Episode (18)

183 40 16
                                    

Unicode

နီညိုရောင်သားရေလက်ပတ်နဲ့ အဝိုင်းသဏ္ဍာန်ရှိသောနာရီဒိုင်ခွက်မှာ ရိုးရိုးရှင်းရှင်းဆိုပေမဲ့ တစ်မျိုးတော့ကြည့်ကောင်းနေသား ။ ဒီနာရီလေးရဖို့ ကျွန်တော့်အချိန်တွေကို တော်တော်သုံးလိုက်ရတာ ။ တချို့နာရီတွေကျတော့ လှတယ်ဆိုပေမဲ့ ထင်းကြိုက်တဲ့
ပုံစံမျိုးမဟုတ်ဘူး ။ အခု ကျွန်တော်ဝယ်လာတဲ့နာရီလေးက ထင်း လက်ရှိပတ်နေတဲ့နာရီလေးနဲ့ ခပ်ဆင်ဆင် ။

ထင်းက ရိုးရိုးရှင်းရှင်းနေရတာကိုပဲ နှစ်သက်တဲ့သူ ။ အသုံးအဆောင်ကစလို့ အစားအသောက်ထိ ရိုးရှင်းလွယ်ကူတာကိုပဲ သဘောကျတတ်တယ် ။ အဲဒီလိုရိုးရှင်းမှုလေးတွေကပဲ ကျွန်တော့်ကိုဆွဲဆောင်နေတာဖြစ်ပါလိမ့်မယ် ။ လူတွေက သူတို့ပတ်ဝန်းကျင်မှာမရှိတဲ့ အရာဝတ္ထုတွေဆိုရင် အသစ်အဆန်းဖြစ်တတ်ကြတယ်လေ ။

ထင်းကို မွေးနေ့လက်ဆောင်ပေးမယ်လို့ စဉ်းစားထားတာကြာပါပြီ ။ ဒါပေမဲ့ ထင်း အကြိုက်ဖြစ်မဲ့ပစ္စည်းကိုဝယ်ဖို့က ကျွန်တော့်အတွက်အခက်အခဲ ။ ဖုန်းဝယ်ပေးမယ်လို့ ပထမတွေးလိုက်သေးတယ် ။ ကျွန်တော်ကလဲ စျေးကြီးတာကိုပဲ လက်ဆောင်အဖြစ်ပေးချင်တဲ့သူ ။ ဖုန်းဆိုရင် လက်ရှိဘယ်စျေးလောက်ဖြစ်နေမလဲဆိုတာကို ထင်း ချက်ချင်းသိသွားမှာ ။ ရေခဲတုံးလေးက စျေးကြီးမှန်းသိတာနဲ့ ကျွန်တော့်လက်ဆောင်ကို ယူတော့မှာမဟုတ်ဘူး ။ နာရီကတော့ ဖုန်းထက်စာရင် စျေးနှုန်းစုံစမ်းရတာ ပိုခက်တယ် ။ မတော်တဆ နာရီရဲ့စျေးကို ထင်းသိသွားရင်လဲ အဟောင်းတန်းကဝယ်ပြီး ပြန်ပြင်ထားတာလို့ပြောလိုက်မယ်လို့ ကြံစည်ပြီးသား ။ ယုံတာ ...မယုံတာနောက်ထား ၊ ဒီနာရီလေးကို ထင်းရဲ့မွေးနေ့ကျရင် ထင်းရဲ့လက်မှာပတ်ပေးနိုင်ဖို့ကသာ အဓိက ။

နာရီလေးကိုဘူးထဲကထုတ်ကြည့်လိုက် ၊ ပြန်ထည့်လိုက်နဲ့ ကျွန်တော်မှာမမောနိုင် ။ ကြာတော့ ကျွန်တော့်ဝန်ထမ်းတွေကပါ ကွက်ကြည့်ကွက်ကြည့်လုပ်လာပြီ ။ အဲဒီအချိန် ကျွန်တော်ထိုင်နေတဲ့ဆီကိုလျှောက်လာတဲ့ ဆိုင်ရဲ့မန်နေဂျာမျက်နှာက ပြုံးစစနဲ့ ။ ဆိုင်မဖွင့်ကတည်းက ခင်ကြသူတွေဆိုတော့ သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးက အလုပ်ရှင်နဲ့အလုပ်သမားဆိုတာထက် မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးမျိုး ။ တစ်ခုခုဆိုရင်လဲ သူက ကျွန်တော့်ကိုရင်းရင်းနှီးနှီးစနောက်နေကျ ။

ထင်း (Ongoing) Where stories live. Discover now