" တီ ........... "
ရုတ်တရက်လမ်းမပေါ်ပြေးတက်လာသည့်မိုး ကိုလဲမြင်ကော ကားမောင်းလာတဲ့လူလဲ ကားဘရိတ်ကိုအတင်းဖိနင်းလိုက်၏ ။ အချိန်မှီ ဘရိတ်အုပ်လိုက်တယ်ဆိုပေမဲ့ ရပ်နေတဲ့မိုးကိုတော့ အနည်းငယ်ပွတ်ရုံတိုက်မိလိုက်သေးသည်။ မိုး လဲတွန်းလိုက်သလိုဖြစ်သွားတာမို့ အနောက်သို့လန်လဲကျသွားလေသည်။
" ကလေး ...... "
အနောက်ကနေ အကုန်မြင်လိုက်ရတဲ့ လင်း ခမျာသွေးပျက်သွားခဲ့သည်။ လဲကျသွားတဲ့ မိုး ရဲ့ဘေးသို့ အသားကုန်ပြေချသွားသည်။ မိုး ကတော့ပက်လက်ကလေး လဲကျလို့နေသည်။ကြောက်ရွံ့မှုကြောင့်တစ်ကိုယ်လုံးတုန်ယင်ပြီး မျက်နှာမှာသွေးမရှိတော့သလိုမျိုး ဖြူဖျော့ကာ နှုတ်ခမ်းများပင်ပြာနေ၏ ။
" ကလေး ..... ကလေး ...... ဘာဖြစ်သွားသေးလဲ ???? ဘယ်နားထိမိသွားသေးလဲ ???? "
လင်း ချက်ချင်း လဲကျနေတဲ့ မိုး ကိုထွေးပွေ့လိုက်တော့ မိုး တစ်ကိုယ်လုံးအေးစက်တုန်ယင်နေ၏ ။ လင်း အသံတွေ တုန်ယင်စွာဖြင့်မေးရင်း မိုး ဘယ်နားဒဏ်ရာရသွားသလဲဟု ကြည့်လိုက်သည်။ ညာဘက်လက်ဖနောင့်နားမှာ ပွန်းပြီသွေးစို့နေတာကိုတွေ့လိုက်သဖြင့်ကားပေါ်ကဆင်းလာသည့်၂၆ ဝန်းကျင်ခန့်ယောကျာ်းတစ်ဦးအား
" ရှင်ကားကို ဘယ်လောက်အရှိန်နဲ့မောင်းလာတာလဲ ..... ဒီမှာ ကျွန်မတပည့်ကို တိုက်မိသွားပြီ ...... "
လူကထူပူနေပြီး မိုး လက်မှာသွေးစို့နေတဲ့ဒဏ်ရာတွေ့လိုက်ရခြင်းကြောင့်လင်း လူတစ်ယောက်အား မအော်စဖူးအော်လိုက်မိ၏ ။
" sorry ပါဗျာ။ ဒီညီမလေးက လမ်းမပေါ်ရုတ်တရက်ပြေးတက်လာလို့ပါ။ ကျွန်တော်ဘရိတ်အချိန်မှီအုပ်လိုက်ပါသေးတယ်.... "
ထိုလူသည် လင်း ရင်ခွင်ကိုမှီကာ မျက်ရည်တွေရွှဲပြီး တုန်ယင်နေသည့်မိုး ရဲ့မျက်နှာကိုသေချာငုံ့ကြည့်ပြီး တအားအံ့သြသွားသည့်လေသံဖြင့်
" ညီမလေးက ဦးလေးကောင်းထက်ရဲ့သမီး Hanna မဟုတ်လား ? "
သူ လင်း ရဲ့ဘေးဒူးထောက်ထိုင်ချလိုက်ပြီး
" အစ်ကိုက ကိုကြီးတေဇာလေ ညီမလေး မမှတ်မိဘူးလား ? "
မိုး အဲ့တော့မှ တဖြည်းဖြည်းမော့ကြည့်ပြီး မျက်ရည်အဝိုင်းသားဖြင့်ခေါင်းငြိမ့်ပြသည်။ လင်း ကတော့ ကိုတေဇာဆိုသည့်လူကိုကြည့်လိုက်သူ့တပည့်မိုး ရဲ့မျက်နှာလေးကိုကြည့်လိုက်ဖြင့်။ စိတ်တွေကတော့ယောက်ယက်ခတ်နေတုန်းပင်။ မိုး ကားတိုက်ခံရသည့်မြင်ကွင်းကြောင့်လင်း လဲတုန်ယင်နေတုန်းပါပဲ ။
" ကိုကြီးတောင်းပန်ပါတယ်ညီမလေးရယ်။ ဘရိတ်ကို အရှိန်မှီအုပ်လိုက်ပေမဲ့ ညီမလေးကိုတိုက်မိသွားတယ်။ ဘာဖြစ်သွားသေးလဲ ညီမလေး .... ထကြည့်ပါဦး ..... "
တေဇာ သည်လင်း ရဲ့ရင်ခွင်ထဲမှ မိုး ကိုဆွဲမထူပေးလိုက်သည်။ သို့ပေမဲ့ မိုး ရဲ့ဒူးတွေက သိပ်ကိုတုန်နေတာမို့ခြေမခိုင်ပဲ ပြန်ယိုင်လဲမလိုဖြစ်သွားသောကြောင့်အောက်မှ လင်း ကပွေ့ကာ ထိန်းပေးလိုက်ရသည်။တေဇာ ကလဲ မိုး ကိုလက်မောင်းမှသေချာတွဲကိုင်ထိန်းပေးထားတာကြာင့်လင်း အပေါ်တော့ လဲကျမသွားခဲ့ ။
" လာ လာ ... ကိုကြီး ချီမယ် ..... "
တေဇာ မိုး ကိုပွေ့ချီလိုက်ကာ ကားအနောက်ခန်းသို့ထည့်လိုက်သည်။ လင်း လဲတုန်ယင်နေတဲ့စိတ်ကို တည်ငြိမ်အောင်မနည်းပြန်ထိန်း၍ ထရပ်ပြီး မိုး နဲ့တေဇာနောက်သို့လိုက်သွားသည်။
" ညီမလေးဆေးခန်းသွားကြမယ်နော်။ ကိုကြီးလိုက်ပို့ပေးမယ်..... "
တေဇာပြောတော့ မိုးခေါင်းခါပြသည်။
" အိမ် ~~~~ အိမ် ~~ ပဲ ~~ "
