ချင်းယွင်က အလွန်မြင့်မားသောမျက်နှာပြင်ဘေးတွင် ခြေဖျားထောက်လိုက်သည်။ ကွန်ပျူတာကိုသာ ဆက်တိုက်ကြည့်နေပြီး အလေးအနက် အလုပ်လုပ်နေပုံပေါ်သော ဝေ့ချန်းရှုအားကြည့်၍ အံကြိတ်လိုက်ကာ 'ဟင်း'ဟုခပ်တိုးတိုးပြောပြီး ခေါင်းပြန်ဆုတ်လိုက်သည်။
သူ့ကို တားဆီးနေတာလား။ အရမ်းကောင်းတယ်။ ဘယ်သူက ဘယ်သူ့ထက် ပိုကြာကြာခံနိုင်မလဲ ကြည့်ကြတာပေါ့။
"ကျွန်တော် ဘယ်တေးသံကိုမဆို တီးလို့ရလား။ " ချင်းယွင်က မျက်ခုံးပင့်၍ မေးလိုက်သည်။
ဝေ့ချန်းရှုက ဆယ်ကျော်သက်ကောင်လေးကို ကျောပေးထားကာ လှည့်မကြည့်မိရန် ထိန်းချုပ်နေသော်လည်း သူ့အသံမှာ ဖော်ပြ၍မရအောင် ညင်သာသည်။ "မင်းတီးချင်တာတီးပါ။"
ကောင်လေးက မည်သည့်တေးသံအား တီးသည်ဖြစ်စေ သူနှစ်သက်မည်ဟု ယုံကြည်သည်။ ဆယ်ကျော်သက်ကောင်လေးကို သူ့ဘေး၌ထားရလျှင်ပင် တေးသံတီးခတ်ပေးမည့်ကိရိယာကဲ့သို့ မဆက်ဆံချင်ပေ။ ဆယ်ကျော်သက်ကောင်လေးအား သူ့ဘေးတွင်သာ သက်တောင့်သက်သာနှင့် သာယာစွာ နေစေချင်သည်။
"ဟုတ်ပြီလေ။ ခင်ဗျားပြောတာနော်။" ချင်းယွင်၏ နှုတ်ခမ်းထောင့်တွင် မရိုးမသားအပြုံးတစ်ခုပေါ်လာသည်။ သူတယောကို မကာ မျက်လုံးမှိတ်လိုက်ပြီး လက်ရာတစ်ခုအားတီးလိုက်သည်။
အပျော်များ၊ အချစ်များပြည့်နေသော ချစ်စိတ်ပြင်းပြင်းပြပြတေးသံတစ်ခုက ဘိုးတံနှင့်တယောကြိုးများ ထိခတ်ရာမှထွက်လာပြီး အပြင်းထန်ဆုံး ကျီစယ်မှုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက နှစ်ယောက်သားကြား၌ ကာရံထားသော မျက်နှာပြင်ကိုဖြတ်ကာ ဝေ့ချန်းရှု၏နားထဲသို့ ဝင်သွားသည်။
ဝေ့ချန်းရှု မှင်တက်မိသွားသော်လည်း ပုံမှန်အမူအရာမဲ့နေပုံအဖြစ် ပြန်ပြောင်းသွားကာ လပ်တော့ပ်မျက်နှာပြင်ကိုသာ စိုက်ကြည့်နေသည်။ သူ့လက်များ၏ စာရိုက်နှုန်းက ရပ်တန့်သွားပုံမပေါ်သော်လည်း သေသေချာချာသာကြည့်ပါက ထိုယောက်ျား၏ နောက်ကျောမှာ ပို၍တောင့်တင်းနေကာ ကြွက်သားတောင့်တောင့်များ၏ ကောက်ကြောင်းသည်လည်း ပါးလွှာသောပိုးသားရှပ်အင်ကျီကိုဖြတ်၍ ပေါ်နေသည်။
ဤလက်ရာ၏ အစမှအဆုံးအထိ တကယ့်လူသားခံစားချက်များနှင့်ဆန္ဒများပြည့်နှက်နေသဖြင့် လိုအပ်ချက်အရှိဆုံးအချိန်၌ မတီးရန် တားမြစ်ခံထားရသည်။ ၎င်းကို ရေးဖွဲ့ခဲ့သည်မှာ ရည်းစားများသူတစ်ယောက်ပင်။ ၎င်းကို အကျင့်စာရိတ္တအယိုယွင်းဆုံးအချိန်၊ ကာမရာဂစိတ်အပြင်းပြဆုံးသော မဟာစုဝေးပွဲမျိုး၌ ဖျော်ဖြေမှုသဘောဖြင့် တီးခတ်လေ့ရှိသည်။
