Chapter (3)

5.7K 606 27
                                    

Chapter (3) အနီးနားမှာ

ဟွားရှန်းကျစ်လိုလူက အမျိုးကောင်းသမီးလေးလို ဖြစ်ချင်သည် ဆိုသည်မှာ အတော်လေး ခက်ခဲမည့်ပုံပင်။

"အားရှန်း .. ဒါ နဲ့ ဒီဟာ ဘယ်ဟာ ပိုကြည့်ကောင်းလဲ။ ဒါမှမဟုတ် ဒါလေး ဆိုရင်ရော"

ဟွားရှန်းကျစ်မှာ ဖက်ရှင်ဆိုင်အတွင်းရှိ အဝတ်များကို တစ်ထည်ပြီးတစ်ထည် ယှဉ်ပြပြီး သူ၏ အကြံပေး ဖြစ်သူ မော့ရှန်းအား မေးနေ၏။ မော့ရှန်းကို မနက်စောစောကတည်းက ဖုန်းတောက်လျှောက်ဆက်ကာ ဒီနေရာသို့ ဆွဲခေါ်လာခဲ့တာ ဖြစ်သည်။

"အမ်း .. ဒီတစ်ထည်"

"ဒါဆို ငါ ဒီနေ့ ဘာဝတ်သွားရမလဲ" ဟွားရှန်းကျစ်မှာ မျက်နှာညိုနေတော့သည်။

"အားရှန်း .. နင် ကောင်းကောင်း မနိုးသေးဘူးလား ဟမ်.. မနက်စောစောကြီး ဘာလို့ အဲ့လောက် စိတ်လွင့်နေရတာလဲလို့"

"အမ် ..."

မော့ရှန်းမှာ ကိုယ့်အဖြစ်ကြောင့် အားတုံ့အားနာ ရယ်မောမိပြီး စကားမြန်မြန်လွှဲရသည်။

"ရှောင်ဟုန် .. နင် အမျိုးကောင်းသမီးလေး ပုံစံဖမ်းဖို့က အဝတ်အစားကချည်းပဲ အရေးကြီးတာ မဟုတ်ဘူးလေ"

"ဒါဆို ရင်.."

"အမူအကျင့်ပေါ့ဟ"

မော့ရှန်း က ဥပမာတစ်ခု ပေးရသည်။

"ဥပမာကွာ .. လူတစ်ယောက်က နင့်ကို ဘယ်လို ဂီတအမျိုးအစားတွေ ကြိုက်တတ်သလဲ မေးလာပါပြီတဲ့၊ နင် heavy metal rock တွေ ကြိုက်ပါတယ်လို့ ဘယ်တော့မှ မပြောရဘူး"

"ငါလည်း ရော့ခ် ဂီတကို နားမထောင်ပါဘူး" ဟွားရှန်းကျစ်က ပျော်ရွှင်စွာ ပြန်ဖြေလာသည်က ..

"ငါ့အကြိုက်ဆုံးက Richie Ren နဲ့ Ah Niu တို့ရဲ့ Lang Hua Yi Duo Duo ပဲ"

ဒီတစ်ခါမှာတော့ မော့ရှန်းရဲ့ မျက်နှာ မဲမှောင်သွားရပြီ။ ကြောင်တောင်တောင် ပြုံးရယ်နေတဲ့ ယောကျ်ားသုံးယောက် ရဲ့ ပုံရိပ်တွေရယ်၊ ပန်းပွင့်ပုံတွေပါသော ဘောင်းဘီတိုများ ဝတ်ဆင်ကာ၊ ဂစ်တာတစ်လက်ကိုင်ပြီး ကမ်းခြေတလျှောက် ဘီကီနီ ဝတ်ထားတဲ့ မိန်းမတွေနောက် လိုက်နေသည့် ပုံရိပ်တွေက အတွေးထဲ ရောက်လာရသည်။ ဟွားရှန်းကျစ်ရဲ့ စိတ်လှုပ်ရှားပျော်ရွှင်နေသော အသံကြီးဖြင့် ဆိုနေသည့် သီချင်းစာသားပင် ပါနေသေးသည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now