" အိမ်ပဲ ပြန်ချင်လား ကလေး ?ဆေးခန်းမပြလို့ဖြစ်ရဲ့လား ? "
လင်း ကားပေါ်က မိုး ရဲ့လက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ပေးရင်းမေးတော့
" မိုး ~~ ဘာ ~~ ဘာ မှ ~~~ မဖြစ်ပါဘူး ~~~~ "
တဆတ်ဆတ်တုန်နေသည့်မိုး နှုတ်ခမ်းဖျားမှလေသံတိုးဖျော့ဖျော့ပေါ်ထွက်လာသည်။
" ဒါဆို ကိုကြီး အိမ်လိုက်ပို့ပေးမယ်နော်..... ဆရာမလဲ တက်ပါ ခင်ဗျ ...... "
သူ့တပည့်ဆိုတော့ သူပါလိုက်ပို့ပေးမှာပဲဆိုသည့်အတွေးဖြင့်တေဇာ လင်း ကိုပါခေါ်လိုက်ခြင်းဖြစ်သည်။
ကားနောက်ခန်းမှာ မိုး သူ့ဆရာမရင်ခွင်ကိုခေါင်းထိုးအပ်ကာ ခိုနားနေသည်။ တစ်ကိုယ်လုံးအေးစက်ကာ တုန်ယင်နေသည့်မိုး ရဲ့ခန္ဓာကိုယ်လေးအား လင်း တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း
" မကြောက်နဲ့တော့နော်... ဘာမှ မဖြစ်တော့ဘူး ကလေး .... "
သူ့ကိုတင်းကျပ်စွာ ဖက်ထားပေးတဲ့ လင်း ရဲ့လက်မောင်းကို မိုး တုန်ယင်နေတဲ့လက်ချောင်းလေးများဖြင့်ပြန်ဆုပ်ကိုင်ထားမိသည်။ အရှေ့မှကားမောင်းနေသည့်တေဇာ ကတော့နောက်ကြည့်မှန်ထဲကနေ လင်း ကိုသာလှမ်းလှမ်းကြည့်နေပေတော့သည်။
အိမ်ပြန်ရောက်တော့လဲ မိုး ကိုဘေးကနေဝိုင်းတွဲပေးမယ်လို့တေဇာဟန်ပြင်တော့
" ရပါတယ်... ကျွန်မဘာသာပဲတွဲခေါ်သွားလိုက်ပါ့မယ်.....ကျေးဇူးတင်ပါတယ်........ "
လင်း စကားကိုခပ်တိုတိုသာပြောပြီး မိုး ကို ခြံထဲသို့တွဲခေါ်သွားပါတော့သည်။
"ချောလိုက်တာကွာ ... ငါ့နှလုံးသားကို ရင်ခုန်စေအောင်လုပ်နိုင်တာ ဒီဆရာမလေးတစ်ယောက်ပဲရှိသေးတယ်..... "
ခြံထဲသို့ မိုး ကိုတွဲခေါ်ပြီးဝင်သွားသည့်လင်း ၏ကျောပြင်အားတေဇာငေးကြည့်ကာရေရွတ်လိုက်လေသည်။
X X X X X X X X
သူတို့အိမ်ထဲဝင်လိုက်ကြတော့ဒေါ်မူယာသွယ်ကဧည့်ခန်းတွင်ထိုင်၍သတင်းစာဖတ်နေသည်။ အဒေါ်ကြီးဝင်း ကတော့ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေရှာသည်။
အိမ်ထဲဝင်လာသည့်ဆရာတပည့်၂ယောက်ကို တစ်ချက်မော့ကြည့်ပြီး ခပ်တည်တည်နဲ့ သတင်းစာဆက်ဖတ်နေ၏ ။ လင်း . မိုး ကိုတွဲခေါ်လာတာတွေ ဘာတွေ မြင်ပေမဲ့ ဘာဖြစ်လာတာလဲ တစ်ချက်မမေး ။
လင်း လဲ ကလေးကို အိမ်ပေါ်ထပ်သို့သာ ပြန်တွဲခေါ်လာခဲ့ပြီး အိပ်ခန်းအတွင်းက ကုတင်ပေါ်မှာ မိုး ကိုထိုင်စေခဲ့သည်။ ပြီးတော့ လင်း ပါ မိုး ရဲ့နံဘေးမှာ ဝင်ထိုင်လိုက်ရင်း သူ့ကလေးခေါင်းလေးကို လက်နဲ့ပွတ်သပ်ပေးနေမိသည်။
" မိုး ~~~ မိုး ~~~တောင်း ~~တောင်း ပန်ပါတယ်မ ...... "
" ဘာကိုလဲ ကလေး ? "
" မိုး ~~~ မိုး မှား သွားပါတယ်~~~~ မ မိုး ကိုမထားသွား ~~ ပါနဲ့နော်.... "
" အို ကလေးရယ်..... မ ကဘာလို့ ကလေးကိုထားခဲ့ရမှာတုန်း .... မငိုပါနဲ့ ကလေးရယ် ... "
မိုး ရဲ့ပါးပြင်ထက်မှ မျက်ရည်စတို့ကို လင်း ဖယ်ရှားပေးပြီး တင်းတင်းကျပ်ကျပ်ပွေ့ဖက်ပေးလိုက်သည်။
" ဘာမှ စိတ်ထဲထားမနေနဲ့ ... မ လဲဘာမှမဖြစ်ဘူး .... ကလေး အပေါ်လဲ လုံးဝစိတ်မဆိုးဘူး ..... အဲ့ဒါကြောင့်မို့ စိတ်ထဲ မထားနဲ့နော်.... မငိုနဲ့တော့ ဟုတ်ပြီလား ... "
လင်းပြောတော့ မိုး သူ့မမရဲ့ရင်ခွင်ထဲကနေခေါင်းလေးညိမ့်ပြခဲ့သည်။
"နောက်ဆိုရင်ဘာကိစ္စပဲဖြစ်ဖြစ်အဲ့လိုကားလမ်မပေါ်လျှောက်မပြေးပါနဲ့နော်။ မ ဖြင့်လေ ကလေးတစ်ခုခုဖြစ်ပြီထင်ပြီး အရမ်းလန့်သွားတာ။ နောက်ဆို အဲ့လိုဘယ်တော့မှ မလုပ်ပါနဲ့နော် ... ကိုယ့်ကိုကိုယ်ဂရုစိုက်ပါနော်.... "
