Chapter 124
တုန်းချန်တွင် လူမှန်းသိတတ်စအရွယ်တည်းက နေထိုင်လာပြီး သွေးထွက်သံယိုသတ်ဖြတ်မှုများစွာက ပတ်လည်ဝိုင်းနေခဲ့သော သွမ့်ရှီးရှီးအတွက်မူ အပြင်ဘက်မှ မြင်ကွင်းက "တစ်ယောက်ယောက်ပြဿနာရှာနေခြင်း" ဆိုသည်ထက်မပိုပေ။
သို့ရာတွင် ကျွင်းဟွိုင်လန် တံခါးဖွင့်ပြီး အပြင်ဘက်သို့ ကြည့်လိုက်သည့်အခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်အပြင်ဘက်တွင် ရန်ပွဲများဖြစ်ပေါ်နေပြီဖြစ်သည်။
ဆည်ကိုပြုပြင်ရသည့်နေရာက ကျယ်ဝန်းသော်လည်း ဆောက်လုပ်ရေးကာလက အလျင်လိုပြီး အလုပ်သမားအရေအတွက်ကလည်း စုစုပေါင်းထောင်ချီအောင်ရှိသည်။
ယခုချိန်တွင် ဆည်၏အစွန်ပိုင်းမှ ဆောက်လုပ်ရေးနေရာတွင် လူအုပ်ကြီးက စုဝေးကာ ခိုက်ရန်ဖြစ်ပွားနေပြီး ပြင်ဆင်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများကိုပါ ဖျက်ဆီးပစ်နေကြသည်။ သို့ဖြစ်၍ အနားယူရန်အတွက် မြစ်ကမ်းပါးအစွန်တွင်ဆောက်ထားသည့်တဲများကလည်း ယခုအချိန်တွင် ပြိုကျကုန်သည်။
အဝေးမှကြည့်လျှင်ပင် မူလက အစီအစဉ်တကျရှိနေခဲ့သော ဆောက်လုပ်ရေးနေရာက ဖရိုဖရဲဖြစ်နေသည်။ သူနားနေရာသို့ ကျူးကျော်ဝင်ရောက်ရန်ကြိုးစားသည့် လူအချို့ကိုမူ ကျင်းယီဝေ့သက်တော်စောင့်များက တားဆီးထားသည်။
ကျွင်းဟွိုင်လန် ထိတ်လန့်သွားရပြီး မျက်မှောင်မကြုတ်ပဲ မနေနိုင်တော့ပေ။
ဆည်ကို အစီအစဉ်တကျပြန်ပြင်နေတုန်းမှာ လူအုပ်ကြီးက ဘာဖြစ်လို့ ရုတ်တရက်ကြီး ရန်ထဖြစ်ရတာလဲ...
သို့ရာတွင် ကျွင်းဟွိုင်လန်က ထိုအကြောင်းကိုတွေးနေရန် အချိန်မရှိတော့ပေ။
သူ ကျင်းပေါင်ကို ချက်ချင်းအမိန့်ပေးလိုက်သည်။
" မြန်မြန်သွားပြီးတော့ ဒီနေ့ နေ့လယ်ခင်းအတွက် တာဝန်ကျတဲ့အရာရှိကို ချက်ချင်းသွားခေါ်... ပြီးတော့ ဒီစခန်းပတ်ပတ်လည်ကိုစောင့်ဖို့ အစောင့်တွေကိုမှာပြီး တခြားအရာရှိတွေကိုပါ စုခိုင်းထားဖို့ သူ့ကိုပြောလိုက်... အရင်ဆုံး ရန်ပွဲကို တားထားရမယ် အပျက်အစီးမရှိစေနဲ့..."
ကျင်းပေါင်က အမြန်ပြန်ဖြေပြီး ခပ်သုတ်သုတ်ထွက်သွားသည်။
ကျင်းပေါင် အမြန်ထွက်သွားသည်ကို မြင်သည့်အခါ ကျွင်းဟွိုင်လန်က အနီးနားမှ အမှုထမ်းများကို ဖြစ်ကြောင်းကုန်စင် မေးမြန်းရန်လိုအပ်သောကြောင့် အပြင်ထွက်သွားရန် ပြင်လိုက်သည်။
သို့ရာတွင် ထိုအချိန်၌ သူ့ရှေ့တွင် ဓားအိမ်ထဲမှ မထုတ်ရသေးသည့် ဓားတစ်ချောင်းက သူသွားမည့်ဘက်ကို ပိတ်ထားသည်။
ကျွင်းဟွိုင်လန် ကြည့်လိုက်သည့်အခါ သွမ့်ရှီးရှီးက သူ့ကို တားမြစ်ထားကြောင်း မြင်လိုက်ရသည်။
" သခင်လေးက ဒီငယ်သားနဲ့ လိုက်ခဲ့ရပါမယ်..."
