တစ်ယောက်လက်ကို တစ်ယောက်ဆွဲကရွှေတိဂုံဘုရာ ရင်ပြင်ပေါ်သို့မြောက်ဘက်မုခ်ဦးမှ တက်ခဲ့ကြလေသည်။
မိုး ရဲ့ ညာဘက်လက်ထဲမှာကတော့ပန်းနုရောင်ရေမွှေးနှင်းဆီပန်းလေး ၅ ပွင့်ကိုစုစည်းထားသော ပန်းစည်းလေး ။ အိမ်မှာကိုယ်တိုင်ကိုယ်ကျစိုက်ထားတဲ့ နှင်းဆီပန်းပင်များမှာ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှ ၆ ပွင့်တောင်ပွင့်လေသည်။ အဲ့ဒါနဲ့ ၅ ပွင့်ကို ဘုရားပန်းကပ်ဖုိ့ ရည်စူးကာ သတ်သတ်ဖယ်ထားပြီး ၁ ပွင့်ကိုတော့ ချစ်ရပါသော မမလင်း ကို မိုးကိုယ်တိုင်ပန်ပေးခဲ့ခြင်းဖြစ်သည်။
" မ ကဘာနေ့သမီးလဲဟင်? "
" ကြာသာပတေး .... "
မိုး မျက်လုံးလေးများဝိုင်းစက်သွားပြီး
" ဟင်.... မိုး နဲ့အတူတူပါပဲလား ... မိုး ထင်ထားတာ မ ကဗုဒ္ဓဟူး သမီး များလားလို့ .... "
" နာမည်အရကြည့်ရင်တော့ ဟုတ်တယ်ကလေးရဲ့ .... ငယ်ငယ်ကမ ကိုမွေးပြီးတော့ဗေဒင်ပညာနည်းနည်းတတ်ကျွမ်းတဲ့မေမေ့ရဲ့ဘကြီးကဗေဒင်တွက်ပေးခဲ့တယ်တဲ့ .... သူပြောတာ မ ကမွေးကည်းက ကံဇာတာအညံ့ထဲမှာ ရှိနေတယ်တဲ့ အဲ့ဒါကြောင့်နာမည်ကိုနေ့နံပြောင်းပြီး ပိုခွန်အားကြီးတဲ့ ဗုဒ္ဓဟူးနေ့နံကိုပြောင်းမြည့်ပေးလိုက်တာလို့မေမေကပြောဖူးတယ်... "
" ဗုဒ္ဓဟူး ဆိုတော့ ဆင်...... ဆင်ဆိုတော့ အကောင်ပိုကြီးတယ်... အဲ့တော့ အားပိုရှိတယ်... ဒါဆို မ ကို ပိုအားရှိအောင်ဒီနာမည်ပေးထားတာဖြစ်မယ်နော်.... "
မိုး ရွှတ်နောက်နောက်နဲ့ပြောတော့ လင်း ရယ်လိုက်မိသည်။
" အားရှိဖို့ဆိုတာအမြဲနေကောင်းပြီး ကျန်းမာနေမှရမှာလေ ... အဲဒီတော့မေမေတို့က မ ကိုကျန်းမာရေးကောင်းအောင်လို့ ဒီနာမည်ပေးခဲ့တာဖြစ်မယ်.... "
မိုးခေါင်းလေးညိမ့်လိုက်ရင်း
" အခု မ ရဲ့နာမည်လေးကလဲ တကယ်လှပါတယ်.... မ နဲ့လိုက်တယ်..... "
" ကလေး ရဲ့ နာမည်လေးလဲ လှတယ်သိလား ..... "
" ဟုတ်လား ... ဟီး ..... "
မိုး မျက်လုံးလေးမှေးစင်းသွားအောင်ရယ်တော့
" မိုး ဆိုတော့ ကလေးက မိုးတွင်းမွေးတာလား ? "
" ဟုတ်..... မိုး ကို မိုးတွင်းမှာပဲမွေးခဲ့တာ ....မွေးမဲ့နေ့က မိုးတွေတအားရွာနေတယ်လို့လဲDaddyပြောဖူးတယ်... "
" ကလေးမွေးနေ့က ဘယ်နေ့လဲ ? "
" August 1 ရက်နေ့မရဲ့ ..... "