ကျောပြင်လေးကို အသာပွတ်သပ်ပေးရင်းပြောတော့ မိုးခေါင်းလေးထပ်ညိမ့်၏ ။
" မ လဲ မိုး ကိုအရမ်းချစ်ပါတယ်ကလေးရယ်... ကလေး သာတခုခုဖြစ်သွားရင်မ ရင်ကျိုးရမှာ ကလေးရဲ့ .. "
အသံအဆုံးမှာ လင်း လည်ချောင်းထဲနစ်မြုပ်ဝင်သွားပြီး မိုး ကိုဖက်ထားပေးရင်းနဲ့ မျက်ရည်ကြည်တစ်ပေါက်ကျလာမိသည်။ သို့ပေမဲ့ လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းဆွဲပွတ်လိုက်ပါသည်။
" မိုးနောက်ဆို ဂရုစိုက်ပါ့မယ်မ .. "
မိုး . လင်း ၏ရင်ခွင်ထဲမှခေါင်းလေးတိုးထွက်ကာပြောတော့ လင်း ပြုံးလိုက်ပြီး မိုး ရဲ့ပါးပြင်ဖွေးဖွေးလေးအား ခပ်ဖွဖွလေးနမ်းလိုက်ရင်း
" မ ရဲ့ကလေးလေးက အရမ်းကိုလိမ္မာတာပဲ .... ကဲ မ ကိုမွေးနေ့ပွဲလေး လုပ်ပေးမလို့ မဟုတ်လား ? "
အဲ့တော့မှ စားပွဲပေါ်တင်ထားသည့်ကိတ်လေးကို မိုး လှမ်းကြည့်ပြီး မျက်နှာလေးညှိုငယ်စွာဖြင့်
" ကိတ်က ပျက်စီးသွားပြီ မ ရဲ့ ... "
လင်း ထရပ်ကာ စားပွဲဘေးလျှောက်ပြီး ကိတ်လေးကို သယ်လာသည်။ ထို့နောက်ကုတင်ဘေး၌ ကုလားထိုင်လေးရွှေ့ပြီး ကိတ်ကိုတင်လိုက်ရင်း
" မပျက်စီးသေးပါဘူး ကလေးရယ်... "
လင်း ကပြုံးပြီးပြောလိုက်ပေမဲ့ မိုး ကတော့ နှုတ်ခမ်းလေးဆူကာ
" ၂ ခြမ်ကွဲသွားပြီလေ ..... "
" အို .. ပြီးရင်လဲ ခွဲရမှာပဲ။ တခါထဲ ခွဲပြီးသားတောင်ဖြစ်သွားတာပေါ့ကွယ်.... "
ရယ်ရယ်မောမောဖြင့်လင်းပြောလိုက်သောအခါ
" ဒါပေမဲ့ ပုံပျက်နေတဲ့ကိတ်ကြီးနဲ့တော့ မ ရဲ့မွေးနေ့ကို မကျင်းပပေးချင်ဘူး ... "
ငိုမဲ့ငိုမဲ့မျက်နှာလေးနဲ့ မိုးပြောတော့ လင်း ကရယ်ကာ
" ကလေးကို မပြောဖူးတယ်မဟုတ်လား .... အဓိက ကစိတ်ပါဆို .... ဒီကိတ်လေးထဲမှာ ကလေးရဲ့ စိတ်စေသနာတွေအပြည့်မ မြင်နေရတယ်။ မတော့ဒီကိတ်လေးကို တအားနှစ်သက်တယ်ကလေး ရဲ့ .... "
ပြောပြောဆိုဆိုဖြင့်လင်း ကိတ်မုန့်အပိုင်းအစလေးတစ်ခုအား လက်ဖြင့်သာ ဖဲ့ယူလိုက်ပြီး စားလိုက်လေသည်။ မိုး မျက်လုံးလေးတွေ ဝိုင်းစက်သွားပြီး
" မ, ဖယောင်းတိုင်မထွန်း ရသေးဘူးလေ ... မိုး Birthday Song လဲမဆိုပေးရသေးဘူး .... "
" ဟီး မလိုပါဘူးကွာ ..... "
လင်း မုန့်ကိုင်ထားသည့်လက်ဖြင့်မေ့ပြီး မိုး ရဲ့ပါးလေးကို ဖျစ်ဆွဲလိုက်တော့ လက်ညှိုးထိပ်က ခရင်မ်အချို့က မိုး ပါးကိုပေသွားသည်။
" အဲ့ပေကုန်ပြီတော့ .... "
ဟိုဘက်လက်လေးနဲ့ အသာပြန်သုပ်ပေးပြီး
" အရမ်းစားကောင်းတယ်ကလေးရဲ့ .... ဘာလို့ မ ရဲ့ကလေးလေးက ဘာလုပ်လုပ်တော်နေရတာလဲလို့ ..... လာ ပါးစပ်ဟ .... "
လင်း ခွံကျွေးသည့်မုန့်အား မိုး စားလိုက်ပြီး
" အဲ့လောက်လည်း မကောင်းပါဘူး မ ရာ ..... "
" ဟင်ကလေးကလဲ ဒီလောက်ကောင်းတာကို အပြင်ကမုန့်ဆိုင်တွေက ကိတ်တွေတောင်မှ ဒီလောက်မကောင်းဘူး .... ကလေး လုပ်ထားတာ တကယ်ကောင်းတာ မ တအားကြိုက်တယ်သိလား .... မ အကုန်စားပစ်မှာ ..... "
ပြုံးရွှင်စွာဖြင့်သူ့ကလေးကိုကြည့်ပြီး လင်း ကိတ်မုန့်တွေကို တစ်လုပ်ပြီးတစ်လုပ်ဖဲ့ဖဲ့စားနေပါသည်။ မိုး ကတော့သူ့မမကိုသာငေးမောကြည့်နေကာစောစောကအဖြစ်အပျက်များကိုမေ့သွားပုံရသည်။