ချင်းယွင်၏ စပ်စုလိုစိတ်ကြောင့် ဤလက်ရာအား မှတ်မိနေသော်လည်း ယခုအချိန်၌ အသုံးဝင်လာမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဟန်ဆောင်နေသောယောက်ျား၏ နားရွက်ဖျားများ နီရဲလာသည်ကိုကြည့်ကာ ချင်းယွင်၏ မျက်ဝန်းထဲ၌ ကျေနပ်မှုရောနှောနေသော ကျီစယ်လိုစိတ်များ ထင်ဟပ်လာသည်။ ထို့နောက် သူ၏တယောတီးသံက ပို၍ရွှင်မြူးလာကာ ဖော်ပြ၍မရသော ညှို့ဓာတ်နှင့် ရောယှက်ငြိထွေးမှုတစ်ခုကို ယူဆောင်လာသည်။
ဂီတသင်ကေတတစ်ခုချင်းစီက နားထဲဝင်လာကာ ဝေ့ချန်းရှု၏ အာရုံကြောများကို နှိုးဆွနေသည်။ ကောင်လေးယခုတစ်ခါတီးခတ်ချိန်၌ သူ့တွေးမိသည်မှာ ညပိုင်းများတွင် လူးလှိမ့်နေစဉ် ပေါ်လာတတ်သောပုံရိပ်ပင်။ ဝေ့ချန်းရှုမှာ တုန့်ပြန်မှုကို မထိန်းနိုင်တော့ပေ။ ဤသို့ရှက်စရာအခြေအနေမျိုးကို သူတစ်ခါမှ မတွေ့ကြုံဖူးချေ။ ကြည့်ရသည်မှာ သူဂုဏ်ယူနေသော ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းက ကောင်လေး၏ရှေ့၌ စက္ကူကျားရုပ်ဖြစ်သွားသလိုပင်။
ဝေ့ချန်းရှု တောင့်ခံပြီးရင်း တောင့်ခံနေသော်လည်း 'အခက်အခဲ' ကို မခုခံနိုင်တော့ပဲ မတ်တပ်ရပ်လိုက်ရာ ဆယ်ကျော်သက်ကောင်လေး၏ တီးခတ်မှုရပ်တန့်သွားသည်။
သူက အခြားတံခါးတစ်ခုမှဖြတ်၍ အိပ်ခန်းသို့ တောင့်တောင့်ကြီးပြန်သွားရင်း လူငယ်လေးအား ပြောလိုက်သည်။ "အဲ့လို သီချင်းမျိုး မတီးနဲ့။"
သို့သော် ထိုသို့ဩရှရှအသံထွက်လာသည်နှင့် ဝေ့ချန်းရှုကိုယ်တိုင်ပင် ထိတ်လန့်သွားသည်။ နှစ်ခါမျှ ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ပြီးမှ ကောင်လေးအား ကလေးကဲ့သို့ ဆက်ဆုံးမလိုက်သည်။ " ဟုတ်တယ်၊ မင်းက ဒီလိုတေးသီချင်းမျိုးကိုရော အခြားသက်ဆိုင်တဲ့အရာတွေကိုရော မကြည့်သင့်ဘူး။"
"ဟမ်။ ဘာလို့လဲ။" ချင်းယွင်က ရပ်တန့်လိုက်ပြီး မျက်လုံးပြူးပြသည်။ အပြစ်ကင်းသူကဲ့သို့ ဟန်ဆောင်ကာ ခေါင်းစခြေဆုံး စက်ရုပ်ကဲ့သို့ တောင့်တင်းနေသော ယောက်ျားအား ကြည့်လိုက်သည်။ "ကျွန်တော်ထင်တာကတော့ အဲ့ဒါနားထောင်လို့ကောင်းပါတယ်။ အဲ့ဒါ စိတ်ဝင်စားဖို့ကောင်းတယ် မလား။"