" Ahhh ဒါဆို Leo ရာသီဖွားပေါ့ ...... "
" ဟာ ... မ ကအဲ့ဒါတွေလဲ သိနေတာပါလား ..... "
" သိတာပေါ့ .... ရာသီအားလုံးတော့ အလွတ်မရပါဘူး ... Leo ကတော့ မ နဲ့သိပ်မစိမ်းတဲ့ရာသီမို့လို့လေ ..... ဘာလို့လဲဆိုတော့ မ က Virgo ရာသီဖွားလေ .... "
" ဟင်... ဒါဆို ...... "
လင်း ရယ်လိုက်ကာ
" ဟုတ်တယ်မ လဲ August ဖွားပဲ ..... မ ကို August 31 မှာမွေးတာလေ ..... "
မိုး ပါးစပ်အဟောင်းသားဖြစ်သွားလေတော့သည်။ သူနဲ့ သူ့မမကမွေးသည့်နေ့နံတူရုံတင်မကဘူးမွေးသည့်လက လည်းတူနေပြန်သည်။ မိုး အတွေးနဲ့တင်ဝမ်းသာသွားရ၏ ။
" အဲ့ဒါကြောင့်မို့ မ ကစိတ်သဘောထားနူးညံ့တာကို .... Virgo ရာသီဖွားတွေက စိတ်သဘောထားနူးညံ့ကြတယ်... သူတစ်ပါးကိုလဲ ပညာတတ်မြောက်လွယ်အောင်သင်ပေးတတ်တယ်တဲ့ .... အခု မ လိုပေါ့ .... အဲ့ဒါအပြင်တိရိစ္ဆာန်လေးတွေနဲ့လဲ လက်ပွန်းတတီးနေတတ်တယ်မ ရဲ့ ... ဥပမာခွေးလေးတစ်ကောင်ကို လက်ပေးဆိုပြီး သင်ပေးတာကို တခြားလူတွေက သင်ပေးတာထက်Virgo မှာမွေးတဲ့လူတွေက သင်ပေးတာက ပိုတတ်မြန်တယ်တဲ့ ... တိရိစ္ဆာန်လေးတွေက Virgoရာသီခွင်မွေးတဲ့ လူတွေဆို သိပ်ချစ်ကြတယ်လေ ... "
" မိုး ကသိလှချည်းလား ... "
လင်းပြောလိုက်တော့ မိုး သူ့ကိုပြုံးကြည့်ရင်း
" သိဆို မိုးရဲ့မေမေကလဲ Virgo ဖွားကို မ ရဲ့ ...မေမေက September မှာမွေးတာ သူလဲ Virgo ပဲ ..... "
လင်း . မိုး ရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း
"အော်....... "
" အဲ့ဒါအပြင်Virgo ရာသီဖွားတွေမှာ Talent တစ်ခုရှိတတ်သေးတယ်တဲ့ ..... "
" ဘာများလဲ ကလေးရဲ့ ? "
လင်း စိတ်ဝင်တစားမေးလိုက်တော့
" ဂီတမှာလဲ ထူးချွန်တယ်တဲ့ ... အနုပညာပါရမီ ရှိတတ်တယ်.....မေမေ လဲ Virgo မှာမွေးလို့ထင်တယ်ဂီတမှာ ဆရာတစ်ဆူဖြစ်ခဲ့တယ်လေ ..... ဒါနဲ့ မကော ? အနုပညာ ဝါသနာ မပါဘူးလား ? "
မိုးအမေးကြောင့်လင်း ပြုံးလိုက်ကာ
" ဘယ်သူ့ကိုမှတော့ မပြောပြဖူးဘူး ဒါပေမဲ့ ကလေးကိုတော့ပြောပြမယ်.... "
လင်းပြောတော့ မိုး ရယ်ကာ
" ဟုတ်.... "
" မ .. ဂစ်တာတီးတတ်တယ်.... "
မိုး မျက်လုံးလေးတွေ ပြူးသွားကာ
" တကယ်? "
