Episode (12)

412 56 34
                                    

Unicode

alarmမြည်သံသဲ့သဲ့ နားထဲကိုဝင်ရောက်လာတဲ့အခါ မျက်လုံးတစ်ဖက်ကို မဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လိုက်ရတယ် ။ ဘယ်သူကများ ရှည်လျားထွေပြားပြီး alarmပေးထားတာပါလိမ့် ။ အိပ်ချင်မူးတူးနဲ့ဆံပင်တွေကိုဖွပစ်ပြီးတော့ ခပ်လှမ်းလှမ်းမှာ ထားထားတဲ့ ဖုန်းကို ရန်သူကြီးသဖွယ်ကြည့်မိချိန် ထင်း အိပ်နေကျနေရာက လစ်ဟာနေတာကို သတိထားမိသွားတယ် ။ အဲဒီတော့မှ ကျွန်တော်ကိုယ်တိုင် ဖုန်းကိုalarmပေးထားမှန်း သတိရသွားတဲ့ဘဝ ။

ပက်လက်အိပ်နေရာကနေ ထထိုင်လိုက်တော့ ဆံနွယ်တွေက မျက်နှာပေါ်ကို အလုအယက်ကျဆင်းလာခဲ့တယ် ။ ဆံပင်တွေကိုသပ်တင်ပြီး လက်တစ်ဖက်နဲ့မျက်လုံးတွေပေါ်ပွတ်ရင်း အိပ်ချင်စိတ်ကိုဖျောက်ပြီးမှ အခန်းထဲကနေထွက်လိုက်ပေမဲ့ လူရှိမနေတဲ့ဧည့်ခန်းက တိတ်တိတ်ဆိတ်ဆိတ် ။

ထင်းက နောက်ဘက်မှာများလား ။

ဧည့်ခန်းကနေ နောက်ဘက်ကိုလျှောက်သွားပြီး ထင်းကိုရှာကြည့်ပေမဲ့ ထင်းရဲ့အရိပ်အယောင်ကိုမတွေ့ ။ အဲဒီအစား ထမင်း ၊ ဟင်းတွေကထွက်နေတဲ့ အပူငွေ့ကသာ ကျွန်တော့်ကိုကြိုဆိုနေခဲ့တယ် ။ မနက်ခုနစ်နာရီကိုalarmပေးထားတာဆိုတော့ အခုအလွန်ဆုံးရှိ ခုနစ်နာရီနဲ့ဆယ်မိနစ်လောက်ပေါ့ ။ ထင်း ထမင်းဟင်းတွေကို ဘယ်အချိန်ကထပြီးချက်ထားတာပါလိမ့် ။ ထမင်းပေါင်းအိုးပေါ်ကိုလက်ညှိုးထိပ်နဲ့ မထိတထိလေးတို့ကြည့်လိုက်တော့ ပူလောင်မှုကသိသိသာသာ ။
အနီရောင်အဖုံးအုပ်ထားတဲ့ဒယ်အိုးထဲမှာ အရွက်ပြုတ်တစ်ခုရှိနေခဲ့တယ် ။ ဟင်းချိုလို့ပဲခေါ်ရမလား ၊ အချဉ်ဟင်းမဟုတ်တာတော့ ကျိန်းသေပေါက်ပဲ ။

အိမ်ဆိုတဲ့ခံစားချက်ကို လူတွေက ဒါတွေကြောင့်မက်မောတာဖြစ်လိမ့်မယ် ။ နေရတာသက်သောင့်သက်သာရှိသလို နွေးထွေးမှုကလဲတစ်ပြိုင်တည်းဖြစ်ထွန်းလို့ ။ ထင်းနဲ့ အတူတူနေရတာကို ကျွန်တော်ကတော့ စိတ်အနှောင့်အယှက်လို့ကို မခံစားရဘူး ။

လွတ်လပ်တယ် ၊ လုံခြုံတယ်... နောက်ပြီးတော့...ပျော်တယ် ။

" ထင်း "

ထင်း (Ongoing) Where stories live. Discover now