ပွဲမပြီးဆုံးသွားခင်အထိ ရှန်ချန်ယွီက ဂီတခန်းထဲမှမထွက်လာခဲ့ပေ။ ဒုတိယထပ်မှ လျှောက်လမ်းတွင် တယောသံ ပဲ့တင်ထပ်နေသည်။ တိတ်တိတ်ဆိတ်ဆိတ်နှင့် သုန်မှုန်နေတတ်သောကလေးက တယောတီးလေ့ကျင့်နေသည်။
မိဘများက ရှန်ချန်ယွီ၏ အကျင့်စရိုက်နှင့် အသားကျနေသည်။ သို့မဟုတ် မိသားစုနှင့် ဆက်ဆံသောသူ့ပုံစံက သူ့မိဘများနှင့်ရှန်ချန်ကျင်းတို့၏ လုပ်ရပ်များကြောင့်ဟု ပြောလျှင်ပိုကောင်းမည်။
ရှန်မိသားစုသို့ ရှန်ချန်ကျင်း ပြန်ရောက်လာစဉ်က ရှန်ချန်ယွီသည် စိုးရိမ်ပူပန်နေခဲ့သော်လည်း စကားလာပြောရန်ကြိုးစားခဲ့သေးသည်။ သို့သော်ရလဒ်က သူ့အားမပျော်ရွှင်စေပေ။ အဖေရှန်နှင့် အမေရှန်တို့က ရှန်ချန်ကျင်းကိုသာ အာရုံစိုက်နေသည်။ မိသားစုသုံးယောက်၏ အမြင်တွင် ရှန်ချန်ယွီသည် မျက်စိစပါးမွေးစူးစရာသာဖြစ်သည်။ သူမတ်တပ်ရပ်နေသည်ဖြစ်စေ၊ ထိုင်နေသည်ဖြစ်စေ စိတ်အနှောက်အယှက်ဖြစ်စေသည်။
ငယ်ရွယ်သေးသောရှန်ချန်ယွီက သူတို့နှင့် အရောမဝင်နိုင်သကဲ့သို့ သူ့အမေ၏ နားလည်ရခက်သော အပြစ်တင်မှုများကိုလည်း မခံစားချင်သဖြင့် သူတို့သုံးယောက်အတူရှိနေသည်အား မြင်သည်နှင့် ဂီတလေ့ကျင့်ခန်းထဲတွင်သာ ကျိုးနွံစွာ လေ့ကျင့်နေခဲ့သည်။ တစ်ခါတစ်ရံတွင် သူတို့သုံးယောက်စားသောက်ပြီးမှသာ ကလေးထိန်းက သူ့ကိုညစာစားရန်လာခေါ်လေ့ရှိသည်။
သို့သော် ယနေ့ညတွင် ဧည့်သည်များ၏ အရှေ့၌ရှန်ချန်ယွီ ပြုမူသွားပုံက အမေရှန်အား ရုတ်တရက် မကျေမနပ်ဖြစ်စေပြန်သည်။ သူမက သစ်သီးပန်းကန်တစ်ချပ်ယူလာကာ ရှန်ချန်ကျင်းရှေ့၌ ချပေးပြီး အဖေရှန်ထံ ညည်းညူပြောဆိုလိုက်သည်။ " သူက ဒီနေ့အရမ်းကွေ့လည်ကြောင်ပတ် မလုပ်နေလွန်းဘူးလား။ လူတွေသာ ကောင်းကောင်းမသိရင် ကျွန်မတို့ရှန်မိသားစုက သူ့ကိုဆိုးဆိုးရွားရွားဆက်ဆံတယ်လို့ ထင်ကြဦးမယ်။"
