ကမ္ဘာပျက်ကပ်ကြီး အဆုံးသတ်သွားသည်။ အန္တရာယ်ကျရောက်ပြီးနောက် ပြန်လည်တည်ဆောက်မှုမှာ စိန်ခေါ်မှုများသော်လည်း လူတိုင်းပျော်ရွှင်နေကြသည်။
အလုပ်များနေသော မိဘများ၏ ကလေးငယ်များကို ကြည့်ရှုစောင့်ရှောက်ပေးမည့် ကလေးထိန်းကျောင်းတစ်ခုကို ချန်းမင် ဖွင့်လိုက်သည်။
တစ်နေ့သောအခါ သူမနံရံပေါ်ချိတ်ထားသော ပုံတစ်ပုံအကြောင်းကို ကလေးတစ်ယောက်က မေးသည်။ "မမ ချန်းမင်၊ ဒါဘယ်သူလဲ။ "
"ငါ သိတယ်။ " ကလေးနောက်တစ်ယောက်က စိတ်ဝင်တစား ပြေးလာကာ ပုံထဲမှ ဖြူစင်သောမျက်ဝန်းများဖြင့် လူငယ်လေးကို ရိုသေလေးစားစွာ ကြည့်နေသည်။ "ငါ့အမေက ဓာတ်ခွဲခန်းမှာ လုပ်တာ။ ဒီအစ်ကိုကြီးက ငါတို့ကို ကယ်ပေးခဲ့တဲ့လူလို့ သူမပြောတယ်။ "
"ဟုတ်တယ်။ "
"ငါလည်း ကြားဖူးတယ်။ "
ကလေးတစ်စုက ထိုအကြောင်းအရာကို ဝိုင်းပြောနေကြသည်။ ချန်းမင်က လူငယ်လေး၏ ပုံကို ဝမ်းနည်းလွမ်းဆွတ်နေသော အပြုံးဖြင့် ကြည့်နေသည်။ ကမ္ဘာပျက်ကပ်အတွင်း ဤဓာတ်ပုံကို ထိန်းသိမ်းထားရသည်မှာ မလွယ်ပေ။
သို့သော် ၎င်းသည်ပင် လူငယ်လေးတည်ရှိခဲ့မှု၏ နောက်ဆုံး ခြေရာလက်ရာဖြစ်ပုံပေါ်သည်။
ဟင့်အင်း၊ ချန်းမင် ကိုယ့်အတွေးကိုယ် ပြန်ငြင်းမိသည်။ ဤကမ္ဘာပေါ်မှ မြက်တစ်ပင်ချင်းစီနှင့် အခုရှိနေသမျှအားလုံးသည် လူငယ်လေးတည်ရှိမှု၏ သက်သေခံပင်။
ပြတင်းပေါက်ဘောင်ပေါ်တွင် စိုက်ထားသော အသီးပင်ကို ချန်းမင်ကြည့်မိသည်။ အနီရောင်အသီးက အလွန့်အလွန် ချစ်စရာကောင်းသည်။
ကပ်ဆိုးကြီးချုပ်ငြိမ်းသွားသည်မှာ နှစ်နှစ်ကြာပြီဖြစ်ကာ အသီးအနှံများ မရှားပါးတော့သော်လည်း ကလေးလေးသူမကိုပေးခဲ့သော ဘယ်ရီများကဲ့သို့ ချိုမြိန်သောအသီးအား သူမထပ်မံ မမြည်းစမ်းရတော့ပေ။
မိဘများက ကလေးများအား လာကြိုသွားပြီးနောက် ညနေပိုင်းတွင် ချန်းမင်၏နေရာသို့ ဧည့်သည်များရောက်လာကြသည်။
တင်းရှီအန်းနှင့် အခြားအဖွဲ့ဝင်များပင်။
ချန်းမင်က လက်ဖက်ရည်အိုး ချပေးလိုက်သည်။ "သတင်းထူးလား။ "
လူလေးယောက်က ကပ်ဆိုးကြီးအပြီး ပြန်လည်တည်ဆောက်ရာတွင် အခွင့်အရေးများရကာ ရာထူးကြီးကြီးရှိနေကြသည်။ ဤလူလေးယောက်သည် လူအင်အား၊ ပစ္စည်းအင်အားများသုံးကာ လူနှစ်ယောက်အကြောင်းအား တစ်ကမ္ဘာလုံးတွင် ချိတ်ဆက်ရှာဖွေနေကြသည်။
အပတ်တိုင်းပင် သူတို့က သူတို့၏ကြပ်တည်းသောအချိန်ဇယားများထဲမှ အချိန်ဖယ်ကာ ရှာဖွေကြသည်။ သူတို့သတင်းထူးအချို့ရသောအခါတွင်တော့ ချက်ချင်းလှုပ်ရှားကြသည်။
