အပိုင်း ၉

2.7K 386 23
                                    

နှင်းတောင်ပေါ်မှ ရဲတိုက်နန်းတော်ကြီးသည်လည်း အေးခဲခြင်း၏ သရုပ်လို ထီးထီးတည်ရှိသည်။ အခန်းကျယ်ကြီးများတွင် လူတစ်ရပ်စာ မှန်အပြည့်တပ်ထားသော်လည်း အလင်းရောင်ကို မြင်ရချိန်နည်းသည်။ ခန်းမကြီးများပြင်ဖက် လူလျှောက်လမ်းများသည်လည်း စိုထိုင်းမှုအမြဲလိုလို ရှိနေတတ်ကာ မှောင်ရိပ်လွှမ်းသည်။ အကွာအဝေးတူညီစွာ ထွန်းညှိထားသော ဆီမီးတိုင်များမှ အလင်းရောင်သဲ့သဲ့သာ ဖြာကျလင်းလက်ခွင့်ရှိနေသလို။

မင်းရိပ်သည် ခြေလှမ်းမှန်ဖြင့် အင်ပါယာရှင်၏ အိပ်ခန်းရှေ့သို့ လျှောက်လာခဲ့သည်။ သီးသန့်တည်ရှိသော ထိုနေရာတွင် အစောင့်စစ်သားများမှလွဲပြီး လူသူမရှိသလောက်ပင်။ မိမိရောက်လာကြောင်း အကြောင်းကြားပြီး ဝင်ခွင့်ပြုသည်အထိ ခေတ္တစောင့်ဆိုင်းပြီးမှ လှမ်းဝင်ခဲ့သည်။ နေ့လယ်ခင်းချိန်ဖြစ်သော်လည်း မှောင်ရိပ်လွှမ်းကာ မီးအိမ်များကို ထွန်းညှိထားသည်။ အစေခံများသည် အလိုက်သိစွာဖြင့် မင်းရိပ်မုန်းကို အရိုအသေပြုပြီး ပြင်ပသို့ထွက်ခွာသွားခဲ့ပြီ။ ခုတင်ပေါ် လှဲလျောင်းနေသော အင်ပါယာရှင်သည် လက်ယပ်ကာ အနားသို့လာရန် အချက်ပြသည်။ မင်းရိပ်အရိုအသေပြုပြီးမှ အနားသို့လျှောက်သွားသည်။

"ဦးလေး ဘယ်လိုနေလဲ"

အသက် ၇၀ နားသို့ ချဥ်းကပ်နေပြီဖြစ်သော အင်ပါယာရှင်၏ ဆံစ များသည် ဖွေးဖွေးဖြူ၍နေပြီ။ အိုမင်းခြင်းသည် အချိန်တန်လျှင် လူသားအားလုံးထံ မပျက်မကွက် ရောက်လာမည်ဖြစ်သလို တစ်တိုင်းတပြည်လုံး၏ အရှင်သခင်သည်လည်း ရောဂါမျိုးစုံ၏ ဒဏ်ဖြင့် အလူးအလဲဖြစ်နေခဲ့ပြီ။ သို့သော် စိတ်ဓါတ်အားဖြင့် မာကျောလွန်းသူဖြစ်၍ ထချင်တိုင်း ထ၍မရ၊ သွားချင်တိုင်း သွား၍မရသည်ကို အလိုမကျနိုင်။

"ငါ မင်းရဲ့ဆရာတွေနဲ့ မနက်ကဆုံဖြစ်တယ်"

"ကျွန်တော် တော်တယ်ဆိုပြီး ဝိုင်းပြီးချီးကျူးလိုက်ကြတယ်မဟုတ်လား"

မင်းရိပ်မုန်းသည် ဦးလေးဖြစ်သူကို ဖခင်တစ်ဦးသဖွယ် အမြဲရင်းနှီးခဲ့သူဖြစ်၍ ခပ်နောက်နောက် ဆက်ဆံပြောဆိုတတ်မြဲဖြစ်သည်။ သူနှင့် မိခင်နှစ်ဦးတည်းသာ အင်ပါယာရှင်နှင့် ဤဆက်ဆံရေးမျိုး ရှိတတ်သည်။ ယခုလည်း အိပ်ရာထဲမှ မထနိုင်သဖြင့် စိတ်ထဲမကြည်ဖြစ်နေသူသည် ချက်ချင်းလိုလို ပြုံးပြုံးရယ်ရယ် ဖြစ်၍လာသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now