"....." ဆယ်ကျော်သက်ကောင်လေး၏ စကားကိုကြားသောအခါ ဝေ့ချန်းရှုသက်ပြင်းရှိုက်ကာ သူ့ကိုယ်သူပြောနေရသည်။ 'သူက ငယ်သေးတယ်၊ သူက အခုမှအရွယ်ရောက်လာတာဆိုတော့ ဒီဟာကိုနားမလည်တာဖြစ်လောက်တယ်။ ဒီလိုရှုပ်ရှုပ်ထွေးထွေးအတွေးမျိုးနဲ့ မင်းသူ့ကို မညစ်ညမ်းစေသင့်ဘူး။'
"ဘာပဲဖြစ်ဖြစ် ပြောတာကိုပဲ မှတ်ထားပါ။" စကားတစ်ခွန်းသာ ပြောပြီးနောက် ဝေ့ချန်းရှု ထွက်ပြေးသွားသည်။ သူက တံခါးအားကိုင်ကာ အိပ်ခန်းအတွင်းဝင်သွားသည်။ ထို့နောက် ရေချိုးခန်းထဲသို့ အပြေးသွားတော့သည်။
အေးစက်သောရေက အဝတ်အစားများကိုဖြတ်ကာ ဝေ့ချန်းရှု၏ခန္ဓာကိုယ်အား တိုက်ရိုက်ဆေးကြောနေသော်လည်း လုံးဝစိတ်မငြိမ်သက်စေပေ။
ဝေ့ချန်းရှု လက်မြှောက်ကာ မျက်လုံးအားအုပ်ထားလိုက်ပြီး အသက်ရှူသံများ ပြင်းလာသည်။
တစ်ခါပဲ။ တစ်ခါထဲပဲ ကျူးလွန်ခွင့်ပြုပါ။
လူငယ်လေး မေးငေါ့ထားစဉ်က ချစ်စရာကောင်းပုံ၊ ဒေါသထွက်နေစဉ်က ကိုက်ထားသော နှုတ်ခမ်းများ နီရဲနေပုံနှင့် သူ့အား ထိန်းမနိုင်သိမ်းမရဖြစ်စေသော လှပသည့်မျက်ဝန်းများအား တွေးမိသောအခါ ဝေ့ချန်းရှုမှာ ကြာရှည်လှောင်ပိတ်ခံထားရသော သားရဲကောင်တစ်ကောင်က လွတ်လမ်းရှာနေသကဲ့သို့ဖြစ်လာသည်။
စဉ်းလဲဟန်ဖြင့် တောက်ပနေသော ဤမျက်ဝန်းများ၌ အကူအညီမဲ့နေမှု၊ စိတ်ရှုပ်ထွေးနေမှုနှင့် သာယာမှုကြောင့် မျက်ရည်လည်နေသောအခါ မည်မျှလှပနေမည်နည်း။
ဝေ့ချန်းရှု၏ အသက်ရှုသံများ ပိုမြန်လာသည်။
ယနေ့ဖြစ်ရပ်က ဝေ့ချန်းရှု၏ နှလုံးသားထဲ၌ ခိုအောင်းနေသော ဆန္ဒကို နောက်ဆုံးတွင်လှစ်ဟလိုက်သည်။ ဆယ်ကျော်သက်ကောင်လေး၏ တယောသံကို ပြဇာတ်ရုံအပြင်ဘက်မှ ကြားလိုက်သည့်နေ့မှစ၍ ဝေ့ချန်းရှုက လူငယ်လေး၏ သဲလွန်စများကို နည်းလမ်းမျိုးစုံသုံး၍ ရူးသွပ်နေသူကဲ့သို့ ရှာဖွေခဲ့သည်။
သူ့ကိုယ်သူထိန်းချုပ်ကာ နောက်ဆုတ်နေသော်လည်း သူ့ခန္ဓာကိုယ်၏ဆဲလ်အားလုံးက ဆယ်ကျော်သက်ကောင်လေးအား တောင့်တနေသည်ကို မငြင်းနိုင်ပေ။
ဒါဘာလဲ။ မြင်မြင်ချင်းအချစ်လား။
ဤလူငယ်လေးက ဝေ့ချန်းရှု၏ ဘဝ၌အကြီးမားဆုံး အံ့အားသင့်စရာပင်။ သို့သော် အံ့အားသင့်စရာများကို အမြဲတမ်းမနှစ်သက်ခဲ့သော ဝေ့ချန်းရှုက မည်သည့်မနှစ်ခြိုက်မှုမှ မခံစားရပေ။ ဤသို့ဖြင့် သူကကောင်လေးကို ချက်ချင်း အမှတ်တရဖြစ်သွားခြင်းပင်။