" ဆည်ကို ပြန်ပြင်တဲ့နေရာမှာ တစ်ခုခုဖြစ်နေပြီလေ ငါဘယ်လိုလုပ် အရင်ထွက်သွားရမှာလဲ... ဒီကိစ္စကို ငါကိုယ်တိုင် ကိုယ်တွယ်နိုင်ပါတယ် စိတ်မပူပါနဲ့..."
သွမ့်ရှီးရှီးက မျက်လွှာချထားပြီး အနည်းငယ်တွန့်ဆုတ်နေသည့်ပုံပေါ်သည်။
" အရှင်က အမိန့်ပေးသွားခဲ့လို့ ဒီငယ်သားက သခင်လေးကို ကာကွယ်ပေးဖို့လိုပါတယ်..."
ကျွင်းဟွိုင်လန် သူ ဆိုလိုချင်သည်ကို သဘောပေါက်သည်။ သူက ကျွင်းဟွိုင်လန်၏လုံခြုံရေးအတွက်သာ တာဝန်ရှိပြီး အခြားကိစ္စများကို ဂရုစိုက်ရန် မလိုအပ်ဟူသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။
အပြင်ဘက်မှ အခြေအနေက ပို၍ ကမောက်ကမဖြစ်လာသည်ကို ကျွင်းဟွိုင်လန် မြင်နေရသည်။ ထိုလူအုပ်ထဲတွင် အရာရှိအဝတ်အစားများဖြင့် လူအချို့ရှိနေသော်လည်း ဤအခြေအနေကို မထိန်းချုပ်နိုင်သည့်အပြင် သူတို့ပါ အရိုက်ခံနေရသည်။
ယခုကဲ့သို့အချိန်မျိုးတွင် တစ်ယောက်ယောက်က ရှေ့သို့ထွက်လာပြီး အခြေအနေကို တည်ငြိမ်အောင် လုပ်ဆောင်ပေးရန် လိုအပ်ပေသည်။
ကျွင်းဟွိုင်လန်အနည်းငယ် ပူပန်နေပြီဖြစ်၍ သူ့ကိုရှင်းပြရတော့သည်။
" ဒီလူတွေ ဖရိုဖရဲဖြစ်အောင်မလုပ်ဖို့ စစ်သည်တွေနဲ့သွားပြီး ထိန်းချုပ်ပေးရုံပါပဲ ဘာပြဿနာမှ မရှိပါဘူး...မင်းမှာလည်း မင်းရဲ့ တာဝန်ဝတ္တရားတွေရှိသလိုမျိုး ငါ့မှာလည်းရှိတယ်..."
သွမ့်ရှီးရှီး၏ဓားက ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။
" သခင်လေး အနောက်ဘက်ကနေထွက်သွားလို့ရပါတယ် အဲ့မှာ ဘယ်သူမှမရှိဘူး..."
ကျွင်းဟွိုင်လန် သဘောပေါက်သွားသည်။
ရွှယ်ယန့်နောက်သို့ တစ်ချိန်လုံးလိုက်နေခဲ့သည့် လူငယ်လေးက သန်မာကြံ့ခိုင်ပြီး အရာအားလုံးကို လုပ်ဆောင်နိုင်သော်လည်း လူသားဆန်မှုအနည်းငယ်လိုအပ်နေ၍ သာမန်လူများနှင့် တူညီမှုမရှိဖြစ်နေသည်။
သူက ရွှယ်ယန့်လက်ထဲတွင် ဖွက်ထားသော ချွန်ထက်သည့် လက်နက်တစ်မျိုးနှင့်တူသည်။ ၎င်းက ချွန်ထက်သည်ထက် ပိုသော်လည်း လက်နက်တစ်ခုဖြစ်နေဆဲပင်။
သူက အရာအားလုံးကို အမိန့်အရလုပ်ဆောင်နိုင်သော်လည်း အကယ်၍ သူ့ကိုရှင်းပြပြီး ဆွေးနွေးရမည်ဆိုပါက အလုပ်မဖြစ်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် ပြောပြလျှင်လည်း နားမလည်နိုင်သောကြောင့်ဖြစ်သည်။
ကျွင်းဟွိုင်လန်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ငါ့ကို ဘေးကင်းအောင် စောင့်ရှောက်ပေးဖို့တစ်ခုတည်းပဲ ရွှယ်ယန်က မမှာခဲ့ဘူးမလား..."