ကမ္ဘာပျက်ကပ်အတွင်း မှတ်ဉာဏ်များမှာ မှောင်မဲ၍ အရောင်မဲ့သည်။ သို့သော် ထို့ကြောင့်ပင် ထိုအရောင်စုံသောမှတ်ဉာဏ်က ဤလူများ၏ နှလုံးသားထဲ အမြစ်တွယ်နေရာ သူတို့အချိန်တိုင်း မှတ်မိနေသည်။ မေ့လျော့သွားရန် မဖြစ်နိုင်ပေ။
ကမ္ဘာပျက်ကပ်ဆိုးကြီး ချုပ်ငြိမ်းသွားပြီးနောက် မြို့တော်သုတေသနဌာနက ထိုဖြစ်ရပ်အတွက် လုပ်ပိုင်ခွင့်ယူ၍ ဂုဏ်ပြုလေးစားမှုအားလုံးကို အပိုင်သိမ်းချင်ခဲ့သည်။ သို့သော် ဝါကြီးပိုင်းပါမောက္ခဝူက ထုတ်ပြန်ချက်တစ်ခု ကြေငြာခဲ့သည်။ ကပ်ဆိုးကြီးအပြီး ကာကွယ်စောင့်ရှောက် ကယ်တင်ခံရမှုအားလုံးသည် ကလေးတစ်ယောက်ထံမှ လာကြောင်း ဖော်ပြထားသည်။
ထိုကလေးတစ်ယောက်ထဲကသာ တစ်ကမ္ဘာလုံး၏ တာဝန်အားလုံးကို ပခုံးပေါ်ထမ်းခဲ့ကြောင်း ပါမောက္ခဝူက ရှင်သန်ကျန်ရစ်သော ကမ္ဘာကြီးကို ပြောလိုက်သည်။ စမ်းသပ်မှု၏ ခေါင်းဆောင် သူကိုယ်တိုင်ပင် လူသားအားလုံး၏ ဝန်ထုပ်ဝန်ပိုးအား ကလေးစိတ်သာရှိသော လူတစ်ယောက်အပေါ် ပုံချခဲ့သည်မှာ တကယ်မှန်သလား မေးခွန်းထုတ်နေမိသည်။
တစ်ချိန်ထဲပင် ပါမောက္ခဝူက ရှိန့်ဖုန်းနှင့်ချင်းယွင်တို့၏ သေဆုံးခြင်းသက်သေကို ရောင်ခြည်မျှော်စင်တစ်ဝိုက်တွင် မတွေ့ရကြောင်း ရှင်းပြခဲ့သည်။ ထို့နောက်သူက ချင်းယွင်၏ ကိုယ့ရေးအချက်အလက်များနှင့် စိတ်အခြေအနေကို ဖြန့်ကာ လူတိုင်းအား ရှာဖွေရန် နှိုးဆော်ခဲ့သည်။
တောင်တန်းများအပေါ်တွင်ပင် ခိုတစ်ကောင်နှင့် ကျားတစ်ကောင်က သူတို့စိတ်ထဲမှ မရေမရာခံစားချက်ကြောင့် မသိစိတ်ဖြင့် လိုက်ရှာနေကြသေးသည်။
ထိုအကြောင်းများကို မသိသော သို့မဟုတ် သိသော်လည်း အာရုံမစိုက်ချင်သော ရှိန့်ဖုန်းက အိမ်သို့ ယုန်နှစ်ကောင်ဖြင့် လမ်းလျှောက်ပြန်နေသည်။ သူက လျှောက်နေရင်းနှင့်ပင် အနောက်ကို လှမ်းပြောလိုက်သည်။ "ဒီကိုလာလေ။ မင်းပဲ ဗိုက်ဆာနေပြီဆို။ "
မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်၍ ပုရွက်ဆိတ်များအား ကြည့်နေသည့် ကလေးက စိတ်မပါ့တပါဖြင့် မတ်တပ်ရပ်လိုက်ပြီး ရှိန့်ဖုန်းထံ ခုန်ပေါက်ရောက်လာသည်။ "ယုန်တွေကို မစားရအောင်လေ။ နော်။ "
" ကောင်းပြီလေ။ " ရှိန့်ဖုန်းက ပြုံး၍ ကလေး၏ခေါင်းကို ပုတ်လိုက်သည်။ "မင်း မစားချင်ရင် ကိုယ်တို့ မွေးထားမယ်လေ။ "
ကံကောင်းစွာဖြင့် သူတို့အသက်ရှင်ခဲ့ကြသည်။