အမေရှန်၏ စကားများထဲ၌ ဘာစိတ်မလုံမှုမှ မရှိချေ။ ကြည့်ရသည်မှာ သူမက ရှန်ချန်ယွီကို ရှန်မိသားစုမှ ဆိုးရွားစွာ မဆက်ဆံဟု တကယ်ထင်နေပုံပေါ်သည်။ သူမ၏အမြင်တွင် သူတို့က မထင်မရှား မိဘမဲ့တစ်ယောက်ဖြစ်သည့် ရှန်ချန်ယွီကို မွေးစားခဲ့ပြီး အစာကျွေး၊ အဝတ်ဆင်ပေးကာ ဂီတပညာသင်ပေးခြင်းသည်ပင် ကောင်းမွန်သောလက်ဆောင်ဖြစ်နေပြီဖြစ်သည်။ ရှန်ချန်ယွီ ပါရမီပျောက်ကွယ်သွားခြင်းနှင့် နားကန်းသွားခြင်းကမူ သူ့အမှားဆိုသည်မှာ ထင်ရှားသည်။ ၎င်းက ရှန်မိသားစုနှင့် ဘာဆိုင်သနည်း။
အဖေရှန်က တောင်စဉ်ရေမရလျှောက်ပြောနေသော အမေရှန်ကို အာရုံမစိုက်ပဲ သူ့လက်ထဲမှ သတင်းစာအားချကာ အပေါ်ထပ်မှဂီတခန်းသို့ လျှောက်သွားသည်။ " ကိုယ် တစ်ချက်သွားကြည့်လိုက်ဦးမယ်။"
အမေရှန်နှင့်မတူသည်မှာ အဖေရှန်က အလွန်လက်တွေ့ကျပြီး သူလိုချင်သည်ကို တိတိကျကျသိသည်။ အစောပိုင်းနှစ်များတွင် အဖေရှန်၌ ဂီတအိပ်မက်များရှိခဲ့သည်။ သို့သော် တကယ့်ဖြစ်ရပ်မှန်က သူ့အားရိုက်ချခဲ့သည်။ သူက ပါရမီမပါသဖြင့် တူရစ်နှင်ရိုဆဖ်တို့၏ အဆင့်သို့ ဘဝတစ်လျှောက်လုံး၌ ရောက်နိုင်မည်မဟုတ်ကြောင်းကို မကြာခင်တွင် သိရှိခဲ့သည်။
သို့သော် အဖေရှန်က ဂီတပညာရှင်တစ်ယောက်၏ ဧရာမဆွဲဆောင်နိုင်မှုနှင့် ၎င်းရရှိနိုင်သော ဂုဏ်သိက္ခာ၊ ချမ်းသာကြွယ်ဝမှုတို့ကို လိုချင်သည်။ ထို့ကြောင့် အင်တာနက်ပေါ်၌ ဆယ်နှစ်အရွယ် ရှန်ချန်ယွီပေါ်လာသောအခါ အဖေရှန် ချက်ချင်း အကြံရသွားသည်။ ရှန်ချန်ယွီအား မွေးစားလိုသော အခြားလူများ မလှုပ်ရှားခင်တွင် သူမြန်မြန်မွေးစားခဲ့သည်။
အရည်အချင်းမရှိသော အဖေရှန်က သူ၏စိတ်ကူးသက်သက်နည်းလမ်းကိုသုံးကာ ချန်ယွီအား အပြင်းထန်ဆုံးနည်းလမ်းများဖြင့် သင်ကြားပေးခဲ့သည်။ ချန်ယွီကို ပထမတန်းစား တယောပညာရှင် သို့မဟုတ် အကြီးမြတ်ဆုံး ဂီတပညာရှင်ဖြစ်အောင်ပင် အသည်းအသန်ကြိုးစားခဲ့သော်လည်း ထိုနည်းလမ်းက ချန်ယွီ၏ ပါရမီကို ပျောက်ကွယ်သွားစေသည်။ ငယ်စဉ်က တက်ကြွခဲ့သော ဤကလေးသည် တယောကို သာသာယာယာမတီးခတ်နိုင်တော့မှန်း သိသွားသောအခါ အဖေရှန် အလွန်စိတ်ပျက်သွားပြီး ရှန်ချန်ယွီအပေါ် အပြင်းအထန်သင်ကြားပေးရာ၌ ဒေါသပါတွဲပါလာသည်။
ယခု ရှန်ချန်ယွီပြန်တောက်ပလာသည်ကို တွေ့သောအခါ အဖေရှန်အတွေးထပ်ပေါ်လာပြန်သည်။ ကစားနည်းအသစ်ထွင်လိုက်သော မြေအောက်လောင်းကစားရုံတစ်ခုကို သူသတိရသွားသည်။