ထိုအခါမှသာ သွမ့်ရှီးရှီးက သူ့ကိုမော့ကြည့်လာသည်။
ရေခဲတမျှ အေးစက်သည့် အနက်ရောင်မျက်ဝန်းတစ်စုံတွင် သံသယများဖြင့်ပြည့်နေပုံရသည်။
ကျွင်းဟွိုင်လန် သူ့ကိုကြည့်ပြီး ဝတ်ရုံလက်ထဲမှ ကျောက်စိမ်းပြားလေးကို ထုတ်လိုက်သည်။
" မင်း ငါပြောတာကို နာခံမယ်မလား..."
သွမ့်ရှီးရှီး၏အကြည့်များက ကျောက်စိမ်းပြားပေါ်သို့သာ ကျရောက်သွားသည်။
" နာခံပါ့မယ်..."
ကျွင်းဟွိုင်လန်က ကျောက်စိမ်းပြားကို ပြန်သိမ်းထားလိုက်သည်။
" ဒါဆိုရင် ငါနဲ့အတူ ဆောက်လုပ်ရေးနေရာကို အတူတူလိုက်ခဲ့ဖို့ အမိန့်ပေးတယ်... အခုချိန်ကစပြီး ငါ့လုံခြုံရေးအတွက်က မင်းအပေါ် မူတည်သွားပြီ..."
ဤတစ်ကြိမ်မှသာ သွမ့်ရှီးရှီး သဘောပေါက်သွားသည်။
သူက အမြဲတစေ အမိန့်များကိုသာ နာခံတတ်သူဖြစ်၍ အခြားကိစ္စများကို ငယ်စဉ်ကတည်းက မသင်ယူခဲ့ရပေ။
" သဘောပေါက်ပါပြီ..."
သူ့လက်ထဲမှဓားကို ဖယ်ပေးလိုက်ပြီး ကျွင်းဟွိုင်လန်ကို အပြင်ထွက်ခိုင်းလိုက်သည်။
ကျွင်းဟွိုင်လန်က သွမ့်ရှီးရှီး၏ကာကွယ်မှုကို အမှန်ပင် မလိုအပ်ချေ။
သူ နေထိုင်ရာကို ကျူးကျော်ဝင်ရောက်လာသည့် အလုပ်သမားများကို ကျင်းယီဝေ့အစောင့်များက ထိန်းသိမ်းထားလိုက်ပြီဖြစ်သည်။ သူ အထဲမှ ထွက်လာသည်နှင့် ဆံပင်များ မသပ်မရပ်ဖြစ်နေသည့် သက်လတ်ပိုင်းအရွယ် အရာရှိတစ်ယောက်က အပြေးအလွှားရောက်လာပြီး သူ့ကို အရိုအသေပြုသည်။
" အရှင် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... ကျွန်တော့်ရဲ့လက်အောက်ငယ်သားတွေ ပေါ့ဆလို့ ဆောက်လုပ်ရေးနေရာမှာ မတော်တဆမှုဖြစ်ခဲ့ပါတယ်..."
ကျွင်းဟွိုင်လန်က မြန်ဆန်စွာမေးလိုက်သည်။
" ဘာတွေဖြစ်ကုန်တာလဲ..."
ထိုအရာရှိက ရှင်းပြသည်။
" ဒီနေ့ လူတစ်ဒါဇင်ထက်ပိုပြီး ဒဏ်ရာရခဲ့ပါတယ်...သူတို့ကို လစာတွေနဲ့ဆေးတွေ ပို့ပေးခဲ့ပေမယ့် သူတို့က လက်မခံဘူးလို့... ပြီးတော့ ရာထူးနိမ့်တဲ့အရာရှိတစ်ယောက်က သူတို့အားလုံးကို နှင်ထုတ်တယ်လို့ပြောပါတယ်... ဒီအလုပ်သမားတွေနဲ့ သူတို့နဲ့ တစ်ရွာတည်းသားချင်းမိတ်ဆွေတွေက ဖြေရှင်းချက်လိုချင်ပေမယ့် သူတို့အားလုံး စပြီးရန်ဖြစ်ကုန်ကြတော့တာပဲ..."
