အပိုင်း ၁၂

2.6K 365 8
                                    

ရှိန်းမာန်ရာအတွက် မနက်ခင်းချိန်တိုင်း ချမ်းအေးစွာ နိုးထဖြစ်သည်မှာ အကျင့်ဖြစ်နေခဲ့ပြီ။ ထို့ကြောင့်ပင်လားမသိ။ ယနေ့တွင်မူ မျက်လုံးများမဖွင့်မိခင်ကတည်းက မီးတောက်များမှ အနွေးဓါတ်ကို ဦးစွာခံစားသတိထားမိသည်။ အခန်းထဲတွင် မြင်နေကြမဟုတ်သည့် အဝတ်ထုပ်တစ်ခုမှလွဲပြီး မည်သူမျှရှိမနေ။ မင်းရိပ်မုန်းသည် ဘယ်အချိန်ကတည်းက စောစီးစွာ ထ,သွားလိုက်သည်မသိ။ ကိုယ်စီ အခန်းကျယ်ကြီးများတွင် ကြီးပြင်းလာခဲ့ကြသူ သူတို့အတွက် ယခုညသည် ပထမဆုံးအကြိမ် တစ်ခန်းထဲနေဖြစ်ခဲ့သည်ကို အမှတ်ရသည်။

လေးငါးနှစ်သားအရွယ် ငယ်စဥ် ကလေးဘဝက မင်းရိပ်သည် ရှိန်းမာန်ရာရှိရာအခန်းသို့ မကြာမကြာလာတတ်သည်။ ထိုစဥ်က မင်းရိပ်သည် နှင်းလူးလူး ရွှံလူးလူးနှင့် အမြဲညစ်ပတ်နေသည့် ကောင်လေးတစ်ယောက်သာ။ စာအုပ်များကြားမှာ ငြိမ်သက်နေသည့်သူ့ကို ကစားဖို့ရန် အချိန်တိုင်း လာခေါ်တတ်သည်။ တစ်ခါတရံလည်း သူတို့နှစ်ဦး ကလေးသဘာဝ အတူတူ ကစားခဲ့ကြဖူးသည်။ မှောင်ရိပ်လွှမ်းကာ ကျယ်ဝန်းလှသည့် နန်းတော်ကြီးထဲတွင် တူတူပုန်းတိုင်း ကစားရသည်ကို မင်းရိပ် အနှစ်ခြိုက်ဆုံးဖြစ်သည်။ ပုန်းခိုစရာ နေရာများစွာရှိသော်လည်း ကန့်လန့်ကာနီကြီးများနောက်ကွယ်တွင် အမြဲပုန်းလေ့ရှိသည့် ထိုကောင်လေးကို သူ အမြဲရှာတွေ့သည်သာ။ ထို့အပြင် အခန်းတစ်ခုထဲ သူဝင်ရှာပြီဆိုတိုင်း ပုန်းနေရာမှ တခစ်ခစ်ရယ်တတ်သည့် အကျင့်ရှိသူ။

ဘယ်အချိန်ကစပြီး သူတို့နှစ်ဦး ရန်လိုဝေးကွာခဲ့သည်ကို သေချာမမှတ်မိ။ သို့သော် မင်းရိပ် သူ့ဆီလာတိုင်း မိခင်သည် သူ့ကို အကြောင်းမရှိ အကြောင်းရှာ ဒေါသတကြီး မာန်မဲတတ်သည်။ မင်းရိပ်ကို ပုံပြင်စာအုပ်တစ်အုပ် ဖတ်ပြမိချိန်မှာတော့ ပထမဆုံးအကြိမ် အရိုက်ခံခဲ့ရဖူးသည်။ ဒီကောင်လေးနှင့် အတူရှိနေလျှင် မိခင် သဘောမကျသည်ကို နားလည်ချိန်မှ စပြီး သူကိုယ်တိုင်လည်း မင်းရိပ်ကို မလိုလားတော့။ အကြိမ်ပေါင်းများစွာ မောင်းထုတ်သော်လည်း တစ်ချိန်လုံး အခန်းရှေ့ ရောက်လာတတ်မြဲ။ မတွေ့ချင်၍တံခါးပိတ်ထားလျှင်လည်း ဇွဲခတ်ကာ မတ်တတ်ရပ်စောင့်သည်။ မင်းရိပ်မိခင်ကိုယ်တိုင် လာရောက်ဆွဲခေါ်သွားခဲ့သည်မှာ မကြာခဏ။ ထို့နောက်မှာတော့ ဂျစ်ကန်ကန် ကောင်လေးကို သူ့အခန်းရှေ့မှာ မတွေ့ရတော့။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now