ထိုလောင်းကစားရုံက နိုင်ငံတကာဂီတပွဲတော်ကို အတုခိုးပြီး တီးခတ်သူမျိုးစုံကို ခက်ခဲသောလက်ရာများ ရွေးချယ်ပေးသည်။ သို့သော် လူများက နောက်ကွယ်တွင် လောင်းကစားလုပ်ပြီး ပိုက်ဆံသိမ်းနေကြသည်။
ရှန်ချန်ယွီက 'စီးဆင်းနေသောရေ' ကိုတီးခတ်နိုင်ရာ ဤပြိုင်ပွဲ၌ ပြိုင်ရာတွင် ပြဿနာမရှိလောက်ချေ။
အဖေရှန်၏ မျက်လုံးများ၌ လောဘများ တောက်ပနေသည်။ သူဒုတိယထပ်မှ လျှောက်လမ်းပေါ်သို့ခြေချရုံပဲရှိသေးစဉ်တွင် အိမ်အကူတစ်ယောက် အလောတကြီးပြေးလာပြီး ပြောသည်ကို တွေ့လိုက်ရသည်။ " ဆရာ၊ မဒမ်၊ ဝေ့မိသားစုက တစ်စုံတစ်ယောက် ရောက်လာပါတယ်။"
"ဝေ့မိသားစု ဟုတ်လား။" အိမ်အကူ၏ စကားကိုကြားသည်နှင့် အဖေရှန် ရှေ့မဆက်တော့ပဲ အောက်ပြန်ဆင်းလာသည်။
ဝေ့မိသားစု၏ အနေအထားမှာ အသေးအဖွဲ မဟုတ်ပေ။ ဝေ့မိသားစုရောက်လာပါက မိသားစုဦးစီးဖြစ်သည့် သူသာ လာမကြိုဆိုလျှင် မကောင်းပေ။
ရှန်ချန်ကျင်းက အိမ်အကူ၏စကားကို ကြားသောအခါ မျက်ခုံးအရင်ပင့်လိုက်ပြီးမှ သဘောပေါက်သွားပုံဖြင့် ပြုံး၍ပြောလိုက်သည်။ "ကြည့်ရတာ ရှီအန်း ကျွန်တော့်ဆီလာလည်တာထင်တယ်။"
"ရှီအန်း ဟုတ်လား။ အချစ်လေး၊ သားက ဝေ့ရှီအန်းနဲ့ တကယ်သိနေတာလား။" ဝေ့ရှီအန်းအကြောင်းပြောစဉ်က ရှန်ချန်ကျင်းမည်မျှ ရင်းနှီးနေပုံပေါ်သည်ကိုကြည့်ကာ အမေရှန်နှင့် အဖေရှန်တို့ အံ့အားသင့်သွားသည်။
ရှန်မိသားစုက မြို့တော်၌ လူသိများသော်လည်း တကယ်တမ်းတွင် အဖေရှန်နှင့် အမေရှန်တို့မှာ ကျော်ကြားသောဂီတပညာရှင်များမဟုတ်ပေ။ သူတို့က အင်အားကြီးမိသားစုဖြစ်သော ဝေ့မိသားစုနှင့် ဘာမှကိုမဆိုင်ပေ။ ယခုအချိန်တွင် သူတို့၏ အဖိုးတန်သားလေးက ဝေ့မိသားစု၏အငယ်ဆုံးဆက်ခံသူဖြစ်သော ဝေ့ရှီအန်းနှင့်သိသည်ဟု ကြားသောအခါ သူတို့ အံ့အားမသင့်ပဲ ဘယ်နေမည်နည်း။
ဘယ်လိုပင်ဖြစ်စေ ဝေ့မိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သူ ဝေ့ချန်းရှု၌ ပြဿနာအချို့ရှိနေသည်ကို တစ်ကမ္ဘာလုံး သိသည်။ သူက အမျိုးသမီးများနှင့် မနီးစပ်ပဲ သူ၏ရာထူးကို ဝေ့ရှီအန်းထံသို့ နောက်နှစ်အနည်းငယ်အတွင်း ပေးလောက်သည်။