ကျွင်းဟွိုင်လန် မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင် ကျင်းပေါင်က ထိုနေရာတွင် တာဝန်ကျသူများကိုခေါ်ပြီး အမြန်ရောက်လာသည်။
" အရာရှိတွေနဲ့ အစောင့်စစ်သည်တွေကိုခေါ်ပြီး သူတို့ကို လူစုခွဲခိုင်းလိုက်... ရန်ပွဲမှာပါတဲ့ လူမှန်သမျှကိုလည်း တစ်ယောက်မကျန်ခေါ်ပြီး ထိန်းသိမ်းထားလိုက်ပါ... ကျင်းယီဝေ့တွေထဲက လူတစ်ဝက်လောက်ကို ခေါ်သွားပါ... ဘယ်သူ့ကိုမှ မသတ်စေနဲ့..."
ကျင်းပေါင်က သူ့အမိန့်ကိုနာခံပြီး လူများခေါ်ဆောင်ကာ ဆောက်လုပ်ရေးနေရာသို့ ထွက်ခွာသွားသည်။
အစောပိုင်းကပြေးလာသည့်အရာရှိမှာ သူ့အမိန့်ကိုကြားသည့်အခါ ပြောလာသည်။
" ဒါ... သခင်လေး သူတို့အားလုံးကို ထိန်းသိမ်းထားဖို့ လိုလို့လား..."
ကျွင်းဟွိုင်လန် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
ထိုအရာရှိက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အခြေအနေတွေ တည်ငြိမ်သွားအောင်စောင့်လိုက်တာ ပိုမကောင်းဘူးလား... ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို အရင်မေးလိုက်ပါ့မယ်... တကယ်လို့ သူတို့တွေ တစ်ခုခုမလုပ်ထားရင်တော့ မှားပြီးစွပ်စွဲမိမှာ မကောင်းဘူးထင်တယ်..."
သူ ကြောက်လန့်နေသည့်အရာကို ကျွင်းဟွိုင်လန်သိသည်။
ကပ်ဘေးတစ်ခုကို ရပ်ဆိုင်ရသည့်အခါ အစိုးရအမှုထမ်းများ အကြောက်ဆုံးအရာမှာ ကမောက်ကမဖြစ်ခြင်းနှင့် လူအများက သူတို့ကို ထောက်ခံမှု ဆုံးရှုံးသွားမည်ကို ဖြစ်သည်။
ယနေ့တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှလူများ ဖရိုဖရဲဖြစ်ကုန်ရခြင်းမှာ အုပ်ချုပ်သူအမှုထမ်းများ၏အမှားကြောင့်ဖြစ်သည်။ အကယ်၍ ထိုလူများကို မျက်စိစုံမှိတ်ပြီး ဖမ်းချုပ်ထိန်းသိမ်းထားမည်ဆိုပါက သူတို့နှင့် အစိုးရအကြားမှ မပြေလည်မှုများက ပိုမိုလေးနက်လာနိုင်သည်။ ယနေ့ ဤနေရာမှ အခြေအနေကို ထိန်းသိမ်းနိုင်လျှင်ပင် မြို့ထဲမှလူများ၏ရင်ထဲတွင် ကြောက်လန့်မှုတို့ ကြီးစိုးသွားပြီး ကမောက်ကမဖြစ်ကာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားနိုင်သည်။
ကျွင်းဟွိုင်လန် သူ့စကားကိုကြားသည့်အခါ တစ်ဖက်သို့လှည့်၍ ပရမ်းပတာဖြစ်နေသော နေရာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး စကားမပြောတော့ပေ။
ထိုအရာရှိက သူ့ကိုဖျောင်းဖျနေသည်။
" အရှင်... ကျင်းလင်မြို့က အန္တရာယ်ထဲ ကျရောက်ပြီးနေပြီ ဒီထက်ပိုပြီး ပရမ်းပတာဖြစ်လို့ မရတော့ပါဘူး..."
