1038 - Unicode

1.1K 281 3
                                    

Ning Shu

အခန်း ၁၀၃၈ - ငါ့စိတ်ရှည်နိုင်စွမ်းကို လာမစမ်းနဲ့

အပြုံးတစ်ပွင့်ဟာ ရှရှောင်မန်ရဲ့မျက်နှာထက်၌ ထွက်ပေါ်လာသည်။ သူမက သူမ၏ဗိုက်ကို ကိုင်လိုက်ပြီး၊ ပင့်သက်ရှိုက်လိုက်၏။ သူမ ထုတ်ပြောတော့မည်ရှိသေး၊ ချူရှောင်ရန်ဟာ စွပ်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်ပြီး ပန်းကန်လုံးကို ဆောင့်ချကာ စွပ်ပြုတ်တွေကို ပြန်ထွေးလိုက်သည်။

ရှရှောင်မန်က နောက်သို့ ဆုတ်လိုက်၏။ ချူရှောင်ရန်၏မျက်နှာဟာ စိတ်ရှုပ်မှုတို့နှင့် ပြည့်နှက်နေကာ ဒေါသကြီးစွာ မေးလာ၏။

“ဒါက ဘာစွပ်ပြုတ်လဲ။ စိတ်ကုန်စရာကောင်းလိုက်တာ။ ကုမ္ပဏီကို ဘာကိစ္စနဲ့လာတာလဲ?။ ဘာမှ လုပ်စရာမရှိရင်၊ ဗီလာမှာပဲ နေနေလို့မရဘူးလား? ဘာလို့ ဟိုလျှောက်သွား၊ ဒီလျှောက်သွား လုပ်နေရတာလဲ? ငါ အလုပ်ရှုပ်နေတာ မမြင်ဘူးလား?”

ချူရှေုာင်ရန်က လတ်တလောမှာ ဦးနှောက်အလွန် ခြောက်နေရသည်။ ကိစ္စသေးသေးလေးကပင် သူ့အား ပေါက်ကွဲစေနိုင်၏။ ချူရှောင်ရန်ဟာ စိတ်ညစ်စရာများကို မျိုသိပ်ထားတတ်သူမဟုတ်။ သူ့ရှေ့ကလူက ရှရှောင်မန်ဆိုရင်တောင် သူက ဒေါသထိန်းနေမှာ မဟုတ်ချေ။

ရှရှောင်မန်ရဲ့မျက်နှာဟာ ဖြူလျော်လို့လာ၏။ သူမက အစက ချူရှောင်ရန်ကို သတင်းကောင်းပြောဖို့ ရောက်လာတာပင်။ သူမဟာ ကိုယ်ဝန်လွယ်ထားရပြီလေ။ ချူရှောင်ရန်ရဲ့ကုမ္ပဏီအခြေအနေကို သူမ ခေါင်းထဲမရှိရင်တောင်၊ သူမ ချူရှောင်ရန်၏ လက်ရှိအခြေအနေကို သိသည်။ ကုမ္ပဏီမှာ တချို့ကိစ္စတွေ ဖြစ်လို့နေသည်။ ချူရှောင်ရန်ကလည်း ဒီကိစ္စတွေကြောင့် စိုးရိမ်သောကရောက်နေရမှန်းလည်း ရှရှောင်မန် နားလည်ပါ၏။

လွန်ခဲ့သည့်သုံးနှစ်က ကိုယ်ဝန်ပျက်ကျခြင်းဟာ ရှရှောင်မန်အား ခန္ဓာကိုယ်အား သေချာဂရုစိုက်မိစေဖို့ အကြောင်းဖန်သွားစေခဲ့သည်။ ဓမ္မတာ လဝက်ခန့်နောက်ကျနေသည်မို့ သွားစစ်တော့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။ သို့ပေမယ့် သူမ မသေချာမှာစိုး၍ ဆေးရုံသို့အတည်ပြုရန် သွားခဲ့သည်။ တစ်ဖက်က ပျော်မိသလို၊ တစ်ဖက်မှာလည်း စိုးရိမ်မိရပြန်၏။ သူမ ကိုယ်ဝန်ရှိသည့်သတင်းဟာ ချူရှောင်ရန်အတွက် အခက်အခဲများ ကျရောက်နေသည့်ကြားမှ ပျော်ရွှင်နိုင်စေလိမ့်မည်ဟု တွေးနေခဲ့ပေမယ့် ချူရှောင်ရန်က ကလေးလိုချင်ပါ့မလားလည်း မသေချာ။

ချူရှောင်ရန်၏ အေးစက်ကာ စိတ်ရှုပ်နေပုံရသည့် မျက်နှာအမူအရာကို တွေ့လိုက်ရတော့ သူမ နှလုံးတုန်လာသည်။ သူမ ပန်းကန်လုံးအား ကောက်ကိုင်လိုက်ကာ . . .