ဤနှစ်နှစ်အတွင်း အရွယ်ရောက်နေသော ချင်းယွင်က ထပ်မပေါ်လာခဲ့ပေ။ သို့သော် အသက်ရှင်နေသေးသည့်အတွက် ရှိန့်ဖုန်း ကျေးဇူးတင်မိသည်။
သူတို့နှစ်ယောက်သား လမ်းဆက်လျှောက်လာသည်။ သူတို့၏ မြင်ကွင်းထဲဝင်လာသည်မှာ အချို့ အသီးအနှံများ ဟင်းသီးဟင်းရွက်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သော လယ်တောအိမ်လေးဖြစ်သည်။ ၎င်း၏ ဘေးတွင် ရှိန့်ဖုန်းပြောင်းရွှေ့စိုက်ပျိုးထားသော ဆီးသီးပင် နှစ်ပင် ရှိသည်။
ကပ်ဆိုးကြီး အဆုံးသတ်သွားသော်လည်း အခြားလူသားများအပေါ် ရှိန့်ဖုန်း မယုံကြည်သေးပေ။ ထိုလူများက သူ့ချင်းယွင်ကို သူ့ထံမှ ခိုးယူချင်နေသေးသည်ဟု အမြဲခံစားနေရသည်။
အပြင်ကမ္ဘာတွင် သူတို့ကိုရှာဖွေနေသည်ဟု သတင်းကြားမိသော်လည်း ရှိန့်ဖုန်းကလေးကို လူမရှိသောဒေသသို့ ဝေးသည်ထက်ဝေးဝေး ခေါ်သွားသည်။
သူတို့နှစ်ယောက် အနှောက်အယှက်မရှိသော ဘဝတွင်နေရသော်လည်း ကမ္ဘာကြီးနှင့် အမြဲတမ်းသီးခြားနေ၍မရပေ။ သူတို့နှင့် သိပ်မဝေးသောနေရာတွင် အိမ်အနည်းငယ်ရှိသော်လည်း ၎င်းတို့မှာ ပြင်ပလောကနှင့် အဆက်အသွယ် များစွာမရှိပေ။
ရှိန့်ဖုန်း စတင်ချက်ပြုတ်နေချိန်တွင် ချင်းယွင်လေးက ဘေး၌ အရှုပ်ထုပ်လုပ်နေသည်။
သူ အလိုလိုက်စွာ ပြုံးလိုက်ပြီး လက်မြှောက်၍ ကလေး၏ မျက်နှာကို သုတ်ပေးလိုက်သည်။ "ဟိုမှာ သွားကစားချည်။ မင်း မွေးထားတဲ့ ဖားလေးရှိသေးလားသွားကြည့်ဦး။ "
နောက်ဆုံးတွင် ချင်းယွင်လေးက ဟင်းချက်ရာ၌ အကူအညီပေးခြင်းအား လက်လျှော့ကာ ဖားနှင့်ကစားရန် ပြေးထွက်သွားသည်။
ဤပတ်ဝန်းကျင်ကို ရှိန့်ဖုန်းရှင်းလင်းထား၍ အန္တရာယ်ဖြစ်မည်ကို မစိုးရိမ်သော်လည်း အော်သတိပေးမိဆဲပင်။ "ပုစဉ်းတွေနောက်လိုက်ပြီး မြစ်ထဲမဆင်းနဲ့နော်။ ကြားလား။ "
ကလေး၏ ကတိပေးသံကို ကြားမှသာ ရှိန့်ဖုန်း နောက်ပြန်လှည့်သွားသည်။
ဟင်းချက်နေစဉ်အတွင်း ရုတ်တရက် သက်ပြင်းချမိသည်။ ကပ်ဆိုးကြီးပြီးသွားသည်မှာ နှစ်နှစ်ကြာပြီဖြစ်ပြီး လူအများက ထိုအကြောင်းကို မေ့သွားသော်လည်း လွန်ခဲ့သည့် နှစ်နှစ်အကြာက ဖြစ်ရပ်ကို ပြန်တွေးမိသည်နှင့် ရှိန့်ဖုန်း၏ စိတ်ဝိညာဉ် တုန်လှုပ်မိဆဲပင်။
၎င်းသည် သူ့နှလုံးသားထဲမှ ပျောက်ပျက်မသွားမည့် နာကျင်မှုတစ်ခုဖြစ်သည်။
ညနေပိုင်းတွင် ချင်းယွင်လေး ညစာပြန်လာစားသည်။ ကလေး စိတ်မကောင်းဖြစ်နေသည်အား ရှိန့်ဖုန်းအနည်းငယ်ခံစားမိသဖြင့် ကလေးကိုရင်ခွင်ထဲသွင်းကာ ဂရုတစိုက်မေးလိုက်သည်။ "ဘာဖြစ်လို့လဲ။ ဒီနေ့လည်က ဘာဖြစ်ခဲ့လို့လဲ။ "
