ဆင်ရေတွင်းကားဂိတ်နားရောက်ခါနီးကျတော့ လင်း ဖုန်းထုတ်ကာ မိုး ဆီသို့လှမ်းဆက်လိုက်သည်။
" ကလေး .... မရောက်ခါနီးပြီ .... "
" မိုး ကအခု ကားဂိတ်တောင်ရောက်နေပြီ မ ရဲ့ ...... "
" အို ... ကလေးရယ်.... မ ဖုန်းဆက်မှ ထွက်လာပါဆိုတဲ့ဟာကို ...... "
" ဘာဖြစ်လဲ မ ရယ်.... အညောင်းအညာတောင်ပြေသေးတယ်..... "
" ဟုတ်ပါပြီ ဆရာမကြီးရယ်..... အခုခဏနေရောက်တော့မယ်နော်.... "
လင်း ရယ်ရယ်မောမောနဲ့ စနောက်ရင်း ဖုန်းချလိုက်လေသည်။ ကားဂိတ်ရောက်လို့ လင်း ကားပေါ်ကဆင်းလိုက်တော့ သူ့ကိုအလှဆုံးအပြုံးနဲ့ ကြိုဆိုနေတဲ့ မိုး ။ လင်း လဲပဲ ပြန်လည်အလှဆုံးပြုံးပြရင်း
"ညောင်းနေပြီလား ကလေး ? "
" မညောင်းပါဘူး မ ရယ်..... Ahhh မ ထမင်းစားလာခဲ့ပြီးပြီလား ? "
" စားပြီးပြီ .... ကလေးရော ...... "
" မစားရသေးဘူး မ ရဲ့ ... "
" ဟင်နောက်ကျနေပြီ အခုပဲ ၁၂ နာရီခွဲတော့မယ်.... မဆာဘူးလား ကလေးရဲ့ ? "
" နည်းနည်းတော့ ဆာနေပြီ အိမ်မှာမစားချင်လို့ထွက်လာတာ ..... အိမ်မှာ ဧည့်သည်တွေရောက်နေတယ်....ဒေါ်မူယာသွယ်ဆိုတဲ့မိန်းမရဲ့ ဧည့်သည်တွေ ........ လူတွေရှုပ်တာနဲ့ မျက်စိနောက်လို့ ထွက်လာတာ ...... "
" ကလေးအခန်းထဲမှာနေလို့ရတယ်မဟုတ်လား ? "
" ရတော့ရပါတယ်.... ဒါပေမဲ့အောက်ထပ်က ဆူညံသံတွေကြားနေရတယ်လေ ....... မ ... မိုး ကို ထမင်းပေါင်းလိုက်ကျွေးပါလား ? "
" အင်းကျွေးမှာပေါ့ ကလေးရဲ့ ..... ကလေးစားချင်တာ အကုန်ကျွေးမယ်နော်..... ဘယ်မှာစားမလဲ ? "
မိုး ဘက်ကထိုသို့ ဘာစားချင်တယ်ညာစားချင်တယ်ဝယ်ကျွေးပါလားဟု အရင်ကတခါမှ မတောင်းဆိုဖူးခဲ့ ။ ဒီနေ့ထိုသို့ပြောလာတော့ လင်း လဲအနည်းငယ်အံ့သြသွားသည်။ ပြီးတော့ မိုး အဲ့လိုဝယ်ကျွေးခိုင်းတာကိုလဲ လင်း သဘောကျနေသည်။
" ကန်ဘောင်နားမှာ ထမင်းပေါင်းကောင်းတဲ့ဆိုင်ရှိတယ်မ ... ကန်ဘောင်ဘက်လဲ မရောက်တာကြာပြီဆိုတော့လေညှင်းသွားခံရင်း စားချင်တယ်..... ဒီနေ့မိုးလဲ မရွာဘူးလေ ...... "