သူမိဘများ၏ အံအားသင့်နေပုံပေါ်သော မျက်လုံးများကိုကြည့်ကာ ရှန်ချန်ကျင်းပြုံးလိုက်သော်လည်း ဘာမှမပြောတော့ချေ။
မကြာခင်တွင် ဧည့်သည်ဝင်လာသည်။
ရောက်လာသူမှာ ဝေ့မင်းဖြစ်သည်။ ရောက်လာသူက ဝေ့မိသားစု၌ အရေးကြီးသောလူမဟုတ်လျှင်ပင် ရှန်ချန်ကျင်းနှင့် သူအမေတို့မှာ မျက်နှာချိုသွေးနေဆဲပင်။
အဖေရှန်က သူ့အားချက်ချင်းကြိုဆိုနှုတ်ဆက်သည်။ "မစ္စတာဝေ့၊ ကျေးဇူးပြု၍ ထိုင်ပါ။"
ဝေ့မင်းက အဖေရှန်နှင့် အာလာပသလ္လာပပြောရန် စိတ်မဝင်စားပေ။ သူက ဤသို့သာ စကားစလိုက်သည်။ "ဒီမှာ သခင်လေးရှန်ချန်ယွီရှိပါသလား။ ကျွန်တော် သူ့ကျောင်းကို ရောက်ခဲ့ပြီးပေမဲ့ သူဒီညအိမ်ပြန်သွားတယ်လို့ ပြောလိုက်တယ်။"
"ရှန်ချန်ယွီလား။ " ဝေ့မင်း၏ စကားများကိုကြားသောအခါ အဖေရှန်ကြောင်သွားပြီး သတိထား၍မေးလိုက်သည်။ " မစ္စတာရှာနေတဲ့သူက ရှန်ချန်ယွီဆိုတာ သေချာလား။"
ရှန်ချန်ကျင်းမဟုတ်ပဲနဲ့လေ။
" ဟုတ်ပါတယ်။ နိုင်ငံတကာဂီတပွဲတော်မှာ 'စီးဆင်းနေသောရေ' ကို အောင်အောင်မြင်မြင် တီးပြသွားနိုင်ခဲ့တဲ့ သခင်လေးရှန်ချန်ယွီပါ။ " ဝေ့မင်းက ခေါင်းညိတ်ပြလိုက်စဉ်တွင် သူ၏နားများက တယောသံတိုးတိုးအားကြားကာ အပေါ်ထပ်သို့ကြည့်လိုက်သည်။
ဝေ့မင်း၏ အတည်ပြုမှုကို ရရှိပြီးချိန်မှာပင် အဖေရှန်မယုံကြည်နိုင်သေးချေ။
ဘေးမှ အမေရှန်သည်လည်း ရှန်ချန်ကျင်းကို ချီတုံချတုံကြည့်မိသည်။ ရှန်ချန်ကျင်း၏ မျက်နှာထားက မပြောင်းလဲသော်လည်း၊ ဒူးပေါ်တင်ထားသော သူ့လက်များမှာ လက်သီးကျစ်ကျစ်ဆုပ်ထားသည်။
ရှန်ချန်ယွီက ဝေ့မိသားစုနဲ့ ဘယ်တုန်းကတွေ့သွားတာလဲ။ သူက 'စီးဆင်းနေသောရေ' ကိုတီးနိုင်တာကြောင့် ဝေ့မိသားစုကိုတောင် အာရုံစိုက်အောင်လုပ်နိုင်တာလား။
ပဏာမရွေးချယ်ပွဲတွင် ရှန်ချန်ယွီတောက်ပခဲ့စဉ်ကတည်းက ဖိနှိပ်ထားရသော မနာလိုမှုမှာ နောက်ဆုံးတွင်တော့ပေါက်ကွဲလာပြီး ရှန်ချန်ယွီ၏နှလုံးသားထဲ မြင့်တက်လာသည်။ ၎င်းအဖြစ်သည် သူရှန်မိသားစုသို့ ပြန်လာစဉ်က ခံစားရသော ဘေးကျပ်နံကျပ်ကာလကို ပြန်သတိရစေသည်။ ပါရမီရှင်ဟု ခေါ်ဆိုကြသော ရှန်ချန်ယွီနှင့် ထိပ်တိုက်တွေ့ရသောအခါ သူကသာမန်မဖြစ်စလောက်နှင့်သာတူသည်။
