ဒုတိယအကြိမ် ဆုံတွေ့မှု
့
ကျောင်းစဖွင့်သည့်ရက်မို့ အတန်းချိန်ရဲ့ ပထမချိန်ကို စာသိပ်မသင်ဖြစ်ခဲ့ ။ အတန်းမှာ အနည်းငယ်ဆူညံနေသည် ။
အတန်းပိုင်ဆရာမလဲ ထုံးစံအတိုင်းသူ့ရဲ့ သြဝါဒစည်းမျည်းစည်းကမ်းတွေအကုန် အတန်းထဲရှိသူ့တပည့်များထံ ပို့ချလို့နေသည် ။
သို့ပေမဲ့ 'မိုးဝသန်လွင်' ဆိုတဲ့ သူမရဲ့မျက်လုံးတွေဟာတော့ အတန်းရှေ့ကကျောက်သင်ပုန်းကို စိုက်ကြည့်နေမိသည် ။ စိတ်ကတော့ သူမတွေ့စုံခဲ့ရတဲ့ ကျောင်းဆရာမလေးဆီက မခွာနိုင်ခဲ့ပေ ။
" နောက်ဆိုရင် ကားလမ်းကူးရင် ဘယ်ညာသေချာကြည့်နော် ကလေး ...... ၂ ဖက်လုံးလမ်းရှင်းမှကူး ......... အဲ့ဒါပိုစိတ်ချရတယ် ...... "
ကျောင်းဝန်းထဲမဝင်ခင်အထိ သေချာမှာကြားခဲ့တဲ့ ဆရာမလေးရဲ့ အမှာစကားမှာ 'မိုးဝဿန်လွင်' ရဲ့နားထဲ ပဲ့ထပ်နေလေပြီ ။
" ကဲ တီချယ်အခုပြောတဲ့ စည်းကမ်းချက်တွေကို သေချာလိုက်နာရမယ်နော် ...... "
အတန်းရှေ့က အတန်းပိုင်ဆရာမရဲ့ အသံကျယ်လောင်စွာပေါ်ထွက်လာမှ သြဝါဒပို့ချတာ ပြီးဆုံးသွားမှန်း 'မိုးဝသန်' သတိထားမိလိုက်သည် ။
" ဟုတ်ကဲ့ ......... "
စကားရောဖောရှောခင်းကာ သူများအော်သလို သူလိုက်အော်လိုက်ပါသည် ။ သို့ပေမဲ့အော်သံက ခပ်သဲ့သဲ့ရယ်ပါ ။
ဒီလိုနဲ့ပဲ နောက်အချိန်တွေကျ သက်ဆိုင်ရာဘာသာရပ် ဆရာမတွေ တစ်ယောက်ပြီးတစ်ယောက် သူ့အချိန်နဲ့သူ ဝင်ကြလေသည် ။
နေ့တစ်ဝက်သာကျိုးသွားလေပြီ ။ 'မိုးဝသန်လွင်' ရဲ့အတွေးတွေကတော့ အခုထိမရပ်တံ့သွားခဲ့ပေ ။
" ပထမဆုံးတွေ့ဖူးတဲ့သူကို အဲ့လောက်ထိနွေးထွေးပေးရအောင် အဲ့ဆရာမက ဘာမို့လို့လဲ ............ "
စိတ်ထဲကနေ တလိပ်လိပ်နဲ့ သိချင်စိတ်က တက်လာလေလေ ထိုဆရာမလေးကို ထပ်တွေ့ချင်မိလေပဲဖြစ်နေသည် ။
တွေ့ချင်စိတ်ကိုအတင်းပြန်မျိုပ်သိပ်ရင်း လက်ထဲကပေါင်မုန့်ကို ဖိကိုက်ချလိုက်တော့သည် ။
" ကလင် ...... ကလင် ...... ကလင် ...... "
မုန့်စားဆင်းချိန် ၁၅ မိနစ်က သူမအတွက်တော့ ခဏလေးလိုပဲဖြစ်သည် ။
ကျောင်းပြန်တက်ပြီမို့ ကျောင်းသူကျောင်းသားတွေလဲ အတန်းထဲသို့အလျှိုလျှိုပြန်ဝင်လာကြလေပြီ ။