ကလေးက နှုတ်ခမ်းစေ့ရင်း ဘာမှပြန်မပြောပေ။ နောက်ဆုံးတွင်တော့ သူ့အတွေးကို မအောင့်နိုင်တော့ဘဲ ပြောလိုက်သည်။ " ဒီနေ့ ဘေးအိမ်က အစ်မ အားဟွာကို မြစ်နားမှာတွေ့တယ်။ ခင်ဗျားက ကျွန်တော့အဖေလားတဲ့။ အဲ့ဒါနဲ့ ကျွန်တော်က မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ဒါကိုသူမကပြောတယ်။ ကျွန်တော်က ဒီလောက်ကြီးနေတာတောင် ခင်ဗျားအပေါ် တွယ်တပ်နေတာ...."
"ကျွန်တော်က...." ထိုစကားကို မပြောခင် ကလေးက ဦးနှောက်ကို အလုပ်ပေး၍ စဉ်းစားလိုက်သေးသည်။ "ကျွန်တော်က အရှက်မရှိဘူးလို့လား မသိဘူး ပြောတယ်။ "
ရှိန့်ဖုန်း၏ မျက်နှာကြီး ချက်ချင်း ခက်ထန်သွားသည်။ ချင်းယွင်က သူ၏ ဟန်ချက်ထိန်းညှိရာလေး ဖြစ်သည့်အတွက် လူငယ်လေးအပေါ် မည်သည့်စော်ကားမှုကိုမျှ သည်းမခံနိုင်ပေ။ အနည်းငယ်လေးပင် မရပေ။
"အင်း။ ကိုယ်သူမကို နောက်တစ်ခါ လာခွင့်မပြုတော့ဘူး။ " သူကလေး၏ ပါးအား နမ်းလိုက်သည်။
ထို့နောက် ချင်းယွင်လေး ပျော်ရွှင်သွားသည်။ ထိုအစ်မကြီးက အမြဲတမ်း ရှိန့်ဖုန်းထံလာ၍ စကားပြောတတ်ပြီး သူ့ကိုလည်း မနှစ်မြို့သလို ကြည့်တတ်ရာ သူမုန်းသည်မှာ ကြာပြီဖြစ်သည်။
ညစာစားပြီးနောက် သူတို့နှစ်ယောက် တီဗီကြည့်ကြသည်။
ရှိန့်ဖုန်းက ကလေးကို ကမ္ဘာကြီးနှင့် လုံးဝသီးခြားမဖြစ်သွားစေချင်သည့်အတွက် လိုင်းဖမ်းကိရိယာ ဆင်ရန် အတော်ကြိုးစားခဲ့သည်။
တီဗီပေါ်တွင် ကြော်ငြာတစ်ခုလာနေသည်။ ငါးနှစ်အရွယ်ကလေးတစ်ယောက်က မူကြိုရှေ့တွင် သူ့အဖေအားတွေ့ကာ ပျော်ရွှင်စွာဖြင့် ပါးကိုနမ်းလိုက်သည်။
သူ့မျက်နှာပေါ်တွင် ခပ်နွေးနွေးခံစားချက်တစ်ခုကို ရလိုက်သည်။ ကလေး၏ နူးညံ့သော နှုတ်ခမ်းများက သူ့မျက်နှာပေါ်တွင် ဖိထားသည်။
ရှိန့်ဖုန်း အံ့ဩစွာ ခေါင်းလှည့်လိုက်သည်။ ချင်းယွင်လေး၏ မျက်ဝန်းများက ဖြူစင်၍ ကလေးဆန်ပြီး ချစ်ခင်မှုသာ ထင်ဟပ်နေသည်။
နှစ်နှစ်၊ အထီးကျန်နေခဲ့ရတဲ့ နှစ်နှစ်။ ရှိန့်ဖုန်း နှလုံးသားအောက်ခြေတွင် ချုပ်ထိန်းထားသော နာကျင်မှုက ရုတ်တရက် ရုန်းကြွလာကာ မျက်ဝန်းထဲ၌ ဝမ်းနည်းမှုအငွေ့အသက်များ သန်းလာသည်။ မျက်ဝန်းများရဲလာကာ မျက်နှာကို ချက်ချင်းအုပ်လိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။
ချင်းယွင်လေးက ခေါင်းလှည့်ကာ ရုတ်တရက်ဝမ်းနည်းသွားသော လူအနောက်သို့ ဇဝေဇဝါဖြင့် လိုက်ကြည့်နေသည်။
