ဇာတ်သိမ်းပိုင်း

733 20 1
                                    

နှင်းပွင့်များသည် သည်းထန်စွာ ကျဆင်းလျက်ရှိသည်။ ရွာငယ်လေးရှိ လမ်းကျဉ်းလေးများသည် နှင်းပွင့်များအောက် ပျောက်ကွယ်မတတ်။ အများစုမှာ မိမိအိမ်တံခါးရှေ့ နှင်းမဖုံးသွားစေရန် တူရွင်း ကော်ပြားများဖြင့် ဖယ်ထုတ်နေကြသည်။ ရွာငယ်လေးတွင်းရှိ ပေါင်မုန့်ဆိုင်မှ မွှေးပျံ့သောရနံ့ သင်းလျက်ရှိပြီး ဆိုင်ရှေ့ တန်းစီနေသူများ အတော်ပင်များသည်။

ဈေးနေ့ဖြစ်၍ ရပ်ဝေးမှ လာရောက်ရောင်းဝယ်ဖောက်ကားကြသူများဖြင့် စည်ကားနေသည်။ ယာယီဆိုင်ခန်းများကို အမိုးကာရုံ တိုင်ထူရုံနှင့် အလွယ်တကူ ဖွင့်လှစ်ထားကြသည်။ ဆောင်းတွင်းသုံး ဦးထုပ်၊ ခြေစွပ်၊ လက်အိတ်များအမှအစ စားသောက်ဖွယ်ရာ၊ အိမ်သုံးပစ္စည်း စုံစုံလင်လင် ခင်းကျင်းထားသည်။ အသက် ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ယခုမှ ဝယ်ယူလာသော ပေါင်မုန့်ချိုကို အားရပါးရ ကိုက်စားသည်။ သိုးမွှေးဦးထုပ်ကိုဆောင်းထားပြီး ထူထဲသော အနွေးထည်ကြား သေးငယ်သော ကိုယ်ခန္ဓာသည် နစ်မြုပ်မတတ်။ နီရဲနေသော ပါးဖောင်းဖောင်းတွင် ပေါင်မုန့်စ များ ပေကျံသွားသည်။

တစ်နေရာအရောက်မှာတော့ လမ်းဘေးဆိုင်လေးကို စိတ်ဝင်စားစွာ လှမ်းကြည့်သည်။ သစ်သားရုပ်ငယ်များကို လက်ရာမြောက်စွာ ပုံဖော်ထားသည့် ဆိုင်လေးဖြစ်သည်။

"လာ.. ကောင်လေး.. အနားလာကြည့်.."

သဘောကောင်းသော ဆိုင်ရှင် အဘိုးအိုသည် ပြုံးရွှင်စွာ ဖိတ်ခေါ်သည်။ ခင်းကျင်းထားသော သစ်သားရုပ်များထဲတွင် တိရစ္ဆာန်ကောင်ငယ် မျိုးစုံရှိသည်။ သူတစ်ခါမှ မမြင်ဖူးသည့် ဆင်ရုပ် ကျားရုပ်များပါ ထူးဆန်းစွာ တွေ့ရသည်။

"ဘာကောင်ကြိုက်လဲ"

ကလေးငယ်သည် ခေါင်းခါပြီး နောက်နားမှာ ရှိနေသာ ရုပ်တုငယ်ကို လက်ညှိုးညွှန်ပြသည်။

"သြော်.. ဒါလား.. ကြည့် .. ကြည့်"

အဘိုးအိုသည် အခြားရုပ်တုများထက် အရွယ်အစားပိုကြီးသော သစ်သားရုပ်တုကို ကမ်းပေးသည်။ လက်ရာမြောက်လွန်းစွာ ပုံဖော်ထားခြင်းဖြစ်၍လည်း မြင်းနှစ်ကောင်ထက်မှ ဆန့်ကျင်ဘက် ကျောချင်းကပ်ရပ်နေသည့် လူငယ်နှစ်ဦးပုံသည် ထင်ရှားစွာ။ ဆေးရောင်စုံကို တောက်ပစွာ ခြယ်ထား၍ အဝတ်အစားမှအစ ၎င်းတို့ ကိုင်ဆောင်ထားသော ဓါးရှည်အဆုံး အသက်ဝင်စွာ ခန့်ညားနေသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now