အပိုင်း ၆

211 14 0
                                    

အိပ်ခန်းပြင်ဖက်ရှိ စင်္ကြန်တစ်လျှောက် ခြေသံများ တိုးလိုက်၊ ကျယ်လိုက် ကြားနေရသည်။ မတိုးမကျယ် ခေါ်သံ၊ မေးသံများကိုလည်း တစ်ချက်တစ်ချက် ကြားရသည်။ ထိုလှုပ်ရှားသံများကြောင့် စောစောစီးစီး အိပ်ရာနိုးလာရသော်လည်း ယခင်အချိန်များကလို မင်းရိပ်မုန်း ဒေါသမဖြစ်။ မွေးပွှစောင်ထဲ တစ်ကိုယ်လုံးကျုံ့ဝင်သည်အထိ ကွေးပြီးမှ ပြုံးသည်။ အနွေးဓါတ်အပြည့် ခုတင်ကြီးကို မစွန့်ခွာချင်သော်လည်း ပြင်ပမှ အကြောင်းအရာများက သူ့အတွက် ပိုစိတ်ဝင်စားစရာကောင်းနေ၍ မထချင်ဘဲ ရုန်းထသည်။

လိုက်ကာနီကြီးကို ဖယ်လိုက်ချိန် မှိုင်းညှို့နေသော ကောင်းကင်ပြင်ကို လှမ်းမြင်ရသည်။ အဆက်မပြတ် ကျဆင်းနေသော နှင်းမှုန် နှင်းစများသည် ဝါဂွမ်းစ များ ကျဲချနေသည့်နှယ်။ ညကတည်းက ကျဆင်းနေသော နှင်းပွင့်များသည် ယခုအထိ မရပ်တန့်နိုင်။ ဝန်းကျယ်ကြီးထဲတွင် လူရိပ်များသည် သာမန်ထက်များသည်။ ခြေလှမ်းသွက်သွက် ကြောင့်ကြရိပ်များနှင့် အစောင့်များကို လှမ်းကြည့်ရင်း သဘောကျစွာ ပြုံးရယ်သည်။ လက်နှစ်ဖက်ကို ဆန့်တန်းကာ အညောင်းဆန့်သည်။

တံခါးခေါက်သံထွက်ပေါ်လာသည်။ ဖြည်းဖြည်းမှန်မှန်ဖြစ်သော်လည်း ဤရဲတိုက်ကြီးထဲတွင် မင်းရိပ်မုန်း၏ အခန်းတံခါးကို ခေါက်ရဲသူဟူ၍ မရှိသလောက်ရှားသည်။ မသိချင်ယောင်ဆောင်ကာ သွားမဖွင့်။ စားပွဲဝိုင်းငယ်ထက်ရှိ ရေကရားမှ ရေတစ်ခွက်ကို အေးအေးပင် ငှဲ့သောက်သည်။ နောက်တစ်ကြိမ် တံခါးခေါက်သံနှင့်အတူ အသံတိုးတိုးကို တဆက်တည်းကြားရသည်။

"ဝင်ခဲ့မယ်နော် မင်းရိပ်"

"ဘယ်သူလဲ၊ ဝင်ခဲ့"

ပြုံးချင်ချင်ဖြစ်နေသော မျက်နှာကိုပြင်ကာ ခပ်တည်တည်ဖြေသည်။ တံခါးသည် ဖြည်းဖြည်းပွင့်သွားပြီး ရှိန်းမာန်ရာ၏မိခင်ပုံရိပ်ပေါ်လာသည်။ အိပ်ရာထ အဝတ်အစားများကိုပင် လဲလှယ်နိုင်ခြင်းမရှိသေး။ ဝတ်ရုံတစ်ခုကို ဖြစ်သလိုခြုံထားသည်။ အမြဲလိုလို အေးချမ်းသယောင် ဟန်ဆောင်တတ်သူထံမှ စိုးရိမ်ရိပ်များက ဖုံးကွယ်မရ။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now