ရှိန့်ဖုန်းက ဆေးလိပ်သောက်ရန် ခြံထဲသို့ ထွက်လာခဲ့သည်။
သူ ချင်းယွင်ကို လွမ်းသည်။ တွေးမိရုံလေးနှင့်ပင် သူ့နှလုံးသား စုတ်ပြဲသွားသလိုပင်။ ငါးနှစ်သား ချင်းယွင်လေးက ရှိန့်ဖုန်းအား စိတ်သက်သာရာရစေသော်လည်း ရှိန့်ဖုန်း၏ အတွေးများကို မရပ်တန့်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ချင်းယွင်လေးက ငါးနှစ်သား အမြဲဖြစ်နေမည့် ခလုတ်အနှိပ်ခံထားရသကဲ့သို့ သူ့စိတ်က အမြဲ ငါးနှစ်အရွယ်သာ ရှိနေမည်ဖြစ်ကာ အချိန်နှင့်အမျှ ကြီးထွားမလာနိုင်ပေ။
သူက အရွယ်ရောက်သူများ၏ ခံစားချက်များကို ဘယ်တော့မှသိလာမည်မဟုတ်ပေ။ ရှိန့်ဖုန်းသည်လည်း ကလေး၏ မျက်ဝန်းထဲ အခြားအရောင်များ စွန်းထင်းမည်ကို မလိုလားချေ။
မည်သို့ပင်ဆိုစေ ထိုသန်မာသော၊ မာနကြီးသော လူငယ်လေးက သူ့မှတ်ဉာဏ်ထဲ စွဲမြဲနေဆဲဖြစ်သည်။
တစ်ခါတစ်လေပင် ရှိန့်ဖုန်း ဇဝေဇဝါ ဖြစ်မိသည်။ ချင်းယွင်က သူ့စိတ်ကူးယဉ်ပုံရိပ်လေးတစ်ခုပဲလား။ လူငယ်လေးက တကယ်ရှိလို့လား။
စီးကရက်တစ်လိပ်ကုန်ပြီးနောက် ရှိန့်ဖုန်း နောက်တစ်လိပ်ကို မီးညှိရန်ပြင်နေစဉ် အိမ်ထဲမှ လူငယ်လေး၏ အော်ခေါ်သံကို ကြားလိုက်ရသည်။ "ဟေး။ ရေယူလာခဲ့။ ကျွန်တော် ခြေထောက်ဆေးချင်တယ်။ "
ရှိန့်ဖုန်း အံ့အားသင့်သွားကာ စီးကရက်နှင့် မီးခြစ်များ မြေကြီးပေါ်ပြုတ်ကျသွားသည်။
သူ ခေါင်းကို တစ်လက်မချင်း လှည့်၍ အိမ်ဘက်သို့ ကြည့်လိုက်သည်။
ပြတင်းပေါက်မှတစ်ဆင့် လူငယ်လေးက သူ့ကိုကြည့်နေသည်။ သူ့မျက်ဝန်းထဲက ခံစားချက်များမှာ မောက်မာမှုနှင့်မာကြောမှုများ ပြည့်နေသော်လည်း ပူပန်ချစ်ခင်ကြင်နာမှုအနည်းငယ်လည်း ပေါ်နေသည်။ ၎င်းက ရှိန့်ဖုန်းအား လုံးဝ ဆွဲဆောင်ဖမ်းစားသွားသည်။
"ကျွန်တော်က ခင်ဗျားကို ခေါ်နေတာလေ။ မကြားဘူးလား။ " လူငယ်လေးက သူ့ကိုမေးငေါ့ပြကာ အသံတဖြည်းဖြည်း မာလာသည်။ သို့သော် သူ့ကိုကြည့်နေသော မျက်ဝန်းများနှင့် လိပ်ပြာတောင်ပံကဲ့သို့ တဖြတ်ဖြတ်ခတ်နေသော မျက်တောင်များက မူပိုင်ရှင်၏မသက်မသာဖြစ်နေမှုကို ဖော်ပြနေသည်။
ချင်းယွင်က ထိုရူးမိုက်သောယောက်ျားအား ကြည့်ကာ နှလုံးသားထဲ အနည်းငယ်ချဉ်လာသည်။
သူဤကမ္ဘာ၌ ဆက်နေနိုင်မည်ဟု မထင်ထားပေ။
ဤကမ္ဘာကြီး ပြန်ပြောင်းလဲသွားစဉ်က သိမ်မွေ့၍ပြီးပြည့်စုံသော စွမ်းအားတစ်ခုက ချင်းယွင်၏ ခန္ဓာကိုယ်အတွင်းသို့ နေရာအစုံမှ တိုးဝင်လာကာ သူ့ခန္ဓာကိုယ်အား နည်းနည်းချင်း ပြုပြင်ပေးပြီး အသက်ကယ်ပေးခဲ့သည်။
