အပိုင်း ၂၁

2.2K 333 17
                                    

မိုးပြောက်လေးများသည် နှင်းမှုန်များအသွင် ဖွဲဖွဲကျနေသည်။ နှင်းမှုန်နှင်းခဲများဖြင့် ဖုံးလွှမ်းနေသော ဥယျာဥ်ကြီးထဲတွင် အဝင်အထွက်များပြားစွာဖြင့် စည်ကားနေသည်။ ရေခဲတမျှ အေးစက်နေသည့် ရဲတိုက်နန်းတော်ကြီးတွင်လည်း အစေခံများ၏ လှုပ်ရှားမှုများဖြင့် အသက်ဝင်နေသည်။ မီးတိုင် ဖယောင်းများကိုလည်း သာမန်အချိန်များထက်ပိုပြီး ထွန်းလင်းထားကြသည်။

ယခင်အင်ပါယာရှင် ဆုံးပါးခဲ့သည်မှာ တစ်လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဆုံးပါးကာစ ဖြစ်ပေါ်ခဲ့သော နန်းတွင်းမငြိမ်မသက်မှုများသည် ကံကောင်းထောက်မစွာဖြင့် အေးချမ်းစွာ ပြီးဆုံးခဲ့သည်။ မင်းရိပ်ကို အင်ပါယာရှင်ဖြစ်စေချင်သူများရှိသော်လည်း သူကိုယ်တိုင်က ရှိန်းမာန်ရာကို လိုလားသောကြောင့် မည်သည့်အဖုအထစ်မှ ရှိမနေခဲ့။ အားလုံးက ယခင်အင်ပါယာရှင်၏ သားဖြစ်သူ ရှိန်းမာန်ရာကို ထုံးတမ်းစဥ်လာအတိုင်း တညီတညွတ်တည်း လက်ခံလိုက်ကြသည်သာ။

ပြောစမှတ်ပြုခဲ့ရသည်မှာ နန်းတက်ပွဲကို ကြီးကျယ်စွာကျင်းပခဲ့ခြင်းမဟုတ်ဘဲ နန်းတွင်းအမတ်များ၊ ဘာသာရေးခေါင်းဆောင်များဖြင့်သာ ဘိသိက်ခံ အကျဥ်ချုံး စီစဥ်ခဲ့ကြခြင်းပင်။ ယခင်အင်ပါယာရှင် ဆုံးပါးသွားခြင်းအပေါ် ဝမ်းနည်းခြင်းကာလဖြစ်၍လည်း မည်သည့်ပွဲလမ်းသဘင်ကိုမှ ကျင်းပခဲ့ခြင်းမရှိ။ ဖခင်အပေါ် ချစ်ခင်လေးစားသော သားငယ်အဖြစ်လည်း ရှိန်းမာန်ရာကို ပြည်သူများက ထောက်ခံခဲ့ကြသည်။

ယခုညစာစားပွဲသည် ရှိန်းမာန်ရာ အင်ပါယာရှင်ဖြစ်လာပြီး အစိုးရအရာရှိ အရာခံများ ပြည်နယ် အုပ်ချုပ်ရေးတာဝန်ခံများနှင့် ရင်းရင်းနှီးနှီး မိတ်ဆုံစားကြသည့် ပထမဆုံး ညစာစားပွဲကြီးဖြစ်သည်။ ရပ်နီးရပ်ဝေးမှ အရေးပါသူ အမတ်များ၊​ နိုင်ငံရေး၊ စစ်ရေး၊ တရားရေး၊ ဘာသာရေးခေါင်းဆောင်များ စုံညီစွာလာရောက်ကြသည့် အရေးကြီးဆုံး တွေ့ဆုံပွဲဆိုလျှင်လည်း မမှားပါ။ ခန်းမကြီးတွင်း တီးတိုးစကားသံများ တစ်ချက် တစ်ချက်ကြားနေရသော်လည်း ကျယ်လောင်မှုမရှိ။ ထိုင်ခုံနေရာများကို ရာထူးရာခံအလိုက် အသင့်ခင်းကျင်းထားပြီးဖြစ်သော်လည်း မည်သူမျှနေရာမယူ။ အားလုံးက တံခါးပေါက်ရှိရာ မကြာမကြာ လှမ်း၍ကြည့်နေကြသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now