" အင်း ..... ပညာရေးကောလိပ်တက်တုန်းက အဆောင်ကသူငယ်ချင်းတစ်ယောက်သင်ပေးလို့တီးတတ်သွားတာ .... အဲ့သူငယ်ချင်းက ချင်းမလေးလေ .... သူဆို မိန်းကလေးဆိုပေမဲ့ ဂစ်တာတီးတာ သိပ်ကျွမ်းကျင်တာ ... "
" Wowwတော်တာပေါ့ .... ဒါနဲ့ မ အခုနောက်ပိုင်း မတီးဖြစ်တော့ဘူးပေါ့ ? "
" ဂစ်တာမရှိတော့တာကြောင့်လဲ ပါမယ်.... ရှိရင်တောင်မှ ကိုယ်ကကျောင်းဆရာမဖြစ်နေပြီမို့ သိပ်မသင့်တော်တော့ဘူးထင်လို့တီးဖြစ်မယ်မထင်ပါဘူးလေ .... "
" ဆိုင်တော့ မဆိုင်ပါဘူး မ ရယ်.....နောက်ကျရင်မိုး ကိုတခါလောက်ဂစ်တာတီးပြနော်..... "
မိုး အားတက်သရော်ပြောတော့ လင်း ရယ်လိုက်ကာ
" ဂစ်တာအရင်ဝယ်လိုက်ဦးမယ်ကလေးရယ်... ခစ်ခစ်.... ကလေးလဲ မ ကို တခါလောက်တယောတီးပြနော်.... "
မိုး မျက်လုံကွေးလေးဖြင့်ရယ်လိုက်ကာ
" ဟုတ်ဟုတ်...... "
စကားတပြောပြောနဲ့ သူတို့ရွှေတိဂုံဘုရားရင်ပြင်ပေါ်၌ တစ်ပတ်ပတ်တာ ကြာသာပတေးဂြိုလ်တိုင်ရှေ့သို့ရောက်ရှိခဲ့လေပြီ ။
၂ယောက်အတူတူ ဘုရားထိုင်ရှိခိုးခဲ့ကြသည်။ ထို့နောက်၂ယောက်အတူတူရေသပ္ပာယ်ခဲ့ကြရင်း ဘုရားပန်းလဲ တူတူကပ်ခဲ့ကြပါသည်။ ဒီနေ့လေးဟာတော့ သူတို့ ၂ယောက်ရဲ့ ဘဝအတွက်အဓိပ္ပာယ်ရှိသောနေ့လေးတစ်ရက်ဖြစ်ခဲ့လေသည်။
ထို့အပြင်ပျော်စရာကောင်းပြီးမေ့မရသောနေ့လေးတစ်ရက်လဲ ဖြစ်ခဲ့ပါသေးသည်။
ဘုရားရင်ပြင်ပေါ်က ပြန်အဆင်းစောင်းတန်းရောက်တော့ လင်း က မိုး အတွက်လက်ဆောင်လေးတစ်ခု ဝယ်ပေးခဲ့သေးသည်။ အဲ့ဒါလေးကတော့ သစ်သားနဲ့ထွင်းထားသည့်ဟသာင်္ဌက်ရုပ်သော့ချိတ်လေးပင်ဖြစ်ပေသည်။
ဘုရားကအပြန်မိုး သိပ်ကိုသွားချင်နေသည့်Happy World ကစားကွင်းသို့ သွားကြလေ၏ ။
" မ ..... "
" ဟင်ကလေး ? "
" သရဲကြောက်တတ်လား ? "
" အမ်.... "
သရဲကြောက်တတ်လွန်းသူလေး လင်း တစ်ယောက်မျက်လုံးပြူးသွားပေမဲ့ခေါင်းခါယမ်းရင်း အိနြေ္ဒပြန်ဆည်လိုက်ကာ
" မကြောက်ပါဘူး ကလေးရယ် ... "
" ဒါဆို မိုး တို့ သရဲရထားစီးကြရအောင်နော်မ ... "
" ဂလု ... အာ .. အင်း စီးလေ ကလေး .... "
" ဒါဆို မိုး လက်မှတ်၂ဆောင်သွားဖြတ်လိုက်ဦးမယ်နော်... "