၎င်းသည် ဤကမ္ဘာကြီးမှ ကျေးဇူးတင် လက်ဆောင်နှင့်တူသည်။
ထိုစွမ်းအားကြောင့် သူနှင့်ရှိန့်ဖုန်းတို့ ယနေ့အထိ ရှင်သန်နိုင်နေခြင်းပင်။ ဤခန္ဓာကိုယ်မှာ ချင်းယွင်က သူ၏စိတ်ဝိညာဉ်ကို ဖော်ထုတ်နိုင်သည်အထိ အပြုပြင်ခံလိုက်ရသည်။
သူ အလွန်လွမ်းနေသော လူငယ်လေးအား ပြတင်းပေါက်၌တွေ့လိုက်ရသောအခါ ရှိန့်ဖုန်းသူ့မျက်ဝန်းမှ စိုစွတ်မှုများကို သုတ်လိုက်ကာ ဂယောက်ဂယက် ဖြေကြားလိုက်သည်။ "လာ...လာပြီ.."
ထိုညတွင် ရှိန့်ဖုန်းပြုလုပ်ထားသော ရိုးရိုးရှင်းရှင်း သစ်သားကုတင်လေးမှာ တစ်ညလုံး 'တကျွိကျွိ ' မြည်ခဲ့သည်။
နောက်တစ်နေ့ ရှိန့်ဖုန်းလက်ဆန့်ကာ စမ်းလိုက်ရာ အိပ်ရာလွတ်ကိုသာ ထိမိ၍ ဆတ်ခနဲထထိုင်မိသည်။
အိမ်ထဲက လူငယ်လေးကို တွေ့မှသာ စိတ်ပြန်ပြေသွားရသည်။
သို့သော် ချင်းယွင်လေးက အိမ်ထဲ၌ ဗြောင်းဆန်အောင် လျှောက်သွားရင်း တစ်စုံတစ်ခုအား ရှာနေသည်။ ချင်းယွင်လေးကို ကြည့်ကာ ရှိန့်ဖုန်း ခဲတောင့်သွားသည်။ သူ့ကျောကုန်းပေါ်မှ ကုတ်ခြစ်ရာများ၏ စပ်ဖျဉ်းဖျဉ်း နာကျင်မှုကြောင့်သာမဟုတ်လျှင် မနေ့ကညသည် အိပ်မက်ဟုသာ သူထင်လုနီးပါးပင်။
"ရှိန့်ဖုန်း၊ ရှိန့်ဖုန်း ကျွန်တော့်ဖားလေး ဘယ်မှာလဲ။ "ကလေးက သူနိုးလာသည်ကို တွေ့သောအခါ ချက်ချင်းပြေးလာ၍ မေးတော့သည်။
ရှိန့်ဖုန်း ကြောင်အသွားသည်။ ထို့နောက်တွင်မှ မနေ့ညက ချင်းယွင်သည် ဖား၏စိတ်အနှောက်အယှက်ဖြစ်စရာ 'အုံးအွမ်' အသံကို မကြိုက်သဖြင့် သူ့ကို အိပ်ရာပေါ်မှ ကန်ထုတ်ကာ ဖားအားလွှင့်ပစ်ခိုင်းခဲ့သည်ကို မှတ်မိသွားသည်။
ထိုအချိန်တွင် ရှိန့်ဖုန်းမှာ ၎င်းအကြောင်းကို သေချာဂရုစိုက်မတွေးနိုင်လောက်အောင် လောနေခဲ့သည်။ သူဖားကိုခြေထောက်မှ ကိုင်ကာ လွှင့်ပစ်ခဲ့သည်။ တစ်ညကြာသွားပြီဖြစ်၍ ဖားဘယ်နေရာသို့ ရောက်သွားမှန်း မည်သူမျှ မသိပေ။
ချင်းယွင်လေးက သူအသံတိတ်နေသည်အား မြင်ကာ မျက်ရည်များ စမ်းရေကဲ့သို့ ချက်ချင်းကျဆင်းလာသည်။ "ခင်ဗျား စားလိုက်တာ မဟုတ်လား။ "
မျက်ရည်များအား တွေ့ကာ ရှိန့်ဖုန်း ဒုက္ခရောက်တော့သည်။ စောင်တစ်ထည်ယူပတ်လိုက်ပြီး ကလေးကိုဖက်၍ ချော့လိုက်သည်။ "မငိုနဲ့နော်။ ကိုယ် မင်းအတွက် နောက်တစ်ကောင် ဖမ်းပေးမယ်။ "
"ကျွန်တော့် ဖားကိုပဲလိုချင်တာ။ " ကလေးက ခွင့်မလွှတ်ပေ။
"အင်း။ အင်း။ ကိုယ် အဲ့တစ်ကောင်ကို ရှာပေးမယ်။ မငိုနဲ့နော်..."