သို့သော် သူ၏ရောဂါနှင့် ကောင်လေး၏ မသိနားမလည်မှုကို ပြန်တွေးမိသောအခါ ဝေ့ချန်းရှူ ထပ်စိတ်ဆင်းရဲလာပြန်သည်။ ကျော်ကြားသော ရပ်ဝေးမှဆရာဝန်တစ်ယောက်ကို သူထပ်ဆက်သွယ်ရမည့်ပုံပင်။
*****
'မသိနားမလည်တတ်သော' မကောင်းဆိုးဝါးအိုကြီး ချင်းယွင်က စာကြည့်ခန်းထဲတွင် တယောအားကိုင်ထားရင်း ပြုံးလိုက်ပြီး နူးညံ့သောဆိုဖာပေါ် ထိုင်ချလိုက်သည်။
အသံလုံသောနံရံများက ဝေ့ချန်းရှု၏အခန်းထဲမှ ရေကျသံကို ချင်းယွင်မကြားအောင် ကာဆီးထားသော်လည်း ထိုယောက်ျား၏ ကသိကအောက်အမူအရာကို တွေးမိရုံဖြင့် ချင်းယွင်ရယ်မောမိသည်။
မာကျောသောမျက်နှာပြင်အား လက်တစ်ချောင်းဖြင့် ညင်သာစွာ တို့ကြည့်ပြီးနောက် ချင်းယွင်၏မျက်ဝန်းများက စိတ်ဝင်တစား မြူးလာသည်။ မင်းဘယ်လောက်ကြာကြာ ရှောင်နိုင်မလဲ ငါကြည့်ဦးမယ်။
******
ဝေ့မိသားစုမှ ခေါ်သွားစဉ်ကတည်းက ပြန်မလာသေးသော ရှန်ချန်ယွီကြောင့် အဖေရှန်နှင့်အမေရှန်တို့ သိလိုစိတ်ပေါ်လာသည်။
ယနေ့ အမေရှန်လှေကားမှ ဆင်းလာသောအခါ တံခါးအား အကျင့်အတိုင်းကြည့်မိသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ သူမဘာသာသူမ ရေရွတ်လိုက်သည်။ "ဘယ်နှရက်တောင် ရှိနေပြီလဲ။ သူ ဘာလို့ပြန်မလာသေးတာလဲ။"
အဖေရှန်က လက်ထဲမှ သတင်းစာကိုသာ ဖတ်နေကာ ဘာမှမပြောချေ။ သို့သော် အနည်းငယ်ဆုပ်ထားသောလက်များက သူသည်လည်း စိတ်မအေးနေကြောင်း ပြသနေသည်။
အဆုံးမှာတော့ ၎င်းသည် ဝေ့မိသားစုပင်။ သူတို့၏ သားအရင်းသာ ဝေ့မိသားစုနှင့် အဆက်အသွယ်ရှိလျှင် သူတို့ပျော်ရွှင်မှုကြောင့် သဘာဝကျကျ ခုန်ပေါက်နေလိမ့်မည်။ သို့သော် ဝေ့မိသားစုက ချန်ယွီအား ခေါ်သွားသည်။ ချန်ယွီက ဝေ့မိသားစုနှင့် မည်သို့သောပက်သက်မှုရှိသည်ကို အဖေရှန်နှင့်အမေရှန်မသိပေ။ ထို့ကြောင့် သူတို့ရင်ထဲတွင်သာ လျှို့ဝှက်စွာ မှန်းဆနေရသည်။ သူတို့ ထိုအကြောင်းပိုတွေးလေလေ စိတ်မငြိမ်မသက်ဖြစ်လေလေပင်။
မည်သို့ပင်ဆိုစေ ရှန်မိသားစု၌ ရှန်ချန်ယွီ မည်သို့သောဘဝမျိုးဖြင့် နေခဲ့ရသည်ကို သူတို့နှလုံးသားထဲတွင် ထင်ထင်ရှားရှား သိသေးသည်။
