Episode (10)

271 52 50
                                    

ကမ္ဘာကြီးကို ရေထုများများ ၊ မြေထုနည်းနည်းနဲ့ ဖွဲ့စည်းထားတာတဲ့ ။ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်လဲ မြေကြီးဝယ်ပြီး ရင်းနှီးမြှုပ်နှံတာက အရှုံးမရှိဘူးလို့ တချို့တချို့တွေကပြောကြတယ် ။ ကျွန်တော့်လက်ထဲမှာ လုံလောက်တဲ့ပိုက်ဆံလဲရှိတယ် ၊ ဆုံးရှုံးမှုနည်းတဲ့အရင်းအနှီးတစ်ခုကို လုပ်ချင်စိတ်ရှိလာတာကြောင့် တိုက်ခန်းတစ်ခန်းဝယ်ပြီး ရင်းနှီးဖို့ဆုံးဖြတ်မိကော ။

ကျွန်တော်နေချင်ရင်လဲနေမယ် ၊ တကယ်လို့မနေဖြစ်ရင်လဲ အိမ်ငှားတင်ထားလို့ရတယ်ဆိုတော့ အခြေအနေက အကောင်းချည်းပဲ ။ အိမ်အကျိုးဆောင်ကို သူများတွေလိုမျိုး အချက်အလက်အများကြီး မတောင်းဆိုဖြစ်ဘူး ။ နံပါတ်တစ် အိပ်ခန်းတစ်ခန်းပဲပါရမယ် ၊ နံပါတ်နှစ် ကားမှတ်တိုင်နဲ့နီးရမယ်လို့ပဲ တောင်းဆိုလိုက်တယ် ။

အခုခေတ် အကျိုးဆောင်လုပ်ငန်းလုပ်တဲ့သူတွေက သိပ်ကိုသွက်လက်ကြတာ ။ ဒီနေ့ဖုန်းဆက်တယ်...မနက်ဖြန်ကျတော့ ကျွန်တော်တောင်းဆိုထားတဲ့အချက်တွေနဲ့ ကိုက်ညီတဲ့ တိုက်ခန်းရပါပြီလို့ ဖုန်းပြန်ဆက်လာတဲ့အခါ မသိမသာလေးတော့ပျော်မိသား ။ လုပ်စရာရှိတဲ့အလုပ်ပြီးတာနဲ့ သူတို့ပို့ပေးထားတဲ့လိပ်စာကိုသွားကြည့်တဲ့အခါ တွေ့တွေ့ချင်းကို သဘောကျမိသွားတယ် ။ သိပ်ပြီးလဲပြင်ဆင်စရာမရှိဘူး ၊ ပိုပြီးသဘောကျမိတဲ့အချက်က တိုက်ခန်းဝရန်တာကနေကြည့်မယ်ဆိုရင်  ကားမှတ်တိုင်မှာရပ်နေတဲ့ခရီးသည်တွေကို  သေသေချာချာလေးမြင်ရတာပါပဲ ။

ဆေးလိပ်ကိုဖြည်းဖြည်းညင်းညင်းရှိုက်ပြီး ကားမှတ်တိုင်ကလူတွေကို အပေါ်စီးကနေကြည့်ရတာကလဲ အရသာတစ်မျိုး ။ ကျွန်တော်ငှားထားတဲ့ရှေ့နေနဲ့ အိမ်အကျိုးဆောင်ကလူတွေ စကားပြောဆိုနေချိန် ကျွန်တော်ကတော့ တိုက်ခန်းထဲကိုပတ်ပြီးလျှောက်ကြည့်မိတယ် ။

အိမ်သုတ်ဆေးကို ဘာအရောင်သုတ်ရင်ကောင်းမလဲလို့ စဉ်းစားမိချိန် အဖြူရောင်တိမ်စိုင်တွေနဲ့ အပြာရောင်ကောင်းကင်က ကျွန်တော့်ကို အသာအယာဆွဲဆောင်နေတယ် ။ ကျွန်တော်မကြိုက်တဲ့အရောင်တွေဆိုပေမဲ့ တစ်စုံတစ်ယောက်ကတော့ ကြိုက်မှာပါ ။ အဖြူရောင်ကိုသုတ်ရင်ကောင်းမလား ၊ အပြာရောင်ကိုသုတ်သင့်လားလို့ တစ်ယောက်ထဲဝေခွဲမရဖြစ်ချိန် " မိုးပြာရောင်လေးသုတ် "ဆိုတဲ့ အသံသြရှရှက ကျွန်တော့်နားစည်ထဲကို တိုးကာဝှေ့ကာဝင်ရောက်လာတဲ့အခါ နှလုံးသားလေးကတော့ ဖျတ်ခနဲကွဲအက်လို့ ။

ထင်း (Ongoing) Where stories live. Discover now