" အင်းပါ ကလေးရယ်..... ဟုတ်ပါပြီ သွားကြရအောင်နော်.... "
" ဖြတ်လမ်းက ဖြတ်ကြမယ်.... မိုး ဖြတ်လမ်းသိတယ်မ ... လာ ...... "
မိုး သူ့ရဲ့လက်ဖဝါးနုနုလေးဖြင့်လင်း ရဲ့လက်ချောင်းသွယ်သွယ်လေးများအား အားပါးတရဆုပ်ကိုင်လိုက်လေသည်။ ထိုကဲ့သို မိုး ရဲ့နွေးထွေးတဲ့လက်လေးတွေ လာရောက်ဖမ်းဆုပ်ကိုင်တိုင်း လင်း သဘောကျသည်။ ဘာ့ကြောင့်မှန်းတော့မသိ ဒီနေ့အရင်ကထက်ကို ပိုသဘောကျနေမိသလိုပင်။ သဘောကျသည်ထက်ပိုတယ်ဟုပြောလျှင်ပိုမှန်မည်လား သူကိုယ်တိုင်လဲမသိ ။
ဒီလိုနဲ့သူတို့ ပုံမှန်လေးပဲ နှစ်ယောက်သား ကန်ဘောင်ဘက်စီက ဆိုင်တန်းလေးတွေရှိရာဆီသို့လျှောက်ဖြစ်ခဲ့ကြသည်။ ပြီးတော့ ဆိုင်လေးတစ်ဆိုင်မှာထိုင်ရင်း ထမင်းပေါင်းတစ်ပွဲမှာကာ မိုး ကန်ရေပြင်ကိုငေးကြည့်နေ၏ ။ သူမရဲ့အကြည့်တွေမှာ တစ်စုံတစ်ရာကို ဝမ်းနည်းနေသယောင်ယောင်ဖြစ်နေသည်ဟု လင်း ခံစားမိနေတာမို့
" ကလေး တခုခုဖြစ်နေတယ်မဟုတ်လား ? မနေ့ညကတည်းက အသံမကောင်းဘူး ....... "
လင်း ရဲ့အမေးကိုကြားရမှ မိုး ကန်ရေပြင်ကိုငေးမောကြည့်နေတဲ့အကြည့်တွေကို လွှဲကာ လင်း ရှိရာသို့ ပြန်ကြည့်လိုက်သည်။
" မနေ့ညက Daddy ဖုန်းဆက်တယ်မ ..... သူ့မိန်းမ မိုးကြောင့်ဒဏ်ရာရသွားတယ်ဆိုတာ သိနေတဲ့ပုံပဲ ...... "
" ကလေးကိုဆူလို့လား ? "
လင်း စိုးရိမ်တဲ့အကြည့်နဲ့မေးလိုက်တော့ မိုး အသက်မပါသလိုရယ်ရင်းခေါင်းခါလိုက်၏ ။
" Daddy မိုးဆီကို ဖုန်းမဆက်တာကြာပြီ မ ..... မနေ့ညကဆက်တော့ မိုး ကိုသတိရလို့ ... မိုးနေကောင်းမကောင်းမေးဖို့ ဆက်တယ်ပဲထင်ခဲ့တာ .... ဒါပေမဲ့စကားစစပြောကတည်းက သူ့မိန်းမအကြောင်းကပါနေတော့ မိုးတော်တော်စိတ်ပျက်သွားတယ်....... "
" ဟင်းးးးး ..... "
လင်း ထိုကလေးလေးကိုဂရုဏာသက်စွာ စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်မသိမသာချလိုက်၏ ။
