Episode (22)

173 34 10
                                    

Unicode

" ပိန်သွားလိုက်တာ သမီးရယ် "

ဘွားဘွားက ဧည့်ခန်းကခုံမှာထိုင်ချပြီးတာနဲ့  အမေ့တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ်ကြည့်ရင်းပြောလာတဲ့စကားပါ ။ အမေ့ကိုကြည့်နေတဲ့ ဘွားဘွားရဲ့မျက်နှာထက်မှာ မပျော်ရွှင်မှုတွေနဲ့။

" သမီး ထမင်းသိပ်စားမကောင်းလို့ပါ အမေ "

" ဘာဖြစ်လို့ ထမင်းစားမကောင်းတာလဲ သမီး "

ဘွားဘွားကထပ်ပြီးမေးလိုက်တော့ အမေကအဖြေမရှိသလိုမျိုး ငြိမ်သက်သွားကော ။ အမေက တိတ်ဆိတ်နေလေ ၊ ဘွားဘွားရဲ့မျက်နှာကပိုပျက်ယွင်းလေပါ ။

ကျွန်တော် ဘွားဘွားရဲ့မျက်နှာကို သေချာငေးကြည့်နေမိတာ ။ ဆံပင်ကိုအပြောင်သိမ်းပြီး ဆံထုံးမြင့်မြင့်ထုံး ၊ သနပ်ခါးပါးပါးလိမ်းခြယ် ၊ ပါတိတ်အဝါရောင်ဝမ်းဆက်ဝတ်ထားတဲ့ ဘွားဘွားက တည်တည်ငြိမ်ငြိမ်သဏ္ဍာန်နဲ့ ကြည့်ကောင်းလှတယ် ။ ဘွားဘွားက ပိုက်ဆံရှိပေမဲ့ လက်ဝတ်ရတနာတွေကို အများကြီးမဝတ်တတ်ဘူး ။ အခုလဲ ဘွားဘွားရဲ့နားမှာ ပုလဲနားကပ်တစ်စုံနဲ့ ၊ လည်ပင်းမှာသိပ်မကြီးလှတဲ့ဆွဲကြိုးတစ်ကုံးသာရှိနေခဲ့ပါတယ် ။

ကျွန်တော် သူ့ကို သေချာကြည့်နေမှန်းလဲသိကော ဘွားဘွားက ချက်ချင်းမျက်နှာထားပြင်လိုက်ပြီး သွားတွေပေါ်အောင်ပြုံးရင်း ကျွန်တော့်ဆံပင်လေးတွေကို အသာအယာဖွလေတယ် ။

" ငါ့မြေးလေးက အရင်ကထက် အရပ်ရှည်လာပြီပဲ "

ဘွားဘွားပြောသလို တခြားသူတွေကလဲ ကျွန်တော်အရပ်ရှည်လာတဲ့အကြောင်းပြောနေကျပါ ။

" သား အရပ်ရှည်လာတာက ထမင်းအများကြီးစားလို့ ဘွားဘွား "

" ဒါပေါ့ရှင်... ထမင်းများများစားရင် ဘွားမြေးလေးက ပိုပိုပြီးအရပ်ရှည်လာမှာ "

" ဟုတ်ကဲ့ ဘွားဘွား "

ကျွန်တော်နဲ့ဘွားဘွားစကားပြောနေတာကို ကြည့်နေတဲ့ အမေရဲ့ပုံစံက မတည်မငြိမ်နဲ့ ။ လက်ချောင်းအချင်းချင်းပွတ်သပ်နေသလို တံတွေးကိုလဲ ခဏခဏမျိုချနေခဲ့တာ ။

ထင်း (Ongoing) Där berättelser lever. Upptäck nu