အပိုင်း ၂၀

133 10 0
                                    

မိုးသောက်ရောင်ခြည်သည် ထွန်းတောက်ရန် အချိန်ယူနေချိန်။ မြူတန်းငယ်သည် မြေပြင်နှင့်ထိစပ်လျက်ရှိသော်လည်း အမြင့်ထိ တွန်းရောက်ဖို့ရန် မဖြစ်နိုင်။ ရှည်မျောသော ထိုမြူတန်း၏ လွှမ်းခြုံခံအရာအားလုံးသည် မှုန်ရီမှိုင်းနေသည်။ သို့သော် တောင်ကုန်းမြင့်ပေါ်ရှိ နတ်ဘုရားကျောင်းကြီးကိုမူ ထည်ထည်ဝါဝါ လှမ်းမြင်နေရပြီဖြစ်သည်။ ခရီးပြင်းနှင်လာသော မြင်းများသည် မောပန်းနေကြပြီဖြစ်သော်လည်း သခင်များအလိုကျ ဒုန်းစိုင်းရှေ့ဆက်သည်။

ခရီးတစ်လျှောက်လုံး လိုရာရောက်ဖို့သာ အားစိုက်ခဲ့ကြ၍ စကားသံများတိတ်ဆိတ်လျက်ရှိသည်။ မင်းရိပ်သည် အဖျားမပျောက်သေးသည့်အပြင် ဒဏ်ရာလည်းရထား၍ ပို၍ခက်ခဲသည်။ အခြားသူများက နားနေရန်တိုက်တွန်းသော်လည်း လက်မခံ။ တောက်လျှောက် ခရီးနှင်လာခဲ့ခြင်းဖြစ်သည်။ ယခုနတ်ဘုရားကျောင်းသည်လည်း လမ်းတဝက်သာ ရှိသေးသည်။ နန်းတော်ရောက်ရန် အချိန်နေ့ရက်များစွာ ထပ်လိုသေးသည်။

တောင်တက်တောတန်းထဲဝင်လိုက်ချိန်မှ စတင်ပြီး အေးစိမ့်မှုကို ခံစားရသည်။ သာယာသော ငှက်ငယ်လေးများ၏ တေးသံသာသည် ယခင်ကလို အေးချမ်းမှုကို မပေးစွမ်းနိုင်။ အတွေးကိုယ်စီနှင့် ခရီးသွားလေးဦးသည် သဘောဝအလှများကို သတိမူမိဟန်မရှိ။

နတ်ဘုရားကျောင်းကြီးမှ အစေခံအချို့သည် သူတို့ကိုမြင်သည်နှင့် ကျောင်းထိုင်ကိုယ်တော်ကို အပြေးအကြောင်းကြားသည်။ မည်သည့်အချိန်ကတည်းက စိတ်လောစွာစောင့်နေသည်ကို မသိနိုင်သော ကျောင်းထိုင်ကိုယ်တော်သည်လည်း သူတို့ဘုရားကျောင်းဝန်းကြီးထဲမဝင်ခင်ကပင် ထွက်၍လာခဲ့ပြီ။ မြင်းပေါ်မှ ဆင်းလာသော ဒဏ်ရာများနှင့် မင်းရိပ်ကိုမြင်သောအခါ အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထုံးတမ်းစဉ်လာအရ အချင်းချင်း အရိုအသေပြု နှုတ်ဆက်မှုများကပင် ကသောကမျောနိုင်၍နေခဲ့ပြီ။ လိုအပ်သည်များပြင်ဆင်ရန်၊ ဆေးဆရာကို အသင့်ပြင်ထားရန် အလောတကြီး အမိန့်ပေးသည်။

"သခင်လေး.. ဘာတွေဖြစ်လဲ.. အခုချိန်ကြီးကျမှ.."

ဘုန်းတော်ကြီးမှာ သောကစိုးရိမ်မှုကြောင့် ဆံဖြူများပင် ထောင်တက်တော့မည့်အလား။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now