" မိုး ဒီအိမ်မှာနေရာတာ မပျော်ဘူး မ ... ခုရက်ပိုင်း စာလဲ လုပ်လို့ သိပ်အဆင်မပြေဘူး ..... မတွေ့ချင်မမြင်ချင်တဲ့လူနဲ့ကနေ့တိုင်းတွေ့နေရတယ်.... တစ်ပတ်လောက်ဖြစ်ဖြစ်အဝေးတစ်နေရာမှာနေချင်တယ်..... သူ့ကိုမမြင်နိုင်တဲ့နေရာတခုမှာ ..... မပြောသလိုဥပေက္ခာပြုထားပေမဲ့ မုန်းတီးနေတဲ့စိတ်တွေကတော့ ရပ်တံ့လိုက်လို့မရဘူး ...... "
သူ့အခန်းထဲမှာပဲ သူနေတယ်ဆိုပေမဲ့လည်အနည်းဆုံးတော့ မနက်စာစားချိန်နဲ့ ထမင်းစားချိန်တွေမှာ မျက်နှာချင်းဆိုင်ရဦးမှာပဲ မဟုတ်ပါလား ။ သူလဲတခါလေ အညောင်းပြေအညာပြေ ခြံထဲဆင်းစာဖတ်ချင်မှာပဲ ။ အခန်းထဲပဲ တစ်ချိန်လုံးအောင်းနေရတော့လဲ စိတ်ညစ်ရှာမှာ လို့ လင်း စိတ်ထဲကတွေးပူပေးနေမိပြန်သည်။
" ဒီလိုလုပ်ပါလား ..... အဖေ့ဆီက ခွင့်ပြုချက်တောင်းပြီးတော့ မ ရဲ့အိမ်မှာ တစ်ပတ်လောက်ဖြစ်ဖြစ်လာနေပါလား ..... မ ကခေါ်ချင်ပါတယ်ဒါပေမဲ့ မ ရဲ့အိမ်ကကျဉ်းပြီးရေချိုးခန်းကလဲ မရှိတော့ ကလေးအတွက်အဆင်မပြေဖြစ်မှာပဲစိုးရိ်မ်တယ်...... "
လင်း ထိုသို့ပြောပေမဲ့လဲ မိုး ရဲ့ရုပ်လေးကတော့ ချက်ချင်းလန်းဆန်းလာသလိုပင်။
" မ သာအဆင်ပြေတယ်ဆိုရင်မိုး တစ်ပတ်လောက်လာနေမယ်လေ မ ......ရေချိုးခန်းမရှိလဲ မိုး အဆင်ပြေပါတယ်မ ရဲ့ ...... "
" ဟုတ်ရဲ့လား ? "
လင်း မျက်ခုံးလေးပင့်ကာ ရယ်ပြီးပြောတော့ မိုး ပါလေးနှစ်ဖက်မို့တက်လာတဲ့အထိ ရယ်နေလေသည်။
" ဟုတ်ပါတယ်မ ရယ်..... "
ခဏအကြာ အငွေ့တထောင်းထောင်းနဲ့ ထမင်းပေါင်ပန်းကန်လေးလာချပေးတော့ လင်း ကအရင်ဆုံးမွှေကာ နည်းနည်းအေးအောင်မှုတ်ပေးနေသည်။ ဒါကိုဘေးက မမမိုးကြည့်ရင်း သဘောတွေကျကာ ပြုံးစိစိဖြစ်နေလေရဲ့ ။ အခုလိုကျတော့လဲ သူက ကလေးလေးလိုဖြစ်နေပြီး လင်း ကလူကြီးဖြစ်နေပြန်ပါရောလား ။
" နည်းနည်းတော့အေးပြီ .... ဒါပေမဲ့ နည်းနည်းတော့မှုတ်စားနော်ကလေး ...... "
" ဟုတ်....... "
ကလေးမှာ အတော်ဆာနေပုံရသည်။ ထမင်းပေါင်းတစ်ပန်းကန်ကို တစ်ခဏတာအတွင်း မြိုက်ခနဲကိုကုန်သွားသဖြင့်
" ကလေး ဝရဲ့လား ? ဘာထပ်စားချင်သေးလဲ ? "
" ဝပါပြီ မ ရဲ့ ..... ဒီနေ့နေ့လည်စာဝယ်ကျွေးလို့ မ ကိုအရမ်းကျေးဇူးတင်ပါတယ်ရှင့်... အဟဲ ..... "