ထို့ကြောင့် မနက်ပိုင်းတွင် ရှိန့်ဖုန်းကလေးအား မနက်စာကျွေးပြီးနောက် ဖားရှာရန်ထွက်လာခဲ့သည်။ ကလေးက သူမွေးထားသော ဖားကိုသာ လိုချင်နေသည်။ သနားစရာကောင်းသော ရှိန့်ဖုန်းမှာ ပုံစံတူသော ဖားများအားလုံးထဲမှ ဖားတစ်ကောင်ကို ရှာရတော့သည်။
တစ်နေ့လုံး ရှာဖွေနေခဲ့ပြီးနောက် ဖားကိုသယ်၍ ရှိန့်ဖုန်း အိမ်ပြန်လာသည်။
သူအိမ်တံခါးဖွင့်ဝင်လိုက်သည်နှင့် မာနကြီးကြီးခပ်တည်တည် လူငယ်လေး စားပွဲ၌ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူ့လက်ထဲ သယ်လာသောဖားကို တွေ့သောအခါ လူငယ်လေး၏ မျက်နှာချက်ချင်းအေးစက်သွားသည်။
ချင်းယွင်က နှာခေါင်းရှုံ့ကာ သူ့ကို အေးစက်စက်ကြည့်နေသည်။ "ဒါ ဘာအဓိပ်ပါယျလဲ။ ခင်ဗျားမနေ့ညကကျ ကျွန်တော်နဲ့အတူ ကုန်ဆုံးခဲ့ပြီး အခုကျ ကလေးလို လာဆက်ဆံနေတာလား။ ရှိန့်ဖုန်း၊ ခင်ဗျားမှာ ဘာအရှက်မှမရှိဘူး။ "
"မဟုတ်ဘူး။ မဟုတ်ဘူး။မဟုတ်ဘူး။ " ချင်းယွင်ကို ထပ်တွေ့ရသောအခါ ရှိန့်ဖုန်း၏ နှလုံးသားထဲ အပျော်များ ချက်ချင်းဖုံးလွှမ်းသွားသည်။
သူ အရှေ့လျှောက်သွားကာ လူငယ်လေးအား ပွေ့ဖက်၍ နမ်းမည်ပြင်သော်လည်း ချင်းယွင်က သူ့မျက်နှာကို လက်ဖြင့်ကာထားသည်။" ခင်ဗျား ဒီဖားကို ဝေးနိုင်သမျှဝေးဝေး ပစ်လိုက်။ "
ထို့ကြောင့် ရှိန့်ဖုန်းမှာ ပြေးထွက်၍ ဖားသွားပစ်ရသည်။
သို့သော် သူပြန်ဝင်လာသောအခါ ချင်းယွင်လေးက တံခါးနားတွင် ထိုင်ရင်း မေးထောက်ကာ သူ့ကိုစောင့်နေသည်။ သူလက်ဗလာဖြင့် ပြန်လာသည်ကို တွေ့သောအခါ မျက်ဝန်းများ ချက်ချင်းရဲလာသည်။
"ခင်ဗျား ခေါ်လာမယ်ဆိုတဲ့ ဖားကော "
ရှိန့်ဖုန်း: "......"