ဒုတိယထပ်တွင် ပဲ့တင်သံထပ်နေသော တယောသံက ရုတ်ချည်းရပ်တန့်သွားသည်။ ချင်းယွင်က ခေါင်းမော့ကာ တံခါးအပြင်မှ အိမ်အကူအား မျက်မှောင်ကြုတ်၍မေးလိုက်သည်။ "ဘာပြောလိုက်တာလဲ။ ဝေ့မိသားစုက ကျွန်တော့်ကို ရှာနေတာလား။"
ယခုတစ်ကြိမ်တွင် အိမ်အကူက ကိုယ်နေဟန်ထားကို ထိန်းသိမ်းကာ ရိုရိုသေသေပြောသည်။ "ဟုတ်ပါတယ်။ မစ္စတာဝေ့မင်းက သခင်လေးကို ဝေ့မိသားစုရဲ့ စံအိမ်ဟောင်းဆီလာဖို့ ဖိတ်ခေါ်တာပါ။"
ချင်းယွင်က သူ့တယောကို ချထားလိုက်ကာ အခိုက်အတန့်မျှ ခေါင်းငုံ့လိုက်ပြီးမှ ပြောလိုက်သည်။ "အင်း၊ ကျွန်တော် ပြီးရင်ဆင်းလာခဲ့မယ်။"
ဝေ့မိသားစုက သူ့ကို ဘာလို့ရှာနေတာလဲ။ ဒါဝေ့ရှီအန်းနဲ့များဆိုင်မလား။
ဝေ့ရှီအန်းနှင့် ရှန်ချန်ကျင်းတို့ ပေါင်းဖက်သွားသည်ဟူသောအချက်မှလွဲ၍ ဝေ့မိသားစုအကြောင်းကို ချင်းယွင်အချက်အလက်များစွာ မရခဲ့ပေ။ ရှန်ချန်ယွီက သူတို့နှစ်ယောက်ကို မနာလိုဖြစ်ကာ ဆက်တိုက်ချောက်ချတတ်သော ဇာတ်ပို့လေးတစ်ယောက်သာဖြစ်ပြီး ရလဒ်အနေဖြင့် သူတို့နှစ်ယောက်ကို ပို၍ပို၍ နီးကပ်သွားစေသည်။
သူ၏စိတ်ပျက်စရာကောင်းပုံက ရှန်ချန်ကျင်း၏ ပျော်မြူးတတ်ပုံကို ပိုသိသာစေသည်။ ထို့အပြင်သူ၏ နှိုင်းစရာမရှိလောက်အောင် နည်းပညာဆန်သော ဂီတက ရှန်ချန်ကျင်း၏ဂီတအရည်အချင်းကို မီးမောင်းထိုးပေးရာ ဂီတကိုနှစ်သက်ပြီးဖြစ်သော ဝေ့ရှီအန်းသည် ရှန်ချန်ကျင်းအား ပိုစိတ်ဝင်စားလာသည်။
မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ ရှန်ချန်ယွီက ရှန်မိသားစုနှင့်လည်း သိပ်အသားမကျသဖြင့် ဝေ့မိသားစုက သူ့အားလာရှာရန်အကြောင်းရင်းမရှိပေ။ ဝေ့ရှီအန်းက သူ့ကိုခေါ်ပြီး စည်းရုံးဖို့ကြိုးစားတာတော့ မဟုတ်လောက်ပါဘူးနော်။
နောက်ဆုံးတွင်တော့ ရှန်ချန်ယွီက အံ့အားသင့်ကာမနာလိုဖြစ်နေသော ရှန်မိသားစုဝင်သုံးယောက်၏ မျက်စိအောက်မှာပင် ဝေ့မိသားစု၏ကားထဲသို့ ဝင်သွားသည်။