ရှန်ချန်ကျင်းက အမေရှန်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ရှောင်ယွီက ကျောင်းပြန်သွားတာ ဖြစ်မှာပါ။" ဘာအမှားအယွင်းမှ မရှိသကဲ့သို့ သူပြုံးနေသော်လည်း နှလုံးသားထဲမှ ခံစားချက်မှာ သိပ်မကောင်းချေ။
ရှန်ချန်ယွီက နေ့တိုင်းကျောင်းလာသော်လည်း ကျောင်းဆင်းချိန်ရောက်သောအခါ ကျောင်းသားအဆောင်သို့ ပြန်လာရမည့်အစား ခပ်မှိန်မှိန်ဇိမ်ခံကားဖြင့် ညတိုင်းထွက်သွားသည်။
ဂီတကျောင်းမှ ကျောင်းသားများမှာ ချမ်းသာသဖြင့် ၎င်းကဝေ့မိသားစု၏ကားမှန်း ချက်ချင်းမှတ်မိကြသည်။ ထို့ကြောင့် လတ်တလောတွင် ရှန်ချန်ယွီက ကျောင်း၌ ရေပန်းစားနေသည်။
ရှန်မိသားစု၏ နဂိုမထင်မရှားမွေးစားသားက နိုင်ငံတကာဂီတပွဲတော်၌ တောက်ပခဲ့ရုံသာမက ဝေ့မိသားစုနှင့်လည်း အဆက်အသွယ် ရှိနေသည်ကို လူတိုင်းသိသွားသည်။
မည်သို့ပင်ဆိုစေ ရှန်ချန်ယွီအပေါ် သူတို့၏သဘောထားမှာ သိပ်မကောင်းသေးချေ။ ဝေ့မိသားစုအကြောင်းကို သူတို့ပွင့်ပွင့်လင်းလင်း မဆွေးနွေးရဲသော်လည်း လူချမ်းသာတစ်ယောက်နှင့် ကပ်နေကာ ဂီတနယ်ပယ်ကို အရှက်ရစေသည့်အတွက် ရှန်ချန်ယွီအား လျှို့ဝှက်စွာလှောင်ပြောင်သရော်နေကြသည်။
ရှန်ချန်ကျင်းသည်လည်း ဝေ့ရှီအန်းအား မသိမသာမေးကြည့်လင့်ကစား အံ့ဩစရာကောင်းသည်မှာ ဝေ့ရှီအန်းက ဝေ့မိသားစုသို့ ရှန်ချန်ယွီဘာကြောင့်လာရောက်သည်ကို လုံးဝမသိချေ။
ချန်ကျင်း၏ နှလုံးသားထဲ၌ ကသိကအောက်ဖြစ်နေသည်။ ဝေ့ရှီအန်းကပင် မရေရာလျှင် ဖြစ်နိုင်သည်မှာ တစ်ခုသာရှိသည်။ ရှန်ချန်ယွီအား ခေါ်တွေ့သည်မှာ ဝေ့မိသားစု၌ အလေးစားခံရဆုံးသူဖြစ်သော ဝေ့မိသားစု၏လက်ရှိခေါင်းဆောင် ဝေ့ချန်းရှု ဖြစ်လိမ့်မည်။
စိတ်ထဲ၌ အတွေးရာချီရှိနေစေကာမူ ရှန်ချန်ကျင်းက သူ့အဖေနှင့်အမေအား မသိမသာပင်ထုတ်မပြောချေ။ သူ့မိဘများက ရှန်ချန်ယွီအား အနည်းငယ်မျှပင် အာရုံစိုက်မည်ကို သူမကြိုက်ချေ။ ဟုတ်သည်၊ ရွံရှာစိတ်ပျက်မှုနှင့် ပြစ်တင်ကြိမ်းမောင်းခြင်းကတော့ ခြွင်းချက်ပင်။
နတ်ဆိုးအကြောင်းပြောလိုက်လျှင် ရောက်လာလိမ့်မည်။ မကြာခင်တွင် ကားဟွန်းတီးသံထွက်လာပြီး ရှန်မိသားစုနှင့် ရက်အတော်ကြာ ဝေးကွာနေခဲ့သူ ရှန်ချန်ယွီ ဝင်လာသည်။
