အပိုင်း ၂၂

160 12 0
                                    

ညည့်နက်လာပြီဖြစ်သောကြောင့် နန်းတော်ကြီးတွင်း တိတ်ဆိတ်ခြင်းက တဖန်ပြန်လည် ကြီးစိုးလာခဲ့ပြီဖြစ်သည်။ နှုတ်ဆက်ထွက်ခွာသွားသူများ၏ မြင်းခွာသံ၊ လှည်းဘီးသံတို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ။ ညအိပ်ညနေတည်းခိုကြမည့်သူများသည်လည်း မိမိတို့အခန်းအသီးသီးတို့ ဝင်ရောက်အနားယူကြပြီ။ မီးစာခမ်းသော မီးတိုင်များကြောင့်လားမသိ။ စင်္ကြန်လမ်းတစ်လျှောက် အလင်းရောင်ပျပျ ရှိသည်ဆိုရုံ။ ကတ္တီပါကော်ဇော်နီ ခင်းသော လမ်းဖြစ်၍လည်း လျှောက်လှမ်းလာသူသုံးဦးစလုံး၏ ခြေသံများကို မကြားရ။

လွမ်းသူရာသည် ရှေ့ဆုံးမှဦးဆောင်လျှောက်လာပြီး နောက်နားတွင် ရှိန်းမာန်ရာနှင့် ရှားထက်နိုင်လို့ လိုက်ပါလာကြသည်။ ငယ်စဉ်ကတည်းက အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူးသော ဒီလမ်းများကို ရှိန်းမာန်ရာ အလွတ်ရသည်။ မျက်စိမှိတ်၍ သွားလျှင်ပင် လိုရာရောက်နိုင်သည်။ ယခင်အချိန်နှင့် ယခုအချိန် ကွာခြားသည်ဟု မခံစားရသည်ကတော့ သူ့ရဲ့အားနည်းချက်ပင်လားမသိ။ အခြားသူများအမြင်တွင် သူသည် နိုင်ငံ၏ဦးသျှောင်တစ်ပါး ဖြစ်ချင်ဖြစ်လိမ့်မည်။ သူကိုယ်တိုင်ကတော့ ရင်ထဲမှ ကြောက်လန့်အားငယ်တတ်သည့် ကလေးငယ်တစ်ဦးပုံရိပ်ကို ဖျောက်ဖျက်ဖို့ရာ ခက်နေသည်။

ဒီနေရာအတွက် နေ့ရက်များစွာ စောင့်ဆိုင်းပြင်ဆင်ခဲ့ရသည်။ ဘဝ၏တစ်ခုတည်းသော ရည်မှန်းချက်အဖြစ်လည်း နှစ်ပေါင်းများစွာ ထွေးပိုက်ကြိုးစားခဲ့သည်။ ယခုတော့ သူလိုချင်သောနေရာသို့ ရောက်ခဲ့ပြီ။ သူ ဖြစ်ချင်သောအရာကို ဖြစ်အောင်လုပ်နိုင်ခဲ့ပြီ။ သို့သော် ပျော်ရွှင်မှုကို ခံစား၍မရ။ ဝမ်းမြောက်ခြင်းသည် အလှမ်းဝေးနေဆဲ။ ဗလာကျင်းသော ခံစားချက်များဖြင့် အသက်ရှင်လျက် ဘဝသေနေသူတစ်ဦးလို။

"သား တို့ ခဏဝင်ဦး"

အခန်းရှေ့ရောက်ချိန် လွမ်းသူရာ မှာကြားကာ ဦးဆောင်ဝင်သွားခဲ့သည်။ ယနေ့အတွက် စိတ်ရောကိုယ်ပါ ပင်ပန်းနေပြီဖြစ်၍ အနားယူချင်ပြီဖြစ်သော်လည်း မိခင်စကားကို လွန်ဆန်နိုင်စွမ်းမရှိ။ အခန်းထဲသို့ လိုက်ပါခဲ့သည်။ တစ်ချိန်တစ်ခါက အရောင်မဲ့သော အခန်းကျဉ်းလေး မဟုတ်တော့။ ယခင် မင်းရိပ်မိခင်နေထိုင်ခဲ့ရာ ခန်းကျယ်ကြီးကို မိခင် စိတ်ကြိုက်ပြင်ဆင်ကာ ပြောင်းရွှေ့နေထိုင်နေခြင်း ဖြစ်သည်။ အရှ့ပိုင်းတိုင်းပြည်များမှ အဖိုးတန် ကော်ဇောများ၊ ကျောက်မျက်စီ အသုံးအဆောင်များ၊ အဖိုးတန်ပန်းချီကားများဖြင့် အလှပဆုံး ခင်းကျင်းပြင်ဆင်ထားသည်။ မိခင်ညွှန်ပြသော စားပွဲဝိုင်းတွင် ဝင်ထိုင်သည်။ သူတို့သုံးဦးသည် ရှေ့ဆက်ရမည့်အနာဂတ်ကို ဒီနေရာတွင် မကြာခဏ ဆွေးနွေးဖြစ်ခဲ့ကြသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now