ကလေးမျက်နှာလေး ပြန်ရွှင်လန်းလာတော့မှ လင်း စိတ်ထဲကနေ သက်ပြင်းချနိုင်တော့သည်။ တကယ်တော့စောနကအဖြစ်အပျက်ကြောင့်လင်း ရင်တွေတုန်နေတာတောင်ကောင်းကောင်းမပျောက်သေး ။ စိတ်ထဲမှာ အခုထိကြောက်နေတုန်းပါ ။ သို့ပေမဲ့လဲ ကလေးရှေ့မှာမို့ စိတ်ကိုတင်းကာမေ့မေ့ပျောက်ပျောက်ဖြစ်အောင်နေပြရသည်။ သူကအကြီးမဟုတ်ပါလား ။ အကြီးလဲဖြစ်ဆရာမလဲဖြစ်တာမို့ သူက တက်ကြွရွှင်လန်းပြနေမှ ကလေးကလဲ ပို၍ရွှင်လန်းနိုင်မည်မဟုတ်လား ။
X X X X X X X
နဖူးပေါ်လက်ကလေးတင်ရင်း လင်း တစ်ညလုံးအိပ်လို့မရခဲ့ ။ ကလေးရေးထားတဲ့ စာသားတွေကို ထပ်ခါတလဲလဲ ပြန်လည်မြင်ယောင်နေမိသည်။
" ကလေးကငါ့ကို ချစ်နေတာတဲ့လား ... အစ်မတစ်ယောက်ထက်ပိုတဲ့သံယောဇဉ်နဲ့ ..... ချစ်သူတစ်ယောက်လိုချစ်ရတာတဲ့လား ကလေးရယ် ... "
သက်ပြင်းတွေချလိုက်ဟိုဘက်ကိုလှိမ့်လိုက်ဒီဘက်ကိုလှိမ့်လိုက်ဖြင့်ဆက်ကာဆက်ကာတွေးနေမိရင်း အချစ်ဆိုသည့်အဓိပ္ပာယ်အပေါ် အဖြေရှာနေသည်။
" ချစ်သူတစ်ယောက်အပေါ်ချစ်တဲ့ အချစ်ပုံစံက ဘယ်လိုမျိုးလဲ ? ငါလဲကလေးကို ချစ်တာပဲလေ ..... ညီမလေးတစ်ယောက်လို ငါသိပ်ချစ်တယ်..... ညီမလေး လို ..... ဒါဆို ချစ်သူကိုချစ်တဲ့အချစ်နဲ့ ညီအမလိုချစ်တဲ့အချစ်ကို ဘယ်လိုခွဲခြားနိုင်လဲ ? ကလေးကကော ငါ့ကို အစ်မတစ်ယောက်လိုချစ်တာမျိုးလဲ ဖြစ်နိုင်တာပဲလေ .... သူက ကလေးဆိုတော့ ဖြစ်လာတဲ့သံယောဇဉ်အပေါ်ဝေခွဲမတတ်တာလဲ ဖြစ်နိုင်တာပဲ ....... အို .. ဒါပေမဲ့ ငါ့ကိုစတွေ့တဲ့နေ့တုန်းထဲက သူရင်တွေခုန်ခဲ့တယ်လို့ရေးထားတာပဲ ......... "
တစ်ဖက်သို့လှည့်ကာ ခွခေါင်းဦးလေးကို ဖက်လိုက်မိပြန်သည်။
" ရင်ခုန်တယ်ဆိုတာ ဘယ်လိုလဲ ? ရင်ခုန်မှုဆိုတာ ဘာကိုပြောတာလဲ ... "
ငယ်ငယ်ကျောင်းသူဘဝထဲက ယခုတိုင်ချစ်သူလဲမရှိခဲ့လို ချစ်ဖူးတဲ့လူလဲ မရှိခဲ့သေးတာမို့ လင်း အချစ်အကြောင်းနဲ့ပတ်သတ်လာရင်တော့ မကျွမ်းကျင်ပေ။
ဒီညတော့ လင်း တစ်ယောက်အတွေးကမ္ဘာထဲချာချာလည်နေမိပါတော့သည်။
X X X X X X X X
မနေ့က လင်း ရဲ့မွေးနေ့မှာ ဘုရားမသွားဖြစ်တာမို့ ဒီနေ့ကျောင်းပိတ်ရက်မှာ သွားကြဖို့အတွက်မိုး လင်း ကိုလာခေါ်ခဲ့သည်။
အိမ်ရှေ့သို့ ကားဆိုက်တာနဲ့ မိုး ခါးတစ်ဝက်စာမျှကြီးသည့်Pooh ဝက်ဝံရုပ်ကို လက်တစ်ဖက်ကပွေ့ကာ တစ်ဖက်က အိုမီဂါနာရီထည့်ထားသည့်လက်ဆောင်ဗူးလေးကို ကိုင်ဆောင်ရင်း အိမ်အတွင်းသို့ဝင်သွားခဲ့သည်။
" သမီးဆရာမက အခုထိဖြီးလိမ်းလို့ မပြီးသေးဘူး သမီးရေ .... အခန်းထဲမှာ ဝင်သာသွားလိုက်ပါတော့ ...... "
" သမီးရေ ဒီမှာ ကလေးရောက်နေပြီကွဲ့ .... မြန်မြန်ဖြီးလိမ်းပါကွယ်..... "
လင်းမေမေက မိုး ကိုလဲပြော ပြီးတော့ အခန်းထဲမှာရှိနေသည့်သူ့သမီးကိုလဲ လှမ်းအော်လိုက်လေသည်။
" ဟုတ်ကဲ့ပါမေမေ ..... "
လင်း ပြန်အော်ပြောလိုက်ကာ အခန်းထဲသို့ဝင်လာသည့်သူ့ကလေးလေးကို မှန်ထဲကနေ လှမ်းမြင်လိုက်ရသည်။
လက်ထဲမှာလဲ Pooh ရုပ်အကြီးကြီးနှင့်ဝင်လာသည့်မိုး ကို လင်း လှည့်ကြည့်လိုက်၏။
" ကလေး ...... "
မိုး လက်ထဲ၌ပိုက်လာသည့် Pooh ရုပ်ကြီးအား လင်း ရဲ့ပေါင်ပေါ်သို့ တင်ပေးလိုက်ပြီး
" မ အတွက်မွေးနေ့လက်ဆောင်.... "
လက်ထဲက နာရီဘူးလေးကိုလဲ လင်း ထိုင်နေသည့်ရှေ့မှ မှန်တင်ခုံပေါ်သို့ တင်ပေးလိုက်သည်။
" ကလေးရယ်လက်ဆောင်တွေက များလှချည်းလား ... "