ကျွင်းဟွိုင်လန် ခေါင်းခါလိုက်သည်။
" စိတ်မပူပါနဲ့... ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပါ..."
——
မမှောင်မီအချိန်တွင် ကျွင်းဟွိုင်လန်ကို အပြစ်ကျူးလွန်သူများနှင့် ညှိနှိုင်းခိုင်းရန် အရာရှိများက တောင်းဆိုကြသည်။
သို့ရာတွင် သူထင်မှတ်ထားသည့်အတိုင်း ဆောက်လုပ်ရေးနေရာမှ မတော်တမှုက ထိုအချိန်ကသာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ တင်းကြပ်သည့်မှတ်တမ်းများမထားပဲ လုပ်ခလစာများကို တိုက်ရိုက်ပေးခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က ငွေကို အလွဲသုံးစားလုပ်ထားခြင်းလည်း မဖြစ်နိုင်ပေ။
သို့ရာတွင် ကျွင်းဟွိုင်လန်က ထိုသို့မဟုတ်ကြောင်းကိုသိသည်။
ဆောက်လုပ်ရေးနေရာတွင် ကမောက်မကဖြစ်နေသည်ကို မြင်လိုက်ရချိန်တည်းက ထိုကိစ္စကို တွေးမိသွားခြင်းဖြစ်သည်။
သူပြောသည်မှာ မှန်ပေသည်။ ကျင်းလင်မြို့တွင် ဖရိုဖရဲဖြစ်ခြင်းများ မရှိတော့ပေ။
သို့ဖြစ်၍ လူအချို့က ကျင်းလင်မြို့တွင် ကသောင်းကနင်းဖြစ်အောင်စီမံနေခြင်းဖြစ်ရမည်။ ကပ်ဘေးကိစ္စက ပိုမိုလေးနက်ပြီး လုံးဝအထိန်းအကွပ်မဲ့သွားသည်ဟုထင်အောင် ပြုလုပ်နေကြခြင်းပင်။
အရင်တုန်းကလည်း အဲ့လိုပဲဖြစ်ခဲ့တာမလား...
ကျောင်းတော်ထဲသို့ကျူးကျော်ဝင်ရောက်ပြီး ကျောင်းသားများကို ရိုက်နှက်ခဲ့သည့် "ဒုက္ခသည်" ဆိုသူများနှင့်အတူ ယနေ့တွင်လည်း ဆည်ပြန်လည်ပြုပြင်သည့်နေရာတွင် ရန်ဖြစ်ခဲ့သည့်လူများအပါအဝင် ယခင်ဘဝကလည်း ထိုသို့သောအဓိကရုဏ်းများက ဒုက္ခသည်စခန်းများတွင် ဖြစ်ပွားခဲ့သည်။ သို့ဖြစ်၍ အချို့လူများက ပုန်ကန်ကြပြီး ကပ်ဘေးနှင့်အတူ ဖရိုဖရဲဖြစ်မှုများပါ ကပ်ပါလာခဲ့၍ ကျင်းလက်မြို့မှာ ရွှံ့ရေအိုင်ကြီးကဲ့သို့ဖြစ်သွားပြီး တာဝန်ကျသည့် အမှုထမ်းများကအစ ပြစ်မှုကျူးလွန်သူများ ဖြစ်သွားကြသည်။
ထိုသို့ ကသောင်းကနင်းဖြစ်နေချိန်များကို အခွင့်အရေးယူကာ ငွေအလွဲသုံးစားပြုလုပ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ယနေ့ဖြစ်ပေါ်ခဲ့သည့်ကိစ္စက တစ်စုံတစ်ယောက်၏ လုပ်ရပ်ကြောင့်ဖြစ်ကြောင်းကို ကျွင်းဟွိုင်လန် ရိပ်စားမိသည်။
ရွှယ်ယန် ထွက်သွားသည်နှင့် ဆောက်လုပ်ရေးနေရာက ကမောက်ကမဖြစ်သွားခဲ့သည်ပင်။
ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်မှာရှိမယ်တဲ့လဲ...