ရှန်ချန်ယွီ၏ အသွင်အပြင်ကို တွေ့သည်နှင့် အဖေရှန်နှင့်အမေရှန်တို့ ကြက်သေသေသွားသည်။ အဘယ့်ကြောင့်ဆိုသော် နှာခေါင်းထိပ်၌ ချွေးထွက်နေသော လူငယ်လေး၏ ယခင်တိတ်ဆိတ်ကာသုန်မှုန်နေတတ်ပုံ ပျောက်ကွယ်သွားသည်။ သူ၏ ပါးများက ကျန်းမာစွာသွေးရောင်လွှမ်းနေပြီး နှုတ်ခမ်းထောင့်များပင် ကော့နေသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ဝေ့မိသားစု၌ လူငယ်လေးကောင်းကောင်းနေထိုင်ခဲ့ရသည်မှာ ထင်ရှားသည်။
ဧည့်ခန်းထဲမှ လူသုံးယောက်ကို တွေ့သောအခါ ချင်းယွင်ပေါ့တန်စွာ ခေါင်းညှိတ်ပြလိုက်ပြီး အပေါ်ထပ်တက်သွားသည်။ သူက တစ်စုံတစ်ခုလာယူရန်အတွက်သာ ရှန်မိသားစုသို့ ပြန်လာခဲ့ခြင်းပင်။ အပြင်ဘက်တွင် ဝေ့မိသားစု၏ကား စောင့်နေသည်။ သူပြန်သွားကာ ဟန်ဆောင်ကောင်းသော ယောက်ျားအား စနောက်ချင်နေသဖြင့် ရှန်မိသားစုဝင်အချို့ကို အာရုံစိုက်ရန်အချိန်မရှိပေ။
"ခဏလေး။" ရှန်ချန်ယွီက အပေါ်ထပ်သို့ သွားပြီးနောက် ခပ်မြန်မြန်ပြန်ထွက်သွားတော့မည်ကို တွေ့သောအခါ အမေရှန် ငယ်သံပါအောင် အော်လိုက်သည်။ "အရင်နေ့တွေမှာ မင်းဘယ်ရောက်နေတာလဲ။"
ဤသည်ကိုကြားသောအခါ ချင်းယွင် ငေါ့တော့တော့ရယ်လိုက်သည်။ သူက ခါးကိုင်းကာ ဖိနပ်ကြိုးချည်နေရင်း အမေရှန်အား ဖြေလိုက်သည်။ "ကျွန်တော် ဘယ်ရောက်နေတာလဲဆိုတာ အမေသိပြီးသား မဟုတ်ဘူးလား။ ကျွန်တော့်ကို ဝေ့မိသားစုကတစ်ယောက် လာခေါ်တာလေ။"
သူမ၏သားအရင်းနှင့် လုံးဝမတူသော မွေးစားသားက ဝေ့မိသားစုထံမှ နှစ်သက်ခံနေရသည်ကို တွေ့သောအခါ အမေရှန်သည်းမခံနိုင်တော့ပေ။ သူမ ချက်ချင်း မျက်နှာပျက်သွားပြီး စူးရှသောအသံဖြင့် အမိန့်ပေးလိုက်သည်။ "ဒီနေ့ ချန်ကျင်းကိုလည်း မင်းနဲ့အတူခေါ်သွား။"
ဤသည်ကို ကြားသောအခါ ချင်းယွင် အော်ရယ်မိတော့မလိုပင်။ အမေရှန်ငယ်စဉ်က ဂီတနယ်ပယ်၌ ဂုဏ်သတင်းရှိခဲ့သော်လည်း အဖေရှန်နှင့် လက်ထပ်ပြီးနောက် ဤအခြေအနေအထိ သဟဇာတဖြစ်သွားမည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ကျွန်တော်က ခင်ဗျားသားကို ဘာကြောင့်ခေါ်သွားရမှာလဲ။ သူ့ကို ဝေ့မိသားစုထဲသွင်းသွားပြီး လူရယ်ခံခိုင်းရမှာလား။
