Episode (21)

232 41 22
                                    

Unicode

" အမေ သားဗိုက်ဆာလို့ "

အမေက ကျွန်တော်ပြောတဲ့စကားကို ကြားဟန်မတူ ။ အိမ်တံခါးဝကိုစိုက်ကြည့်နေတဲ့
အမေ့မျက်လုံးတွေက မှုန်ရီလို့ ။ ကျွန်တော့်ကြောင့်နဲ့ အမေ အနှောင့်အယှက်ဖြစ်သွားမှာစိုးလို့ ဘာစကားမှထပ်မပြောတော့ဘဲ ကြမ်းပြင်မှာထိုင်ပြီး အမေ့မျက်နှာကိုသာ ငေးကြည့်နေမိတယ် ။ ကျွန်တော် အမေ့ကို သိပ်သနားတာပဲ ။ အမေက နေလဲသိပ်ကောင်းတာမဟုတ်ဘူးလေ ။ ဆရာဝန်ပြောတာကတော့ အမေ့ရဲ့နှလုံးက မကောင်းလှဘူးတဲ့ ။ ရှစ်နှစ်သာရှိသေးတဲ့ ကျွန်တော်ကတော့ နှလုံးဆိုတာ ဗိုက်ထဲမှာရှိတဲ့အရာတစ်ခုလို့ပဲ သိခဲ့ရတာပါ ။ အဲဒီနှလုံးက ဘယ်လောက်ထိအရေးပါတယ်ဆိုတာကိုတော့ ကျွန်တော်မသိခဲ့ဘူး ။

အမေကလဲ သူ့အတွေးနဲ့သူ ၊ ကျွန်တော်ကလဲ ကလေးသဘာဝဟိုတွေးဒီတွေး ။ အချိန်တစ်ခုကြာလာတော့ ဗိုက်ဆာတာကို မခံနိုင်တော့ဘူး ။ ကိုယ့်ဘာသာကိုယ်ပဲ ထမင်းခူးစားလိုက်မယ်လို့တွေးပြီး တင်ပျဉ်ခွေထိုင်နေရာကထရပ်လိုက်မှ အမေက ကျွန်တော့်ကို အံ့သြတကြီးကြည့်လာခဲ့ရင်း ထိုင်ခုံမှာထိုင်နေရာက ထရပ်လိုက်တယ် ။

" ဟယ်...သားလေး...ဘယ်တုံးကတည်းက ဒီနားမှာလာထိုင်နေတာလဲ "

" အခုမှပါ "

" အမေ အတွေးများသွားလို့ မသိလိုက်ဘူး သားလေးရယ် ၊ သားကို အမေတောင်းပန်တယ်နော် "

စကားနဲ့အတူ အမေက ကျွန်တော့်ဦးခေါင်းကို ညင်ညင်သာသာပွတ်သပ်ပေးပြီးမှ ယဲ့ယဲ့လေးပြုံးပြလာခဲ့တယ် ။ အမေပြုံးလိုက်ရင်သိပ်လှတာပဲ ။ ကျွန်တော့်မျက်လုံးထဲမှာတော့ အမေကအလှဆုံး ။

အမေက ကျွန်တော်စားဖို့ ထမင်းကိုအရင်ခူးပေးပြီး ဝက်သားကြော်ပန်းကန်ကိုလဲ ရှေ့မှာလာချပေးတယ် ။

" ခဏလေးနော် သားလေး ၊ အမေ ဟင်းချိုလေးကိုပူအောင်နွှေးထားသေးတယ် ၊ ဟင်းချိုလေးရမှ ထမင်းစားနော် သားလေး "

အမေက စကားပြောရင်လဲ အေးအေးဆေးဆေးပဲပြောတတ်သလို ဆူတာငေါက်တာမျိုးမရှိဘူး ။ အမေ ကျွန်တော့်အနားမှာရှိနေရင် ကျွန်တော်ကတော့ ပျော်နေတတ်တယ် ။

ထင်း (Ongoing) Where stories live. Discover now