ကံကောင်းသည်မှာ ထိုနေ့က ပြဿနာတက်ခဲ့သည့်လူများထဲမှ ခေါင်းဆောင်ဖြစ်သူနှင့် သူကိုယ်တိုင် ညှိနှိုင်းဆွေးနွေးခဲ့သည်။ ထိုလူက လာဘ်ထိုးခံလိုက်ရသည့် ဒေသခံတစ်ယောက်ဖြစ်ပြီး အခြားလူများနှင့် ဆက်နွယ်မှုမရှိပေ။ ထိုသဲလွန်စကြောင့် ယနေ့ကိစ္စတွင် အဓိက ပါဝင်နေသူများက သာမန်ပြည်သူများကြားထဲတွင် ဝင်ရောနေကြကြောင်း သိလိုက်ရသည်။
ယခုလက်ရှိအချိန်တွင် အရေးကြီးဆုံးအရာမှာ ထိုလူများကို ရှာဖွေရန်ဖြစ်သည်။ ထိုသို့မဟုတ်ပါက သာမန်ပြည်သူများအကြားရောနေသည့် ထိုလူများကြောင့် ကျင်းလင်မြို့တွင် တစ်ရက်မှ ငြိမ်းချမ်းနေမည်မဟုတ်ပေ။
ယနေ့ကဲ့သို့ပင် ထိုလူများက သာမန်ပြည်သူများအကြားတွင် ရောနှောနေကြပြီး ပြဿနာရှာပါက အကြောင်းရင်းမသိသော ပြည်သူများကလည်း အရှုပ်အထွေးများအကြား ဝင်ပါသွားမည်ဖြစ်သည်။
ထိုသို့သော လူအရေအတွက် တိုးလာသည်နှင့် အဓိကလက်သည်များက အပြစ်ကင်းသူများနှင့်ရောသွားပြီး ထိုအချိန်မှ သူတို့ကိုရှာဖွေမည်ဆိုပါက လွယ်တော့မည်မဟုတ်ပေ။
ကျွင်းဟွိုင်လန် အတွေးထဲ နစ်မျောနေသည်။
ထိုအချိန်တွင် တစ်ယောက်ယောက်က တံခါးလာခေါက်သည်။
ဝင်ခွင့်ပြုလိုက်သည့်အခါ ယနေ့ မြစ်ကမ်းပါးတွင် တာဝန်ကျသောအရာရှိဖြစ်နေသည်။
" အရှင်... ဒီနေ့ ပြဿနာဖြစ်တဲ့ လူတွေအားလုံးကို ထိန်းသိမ်းထားပြီးပါပြီ... သူတို့တွေထဲမှာ လူတစ်ရာလောက်တော့ ဒဏ်ရာရသွားပါတယ်... ကျွန်တော် ဘာဆက်လုပ်ရမယ်ဆိုတာ လာမေးတာပါ..."
ကျွင်းဟွိုင်လန်က ခဏတာတွေးတောနေသည်။
" ဘဏ္ဍာတိုက်ထဲသိမ်းထားတဲ့ ဆေးတွေယူပြီးတော့ သမားတော်တွေပါလွှတ်ပြီး သူတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ဆေးကုပေးလိုက်ပါ... အခြေအနေကို ကျွန်တော့်ဆီနေ့တိုင်းသတင်းပို့ပါ မကျန့်ကြာစေနဲ့..."
အရာရှိက ထွက်သွားရန်ပြင်လိုက်သည်။
ထိုအချိန်တွင် ကျွင်းဟွိုင်လန်က ဆက်ပြောလိုက်သည်။
" ပြီးရင်တော့ သူတို့အားလုံးကို လွှတ်ပေးလိုက်ပါ..."
ထိုအရာရှိက အံ့အားသင့်သွားသည်။
" သူတို့အားလုံးကို လွှတ်ပေးရမှာလား..."
ဒါ... သူပဲ မနက်က အဲ့လူအားလုံးကို ဖမ်းခိုင်းထားတာမလား... ညရောက်တော့ အားလုံးကို ပြန်လွှတ်ခိုငနေပြန်ပြီ..."
ကျွင်းဟွိုင်လန်က ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
" ပြီးတော့ ကျွန်တော်ပြောသမျှ ကိစ္စတိုင်းကို နားထောင်ရမယ်... ကျွန်တော် ပြောသမျှတစ်သွေမတိမ်းလိုက်လုပ်ရမယ်နော် သဘောပေါက်လား..."
ထိုအရာရှိက သူ့ကိုကြည့်လိုက်သည်။
Xxxxxxx