"ကျွန်တော် သဘောတူနိုင်တယ်။ ဒါပေမဲ့ ဝေ့မိသားစုက ဒေါသမထွက်ဘူးလို့တော့ အာမမခံနိုင်ဘူး။" ချင်းယွင်က ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
သူ့စကားလုံးများထဲမှ ထေ့ငေါ့မှုက ရှန်ချန်ကျင်း၏ မျက်နှာကို ချက်ချင်းနီရဲသွားစေသည်။ အခုလေးတင် အမေရှန်စကားပြောခဲ့စဉ်က ရှန်ချန်ကျင်းသည် ဆန့်ကျင်သည့်အသံမထွက်ခဲ့ပေ။ အကြောင်းပြချက်မှာ ရှန်ချန်ယွီ နေ့တိုင်းသွားတွေ့သူသည် ဝေ့ချန်းရှုဖြစ်နေသောကြောင့်ပင်။ သူက ဝေ့မိသားစု၏ တကယ့်ခေါင်းဆောင်ဖြစ်ပြီး ဝေ့ရှီအန်းက ထိုလူနှင့်လုံးဝနှိုင်းယှဉ်၍မရချေ။
ပဏာမရွေးချယ်ပွဲ၌ ရှန်ချန်ယွီသာ 'စီးဆင်းနေသောရေ' ကို မတီးခဲ့လျှင် ပြိုင်ပွဲ၌ တောက်ပခဲ့သူမှာ သူသာဖြစ်ပြီး ဝေ့မိသားစုထံသို့ ဖိတ်ခေါ်ခံရလိမ့်မည်။
ချင်းယွင်၏ စကားများကို ကြားပြီးနောက် အမေရှန် တုန့်ဆိုင်းသွားသော်လည်း ဝေ့မိသားစုအား ဖီဆန်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် နောက်ဆုံးတွင်တော့ လက်လျှော့လိုက်သည်။
သို့သော် တိတ်ဆိတ်နေခဲ့သော အဖေရှန်က ယခုမှ ပါးစပ်ဖွင့်လာသည်။ အမေရှန်ကဲ့သို့ ဝေ့မိသားစုအား တွယ်ကပ်နေမည့်အစား သူက နောက်ရက်အနည်းငယ်တွင် ကျင်းပမည့်ပြိုင်ပွဲ အကြောင်းပြောသည်။ "ပြိုင်ပွဲက စတော့မယ်။ မင်းဘာပြင်ဆင်ပြီးပြီလဲ။"
ချင်းယွင် ဤမိသားစုအား လှောင်ရယ်မိတော့မည်။ ပုံမှန်ဆိုလျှင် သူတို့က ရှန်ချန်ယွီအား သားတစ်ယောက်ကဲ့သို့ မဆက်ဆံသော်လည်း မိဘကဲ့သို့ ဟန်ဆောင်နေသောအခါတွင် လုံးဝစိတ်မလုံမခြုံ မခံစားနေကြပေ။
သို့သော် သူဖျော်ဖြေမည့်လက်ရာကို ဖော်ပြရန် ချင်းယွင် မကြောက်ပေ။ အဘယ့်ကြောင့်ဆိုသော် မည်သူကမှ သူ့အားအနိုင်ရရန် ကံမပါချေ။ ဖိနပ်ဝတ်ပြီးနောက် သူကဝင်ပေါက်၌ရပ်ကာ အဖေရှန်အား ပြောလိုက်သည်။ " ပြိုင်ပွဲမှာ ကျွန်တော်တီးမယ့်လက်ရာက မောရဲ့ ဒီမေဂျာဂီတပဲ။"
အခက်ခဲဆုံးလက်ရာ ဆယ်ခုမှ ပထမဆုံးတစ်ခုပင်။ ထိုတေးသီချင်းအား ပြီးပြည့်စုံစွာတင်ဆက်နိုင်ရန်အတွက် တီးခတ်သူငါးယောက်ထက်မက လိုတတ်သော တယောလက်ရာပင်။
"ဘာ။" ရှန်ချန်ယွီ ပြောသောနာမည်ကို ကြားလိုက်ရသောအခါ အမေရှန်ခလုတ်တိုက်သွားကာ လဲကျတော့မလိုဖြစ်သွားသည်။ ယခင်တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူမှ ထူးထူးခြားခြား မြင့်မြတ်မော်ကြွားပုံပေါ်နေသော ကောင်လေးအား ယုံရခက်စွာလှည့်ကြည့်လိုက်သည်။
