အပိုင်း ၃၀

2.5K 347 13
                                    

မနက်စောစော ရောက်လာသော ဘီလူးသည် မင်းရိပ်၏ အခန်းထဲမှ အစေခံအချို့ မျက်နှာပျက်ပျက်နှင့် ထွက်လာကြသည်ကို မြင်လိုက်ရသည်။ တစ်ဦး၏လက်ထဲတွင် ရွှေမျှင်ကွပ်ထားသည့် ဝတ်ရုံမှာ အလုံးလုံးအထွေးထွေး။ နောက်တစ်ဦးလက်ထဲမှာတော့ ရွှေရောင်ဝင်းသော ဖိနပ်တစ်ရံ။ 

မြင်လိုက်ရကတည်းက အခြေအနေကို ခန့်မှန်းမိသည်။

"ဘာဖြစ်လဲ"

"အရှင်က ဒါ.. ဒါတွေမဝတ်ဘူးတဲ့.."

သွေးပျက်သလို ကြောက်ကြောက်ရွံ့ရွံ့ဖြေသည်။ မနက်ခင်းတိုင်း ဖြစ်နေကြ ပြဿနာဖြစ်၍ ထူးဆန်းသည်တော့မဟုတ်။ အင်ပါယာရှင်တစ်ဦး၏ နေ့စဥ်တာဝန်များတွင် အရာရှိများ၊ အမတ်များ၊ ဘုရင်ခံများကို လက်ခံတွေ့ဆုံရခြင်းလည်းပါဝင်သည်။ အခြားတိုင်းပြည်နှင့်၊ မိတ်ဆွေတိုင်းပြည်များမှ စေလွှတ်လိုက်သူများလည်း ရှိသည်။ ထိုတွေ့ဆုံပွဲများတွင် ရှေးရိုးစဥ်လာ ချမှတ်ထားသော ထုံတမ်းစဥ်လာများအတိုင်း တိကျစွာလိုက်နာရ၍ အရေးကြီးသည့် ဝတ္တရားတစ်ရပ်ဆိုလျှင်လည်း မမှားပါ။

"မင်းတို့ခဏစောင့်ဦး.."

ဘီလူး အစောင့်တပ်သားများကို မျက်ရိပ်ပြကာ တံခါးဖွင့်ခိုင်းလိုက်ပြီး အခန်းထဲဝင်လာခဲ့သည်။ မင်းရိပ်သည် မနက်စာ စားနေချိန်ဖြစ်သည်။ သို့သော် မှုန်ကုပ်စွာထိုင်နေခြင်းသာဖြစ်ပြီး မည်သည့်အစားအစာကိုမှ ထိတို့ထားခြင်းမရှိ။ စားပွဲပေါ်ရှိ ပေါင်မုန့်ချိုတစ်လုံးကို လှမ်းယူကာ အရသာခံ ကိုက်ဝါးလိုက်သည်။

"ဘယ်ဆိုးလို့လဲ သားကြီး.. အင်ပါယာရှင် ဖြစ်ရတာ တော်တော်အရသာရှိတာပဲ"

မျက်လွှာလှန်ကြည့်သူထံမှ အဖြေသည် စကားသံမလို။

"အခုနကလူတွေ မင်း ဘာပြောလိုက်လဲ"

"မဝတ်နိုင်ဘူးလို့ ပြောလိုက်တာ"

ဒီကောင် ညာပြန်ပြီ။ ဘီလူးစိတ်ညစ်သော်လည်း စိတ်ရှည်ရဦးမည်။

"ဒီတိုင်းဆို မင်းနား ဘယ်သူမှ လာရဲမှာ မဟုတ်ဘူး..တစ်ချို့ကိစ္စတွေက မင်းခေါင်းမာလို့မရဘူး"

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now