ထို့နောက် သူမ အရောင်းမလေးတွေကိုကြည့်လိုက်ကာ
"ဒါတစ်စုံ…ပြီးတော့ ဒါ..ယူမယ်"

"ဒီဖိနပ်..ပြီးတော့ ဒါလေး … ဒါတွေလည်း ယူမယ်"

ပြီးနောက် သူမရဲ့ကဒ်ကို အရောင်းစာရေးမလေးကိုပေးလိုက်ကာ
"5နာရီကျရင် ဒီလိပ်စာအတိုင်းပို့ပေးပါ"

"ကောင်းပါပြီ။ ဖြေးဖြေးသွားပါ။ ပို့ပေးလိုက်ပါ့မယ်"

အဝတ်ဝယ်လို့ပြီးတော့ ထန်ယိထုံကို အသားစားဖို့အရမ်းဈေးကြီးတဲ့နေရာကိုခေါ်လာသည်။ နာမည်လည်း အရမ်းကြီးတဲ့နေရာပေါ့။

"ငယ်တုန်းလေးမှာ အရသာရှိတာ မှန်သမျှ စားဖူးရမယ်။ ဒီတော့မှ နောင်တစ်ချိန် အသက်ကြီးလာလို့ စားချင်တာ စားလို့မရတော့တဲ့အချိန်ကျရင် နောင်တမရတော့မှာ"

ဒါပေမဲ့ ဈေးကြီးတဲ့ဆိုင်ထဲကိုဝင်လိုက်တာနဲ့ ဖြစ်သွားတဲ့ ထန်ယိထုံရဲ့မျက်နှာအမူအယာကို သူမ မတွေ့လိုက်ရချေ။ ထန်ယိထုံအတွက် လူသုံးကုန်က လူသုံးကုန်ပင်။ မဝယ်နိုင်ဘူးဆိုရင်တောင်မှ ထိုအရာတွေက သက်မဲ့ပစ္စည်းတွေဖြစ်သည်။ ဒီလိုအရာတွေအတွက် ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို ဘာလို့ အကုန်ခံနေရမှာလဲ?

ဒါပေမဲ့ ထန်ဝမ် သူ့ကိုလှည့်ကြည့်လာလို့ သူ့အမူအယာကိုမြင်ပြီး စိတ်ခုသွားမှာကို သူ မလိုလား။ သူမရဲ့သူ့ကို ဂရုစိုက်နေတဲ့ အမူအယာလေးတွေကိုပဲ သူက မြင်ချင်တဲ့သူ။

စားသောက်ဆိုင်ထဲမှာ လုရုန်ရုန်နဲ့ယွင်နွမ်တို့ကို တွေ့ရလိမ့်မယ်လို့ ထန်ဝမ် မထင်ထားခဲ့ပေ။ ထန်ဝမ်အနေနဲ့ အဓိကဇာတ်လိုက်မကို သိပ်ပြီးအမြင်မကြည်တာမရှိတာမို့ ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ကာ ထန်ယိထုံကိုခေါ်ပြီး သီးသန့်အခန်းထဲကို ဝင်သွားသည်။

ထန်ဝမ် သီးသန့်ခန်းထဲဝင်သွားတာကို မြင်တော့ လုရုန်ရုန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
"နင် ဘာတွေ လိုက်ကြည့်နေသေးတာလဲ? သူက ငါတို့ကိုတွေ့တာတောင်မှ ခေါင်းပဲငြိမ့်ပြပြီး ထွက်သွားတာလေ!"

တစ်ဖက်မှာထိုင်နေတဲ့ လုယိက ထန်ဝမ်တို့ထွက်သွားတဲ့ဘက်ကိုကြည့်ကာ မျက်လုံးတွေမှေးကျဉ်းလိုက်သည်။ အချို့အကြောင်းပြချက်တွေကြောင့် ထိုမိန်းကလေးကိုတွေ့ရတဲ့အချိန်တိုင်း ထိုကောင်မလေးက အသက်အရွယ်နဲ့မလိုက်တဲ့ အရှိန်အဝါတွေရှိနေတယ်လို့ သူ ခံစားနေမိသည်။

ကျွန်မရဲ့ဗီလိန်ယောက်ျားWhere stories live. Discover now