ရှေ့သွားလေးနှစ်ချောင်းမှာ သာမန်ထက်အနည်းငယ်ပိုကြီးနေတာမို့ မိုး ရယ်လိုက်လျှင်ယုန်ကလေးတွေပင်အရှုံးပေးရလောက်အောင်ချစ်ဖို့ကောင်းသည်ဟု လင်း ထင်မိသည်။
မိုးနေ့လည်စာစားပြီးသောအခါ သူတို့ ၂ယောက်အတူတူ စာသင်ဖို့အိမ်သို့ပြန်လာခဲ့ကြလေသည်။ ခြံရှေ့အရောက်မှာတော့ အဖြူရောင်ပြိုင်ကားလေးတစ်စီးက ခြံဝတွင်ရပ်ထားပြီး ကားပေါ်မှ ကိုတေဇာ ဆိုသည့်လူဆင်းလာလေသည်။
" ညီမလေး Hanna ..... "
" ဟင် အစ်ကိုတေဇာ .... ဘယ်တုန်းကရောက်နေတာလဲ ? "
" အခုလေးတင်ပဲ ညီမလေးရဲ့။ ဘယ်လိုလဲ သက်သာရဲ့လား ? "
တေဇာရဲ့ အမေးတွေက မိုး ဆီသို့ဦးတည်ပေမဲ့ အကြည့်တွေကတော့ လင်း ဆီသို့သာ ။ လင်း လဲအကြည့်ချင်းမဆုံချင်တာမို့ မျက်လွှာလေးအောက်သို့သာချထားလိုက်သည်။
" ရှင်! ဘာကို ? "
မိုး ပြန်မေးတော့မှတေဇာ လင်း ဆီသို့ကြည့်နေတဲ့ အကြည့်ကိုလွှဲရင်း
"သြော် ဟိုနေ့က ညီမလေးသိပ်ကြောက်သွားတယ်မဟုတ်လား။ သေချာတောင်လမ်းမလျှောက်နိုင်ဘူးလေ .... အဲ့ဒါကြောင့်ကိုကြီးဒီနေ့ထပ်လာကြည့်တာ ...... "
"အော်အဲ့နေ့က ရုတ်တရက်မို့ပါ .... အခုတော့နေကောင်းနေပါပြီ ... "
"တော်သေးတာပေါ့ ညီမလေးရယ်.... ကိုကြီးက ညီမလေးကိုစိတ်ပူနေတာ ..... "
တေဇာ့ရဲ့စကားကြားတော့ မိုး ရယ်ပစ်လိုက်ချင်သည်။
အော်စိတ်ပူလို့လာတာလား ဒါမှမဟုတ်မ ကိုငမ်းချင်လို့လာတာလား အစ်ကိုရယ်လို့တောင်မိုး ပြန်မေးပစ်လိုက်ချင်သည်။သို့ပေမဲ့လဲလောကရဲ့လောကွပ်ဆိုတာက ရှိသေးသည်မဟုတ်ပါလား ။လောကွပ်ဆိုတာထက်မ ရှက်သွားမှာကိုပိုစိုးရိမ်သည်ဆိုပိုလို့မှန်ပေမည်။
" ဒီအထိ တကူးတကလာ ...... "
စိတ်ထဲမှာ 'လာငမ်း ... ' ဆိုတဲ့စကားလုံးရွေးချယ်လိုက်ပေမဲ့လဲ လက်တွေ့မှာတော့
" လာကြည့်ပေးတဲ့အတွက်ကျေးဇူးပါ အစ်ကို .... "
" ရပါတယ်ကွာ .... ဒါနဲ့ အန်ကယ်ကော ခရီးကပြန်မရောက်သေးဘူးလား ညီမလေး Hanna ? "
" ဟုတ်ပြန်မရောက်သေးဘူး ..... "
" ဟုတ်လား အန်ကယ်ပြန်ရောက်မှာ ကိုကြီး တစ်ခေါက်လောက်လာခဲ့ဦးမယ်နော်..... "
