Chapter (1.1)

11K 600 15
                                    

Chapter (1.1) ပြန်လည် ဆုံစည်းခြင်း

၇ နှစ်ကြာပြီးချိန်... ရုံးပိတ်ရက်မို့ ဈေးဝယ်သူတွေနဲ့ ပြည့်ပိတ်နေတဲ့ စူပါမားကတ်ထဲမှာတောင် သူ့ကို ထပ်တွေ့ရပြန်ပြီ။

ကျောက်မော့ရှန်းမှာ ဈေးဝယ်တွန်းလှည်းကို တစ်ယောက်တည်း တွန်းရင်း၊ လူအုပ်ကြားထဲ တိုးဝှေ့နေရသည်။ သူက ပြည်ပမှ ပြန်ရောက်ကာစမို့ ဒီလို လူထူထူ နှင့် နေသားတကျ မဖြစ်သေး။ သို့ပေမဲ့ ဒီလို နွေးထွေးပျူငှာသော မြင်ကွင်းမျိုးက သူ့အား အလိုလို ပြုံးမိစေပြီး၊ ကိုယ့်လူမျိုးတို့၏ ဘာသာစကားသံ ဆူဆူကို နားထောင်နေရရုံနဲ့တင် စိတ်ကို ကြည်လင်လန်းဆန်းလာစေသည်။ ပြည်ပက ပြန်လာကြတဲ့ တခြားသူတွေရော အဲ့လို ဖြစ်တတ်ကြသလားတော့ မသိ။ စိတ်လှုပ်ရှားခြင်း နှင့် အနည်းငယ် စိုးထိတ်နေခြင်း။

၇ နှစ် ၊ ကြာညောင်းသော အချိန်ကာလ။

ဒါပေမဲ့.. အခုပဲ ပြည်ပက ပြန်ရောက်ရုံ ရှိသေးတာကို ဘယ်လိုကြောင့်များ ဒီလူနဲ့ လာဆုံနေရပါသလဲ။ မဟုတ်သေးဘူး .. တိတိကျကျ ပြောရရင် ဒီလူတွေနဲ့..။

အသီးအရွက်တန်းနားမှာ ရပ်နေကြတဲ့ စုံတွဲကို မော့ရှန်း တိတ်တိတ်လေး ငေးကြည့်နေမိစဉ်၊ စိတ်ထဲ ဆန်းကြယ်သော ကံကြမ္မာအကြောင်း တွေးနေမိပြန်သည်။ လွန်ခဲ့သည့် ၇ နှစ်က မိမိကို ပြည်ပ ထွက်ခွာဖို့ ဆုံးဖြတ်မိစေခဲ့သောသူ။

အခုတော့ သူတို့က ဒီနေရာမှာ အတူတူ ဈေးဝယ်ထွက်နေသည် ဆိုတော့ .. ဒါဟာ သူတို့ အတူရှိနေခဲ့သည် ဆိုသည့် အဓိပါယ်ပဲပေါ့။ ကံကောင်းတာက မိမိ အဝေးကို မြန်မြန် ပြေးလို့ ရနေသေးသည်၊ မဟုတ်လျှင် ရင်ထဲ နက်နက်ရှိုင်းရှိုင်း နာကျင်ရပေတော့မည်။

ဟယ့်ရိချန်း နှင့် ဟယ့်ရိမေ့၊ မိမိ ဘယ်လောက်များ တုံးအ လိုက်သလဲ၊ ဒီလို နာမည်တူတဲ့ နှစ်ယောက်ကို မောင်နှမပဲ ဖြစ်ရမည်လို့ တွေးခဲ့မိသည်တဲ့။

"ငါတို့က မောင်နှမ မဟုတ်ပါဘူး။ အရင်က ငါတို့ မိသားစုချင်း အရမ်း ရင်းနှီးကြတဲ့ အိမ်နီးချင်းတွေ ဖြစ်ခဲ့တာ။ မျိုးရိုးနာမည် ဟယ့် ဖြစ်တာလည်း အတူတူပဲ။ နောက်ပိုင်းမှာ ရိချန်းရဲ့ အဖေနဲ့အမေ မတော်တဆမှု ဖြစ်ကြတော့၊ ငါတို့ မိသားစုက ရိချန်းကို မွေးစားခဲ့ကြတာ။"

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now