" မများပါဘူး မ ရယ်..... ၂ ခုထဲဟာကို ..... ဒီနေ့မှပေးဖြစ်လို့ Sorry ပါနော်မ .... "
လင်း ခါးစောင်းမျှရှိသည့်pooh ရုပ်ကြီးကိုပွေ့ဖက်ကာ သဘောကျနေလေသည်။ ဒီနေ့တော့ မ မှာ ရိုးရိုးရှင်းရှင်းလေးပဲ ဆံထုံးလေးကိုထုံးလျက်မိုးပေးတဲ့ကလစ်လေးကလဲ ဆံနွယ်တွေထက်နေရာယူနေသည်။ အနက်ပေါ်မှာ အဖြူရောင်ပန်းပွင့်လေးတွေပါသည့်အင်္ကျီလုံချည်ဝမ်းဆက်ဖြင့်ဒီနေ့ရဲ့အလှမှာလဲ ယဉ်ယဉ်လေးနဲ့ မိုး ကိုရူးသွပ်စေပြန်သည်။
ပေါင်ပေါ်က အရုပ်လေးအား သဘောကျဝမ်းသာစွာပွေ့ဖက်နေသည့်လင်း ရဲ့အလှကို မိုးငေးမောကြည့်နေစဉ်မှာပဲ လင်း ကသူ့ကိုရုတ်တရက်မော့ကြည့်လိုက်တာမို့ မိုး သူခိုး လူမိဖြစ်သွား၏။
" အဟမ်..... ဟို ... မိုး ကားပေါ်ကပဲစောင့်နေတော့မယ်နော်.... "
သူခိုးလူမိသွားတာမို့ မိုး ရှက်ကိုးရှက်ကန်းတွေဖြစ်ပြီးပြန်ထရပ်ကာ အပြင်ထွက်မည်အလုပ်လင်း ကသူ့လက်လေးကို လှမ်းဆွဲလိုက်သည်။
" ဟင် ကလေး ..... လက်တွေက ဘာလို့အေးနေရတာလဲ ... "
လင်း တအံ့တသြနဲ့မေးလိုက်တော့ မိုး သူ့လက်လေးကို အသာလေးပဲ ပြန်ဆွဲယူရုတ်သိမ်းလိုက်လေသည်။
" ဟို မိုး ကအဲ့လိုပဲ .... လက်က အမြဲလိုလိုအေးနေတတ်လို့ပါ။ မိုး ကားပေါ်ကပဲစောင့်နေမယ်မ .... "
ပြောပြောဆိုဆိုနဲ့ မိုး အခန်းပြင်သို့ ခပ်သုတ်သုတ်ထွက်သွားပါသည်။ လင်း လဲ မိုး ရဲ့ခံစားချက်အစစ်အမှန်ကို သိနေတာမို့ သက်ပြင်းလေးတစ်ချက်ချလိုက်မိသည်။
" ငါကြည့်လိုက်လို့ သူရှက်သွားတာဖြစ်မယ်.... "
မှန်တင်ခုံပေါ်တင်ထားခဲ့တဲ့ ဗူးလေးကို လင်းဖွင့်ကြည့်လိုက်တော့ကျောက်လေးတွေစီထားသည့်လှပလွန်းသည့်အိုမီဂါနာရီလေးတစ်လုံး ။
" အို ကလေးရယ် .... ဒီလိုအဖိုးတန်ပစ္စည်းတွေ ဝယ်လာပြန်ပြီကွာ။ ဟင်း ... "
လေးလေးပင်ပင်သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ သူဒီလိုလက်ဆောင်တွေ ရတိုင်း ရင်လေးရ၏။ သို့ပေမဲ့ စစ်မှန်သည့် စေတနာမေတ္တာနဲ့ပေးတဲ့ ကလေးရဲ့လက်ဆောင်တွေကိုလဲ သူမငြင်းဆန်ရက်။ ငြင်းဆန်နေလျှင်မနေ့ကကိစ္စကြောင့်သူငြင်းဆန်ပါတယ်လို့ ကလေးအထင်မှားကာ စိတ်ထိခိုက်နေဦးမည်။ ဖြစ်နိုင်မယ်ဆိုပါလျှင်အခုလိုအချိန်မျိုးမှာ သူကလေးကို အရင်ကထက်ကိုပင်ပိုဂရုစိုက်ရမည်။ ထို့ကြောင့် လင်း နာရီလေးကို ထုတ်ပတ်လိုက်၏။ ဒါမှ သူပတ်လာတာကို ကလေးလေးမြင်ပြီးပျော်သွားမည်မဟုတ်ပါလား။
လင်း ကားပေါ်သို့တက်လာသောအခါ လက်မှာနာရီလေးပတ်လာတာ မြင်လိုက်သည်မို့ မိုးပျော်သွားသည်။ ခပ်ရေးရေးလေးပြုံးကာ ဟိုဘက်တစ်ဖက်က ကားမှန်ဆီသို့သာ အကြည့်ကိုလွှဲလိုက်၏။ လင်း လည်း မိုးရဲ့ ခပ်ရေးရေးအပြုံးလေး မြင်လိုက်ရပြီမို့ စိတ်ချမ်းသာရပါသည်။
ဒီတစ်ခေါက်နဲ့ဆိုရင်သူတို့ရွှေတိဂုံဘုရား အတူလာရောက်ဖူးမြော်ကြတာ ၃ ကြိမ်တိတိရှိပါပြီ။ ရာသီဥတုလေးလဲ သာယာနေတာမို့ ဘုရားမှာ လင်း ပန်းဆီမီးရေချမ်းကပ်သည်။ ဘုရားရှိခိုးပြီးတော့လဲ ပုတီးထိုင်စိပ်၏ ။ မိုး ကေတာ့ သူ့ဆရာမလေးနားက တဖဝါးမျှမခွာ ။ဘေးနားမှာပဲ ငုတ်တုတ်လေးထိုင်ကာ စိတ်ရှည်လက်ရှည်နဲ့ ထိုင်စောင့်ပေးခဲ့သည်။
ပြီးတဲ့နောက်မှာတော့လင်းခေါင်းလောင်းသွားထိုးလေသည်။
" မ .... မိုးသေချာမသိတာလေးတစ်ခုလောက်မေးချင်လို့ .. "
"မေးလေ ကလေးရဲ့ ... "
" ဘာဖြစ်လို့ လူတွေက ဘုရားရှိခိုးပြီးကြရင်ခေါင်းလောင်းထိုးကြတာလဲဟင်?
