Episode (23)

193 35 16
                                    

Unicode

မနက်ကတည်းကရွာနေတဲ့မိုးကြောင့် ကျွန်တော်ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့တယ် ။ အမေသာ အနွေးထည်အပါးလေး မဝတ်ပေးလိုက်ရင် အခုထက်ပိုချမ်းနေမှာပါ ။

" သားလေး တော်တော်ချမ်းနေတာလား "

အမေက ကျွန်တော့်ကိုကြည့်လိုက်တာနဲ့ ဘာဖြစ်နေမှန်း ချက်ချင်းသိတတ်တယ် ။ ကျွန်တော့်မျက်ခုံးလေးတွေမည်းလာရင် " အမေ့သားလေးဖျားတော့မယ်" ပြောပြီး သောက်ဆေးကြိုတိုက်တတ်သလို  မပျော်မရွှင်ဖြစ်သွားတိုင်းလဲ ရယ်စရာဟာသလေးတွေပြောပြီး ကျွန်တော်ပျော်ဖို့ ဖန်တီးပေးတတ်သူ ။

ကျွန်တော်ခေါင်းခါပြလိုက်ပေမဲ့ အမေက

" မချမ်းဘူးသာဆိုတယ် ၊ ခန္ဓာကိုယ်လေးက ကျုံ့နေပြီ ၊ အမေတို့အိမ်ရောက်အောင် မြန်မြန်လျှောက်ကြရအောင်နော် ၊ အိမ်ရောက်ရင် အမေ့သားလေး အချမ်းပြေသွားအောင် အိုဗာတင်းပူပူလေးဖျော်တိုက်မယ် "

ဆိုပြီး ပြောလာတဲ့အခါ ကျွန်တော်ကတော့ ခေါင်းညိတ်ပြမိပြန်ကော ။ အမေ့စကားကိုဆိုရင် မဆန့်ကျင်ချင်ဘူး ။ ကျွန်တော့်စကားတစ်ခွန်း ၊ အမူအရာတစ်ခုကြောင့် အမေစိတ်ညစ်သွားမှာကို
ကျွန်တော်စိုးကြောက်မိပါရဲ့ ။

မိုးကသိပ်မသည်းပေမဲ့ နည်းနည်းလေးရွာနေတာမျိုးလဲမဟုတ်တော့ မိုးကာအင်္ကျီမဖုံးနိုင်တဲ့  ဘောင်းဘီအစိမ်းအောက်နားစလေးမှာ မိုးရေတွေစိုလို့ ။

" နောက်နှစ်ကျရင်တော့ ကားတစ်စီးဝယ်မှဖြစ်တော့မယ် ၊ မဟုတ်ရင် အမေ့သားလေး အမြဲမိုးမိနေမှာ "

အမေက သူ့ဘာသာ ခပ်တိုးတိုးလေးရေရွတ်တယ် ။ အမေ့အတွက်ဝယ်ပေးထားတဲ့ကားကို အဖေကပဲအမြဲစီးနေလို့ ဘွားဘွားက မကျေနပ်တဲ့ပုံပါ ။ စိတ်ဆိုးပြီးပြောတာမျိုးမဟုတ်ပေမဲ့ ဘွားဘွား အဖေ့ကိုမကျေနပ်ကြောင်း ကျွန်တော်ရိပ်မိပါတယ် ။

ကျွန်တော် အမေ့ကိုမော့ကြည့်မိတော့ ထီးလွတ်နေတဲ့ဘက်မှာ မိုးရေတော်တော်စိုနေခဲ့ပြီ ။ မိုးကာအင်္ကျီဝတ်ထားတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ အမေ့ထီးလေးတည်ရှိနေတယ်လေ ။

ထင်း (Ongoing) Where stories live. Discover now