၅ မိနစ်ကျော်မျှ ကြာသည်အထိ အတန်းထဲ၌ ဝင်မည့်ဆရာ မရှိသေး ။ ထို့ကြောင့်အတန်းထဲက အတန်းသားတွေရဲ့ ဆူညံ့သံတွေက မတိတ်ကြသေးပေ ။
" ဟိတ် ......... "
'မိုးဝသန်' ရဲ့ဘေးချင်းကပ်ရပ်ခုံ၌ ထိုင်နေသည့် ကောင်မလေးက လှမ်းခေါ်လေသည် ။ သို့ပေမဲ့ ခုံပေါ်မှောက်အိပ်နေသည်မို့ ရုတ်တရက် သတိမထားမိ ။
" ဟိတ် ......... "
ကောင်မလေးက လက်လှမ်းတို့သည့်အခါမှ ခေါင်းကိုဇတ်ခနဲထောင်ကြည့်လိုက်မိလေသည် ။
" ဟင် ? "
" ငါ့နာမည် ဇာလီတင့် ပါ ......... နင့်နာမည်က ? "
" သြော် ...... မိုးဝသန်လွင် ပါ ...... "
" ဟယ် ! နာမည်လေးက လှလိုက်တာ ...... "
ကောင်မလေးက ပြုံးပြုံးရွှင်ရွှင်နဲ့မို့ သူလဲမပြုံးချင်ပြုံးချင်နဲ့ အားနာပါးနာ ပြန်ပြုံးပြလိုက်ရလေသည် ။
ကျစ်ဆံမြီးကိုခါးလည်လောက်ထိ ကျစ်ချထားပြီး ဝင်းဝင်းဝါဝါအသားအရည်ပိုင်ဆိုင်ထားသူ ထိုကောင်မလေးက
" ငါကဒီနှစ်မှမန္တလေးကနေပြီး ဒီကျောင်းကိုပြောင်းလာတာလေ ...... အဲဒါကြောင့် ငါ့မှာ သူငယ်ချင်းလုံးဝမရှိဘူး ......... "
" သြော် ...... "
'မိုးဝသန်' တစ်လုံးထဲသာ ခပ်သဲ့သဲ့ပြန်ပြောလိုက်ပါသည် ။
" ငါနင်နဲ့ခင်ချင်တယ် ...... ရတယ် မဟုတ်လားဟင် ? "
သူခေါင်းပြန်ညိမ့်ပြလိုက်တော့ 'ဇာလီတင့်' ရဲ့အပြုံးဟာ ပါးချိုင့်ကလေးခွက်ဝင်ကာ ပိုမိုအသက်ဝင်သွားခဲ့သည် ။
ထိုစဉ်
" မင်္ဂလာပါ ကလေးတို့ ......... "
" ဟင် ! ဒီအသံ ......... "
ချာခနဲ 'မိုးဝဿန်လွင်' ရဲ့အကြည့်တွေဟာ အတန်းရှေ့က စတိတ်စင်ပေါ်သို့ ဦးတည်ရောက်ရှိသွားပါသည် ။
" သူ ...... သူပဲ ......... "
စိတ်ထဲက ဝမ်းသာအားရရေရွတ်မိရင်း ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ ရင်ဘတ်ပေါ်လက်အုပ်လေး တင်ကာဖြင့်
" မင်္ဂလာပါ ဆရာမ ............... "
တကယ်ပါ တောင့်တနေတဲ့အချိန်မှာ တောင့်တနေမိသူတစ်စုံတစ်ယောက်ကိုမြင်တွေ့လိုက်ရတာဟာ အင်မတန်မှ ဝမ်းသာကြည်နူးစရာပါလို့ မိုး တွက်ဆလိုက်ပေသည် ။
🌧️ 🌧️ 🌧️