" သြော် အဲ့ဒါက .... ဘုရားရှိခိုး အမျှဝေပြီးတဲ့အခါမှာ နတ်လူနဲ့ ၃၁ ဘုံကျင်လည်နေတဲ့ သတ္တဝါအပေါင်း အမျှဝေတာကို သာဓုခေါ်နိုင်အောင်။ ကြားရအောင်ဆိုပြီးခေါင်းလောင်းထိုးကြတာ ကလေးရဲ့။ အိမ်မှာဆိုရင်တော့ကြေးစည်ထုကြတာပေါ့ ..... "
လင်းသေချာရှင်းပြတော့ မိုးခေါင်းလေး တညိမ့်ညိမ့်ဖြင့်နားထောင်သည်။
"အော်အဲ့လိုလား ..... "
"ခေါင်းလောင်းထိုးရင်ကြေးစည်တီးရင်ဘယ်လိုကုသိုလ်မျိုးတွေ ရတတ်တယ်ဆိုတာကော ကလေးသိလား ? "
" အမ်း .. သေချာတော့မသိဘူး။ ဒီတိုင်းကုသိုလ်ရတယ်ဆိုတာပဲ သိတယ်မ ... "
" ဒီလိုခေါင်းလောင်းတွေကြေးစည်တွေတီးတဲ့အခါနောင်ဘဝကျရင်သာယာချိုသာတဲ့အသံကို ပိုင်ဆိုင်နိုင်ကြတယ်။ ကလေးနားလည်အောင်ပြောပြရရင်အခု အသံကောင်းလွန်းတဲ့ အဆိုတော်တွေရှိတယ်မဟုတ်လား ... "
" ဟုတ် ... "
" အဲ့အဆိုတော်တွေ ဒီဘဝဘာလို့ အသံအရမ်းကောင်းကြတာလဲဆိုတော့ အရင်ဘဝကခေါင်းလောင်းတွေကြေးစည်တွေ တီးခဲ့ကြလို့။ နောက်ပြီး အခုလို ဘုရားစေတီတွေမှာခေါင်းလောင်းလေးတွေ လှူဒါန်းကြလို့ပေါ့ ... "
"အာ.. အဲ့လိုလား ... "
တအံ့တသြဖြစ်နေတဲ့မျက်နှာလေးနဲ့ ဖြူစင်တဲ့ မိုး ရဲ့အပြုအမူတွေကို ကြည့်ပြီး လင်း သဘောကျစွာပြုံးလိုက်မိ၏ ။ ပြီးတော့ခေါင်းလေးကိုပွတ်သတ်ပေးရင်း
" ၁၀ တန်းစာမေးပွဲပြီးရင်... မ ကလေးကို ဘုရားတရားနဲ့ပတ်သတ်တဲ့ စာအုပ်လေးတွေပေးဖတ်ခိုင်းဦးမှပါ။ အဲ့ဒါမှ ကလေး ဒီထက်ပိုပြီးတော့ ဘာသာရေးအကြောင်းကိုသိလာမယ်ပိုပြီးဘုရားတရားအကြောင်းတွေ နားလည်လာလိမ့်မယ် ... "
" ဟုတ်ကဲ့ .... စာမေးပွဲပြီးရင်ပေးဖတ်ပါနော်.... မိုး လဲ ကိုယ့်ကိုကိုယ်အများကြီးသိဖို့ လိုအပ်နေသေးတယ်လို့ထင်တယ်။ သိလည်း သိချင်မိတယ် .... "
" စိတ်ချ။ ကလေး စာမေးပွဲဖြေပြီးတာနဲ့ မ ရှိသမျှစာအုပ်တွေ ကလေး အိမ်ကိုပို့ပေးမယ်ဟုတ်ပြီလား .... "
လင်း ရယ်ရယ်မောမောနဲ့ပြောလိုက်တော့
" မ ပင်ပန်းပါ့မယ်။ မိုး ပဲ လာယူမယ်နော် .... "
မိုး လင်း ကိုပြုံးပြုံးလေးရယ်ပြီးပြောလိုက်တော့သည်။
" ကလေး ..... မ .. ကလေး နဲ့ဓာတ်ပုံရိုက်ချင်တယ်.... "
လင်းပြောကာ သူ့စလင်းဘတ်အိတ်ထဲမှ ဖုန်းလေးကိုထုတ်လိုက်ပြီး
" ဟိုတစ်ခေါက်ကလို ရိုက်ချင်တာ အဲ့ဒါဘယ်လိုလုပ်ရလဲ မ ကိုသင်ပေးပါဦး ကလေးရယ်... "
" ဟုတ်လွယ်လွယ်လေးပါ မ ရဲ့။ မိုး ပြမယ်နော် ... "
ဖုန်း၏အရှေ့ကင်မရာသို့ပြောင်းကာရိုက်သည့်နည်းအား မိုး လင်း ကိုသေချောချာရှင်းပြီးနောက်ဆရာတပည့်၂ယောက် Selfie ဆွဲကြလေသည်။
လင်း ကမြင်သူငေးလောက်အောင်ပန်းလေးတစ်ပွင့်ကဲ့သို့ လှပစွာပြုံးနေပြီး မိုး ကတော့ ပြုံးတယ်ဆိုယုံမျှသာ ခပ်သဲ့သဲ့လေးပြုံးထားသည်။ အကြောင်းကတော့ မိုး လင်း နဲ့အရမ်းနီးနီးကပ်ကပ်ရှိနေတာမို့ရင်တွေတဒိတ်ဒိတ်ခုန်နေခြင်းကြောင့်သာဖြစ်ပေသည်။