မိုး လက်မှတ်သွားဝယ်နေစဉ်လင်း ကတော့ ထိုသရဲရထား စီးရမည့်နေရာရှေ့တည့်တည့်၌ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်သက်ပြင်းကိုသာ အကြိမ်ကြိမ်ချနေတော့သည်။
" အားလုံးက အရုပ်တွေပဲဟာ ငါကဘာကိုကြောက်ရမှာလဲ တစ်စက်လေးမှ မကြောက်ဘူး ငါလူကြီးဖြစ်နေပြီ ... ဆရာမ လုပ်ပြီး သရဲကြောက်စရာလား လင်းဝတ်ရည်သော်.... "
လင်း စိတ်ထဲမှ ကိုယ့်ကိုကိုယ်အားပေးပြီး စိတ်ကိုတင်းထားသည်။ ဒါနဲ့ပဲ ဆရာတပည့်၂ယောက်ရထားတွဲပေါ်သို့ ထိုင်လိုက်ကြသည်။
သူတို့ထိုင်ပြီး သိပ်မကြာခင်မှာပဲ ရထားတွဲက အထဲသို့ တရွေ့ရွေ့ဝင်ခဲ့ပါတော့သည်။ လင်း ကတော့ ရထားတွဲ အထဲကိုဝင်ပြီဆိုတာနဲ့ မျက်လုံးကအော်တိုမစ်တစ်ပိတ်ထားပြီးသား ။
အထဲရောက်တော့အော်သံတွေက စတင်ထွက်ပေါ်လာသည်။ လူသံလိုလို ဟီးဟီးဟားဟားနဲ့ အသံသြသြကြီးတွေ ။ မျက်လုံးပိတ်ထားတယ်ဆိုပေမဲ့ အသံတွေကြားပြီး လင်း ရင်တွေတုန်လာ၏ ။ မိုး ကတော့ ထွက်လာသမျှသရဲရုပ်တွေကို တစ်ချက်ကြောက်ရွံခြင်းမရှိပဲ ပြူးကြည့်နေသည်။
တချို့အရုပ်တွေကို ကြည့်ပြီး မိုး ရယ်ပင်ရယ်မိသေးသည်။
" ဟားဟား တကယ်ရယ်ချင်စရာကြီးတွေ ဟားဟား .... "
မိုး ရယ်ရင်းသူ့မမဘက်လှည့်ကြည့်လိုက်တော့ သူ့မမက မျက်စိကိုတင်းကျပ်စွာမှိတ်ထားသဖြင့်
" မ ဘာလို့မျက်လုံးကြီးမှိတ်ထားတာလဲ ?ကြောက်လို့လား ? "
" မ ~~ မကြောက်ပါဘူး ကလေးရယ်.... "
တပည့်ရှေ့မှာသွေးကြောင်တဲ့လူအဖြစ်မခံနိုင်တာမို့ လင်း မျက်လုံးကိုပြန်ဖွင့်လိုက်လေသည်။ သို့ပေမဲ့ ကံဆိုးချင်တော့ သူမျက်စိဖွင့်လိုက်တဲ့အချိန်ကျမှ အပေါ်ကနေခေါင်းပြတ်သရဲရုပ်ကြီးကဇောက်ထိုးကြီး တွဲလောင်းကျလာပါတော့သည်။
" အားးးးးးးးးးး .......... "
ကျိန်းသေပါသည်လင်း ရဲ့အော်သံကို အပြင်ကဂိတ်စောင့်ပေလျှင်ကြားနိုင်ပေလိမ့်မည်။
စူးရှစွာ လင်းအော်ဟစ်ကာဘေးမှာရှိနေတဲ့ မိုး ကိုတင်းကျပ်စွာပွေ့ဖက်လိုက်လေသည်။ မိုး ကတော့ သူ့မမကိုကြည့်ပြီး ရယ်ချင်နေသည်။
" မရယ်မကြောက်ပါနဲ့ .... အရုပ်ကြီးတွေပါ ..... ဒီမှာကြည့်.... "
မိုးပြောပြောဆိုဆိုနဲ့ အပေါ်ကနေတွဲလောင်းကျနေသည့်ခေါင်းပြတ်ရုပ်ကြီး၏ ဆံပင်ကိုပဲဆောင့်ဆွဲပြလိုက်သေးသည်။
"အောင်မလေး .... မလုပ်ပါနဲ့ ကလေးရယ်.... မကြောက်လိုပါ ....."