တေဇာရဲ့အကြည့်က လင်း ဆီသို့ရောက်သွားပြန်သည်။ လင်း ကတော့သူ့ကလေးလက်ကိုသာကိုင်ရင်း ကလေးမျက်နှာလေးကိုသာ စိုက်ကြည့်နေ၏ ။ သူ့ကိုတေဇာ ကြည့်နေတဲ့တေဇာကိုလဲ သူယောင်လို့မကြည့်။ မိုး ကတော့ သူ့မမကိုကြည့်နေတဲ့တေဇာ့မျက်နှာကိုသာ မကျေနပ်စွာ စိုက်ကြည့်နေပါသည်။
" ဒါနဲ့ ..... ဒီက ညီမလေး Hanna ရဲ့ဆရာမ မဟုတ်လားခင်ဗျ ..... "
တေဇာ့ စကားကြောင့်သာ လင်း အကြည့်တို့တေဇာ့ဆီမော့ကြည့်လိုက်ရင်း
" ဟုတ်ပါတယ်..... "
" ကျွန်တော့နာမည်တေဇာပါခင်ဗျ ..... ဆရာမရဲ့နာမည်လေး သိလို့ရမလား မသိဘူး ? "
' ရဲတင်းလိုက်တာ ' ဟု မိုး စိတ်ထဲမှ မကျေနပ်စွာပြောဆိုနေမိပြန်သည်။
" လင်းဝတ်ရည်သော်ပါ ..... "
အပိုအလိုမရှိပဲ တစ်ခွန်းသာ လင်း နှုတ်မှပြန်ဖြေလိုက်၏ ။
" ဟိုလေ Hanna တို့ စာသင်ရဦးမှာမို့ အစ်ကို ...နောက်မှပဲတွေ့မယ်နော်.... လာကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နော်...... ခွင့်ပြုပါဦး .... "
သူ့လက်ကိုဆွဲပေးထားတဲ့ လင်း ရဲ့လက်ကို မိုး ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း ခြံထဲသို့ခေါ်လာခဲ့တော့၏ ။
" လင်းဝတ်ရည်သော်တဲ့လား .... နာမည်လေးကလဲ လူလိုလှလွန်းတယ်နော်..... ဆရာမလေးရေ မင်းလေးကကိုယ့်ဘဝကို အလင်းတွေပေးနိုင်မဲ့ တစ်ဦးတည်းသောသူပဲ ..... "
သဘောကျစွာပြုံးကာတေဇာ စိတ်ထဲမှအတွေးများဖြန့်ကျတ်ရင်း ခြံရှေ့၌ ကျန်ခဲ့တော့သည်။
မိုး တို့ပြန်လာကြတဲ့အထိ ဧည့်သည်တော်အရှုပ်ထုတ်တွေက ယခုတိုင်မပြန်ကြသေး ။
မိုး နဲ့အတူတူအိမ်ထဲဝင်လာတဲ့ လင်း ကိုပါ ကွက်ကြည့်ကွက်ကြည့်လုပ်နေကြပြန်သည်။
မိုး ကလုံးဝဂရုမစိုက်ပဲ အပေါ်ထပ်တက်သွားတော့ အနောက်မှ လင်း လဲလိုက်တက်ခဲ့သည်။
" အဲ့ဒါလား သူ့ဆရာမဆိုတာ ? "
" ဟုတ်ပါ့ ...... "
" မျက်နှာပေါက်ကတော့ ခပ်တည်တည်ပဲနော်..... "
" သူရောက်လာမှ ဟိုဟာမကပိုအထွန့်တက်နေတာလေ ..... သူကဘာတွေမြှောက်ပေးနေမှန်းမှ မသိတာ .... "