ဓာတ်ပုံထဲမှ လင်း ရဲ့မြန်မာဆန်ဆန်ဆံထုံးလေးနဲ့အလှဟာ မည်သူမှ စာဖွဲ့မမှီအောင်လှပလွန်းနေခဲ့ပြီး ပိုးဟပ်ဖြူလေးဖြစ်တဲ့ မိုး မှာလဲပြိုင်ဆိုင်မရအောင်ချစ်ဖို့ကောင်းနေလေသည်။
ညရောက်တော့ လင်း စဉ်းစားမိပြန်သည်။
' ကလေးကလည်း ငါပြုံးနေရင်သူပျော်နေတတ်တယ်။ ငါ့ကိုမြင်ရင်လည်း သူပျော်တယ်။ ငါနဲ့အတူနေရရင်ကို သူပျော်နေတယ်။ ဒါဆို ငါကကော ? ငါလည်း ကလေးပြုံးနေရင်ပျော်တယ်။ ပြီးရင်သူ့မျက်နှာလေးတစ်ချက်ညှိုးရင်ငါ့မှာနေမတတ်ထိုင်မတတ်ဖြစ်ခဲ့ရတယ်။ ကလေးနဲ့အတူရှိနေရင်ငါလဲပျော်တယ်။ ကလေးသာ မရှိတော့ရင် ငါနေတတ်ပါ့မလား ´
ဘေးနားက Pooh အရုပ်ကြီးအား လင်း အားရပါးရပွေ့ဖက်လိုက်ရင်း
' ငါကော ကလေးကိုချစ်တယ်ဆိုတာ ဘယ်လိုချစ်တာမျိုးလဲ ? ဒီအတိုင်း ညီမလေးတစ်ယောက်လို ချစ်နေတာပဲ မဟုတ်ဘူးလား ? ညီမလေးစိတ်ညစ်တာကို မမြင်ချင်တဲ့ အစ်မ၊ ညီမလေးကို သိပ်ချစ်လွန်းလို့ အမြဲသူပျော်နေတာလေးကိုပဲ မြင်စေချင်တဲ့ အစ်မတွေ ကမ္ဘာမှာ အများကြီးပဲလေ။ ဟုတ်တယ်မဟုတ်လား ? ကလေးရေးထားတဲ့ ချစ်သူလိုချစ်တဲ့အချစ်ဆိုတာ ဘယ်လိုမျိုးလဲ ? ညီအစ်မချစ်ခြင်းနဲ့ကော ဘယ်လိုကွာခြားလဲ ? ငါတကယ်မသိတော့ဘူး .... ဟင်း ... ´
ဒီရက်ပိုင်း ညညဆိုရင်လင်း ထိုမေးခွန်းတွေကိုသာ အဖြေရှာရှာနေမိသည်။ သို့သော်လဲ ရှာမတွေ့ခဲ့သေး ။နောက်ရက်တွေကျတော့ နားနေခန်းရှေ့က စားပွဲခုံလေးမှာ လင်း နဲ့ အတူတူ မိုး တို့ရဲ့အတန်းပိုင်ဆရာမဖြစ်သည့်ဒေါ်မြတ်မြတ်ဆွေတို့ နှစ်ယောက်အတန်းနားချိန်မို့ စကားဖောင်ဖွဲ့ပြောဆိုနေခဲ့ကြသည်။
မမမြတ်ဟာ လင်း ဒီကျောင်းကိုပြောင်းလာပြီးမှ အမရင်းတစ်ယောက်လိုပင်ခင်မင်ရတဲ့သူတစ်ဦးဖြစ်၏။ မမမြတ်မှာ မိသားစုအသိုင်းအဝိုင်းက ငွေကြေးပြည့်စုံသော်လည်း သူများတွေလို မာန်မာနအလျင်းမရှိ။ အများအပေါ်လဲစေသနာနဲ့ဆက်ဆံသလို တပည့်များအပေါ်မှာလဲမေတ္တာတရားအပြည့်အဝပေးတတ်သူမို့ မမမြတ်မှာ လင်း အရမ်းလေးစားရတဲ့ စီနီယာတစ်ယောက်လဲ ဖြစ်သည်။
" လင်း ... ညီမလေး ... "
" ရှင် မမမြတ် ... "
" အခုတလော ညီမလေးကိုကြည့်ရတာလေ တမျိုးပဲ အမြဲတခုခုကိုစဉ်းစားနေတဲ့ပုံစံပေါက်တယ်။ ဘာတွေစိတ်ရှုပ်စရာများရှိလဲ အစ်မကိုပြောပါဦး ညီမရယ်..... "
မမမြတ်က ဂရုဏာလေသံလေးနဲ့မေးတော့ လင်း သူ့ခေါင်းထဲက အဖြေမထွက်သေးတဲ့မေးခွန်းတွေကိုထုတ်မေးကြည့်ရင်ကောင်းမလား မကောင်းဘူးလား စဉ်းစားသည်။ မမမြတ်က စိတ်ချရတဲ့လူလဲဖြစ်သလို သူလိုချင်နေတဲ့ အဖြေကိုလဲပေးနိုင်မယ်လို့ ယုံကြည်မိတာမို့ပြောပြဖို့ဆုံးဖြတ်လိုက်ပြီး
" ၅၂၈ နဲ့ ၁၅၀၀ ချစ်ခြင်းက ဘာတွေကွာလဲဆိုတာ လင်း စဉ်းစားနေတာ မမမြတ် ... ဒါပေမဲ့ အဖြေက တိတိကျကျမထွက်လာဘူးဖြစ်နေတယ် .. "
မမမြတ်တစ်ချက်ပြုံးလိုက်ပြီး
"အော်ဒါများငါ့ညီမရယ် .. ၅၂၈ ဆိုတာက မိသားစုနဲ့မိဘမေတ္တာ။ သူကမေတ္တာတရားတစ်ခုထဲအပေါ်ပဲ အခြေခံတာ။ မိဘမေတ္တာမောင်နှမမေတ္တာ အမျိုးမျိုးပေါ့ကွယ်..... "
မမမြတ်ပြောတာကို လင်းခေါင်းလေးညိမ့်ကာသေချာနားထောင်နေမိသည်။