တုန်တုန်ယင်ယင်နဲ့ လင်းပြောလိုက်တော့ မိုး လင်း ကိုတင်းကျပ်စွာ ပြန်ဖက်ထားပေးလိုက်ပြီး
"ကြောက်ရင်မျက်စိ ပြန်မှိတ်ထားနော်မ ..... "
လင်း . မိုး ရဲ့ ရင်ခွင်ထဲ၌ခေါင်းကိုထိုးဝှက်ထားလိုက်သည်။ လင်း လဲထိန်းသိမ်းထားမျှ သိက္ခာလေးတွေလဲပျောက်ဆုံးလို့သွားချေပြီ ။
" ဒုတ်ဒုတ်ဒုတ်...... "
ချစ်ရသူက အခုသူ့ရင်ခွင်ထဲမှာမို့ မိုး ရင်တွေတဒိတ်ဒိတ်ခုန်နေလေပြီ ။ ချစ်ရသူကကော သူ့ရဲ့ ရင်ခုန်သံတွေ ကြားနိုင်မည်တဲ့လား ?
ဒီလိုနဲ့ပဲ သူတို့တွေ အပြင်သို့ပြန်ရောက်လာခဲ့ကြသည်။ မိုး တုန်တုန်ယင်ယင်ဖြစ်နေသေးသည့်သူ့ရဲ့ မမ အား နီးစပ်ရာဆိုင်မှ အအေးပုလင်းလေးတစ်ပုလင်းကို အပြေးသွားဝယ်ပေးကာ တိုက်လိုက်ရသည်။ ကားပေါ်မှာ အအေးပုလင်းတွေ ပါလာပေမဲ့ ကာရှိရာဆီသို့ သွားယူနေလျှင်ကြာနေမည်ဆိုသောကြောင့်ဖြစ်သည်။
မိုး ဝယ်လာပေးတဲ့ အချိုရည်ပုလင်းလေးအား လင်း ထိုင်ခုံလေးတစ်ခုပေါ်၌ထိုင်ရင်း ပိုက်ဖြင့်တပြွတ်ပြွတ်စုပ်နေလေသည်။
စာသင်နေသည့်အချိန်တိုင်း အင်မတန်တည်ကြည်ခံ့ညားပြီး ကျတ်သရေရှိလှသည့်လင်း ရဲ့ပုံသဏ္ဍာန်ကို မိုး သဘောကျသလို အခုလိုမျိုးတခါတခါ လင်း ရဲ့ကလေးဆန်မှုလေးတွေကိုလဲ မိုး ချစ်မြတ်နိုးလွန်းလှပါသည်။
မိုး . လင်း ရဲ့ဘေး၌ ဝင်ထိုင်လိုက်ပြီး
" မအရင်ကကော ကစားကွင်းတွေဘာတွေ မရောက်ဖူးဘူးလား ? "
လင်း အတိတ်ကိုပြန်လည်တွေးတောကာ ပြုံးလိုက်မိသည်။
" ဟိုးငယ်ငယ်လေးတုန်းကတော့ တိရိစ္ဆာန်ဥယျာဉ်ကို တခါရောက်ဖူးတယ်ထင်တယ်.... အဲ့တုန်းက တအားငယ်သေးတာမို့သေချာမမှတ်မိတော့ပေမဲ့ဖေဖေနဲ့မေမေ အတူတူလိုက်ပုိ့ပေးခဲ့တာကိုတော့ မ မှတ်မိနေသေးတယ်.....မြွေပြတိုက်ကို သွားကြည့်ပြီးမြွေတွေမြင်တော့ကြောက်ပြီးအော်ငိုတာကိုလဲ မှတ်မိနေတယ်......နောက်ဖေဖေနဲ့လဲ ပြိုင်ကားတူတူစီးကြသေးတယ်ထင်တာပဲ ..... "
