Episode (24)

194 39 22
                                    

Unicode

အ​မေက မျက်ရည်လည်ရွဲနဲ့  ကလေးတစ်ယောက်လိုမျိုး ငိုနေခဲ့ပြီး ကူကယ်ရာမဲ့နေတဲ့ အမေ့ပုံစံလေးက သနားစရာ ။ ကျွန်တော် အမေ့ဆီ ခြေကုန်သုတ်ပြီးပြေးနေပေမဲ့ လိုရာခရီးဆီကိုမရောက်ခဲ့ ။ အမေ့ကိုဖက်ထားပေးချင်သလို မျက်ရည်တွေကိုလဲ သုတ်ပေးချင်တာပါ ။

ကျရာမရတဲ့အဆုံး " အမေ "ဆိုပြီး အကျယ်ကြီးအော်ခေါ်လိုက်မိတယ် ။ အမေ့မှာ ကျွန်တော်တစ်ယောက်လုံးရှိသေးကြောင်း သိသွားစေချင်တာ ။
ဒါပေမဲ့ ကျွန်တော့်ခေါ်သံကို ကြားဟန်မရဘဲ အမေကငိုမြဲငိုဆဲ ။

" အမေ...အမေ့..."

ကျွန်တော် အမေ့ကိုထပ်ခေါ်လိုက်ပေမဲ့ အခြေအနေကထူးခြားမလာပါ ။ ကျွန်တော် အမေ့ဆီကိုသွားချင်တယ် ။ အမေ့ဆီကို သွားမှဖြစ်မယ် ။
ဖိနှိပ်ထားတဲ့အရာတွေဆီက လွတ်မြောက်အောင်ရုန်းကန်ပြီးရင် အမေ့ဆီကိုရောက်အောင်သွားတော့မယ် ။

" မြေးလေး...မြေးလေး...ဘွားဘွားရှိတယ်နော် ၊ ဆေးထိုးပြီးပြီဆိုတော့ ခဏနေရင် အဖျားကျသွားလိမ့်မယ် "

ရင်းနှီးနေတဲ့ ဘွားဘွားအသံက ကျွန်တော့်ကိုလှုပ်နှိုးနေသလိုပါပဲ ။ ကျွန်တော် မနိုးထချင်ဘူး ။ မျက်လုံးတွေကိုဖွင့်လိုက်ရင် အမေ့ကိုတွေ့ရတော့မှာ မဟုတ်ဘူးလေ ။

နဖူးပေါ်ကိုရောက်ရှိလာတဲ့ လက်လေးတစ်ဖက် ။ အဲဒီလက်လေးက နဖူးပေါ်ကနေ ပါးပြင်ဆီရောက်ရှိလာပြီး လည်ပင်းအောက်မှာအဆုံးသတ်သွားတယ် ။

" မြေးလေး...သတိရှိတယ်မို့လား ၊ ခဏနေရင်အဖျားကျသွားလိမ့်မယ်နော် ဘွားမြေးလေး ၊ ကလေးလေးကလိမ္မာပါတယ် ၊ ဘွားဘွားကိုမျက်လုံးလေးဖွင့်ကြည့်နော် "

အမေ့ကိုဆက်ပြီးမြင်ချင်စိတ်နဲ့ ဘွားဘွားကိုသနားတဲ့စိတ်က စွန်လေးနဲ့ စွန်ကြိုးလိုမျိုး အပြိုင်အဆိုင်ဆွဲရစ်နေတယ် ။

" အဲဒီလိုမလုပ်ပါနဲ့ မြေးလေးရယ် ၊ ဘွားဘွားမှာက မြေးလေးပဲရှိတော့တာပါကွယ် "

ရှိုက်သံရောစွက်နေတဲ့ ဘွားဘွားရဲ့စကားပြောသံက ကျွန်တော့်ကိုအနိုင်ယူသွားခဲ့တယ် ။ မျက်လုံးဖွင့်ပြီး ကျွန်တော့်ဘေးမှာထိုင်နေတဲ့ ဘွားဘွားကိုကြည့်လိုက်မိတော့ ဘွားဘွားကမျက်ရည်တွေသုတ်ရင်း ယဲ့ယဲ့လေးပြုံးပြလာပါကော ။

ထင်း (Ongoing) Where stories live. Discover now