ထိုမစ္စတာဝေ့ဟုခေါ်သည့်တစ်ယောက်က ဝေ့မိသားစုစံအိမ်ဟောင်းသို့သွားရာ လမ်းတစ်လျှောက်တွင် စကားတစ်ခွန်းမှမပြောချေ။ ယခုအချိန်မှာ ညဆယ့်တစ်နာရီရှိနေပြီဖြစ်သည်။ ဝေ့မိသားစုစံအိမ်တစ်ခုလုံး မီးများထိန်လင်းနေပြီး အစေခံများသည်လည်း ဝင်လိုက်ထွက်လိုက်နှင့် အလုပ်များနေသည်။
ဝေ့မင်းက အိမ်ထဲသို့ပြေးဝင်သွားကာ အိမ်အကူတစ်ယောက်ကို ဆွဲလိုက်ပြီး အနည်းငယ်အလောတကြီးဆန်စွာ မေးလိုက်သည်။ "သူဌေး ဘယ်လိုနေလဲ။"
အိမ်အကူက ခါးသီးနေသောမျက်နှာဖြင့် ခေါင်းခါပြသည်။ " စိတ်ကြွပြီးပြီးချင်းမှာပဲ ဆရာဝန်က စိတ်ငြိမ်ဆေးထိုးပေးသွားပေမဲ့ သခင်လေးက မမျှော်လင့်ပဲနိုးလာပြီး စိတ်ကျတဲ့အခြေအနေပြန်ဖြစ်သွားပါတယ်။ ဒီတစ်ကြိမ်က ပိုဆိုးပါတယ်။ အရင်က သက်ရောက်မှုအားကောင်းခဲ့တဲ့ 'စီးဆင်းနေသောရေ' ကတောင် အသုံးမဝင်တော့ပါဘူး။"
"ငါ သခင်လေးရှန်ချန်ယွီကိုခေါ်လာတယ်။ သူ့တီးခတ်သံက သူဌေးရဲ့အခြေအနေကို နည်းနည်းလောက်သက်သာစေမယ်လို့ ငါမျှော်လင့်တာပဲ။" ဝေ့မင်းက သူ့အနောက်မှ လူငယ်လေးကို မိတ်ဆက်ပေးသည်။
" အိုး၊ ဒါ 'စီးဆင်းနေသောရေ' ကိုတီးခဲ့တဲ့ ရှန်ချန်ယွီလား။ " အိမ်အကူက ချင်းယွင်ကိုကြည့်ကာ အံ့အားသင့်ပြီး မျက်ခုံးပင့်လိုက်သည်။ ထို့နောက်အိမ်အကူက ဝေ့မင်းအား အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်သည်။
ဝေ့မင်းက တစ်ဖက်လူ ဆိုလိုချင်သည်ကို သဘောပေါက်ကာ ခါးသီးစွာပြုံးသည်။ "သူဌေးသဘောမတူရင်တောင် ငါသခင်လေးရှန်းကို ဖိတ်ခေါ်လာရမှာပဲ။"
သူက ဘာမှထပ်မပြောတော့ပဲ ချင်းယွင်အား ဒုတိယထပ်သို့ တန်းခေါ်သွားသည်။
ချင်းယွင်က ဝေ့မင်း၏ အနောက်မှလိုက်လာပြီး မျက်ခုံးများမှာ အနည်းငယ်တွန့်နေသည်။ ဒီဝေ့မင်းက အိမ်အကူကိုပြောလိုက်တာ ဘာအဓိပ္ပါယ်လဲ။ ပြီးတော့ သူတို့ပြောနေတဲ့ သူဌေးဆိုတာက ဘယ်သူလဲ။
'ဝေ့ချန်းရှု' ဟူသည့်နာမည်တစ်ခုက ချင်းယွင်၏စိတ်ထဲ၌ ဖြတ်ခနဲပေါ်လာသည်။ သူလက်ခံရရှိသော အချက်အလက်များအရ ဝေ့ချန်းရှုမှာ ဝေ့မိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သော်လည်း စိတ်ကျန်းမာရေး၌ ချို့ယွင်းချက်အချို့ရှိနေပုံပေါ်ပြီး မကြာခင်တွင် ဝေ့ရှီအန်းနှင့်အစားထိုးခံလိုက်ရသည်။