“အရသာဆိုးလို့လား”

သူမ တစ်ဇွန်းသောက်လိုက်ပြီးနောက် ပါးစပ်အား အုပ်ကွယ်လိုက်သည်။ သူမ အန်မိတော့မလို့…။ သူမ၏ အစာအိမ်ကနေ အလိပ်လိပ်ပျို့တက်လာသည်။

ချူရှောင်ရန်က ရှရှောင်မန်၏ဒီလိုပုံစံကို တွေ့ရတော့ သူ့မျက်နှာက ပို၍ စိတ်ရှုပ်သွားပုံပေါ်လာသည်။

“မင်းကိုတောင် အန်လောက်အောင် လုပ်နိုင်တဲ့ဟာကို ငါ့ကိုပေးတယ်? ဒီကို လာရှုပ်နေတာ တော်တော့၊ ပြန်…။ ကုမ္ပဏီက အလုပ်များနေတယ်”

“ဒါပေမယ့် ချူရှောင်ရန်…ကျွန်မမှာ ရှင့်ကို ပြောစရာရှိတယ်”

ရှရှောင်မန်က ကပျာကယာပြောလိုက်သည်။ သူမ ဝင်လာတုန်းက အရမ်းပျော်နေခဲ့ရသည်။ သို့ပေမယ့် သူမ မျက်နှာဟာ အခုတော့ ဖြူလျော်၍လာချေပြီ။

“အလုပ်များနေလို့၊ ဘာပဲဖြစ်ဖြစ်…နောက်မှ ပြော။ ပြန်တော့”

လက်ရှိချူရှောင်ရန်ဟာ လှောင်အိမ်ထဲ ပိတ်မိနေသည်ကြောင့် ဂဏှာမငြိမ်နှင့် အဆင်အခြင်မဲ့ကာဖြင့် လွတ်မြောက်ရန်ကြိုးစားနေသည့် ခြငေ်္သ့တစ်ကောင်နှင့်တူ၏။

ရှရှောင်မန်ဟာ ချူရှောင်ရန်၏အကြည့်ကြောင့် လန့်သွားသည်။ သူမဟာ ကြောက်လန့်မှုကြောင့် တုန်ရီလာကာ သူမ၏မျက်နှာဟာလည်း ဖြူလျော်လာပြီး နှလုံးသားဟာလည်း ခါးသက်၊ အေးစက်လာတော့သည်။

ချူရှောင်ရန်ကလည်း ဒီကလေးရဲ့ဖြစ်တည်လာမှုကို မကြိုဆိုတာ ရှင်းနေတာပဲ။ သူက သူမကို စကားပြောဖို့ အခွင့်အရေးလေးတောင် မပေးဘူး။

ဒါပေမယ့် ဒါက သူတို့ရဲ့ကလေးလေးလေ။ ရှရှောင်မန်ရဲ့နှလုံးသားဟာ နာကျင်မှုအတိနှင့် . . .သူမဟာ လမ်းပျောက်သလို ခံစားလိုက်ရသလိုပင်။ သူမရဲ့ဝမ်းဗိုက်ကို လက်နဲ့အုပ်လိုက်ပြီး ဒဏ်ရာအကြီးကြီးရနေသည့် လူတစ်ယောက်လို ချူရှောင်ရန်ဆီ တစ်လှမ်းချင်း လျှောက်သွားလေသည်။

ချူရှောင်ရန်ဟာ စိုးရိမ်သောကကြောင့် ရူးမတတ်ဖြစ်နေသည်မို့ ရှရှောင်မန်က သူ့အား ဤကဲ့သို့ စိတ်မချမ်းမြေ့စရာကောင်းသည့် အကြည့်နှင့် လာကြည့်သည့်အခါ…သူဟာ အလွန်ကို စိတ်ကုန်ထွက်သွားတော့သည်။ သူ့ရင်ထဲက ဒေါသအား ချူပ်ထိန်းကာ မေးလိုက်သည်။

“ငါ မင်းကို ပြန်ဖို့ ပြောပြီးပြီလေ။ ဘာကြောင့် ရပ်နေသေးတာလဲ? ကုမ္ပဏီက မင်းရှိနေသင့်တဲ့နေရာလား? ရှရှောင်မန်…ငါ့စိတ်ကို လာမစမ်းနဲ့”

***

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now