" ၁၅၀၀ ကတော့ ချစ်သူရည်စားတွေကို ချစ်တဲ့အချစ်မျိုး။ သူကကျတော့ ၅၂၈ နဲ့လုံးဝ မတူဘူး။ ၁၅၀၀ ကချစ်ခြင်း အစ ရင်ခုန်ခြင်းကစတယ်တဲ့။ အတူတူနေချင်တယ် ... အတူတူရှိချိန်ဆို ရင်တွေခုန်နေတယ်နောက်ပြီးပျော်ရွှင်နေတာမျိုး။ အဲ့ကနေမှ ကိုင်တွယ်ထိတွေ့လိုစိတ်တွေရှိတယ်တခါတခါကျရင်ရနေပေမဲ့လဲ ပိုလိုချင်တာမျိုးပေါ့။ ကိုယ်ကလွဲပြီး သူများကို ဂရုစိုက်ပေးနေရင်မကြိုက်တာမျိုး။ တချို့ကတော့ ၁၅၀၀ ချစ်ခြင်းက ပူလောင်တယ်တဲ့။ အတ္တပါ ပါသွားခဲ့ရင်တော့ ပူလောင်တတ်ကြတာပေါ့ ညီမလေးရယ် .... "
" မမပြောပြမှပဲ လင်းသေချာနားလည်တော့တယ်။ မမမြတ်က အရမ်းတော်တာပဲ အကုန်သိတယ်.... "
လင်း ရယ်ပြီး မမမြတ်ကိုပြောတော့ မမမြတ်ကလဲ ပြန်ရယ်ရင်း
"အော်မလေး ကျုပ်ကလည်း အပျိုကြီးပါရှင်။ သူများပြောဖူးတာလေးတွေ စာထဲပေထဲ ဖတ်ဖူးခဲ့တာလေးတွေ ပြန်Share ပေးတာပါကွယ် ... "
ဘာလို့ လင်းမေးသလဲဆိုတာကိုတော့ မမမြတ်မမေးခဲ့ ။ မမမြတ်မှာ အမြဲသူ့စည်းကိုယ့်စည်းစောင့်သူလဲဖြစ်ပေသည်။ ထို့ကြောင့်လူတကာရဲ့လေးစားခြင်းချစ်ခင်ခြင်းကို ခံရတဲ့ စံယူထိုက်သော ပုဂ္ဂိုလ်လဲဖြစ်၏ ။
X X X X X X X X
ဒီလိုနဲ့ တစ်လခန့်ကြာတော့
" အခုရှင်ယူသုံးထားတဲ့ငွေတွေက Company ကငွေတွေဆိုတလဲ ရှင်သိတယ်နော်? ဒါအလွဲသုံးစားလုပ်မှုရှင့်။ ရှင့်ကိုထောင်ထဲ တန်းထည့်ပစ်လို့ရတယ်နားလည်လား .... "
ဦးကောင်းထက်ပိုင်ဆိုင်သည့်စက်ရုံတစ်ရုံက မန်နေဂျာကိုဒေါ်မူယာသွယ်အော်ငေါက်နေခြင်းသာဖြစ်၏။
"ထောင်ထဲတော့ မထည့်ပါနဲ့ ဆရာကတော်ရယ်။ ကျွန်တော့သမီးလေးအသည်အသန်ဖြစ်ပြီး ဆေးရုံတက်ရလို့ ကျွန်တော်ခဏယူသုံးလိုက်မိတာပါ။ ကျွန်တော်ပြန်ဆပ်မှာပါဗျာ .... "
" ဟ .... ပြန်ဆပ်မှာပါလို့ဆိုရအောင် ... ဒီငွေတွေက အခု Project အသစ်လုပ်ဖို့အတွက်ထုတ်ပေးထားတဲ့ငွေတွေလေ။ အခုလိုနေတာဆိုတာ ရှင်နားမလည်ဘူးလား။ မဖြစ်ပါဘူး ရှင့်ကို ရဲလက်အပ်မှကို ဖြစ်မှာပါ ... "
ရုံးခန်းထဲ၌ စက်ရုံမန်နေဂျာ ဦးအာကာမင်းဒေါ်မူယာသွယ်ရှေ့၌ ဒူးထောက်ထိုင်ချလိုက်ပြီး
"ကျေးဇူးပြုပြီး ရဲလက်တော့ မအပ်ပါနဲ့ဗျာ။ ကျွန်တော်သာမရှိရင်ကျွန်တော့သမီးလေးသေမှာမို့လို့ပါ။ ကျွန်တော်ဆရာကတော်ခိုင်းတာ မှန်သမျှအကုန်လုပ်ပေးပါ့မယ်။ ဆရာကတော်ရဲ့စိတ်တိုင်းကျ အကုန်လုပ်ပေးပါ့မယ်ဗျာ။ ကျေးဇူးပြုပြီးထောင်ထဲတော့ မထည့်ပါနဲ့ဗျာ။ ကျွန်တော်တကယ်တောင်းပန်ပါတယ် ... "
ဒေါ်မူယာသွယ်မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး
" ဒါဆို ရှင်က ကျွန်မသေဆိုသေ ရှင်ဆို ရှင်မှာလား ? "
အခွင့်အရေးပေးမည့်ပုံစံမျိုးနဲ့မေးလိုက်တာမို့ ထိုလူပျာပျာသလဲခေါင်းကိုငုံလိုက်ပြီး
" ဟုတ်ကဲ့ ကျွန်တော်ဆရာကတော်ရဲ့ အမိန့်အတိုင်းသေဆိုသေ ရှင်ဆိုရှင်ပါ့မယ်ဗျာ ..... "
ဒေါ်မူယာသွယ်တစ်ခုခုကိုသဘောကျဟန်ဖြင့်ပြုံးကာခေါင်းတစ်ချက်ညိမ့်လိုက်၏ ။
🌧️ 🌧️ 🌧️