ဒါပေမဲ့ မူလဇာတ်ကြောင်းမှာ နိုင်ငံတကာဂီတပွဲတော်ကျင်းပချိန်လောက်ဆိုရင် အာဏာလိုချင်တဲ့ ကျန်ဝေ့မိသားစုဝင်တွေ စုပေါင်းလိုက်ပြီး ဝေ့ချန်းရှုကို စိတ်ကျန်းမာရေးဆေးရုံဆီ ပို့ပြီးလောက်ပြီ မဟုတ်လား။
ဒုတိယထပ်သို့ တစ်ထစ်ချင်းတက်သွားသောအခါ ဒုတိယထပ်ခန်းမထဲမှ အလွန်အမင်းလေးနက်တည်ငြိမ်နေသော သက်တော်စောင့်များနှင့် ကျန်းမာရေးဝန်ထမ်းအချို့ကို တွေ့လိုက်ရသည်။ ချင်းယွင်၏ နှလုံးသားက တဖြည်းဖြည်း ရှင်းလင်းလာသည်။
လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး သန်မာသည်။ နေမကောင်းဖြစ်နေသော ခန္ဓာကိုယ်နှင့်ပင် ဧရာမဝေ့မိသားစုကြီးကို ထိန်းချုပ်နိုင်ပြီး ဝေ့ချန်းရှု၏ မူလကံကြမ္မာကို လုံးဝပြောင်းလဲလိုက်သည်။ ထိုယောက်ျားမှမဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း။
ခန်းမထဲတွင် မတ်တပ်ရပ်နေရင်း ချင်းယွင်က ပိတ်ထားသောအခန်းတံခါးအားကြည့်ကာ ဝေ့မင်းကို ခေါင်းလှည့်မေးလိုက်သည်။ "ကျွန်တော် ဘာလုပ်ပေးရမလဲ။"
သူကမေးနေရင်းဖြင့် တယောအားထုတ်လိုက်သည်။ ဝေ့မိသားစုက သူ့အားရှာဖွေရခြင်းမှာ ဂီတပါရမီကြောင့် မဟုတ်ဟု ချင်းယွင်အာမမခံနိုင်သဖြင့် သူ့တယောအား ယူဆောင်လာခဲ့ခြင်းပင်။ ယခုအခါ သူမှန်းခဲ့သည်မှာ မှန်သည့်ပုံပင်။
ဝေ့ချန်းရှုတွင် မူလကတည်းက စိတ်ကြွစိတ်ကျရောဂါရှိပြီး ထိုယောက်ျား၏ စိတ်ဝိညာဉ်မှာ ဒဏ်ရာရနေသည်။ ထို့ကြောင့် သူဤအခြေအနေဖြစ်သွားခြင်းဖြစ်ရမည်။
"သခင်လေးလုပ်ဖို့လိုတာက ဒီနေရာမှာ တီးခတ်ပေးဖို့ပါပဲ။ နိုင်ငံတကာဂီတပွဲတော်ရဲ့ ပဏာမရွေးချယ်မှုမှာ သခင်လေးတီးခဲ့တဲ့ 'စီးဆင်းနေသောရေ' ကိုပဲ တီးပေးပါ။ ခြားနားချက်မရှိအောင်လည်း ကြိုးစားပေးပါဦး။ ဟုတ်ပါတယ်၊ ဝေ့မိသားစုက သခင်လေးကို အဖိုးအခပေးမှာဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဖျော်ဖြေပွဲထက် နည်းမှာမဟုတ်ပါဘူး။"
