Episode (29)

207 44 24
                                    

Unicode

ဝရန်တာဘက်ထွက်တဲ့တံခါးကို ဖွင့်လိုက်တာနဲ့ ဆူညံသံအလုံးအရင်းက နားထဲဝင်လာခဲ့တယ် ။  မနက်စောစောသာရှိသေးပေမဲ့  လှုပ်ရှားသွားလာနေတဲ့လူတွေက မနည်းမနော ။ ဗဟိုလမ်းဘက်က လူသိပ်စည်သလို အစားအသောက်ရောင်းတဲ့ဆိုင်တွေကလဲပေါမှပေါ ။ အဲဒါကြောင့် ကျွန်တော် ဒီမှာနေဖို့ဆုံးဖြတ်လိုက်တာပါ ။ တစ်ယောက်တည်းနေရတာကို သဘောကျတယ်လို့ ထင်ခဲ့ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော့်စိတ်ရင်းက အဲဒီလိုမဟုတ်မှန်းသိလာခဲ့တယ် ။

" စပါးတွဲတွေရမယ်...စပါးတွဲတွေရမယ် "

စပါးတွဲရောင်းတဲ့လူကြီးရဲ့အသံက ကျွန်တော်ရှိတဲ့နေရာထိ ပျံ့လွင့်လာခဲ့တယ် ။ အဲဒီအသံကြောင့် စပါးတွဲထပ်ဝယ်ဖို့ သတိရသွားသလို လာနေကျငှက်လေးတွေကိုပါ သတိရသွားကော ။

" စပါးတွဲတောင်ကုန်တော့မှာပဲ "

ဝရန်တာမှာချိတ်ဆွဲထားတဲ့စပါးတွဲလေးက ကုန်လုကုန်ခင် ။ စပါးစေ့လေးတွေက ငှက်လေးတွေရဲ့အစာဖြစ်ပြီး အောက်မှာကျနေတဲ့အစေ့တချို့တလေကတော့ ပုရွက်ဆိတ်လေးတွေရဲ့အစာပေါ့ ။ တစ်ယောက်တည်းနေရသူအဖို့ ငှက်လေးတွေရဲ့ ကျီကျီကျာကျာအော်မြည်သံလေးတွေကလဲ အထီးကျန်မှုကိုနည်းနည်းတော့ သက်သာစေသား ။

မနက်ခုနစ်နာရီထိုးခါနီးဆိုရင် ငှက်လေးတွေက သူတို့ရဲ့အစာအရင်းအမြစ်ဆီရောက်လာနေကျဆိုတော့ ဝရန်တာတံခါးကိုနည်းနည်းဟထားလိုက်ပြီးမှ သစ်သားခုံပုလေးမှာထိုင်ရင်း ငှက်လေးတွေလာမဲ့အချိန်ကို ငြိမ်ငြိမ်လေးစောင့်နေမိတယ် ။ ကျွန်တော်က စောင့်ဆိုင်းရတာကိုကြိုက်နှစ်သက်တဲ့သူလို့ နီနီကတော့ပြောတာပဲ ။ ဘာကိုအခြေခံပြီးပြောတာလဲဆိုတာ ကာယကံရှင်နီနီကသာ ပိုသိပါလိမ့်မယ် ။

ကျွန်တော်တို့ပိုင်ဆိုင်တဲ့အာရုံခံအင်္ဂါတွေက တစ်ခုမှာအားနည်းသွားရင် ကျန်တဲ့တစ်ခုကပိုပြီးအာရုံခံနိုင်တဲ့သဘောရှိတယ် ။ ဥပမာ အမြင်အာရုံချို့တဲ့နေသူရဲ့ အကြားအာရုံက သာမန်ထက်ပိုစူးရှနေတာမျိုးပေါ့ ။ မျက်လုံးကိုဖြည်းဖြည်းချင်းမှိတ်ပြီး ဝင်သက်ထွက်သက်ကိုမှတ်ရှုနေချိန် ငှက်လေးတွေရဲ့အော်မြည်သံချိုချိုလေးတွေက ဟထားတဲ့တံခါးကြားကနေပျံ့လွင့်လာပါတယ် ။ နာရီမလိုဘဲ သူတို့လေးတွေ အချိန်တိတိကျကျနဲ့ ရောက်ရှိလာတတ်တာက ချစ်စရာ ။

ထင်း (Ongoing) Where stories live. Discover now