သူကလေးကို ရင်ခွင်ထဲဖက်ကာ ကောင်းကောင်းချော့ရတော့သည်။ ချင်းယွင်က ကောက်ကျစ်သောအပြုံးလေး ပြုံးလိုက်သည်အား ရှိန့်ဖုန်းမမြင်ပေ။ ထို့နောက် ချင်းယွင်က သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်ကာ ရယ်မောရင်း စွပ်စွဲသည်။
"နှာဘူး "
ဤကမ္ဘာတွင် ချင်းယွင်နှင့် ရှိန့်ဖုန်းတို့ ကြာကြာနေခဲ့သည်။ သူတို့ မကွယ်လွန်ခင် ခရီးအတူသွားကာ ကမ္ဘာ့နေရာတိုင်းကို ရှုစားခဲ့သေးသည်။
*******
သူဖန်တီးထားသော နေရာလွတ်သို့ ချင်းယွင်ပြန်ရောက်လာသောအခါ သူ့စွမ်းအားဖြင့်ဖန်တီးထားသော ဆိုဖာတစ်လုံးပေါ်ထိုင်ရင်း လက်ထဲမှကမ္ဘာလုံးကို အကြာကြီး ငေးကြည့်နေသည်။
ဤကမ္ဘာတွင် ထိုသို့ဖြစ်သွားမည်ဟု သူတကယ်မမျှော်လင့်ထားပေ။ ထိုယောက်ျားက ဤအဖြစ်အပျက်မှတစ်ဆင့် သူ့နှလုံးသားထဲ တိတ်တဆိတ် တိုးဝင်လာကာ နှလုံးသားအမျှင်များကို သေချာဆုပ်ကိုင်ထားသည်။
ခဏကြာသောအခါ ရင်းနှီးနေသောတွန်းအားတစ်ခုက ထောင့်တစ်နေရာမှလာ၍ ချင်းယွင်၏နေရာလွတ်ပတ်လည်ကို လာလာတိုက်နေသည်။ သူက အထဲဝင်ရန် တာစူနေပုံပေါ်သည်။
သို့သော် ချင်းယွင်က အထဲဝင်ခွင့်မပြုပေ။ထိုအစား သူက မျက်မှောင်ကြုတ်ကာ တားလိုက်သည်။ "ခင်ဗျားမှာ သုံးစရာနေရာမရှိလောက်အောင် စွမ်းအင်တွေ ပေါနေတာလား။ ခင်ဗျားထွက်လာခဲ့တဲ့နေရာကို ပြန်သွားချည်။ "
ထိုလူ၏ တည်နေရာအား ချင်းယွင်တိတိကျကျမခံစားရပေ။ သူသည်လည်း တစ်ကမ္ဘာပြီးတစ်ကမ္ဘာ ဖြတ်သန်း၍ စိတ်ဝိညာဉ်ပြုပြင်နေတာ ဖြစ်နိုင်သည်။ ဒီအဆုံးမရှိတဲ့ နေရာလွတ်နဲ့ အချိန်တွေ ဖြတ်ပြီး စွမ်းအင်တွေကို ဘယ်လိုလုပ် ပယမ်းပတာ ဖြုန်းတီးနိုင်ရတာလဲ။
သူဤတစ်ကြိမ်ဝင်ခွင့်ပြုလိုက်လျှင် ထိုယောက်ျားက ကမ္ဘာတစ်ခုပြီးတိုင်း သူ့ဆီလာနေမည့် အကျင့်ဆိုးကြီး ရလာလိမ့်မည်။
ထိုလူက ကမ္ဘာတိုင်းတွင် ချင်းယွင်အား ချောချောမွေ့မွေ့တွေ့ဆုံနိုင်ရန် တိတ်တဆိတ် အမှတ်အသားချန်ထားသည်အထိ ဉာဏ်နီဉာဏ်နက် များသည်။
နေရာလွတ်ပြင်ပမှ စွမ်းအင်က ထိခိုက်နစ်နာသွားသည့်ပုံဖြင့် အပြင်ဘက်တွင် ခေတ္တနေနေခဲ့ပြီးနောက်တွင်မှ ခေါင်းငုံ့ကာနားရွက်များကျ၍ ထွက်ခွာသွားသည်။
"အရူးကြီး။ နောက်ကမ္ဘာကျရင် တွေ့မှာပဲကို။ ဒီလောက်အချိန်လေးတောင် မစောင့်နိုင်ဘူးလား။ " ချင်းယွင်က ခေါင်းငုံ့ကာ မျက်ဝန်းထဲမှ ရယ်ချင်စိတ်ကို ဖွက်လိုက်သည်။ ထို့နောက် သူ့စိတ်ဝိညာဉ်၏ ဆွဲအားအနောက်ကိုလိုက်ကာ နောက်တစ်ကမ္ဘာသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။