သူ့အရှေ့မှ ဆံပင်အမည်းရောင်နှင့် လူငယ်လေးအားကြည့်ရင်း ဝေ့မင်း၏မျက်လုံးများ၌ ပိုကျေနပ်ပုံပေါ်လာသည်။ သူ၏အသံက တလေးတစားဖြစ်နေသော်လည်း သူ၏စကားလုံးများမှာ အနည်းငယ်ခြိမ်းခြောက်ပုံပေါ်နေသည်။ မည်သို့ပင်ဆိုစေ သူဌေး၏ လုံခြုံရေးက ပထမဦးစားပေးပင်။ ဝေ့မင်းအတွက်မူ ဆယ်ကျော်သက်ကောင်လေးက ယခုမှကျော်ကြားလာသော သံသယဖြစ်ဖွယ် တယောပညာရှင်သာဖြစ်သည်။ ဝေ့မင်းက သူ့အား ဝေ့ချန်းရှုအတွက် ဆေးဝါးသာသာ သဘောထားရာ မည်သို့တကယ်လေးစားမည်နည်း။ သူသာ တကယ်လေးစားလျှင် ရှန်းမိသားစုမှ တစ်စုံတစ်ယောက်ကို ခေါ်ဆောင်လာရာ၌ သာမန်ကာလျှံကာဖြစ်နေမည်မဟုတ်ပေ။
ချင်းယွင်က သူ့ကိုကြည့်ကာ တယောအား ပုခုံးပေါ်တင်လိုက်သော်လည်း ဝေ့မင်းပြောသကဲ့သို့ 'စီးဆင်းနေသောရေ' ကိုမတီးပေ။ ထိုအစားသူက အလွန့်အလွန် ကုစားပေးသောလက်ရာကိုသာ ကိုယ့်ကိုယ်ပိုင်သုံးသပ်မှုအရ တီးလိုက်သည်။
သာယာသောတယောသံက လတ်ဆတ်သောလေညင်းကဲ့သို့ထွက်လာပြီး တံခါးဘက်သို့ ပို၍ညင်သာစွာပင် ဖြတ်သန်းသွားကာ အိပ်ခန်းထဲ၌ စိတ်ဓာတ်ကျနေသော ဝေ့ချန်းရှု၏နားထဲသို့ ရောက်သွားသည်။ ထိုယောက်ျား၏ အကြည့်များက ချက်ချင်းဆိုသလို ပွင့်လန်းလာသည်။
ဝေ့မင်းက ဆယ်ကျော်သက်လေးမှ မှားယွင်းသောလက်ရာအား တီးနေသည်ကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ရပ်တန့်ရန်ပြောမည်ပြင်သော်လည်း ထိုကောင်လေး၏ ကြောက်မက်ဖွယ်အေးစက်သော မျက်ဝန်းများဖြင့် အတားခံလိုက်ရသည်။
ဝေ့မင်း ကြက်သေသေသွားသည်။ အလွန်တိတ်တိတ်ဆိတ်ဆိတ်နေတတ်ပုံပေါ်သော ဤလူငယ်လေးက ထိုသို့သောမျက်ဝန်းများဖြင့် ကြည့်တတ်မည်ဟု သူမတွေးနိုင်ခဲ့ပေ။
ချင်းယွင်က ညင်သာပြီး ကုသနိုင်စွမ်းရှိသော တေးသံအား တီးပြီးသွားပြီဖြစ်ကာ နောက်ဆုံးသင်ကေတသံ ထွက်လာသည်နှင့် ဝေ့ချန်းရှု၏ တည်ငြိမ်ထည်ဝါသောအသံက စေ့စေ့ပိတ်ထားသောအခန်းထဲမှ ထွက်လာသည်။ " ဝေ့မင်း၊ ကိုယ့်ပြစ်ဒဏ်ကိုယ် သွားခံယူလိုက်။"
ဝေ့မင်း၏ ပုံရိပ်က တောင့်ခနဲဖြစ်သွားသော်လည်း ပို၍အံ့ဩနေမိသည်။ ရှန်ချန်ယွီတီးသွားတာ အဲ့နေ့ကသီချင်းမဟုတ်ဘူးလေ။ သူဒီနေ့ ဖိတ်ခေါ်လာတဲ့သူက အဲ့နေ့တုန်းက အဲ့သီချင်းကို တီးခဲ့တဲ့သူဆိုတာ သူဌေးဘယ်လိုလုပ်ချက်ချင်းသိသွားတာလဲ။"