုး စောစောကထက်အဆမတန်ပိုဝမ်းနည်းသွားပြီး သူပါမျက်ရည်တွေထပ်မံကျဆင်းလာပြီး
" မငိုပါနဲ့ မ ..... မငိုပါနဲ့ မရယ်...... မ ~~ ငို ~~~ ပါ ~~~ နဲ့ ..... "
မိုး ကလေးငယ်တစ်ယောက်လိုကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ ငိုကြွေးပါတော့သည်။ ကံကောင်းတယ်ပဲပြောရမလား မိုးကလဲအချိန်ကိုက်တဝေါဝေါနဲ့ရွာလာတာမို့ခေါင်မိုးပေါ်ကမိုးရေစက်တွေနဲ့ သွပ်နဲ့ထိရိုက်သံတွေကြောင့်အခန်းပြင်က လင်း ရဲ့မေမေကတော့ မိုး ရဲ့ချုန်းပွဲချငိုသံကို ကြားနိုင်စွမ်းမရှိခဲ့ ။
" မ မငိုပါဘူးကလေးရယ်.... မ မငိုတော့ပါဘူးနော်... ကလေး လဲ မငိုပါနဲ့နော်... မငိုပါနဲ့ကွယ်.... "
ချုန်းပွဲချငိုကြွေးနေတဲ့ ကလေးအား လင်း သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ရင်း နှုတ်ကမငိုပါနဲ့ ကလေးရယ်ဆိုသည့်စကားကိုသာ အက်ကြောင်းထပ်အောင်ပြောနေမိသည်။ သူ့ကိုယ်သူ 'မ' မငိုတော့ပါဘူး လို့ပြောနေပေမဲ့လဲ သူ့ပါးပြင်ထက်ဝယ်စီးကျကျနေတဲ့ ထိန်းသိမ်းမရသည့်မျက်ရည်စက်တွေကြောင့်သူဟာ လိမ်ညာနေသူတစ်ယောက်နဲ့တောင်တူနေသည်။
" မငို ~~ ပါ နဲ့ ~~~ ကွယ်........ "
လင်း တုန်ယင်စွာပြောရင်း ကလေးရဲ့ကျောပြင်လေးကို လက်တစ်ဖက်နဲ့ပွတ်သပ်ပေးကာ ကျန်တစ်ဖက်ကသူ့ရင်ခွင်ထဲရောက်နေတဲ့ ကလေးရဲ့ခေါင်းလေးကို ဖွဖွလေးကိုင်ထား၏ ။
" မ လဲ ~~~ မငို ~~~ ပါနဲ့ ~~~ "
ရှိုက်သံသဲ့သဲ့နဲ့အတူတူ ထွက်ပေါ်လာတဲ့ မိုးရဲ့ စကားကြောင့်လင်းသူ့ကလေးကျောပြင်ကိုပွတ်ပေးနေသည့်လက်ဖြင့်မျက်နှာပေါ်ကမျက်ရည်စတွေကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ရင်း ပြုံးရောင်လေးသမ်းလိုက်သည်။
" မ မငိုတော့ပါဘူး .... ဒီမှာ မ မျက်နှာကိုကြည့်ပါဦး ကလေးရဲ့ .... "
သူပြောလိုက်တော့ သူ့ရင်ခွင်မှာမှေးစက်ထားတဲ့ ကလေးရဲ့ခေါင်းလေးပြန်ထောင်လာပြီး သူ့ကိုမျက်ရည်အဝိုင်းသားနဲ့ ကြည့်နေလေရဲ့ ။
လင်း အတတ်နိုင်ဆုံးကြိုးစားပြုံးပြရင်း သူ့လက်ဖဝါးနုနုနှစ်ဖက်ဖြင့်ကလေးရဲ့ပါးပြင်က မျက်ရည်စွတ်ကြောင်းတွေကို ဖယ်ရှားပေးလိုက်ပြီး
" မ မငိုတော့ဘူး .... အဲ့ဒါကြောင့်ကလေးလဲ မငိုပါနဲ့တော့နော်..... "
လင်း သူ့မျက်ဝန်းအိမ်ထဲက မျက်ရည်လက်ကျန်တွေ ပါးပေါ်ထပ်မကျလာအောင်အံတုရင်း ပြုံးပြတော့ မိုးခေါင်းလေးအသာညိတ်ပြ၏။
" လိမ္မာလိုက်တဲ့ကလေးလေး။ ကလေးရယ်.... အဝတ်စိုကြီးတွေလည်း မလဲရသေးဘူးပဲ ..... "
ထောင်ထားတဲ့ဖျာလိပ်ဘေးက မိုး ရဲ့အဝတ်အိတ်လေးအတွင်းကနေ အဝတ်တစ်စုံကို လင်း ခပ်သွက်သွက်ဆွဲထုတ်လိုက်ပြီး မိုး လက်ထဲထည့်ပေးကာ
" မ ဟိုဘက်ကိုလှည့်ပေးထားပြီး မျက်စိပါမှိတ်ပေးထားမယ်... ကလေး အဝတ်စိုတွေအမြန်လဲလိုက်နော်.... "
" ဟုတ်..... "
မိုးခေါင်းညိတ်ပြတော့ လင်း တစ်ဘက်သို့ကျောပေးထိုင်လိုက်ကာ သူ့မျက်လုံးကိုလဲ လက်ဖဝါးလေးနဲ့ အုပ်လိုက်ပြီး
" ဒီမှာနော် လက်နဲ့ပါအုပ်ပေးထားတယ်...... "
လင်း ကိုကြည့်ပြီး မိုး အငိုမျက်နှာနဲ့ တစ်ချက်ပြုံးလိုက်မိတော့သည်။
ထို့နောက် 'သြော် မရယ်' လို့သာ စိတ်ထဲကရေရွတ်ရင်း
တခါတလေ မုန်တိုင်းပြီးဆုံးသွားတဲ့အခါတိုက်ခတ်တတ်တဲ့လေပြည်လေညှင်းလေးဟာ အရမ်းကိုအေးမြ၏ ဆိုသည့်စကားဟာ တခါတလေတော့ မှန်လွန်းလှပါသည်။
🌧️ 🌧️ 🌧️