ဒေါ်မူယာသွယ်၏ တီးတိုးစကားသံကို အရှေ့မှတက်သွားတဲ့ မိုး မကြားလိုက်ပေမဲ့ လင်း ကတော့ခပ်သဲ့သဲ့လေးကြားလိုက်သဖြင့်
"အော်ဒီစကားတွေ ကလေးမကြားလိုက်တာပဲတော်ပါသေးရဲ့ ..... "
" ကလေးဒေါသထွက်တယ်ဆိုလဲ ထွက်ချင်စရာပါလား ..... "
လင်း ဥပေက္ခာပြုရင်းပင်မိုး ရဲ့အခန်းထဲသို့ဝင်လာခဲ့တော့သည်။
X X X X X X X X
နောက်တစ်နေ့ကျတော့ မိုး သူ့အဖေဆီသို့ Gmail လှမ်းပို့လေသည်။ နှစ်ဝက်စာမေးပွဲကနီးနေပြီမို့ တစ်ပတ်လောက်သူ့ဆရာမဆီမှာ သွားနေမည်ဖြစ်ကြောင်း ။
" ဘကြီးဖြိုး .... ညနေကျရင်သမီးကိုလာမကြိုနဲ့တော့နော်.... သမီး ဆရာမနဲ့အတူတူ Bus စီးချင်လို့ ..... "
" သမီးလေးက ဆရာမလေးအိမ်မှာ ဘယ်နှရက်နေမှာလဲကွဲ့ ? "
" တစ်ပတ်လောက်ပါပဲ ဘကြီးဖြိုး .... သမီးသွားတော့မယ်နော်.... "
"အေးအေး သမီးလေး ..... "
မိုးပြောပြီးကားပေါ်မှ ဆင်းလာခဲ့တော့သည်။ ထို့နောက်ကျောင်းဂိတ်ပေါက်ဝကနေပဲ နှင်းဆီပန်းအနီလေးတစ်ပွင့်ကိုင်ရင်း သူ့မမအလာကိုမျှော်နေပါသည်။ ခဏနေတော့ကျောင်းအဖြူအစိမ်းလေးနဲ့ လှပကျော့ရှင်းတဲ့ သူ့ရဲ့မမ သူ့ဆီသို့တစ်လှမ်းဆီလျှောက်လာတာကို မြင်ရလေပြီ ။ ပြီးတော့ သူ့ကိုလှမ်ပြုံးပြနေတဲ့ ချစ်ရသူမမကိုငေးကြည့်ရင်း
" မရယ်... မရဲ့နေခြည်လိုနွေးထွေးတဲ့အပြုံးအောက်မှာ မိုး ကျရှုံးခဲ့ရပြန်ပြီ .... "
ချစ်ရသူကိုငေးမောကြည့်နေတဲ့ မိုး ရဲ့ကျောပြင်အား
" ဖတ်.... "
" အ ..... ဟာ ဇာလီတင့်... နင်ဟာ feel ငုတ်လိုက်တာ ..... "
တိုးတိုးတိတ်တိတ်ပြောလိုက်တဲ့ မိုး ရဲ့လေသံအား ဇာလီမကြားခဲ့ ။ သို့သော်လဲ မိုး ရဲ့အကြည့်တွေကို မြင်နေကတည်းက ဇာလီတင့်သိပြီးနေပြီလေ ။
" အဲ့လောက်မငမ်းနဲ့ မျက်လုံးလဲကျွတ်ကျဦးမယ်..... အဘွားကြီးရဲ့ .... "
" ဟာ နင်ကွာ ..... "
လင်းလျှောက်လာနေစဉ်မှာ မိုး ရဲ့ဘေးနားကို သူ့အတန်းဖော်ကလေးမလေးရောက်လာတာတွေ့လိုက်ရသည်။ ပြီးတော့ ထိုကလေးမက မိုး ကိုလဲ ရိုက်လိုက်ပုတ်လိုက်နှင့်လုပ်နေတော့ လင်း မြင်ပြီး ဘဝင်မကျသလိုလို ။ ပြုံးရယ်နေတဲ့စောနက အပြုံးတို့တောင်ကြက်ပျောက်ဌက်ပျောက်ပျောက်ကွယ်သွားခဲ့၏ ။
မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ရင်း ထိုကလေးမ ၂ယောက်နားသို့ လင်းရောက်ရှိသွားလေပြီ ။
" မင်္ဂလာပါ ဆရာမ .... "
ဇာလီတင့်က နှုတ်သွက်သည်။ ထို့ကြောင့်လင်းလဲ ပြန်နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ သမီး ..... "
" မ .... အဲ့ .... ဆရာမ ဒီနေ့စောသားပဲနော်.... "
မိုး စကားဦးသမ်းလိုက်တော့ လင်းခေါင်းညိမ့်လိုက်ကာ
" ဟုတ်တယ်ကလေး ... ဒီနေ့ကားလမ်းသိပ်မပိတ်ဘူး .... "
"နေ့တိုင်းအဲ့လိုဆိုကောင်းမှာပဲ ဟီး .... "
မိုးခေါင်းလေးအသာကုပ်ကာ ပါးချိုင့်လေးပေါ်အောင်ရယ်လိုက်၏ ။ ပြီးတော့ သူတို့ ၃ ဦးကျောင်းဝန်းထဲ အတူတူဝင်ခဲ့ကြလေသည်။ဘေးက ဇာလီတင့်ကတော့ မိုး ရဲ့လက်မောင်းကို အတင်းဖက်တွယ်ကာ ပူကပ်ပြီးလျှောက်နေလေရဲ့ ။ လင်း ကတော့ဘေနားလေးက ကွက်ကြည့်ကွက်ကြည့်နဲ့ ။ စိတ်ထဲမှာ ဘာကိုသဘောမကျလို့ မကျမှန်းလဲ သူမသိ ။ အရင်ကလဲ ထိုကလေးမ သူ့ကလေးအနားကို ကပ်တာပါပဲ ဘာလို့ဒီနေ့ကျမှ အထူးတလည်သဘောမကျတဲ့ခံစားချက်ဖြစ်နေတာပါလိမ့်ဟုတွေးနေစဉ်
" မိုးဝသန်... "
" ဟမ်.... "
" နင့်လက်ထဲ နှင်းဆီပန်းလေးက သိပ်လှတာပဲ .... ငါ့ကိုပေးပါလားဟင် ဟီး ..... "
ဇာလီတင့်မျက်နှာချိုသွေးတော့ မိုး အနေရခက်လေပြီ ။
" လုပ်ပါဟယ်နော်...နော်လို့ .... "
သနားစဖွယ်မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ထပ်ပြောတော့ မိုး အားနာသွားရပြီ ။
"အေးဟာ ယူရော့ ..... "
လင်း ထင်ထားတာက သူ့ကလေးလက်ထဲ နှင်းဆီပန်းပါလာကတည်းက ဒါသူ့အတွက်ပဲဖြစ်မည်။ သူ့အတွက်ယူလာပေးတဲ့ပန်းကို ကလေးကတခြားဘယ်သူ့ကိုမှ မပေးလောက်ဘူးပေါ့။ သို့ပေမဲ့အခုလို အလွယ်တကူပေးလိုက်ပြန်တော့လဲ စိတ်ထဲဝမ်းနည်းသွားသလိုလို ။ စိတ်မကောင်းဖြစ်သွားတာကြောင့် မျက်လွှာလေးကိုအောက်သို့သာချရင်းဘေးဘီတောင်မကြည့်တော့ပဲခြေလှမ်းတွေကိုလေးလေးပင်ပင်လှမ်းခဲ့ရပါတော့သည်။
🌧️ 🌧️ 🌧️