"မင်းက တစ်ယောက်ထဲ တီးချင်တာလား။ ဒါဟာသလုပ်စရာ မဟုတ်ဘူး။" ရှန်ချန်ကျင်းသည်ပင် စိတ်မထိန်းနိုင်တော့ပဲ တုန်ယင်နေသောလက်အား ဖြည်းဖြည်းချင်း ပိုက်လိုက်ကာ ရှန်ချန်ယွီ၏အတွေးများကို မောက်မောက်မာမ ဖယ်ထုတ်ရန် ကြိုးစားနေသည်။
ရှန်ချန်ယွီက ဒီသီချင်းကို ဘယ်လိုလုပ်ရွေးရဲတာလဲ။ သူက စိတ်ကြီးဝင်နေတာလား။ ဒါမှမဟုတ် 'စီးဆင်းနေသောရေ' ကို တီးသွားသလိုမျိုး ဒီဟာကိုကောင်းကောင်းတီးနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာလား။
ရှန်ချန်ယွီ 'စီးဆင်းနေသောရေ' အားတီးစဉ်တွင် သူခံစားခဲ့ရသော ဖိနှိပ်ခံရသည့် ခံစားချက်က ရှန်ချန်ကျင်းအား တစ်ဖန်ခြိမ်းခြောက်နေသည်။
နောက်ဆုံးတွင်တော့ အဖေရှန်က သတင်းစာထံမှ မျက်နှာခွာလာပြီး ချင်းယွင်အား အနည်းငယ် မှုန်မှိုင်းသောမျက်လုံးများဖြင့် မကြည်ကြည့် ကြည့်သည်။ "မင်း အဲ့လိုလက်ရာမျိုး တီးစရာမလိုပါဘူး။ မင်းက ကျော်ကြားမှုရပြီးပြီမဟုတ်လား။ ဒါ့အပြင် ဝေ့မိသားစုနဲ့လဲ အချိတ်အဆက်ရှိတယ်လေ။"
"ပြီးတော့...လူတွေမှာ အသိစိတ်အမြဲရှိရမယ်။ "
အဖေရှန်က မညှာမတာစကားများဖြင့် ချင်းယွင်ထံ ထိုးစိုက်နေသည်။ ငယ်စဉ်ကတည်းက နှိပ်စက်ညှင်းပန်းခံခဲ့ရသည့်အတွက် ရှန်ချန်ယွိသည် အဖေရှန်၏ စကားနှင့်အကြည့်ကို အလွန့်အလွန်ကြောက်ရွံ့သည်။ တစ်ခါတစ်ရံတွင် သူ့အဖေပါးစပ်ဖွင့်သည်နှင့် သူ့နှလုံးသားမှ မလိုလားလျှင်ပင် သဘောတူလေ့ရှိသည်။
သို့သော် ချင်းယွင်က မကြောက်ပေ။ သူက အဖေရှန်၏ စကားထဲမှ စောင်းပါးရိပ်ခြည် အဓိပ္ပါယ်ကို ချက်ချင်းသိလိုက်သည်။ ပြိုင်ပွဲမှာ သူကရှန်ချန်ကျင်းကို ကောင်းကောင်းဖျော်ဖြေခွင့်ပေးသင့်တယ်ဆိုပြီး အရိပ်အမြွက်ပေးနေတာမဟုတ်လား။
လူတွေမှာ အသိစိတ်ရှိသင့်တယ် ဟုတ်လား။ ဒါ မဖြစ်နိုင်တာပဲ။ ရှန်ချန်ယွီက သူကြိုးစားထားသမျှကို ရှန်ချန်ကျင်းအတွက် ဘာကြောင့်အခွင့်အရေးပေးသင့်တာလဲ။
ချင်းယွင်၏ မျက်ဝန်းထဲမှ အေးစက်မှုများ သိပ်သည်းလာသည်။ သူက ဘာအကြောက်တရားမှ မပြသချေ။ ထိုအစား အဖေရှန်ကိုသာ ပြတ်ပြတ်သားသား စိုက်ကြည့်နေသည်။ "အဖေ၊ ကျွန်တော် စိတ်ကူးမပြောင်းပါဘူး။"