အပိုင်း ၄

4.8K 480 52
                                    

"ဖယ်စမ်းဗျာ.."

"ဖယ်လို့ပြောနေတယ်"

စာကြည့်ခန်း၀မှ ရုန်းရင်းဆန်ခတ်အသံများ ထွက်ပေါ်နေသည်။ ဆရာကြီးသည် တအံ့တသြဖြစ်ပြီးမှ မျက်နှာပျက်ပျက်နှင့် စိတ်ညစ်သွားရသည်။ သူ့မှာ ရှိန်းမာန်တစ်ယောက်ကိုပင် ရှင်းပြ၍ အချိန်မလုံလောက်နိုင်။ သင်ခန်းစာပြီးဆုံးချိန်နီးမှ စာသင်ဖို့ မည်သို့မျှစိတ်မဝင်စားသူပါ ရောက်လာခဲ့ပြီ။ ဒီညီအစ်ကိုနှစ်ဦး အတူရှိနေပါလျှင် သူ့ဆံပင်ဖြူတွေ တစ်ပင်မကျန်အောင် ကျွတ်ထွက်ဆွေးမြည့်သည်အထိ ပူပန်ရလိမ့်မည်။

"ဖယ်စမ်းပါဆိုဗျာ"

"မင်းရိပ်.. နင်နဲ့တော့ဟယ်.. အရှင် ဘာပြောထားလဲ"

"သိတယ်.. ဘယ်မှမသွားဘူး.. ဖယ်စမ်းဗျာ"

အထိန်းတော်ကြီးလက်ထဲမှ စိတ်မရှည်စွာ ရုန်းထွက်သည်။ ကလေးငယ်မဟုတ်တော့သည့် အသက်ဆယ့်ငါးနှစ်ကျော်နေပြီဖြစ်သူကို ကြာရှည်ထိန်းချုပ်ထားရန်မှာ မဖြစ်နိုင်တော့။ အရပ်မြင့်လာပြီး ခန္ဓာထွားကြိုင်းလာသော်လည်း မင်းရိပ်မုန်း၏ နဂိုရှိရင်းစွဲနုနယ်မှုက မပျောက်သေး။ ခန္ဓာနှင့် အတွေ့အကြုံမမျှတမှုကြား ကလေးလည်းမဟုတ်၊ လူကြီးအဖြစ် သတ်မှတ်ရန်လည်း ခက်ခဲသောအရွယ်။ အလိုမကျစွာသုန်မှုန်နေရာမှ ရှိန်းမာန်ရှိရာ လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်သည်။

"ဆက်သင်လေ၊ ဘာကြည့်နေတာလဲ၊ မင်း ငါ့ မမြင်ဖူးဘူးလား"

ရှိန်းမာန်ရာ မဖြေဘဲ အကြည့်လွှဲသည်။ မင်းရိပ်မုန်းသည် သူ့အတွက် အန္တရာယ်အကြီးဆုံး အဆိပ်ပြင်းသတ္တဝါတစ်ကောင်။ လွန်ခဲ့သည့်လေးနှစ်ကျော်ကာလချိန်ကတည်းက သူတို့နှစ်ဦးကြား ခင်မင်ရင်းနှီးမှုမှန်သမျှ ဆိတ်သုဥ်းခဲ့ပြီးဖြစ်သည်။ အဖြစ်အပျက်များသည် မြန်ဆန်လွန်းသော်လည်း နှစ်ဦးကြားမှ နာကြည်းမှုများက ဆင့်ကဲခဲ့သည်။ ရက်ပိုင်းသာခြားခဲ့သော ညီဖြစ်သူကို ထိုစဥ်ကတည်းက အတတ်နိုင်ဆုံးရှောင်သည်။ မရှောင်နိုင်၍ ထိပ်တိုက်ဆုံရလျှင်လည်း အနိုင်ကျင့်သမျှကို မိခင်သင်ပြခဲ့သလို ပြန်တုန့်ပြန်ရန် အချိန်မကျမချင်း ခေါင်းငုံ့ခံသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now