မိုးခေါင်းတညိမ့်ညိမ့်ဖြင့်
" မရဲ့ဖေဖေက မ ဘယ်အရွယ်မှာ ဆုံးသွားတာလဲဟင်? "
" အာ .... မ ၅ နှစ်ကျော်ကျော်အရွယ်မှာ ဆုံးသွားတာ။ အဲ့တုန်းကဖေဖေက အမြဲတမ်းလိုလို ခရီးတွေထွက်ရလို့ထင်တယ်မ ရဲ့ ငယ်ဘဝ မှတ်ဥာဏ်ထဲမှာဖေဖေ့ရဲ့ ပုံရိပ်တွေက များများစားစား မကျန်ရှိနေခဲ့ဘူး ... မေမေနဲ့ပဲနေခဲ့ရတာများတာကို ... "
မိုး, လင်း ကိုငေးကြည့်ရင်း
" ဒါပေမဲ့ မ သိပ်ချစ်တယ်မဟုတ်လား မ ရဲ့ဖေဖေကိုလေ .... "
" ဒါပေါ့ကလေးရဲ့ သိပ်ချစ်တာပေါ့။ ဖေဖေဆုံးတော့မေမေက သမီးဖေဖေသေပြီလို့ပြောခဲ့တယ်။ အဲ့အချိန်တုန်းက သေတယ်ဆိုတာ ဘာမှန်းလဲတောင်မ မသိခဲ့ဘူး ....တော်တော်ကြာကြာဖေဖေပြန်အလာကိုမျှော်နေခဲ့မိသေးတယ်.... "
လင်း သူ့ကိုငေးကြည့်နေတဲ့ မိုး အား တစ်ချက်ပြုံးပြလိုက်တော့ မိုး ကလဲ အသာပြန်ပြုံးပြခဲ့သည်။
" အခု သက်သာသွားပြီလား။ ကြောက်စိတ်ကိုပြောတာပါ .... "
" သက်သာသွားပါပြီ။ ကလေးက မ ထက်ပိုသတ္တိရှိတာပဲ .... "
" မိုးကြောက်တတ်တာ ကား ရယ်၊ မိုးခြိမ်းပြီးလျှပ်စီးလက်တာရယ်။ ပြီးတော့ တီကောင်နဲ့မြွေ ... အာ့ပဲရှိတယ် .. "
" မ ထက်တော့ ပိုနည်းပါတယ် .... "
လင်း ရယ်ရင်းပြောလိုက်သည်။
" မကြောက်တတ်တာ မိုး မသိလို့ပါ။ သိရင်သရဲရထားကို တစ်ယောက်ထဲ စီးပါတယ်..... "
" ရပါတယ်ကလေးရယ်... မ ကလေကြောက်နေရင်တောင်မှ အထဲကိုလိုက်ဝင်မိမှာ သိလား ... ဘာလို့လဲဆိုတော့ ဒီကလေလေးကို အထဲတစ်ယောက်ထဲ လွှတ်ရမှာ စိတ်မချလို့လေ ..... "
သူ့ရဲ့ပါးဖောင်းဖောင်းလေးကို ဆွဲပြီးပြောလိုက်တဲ့ လင်း ရဲ့ စကားက မိုး ရဲ့ရင်ခုန်သံစဉ်တွေကို ပြန်လည်နိုးကြားစေခဲ့ပြန်၏ ။
🌧️ 🌧️ 🌧️