အပိုင်း ၁၅

169 13 0
                                    

တောင်ကုန်းတောင်တန်းများသည် မဆုံးနိုင်တော့ဘူးလားဟု ထင်မှတ်မှားရသည်။ သူတို့၏ ခရီးစဉ်သည် သုံးရက်မြောက်နေ့သို့ ရောက်လာခဲ့ပြီဖြစ်သည်။ လူနေရွာများမှ ဝေးကွာနေဆဲဖြစ်ပြီး သယ်ယူလာသော ရိက္ခာများမှာ တဖြည်းဖြည်းလျော့၍လာခဲ့ပြီ။ မင်းရိပ်နှင့် ဘီလူးတို့က ခရီးတထောက်နားတိုင်း အမဲလိုက်နိုင်၍ တော်သေးသည်။ သို့သော် အမြဲတမ်း သားကောင်ရသည်တော့မဟုတ်။ ရသည့်အခါတိုင်းလည်း အကောင်ငယ်များ ဖြစ်ချင်ဖြစ်တတ်သည်။

လက်ရှိရောက်နေသောနေရာသည် လျှိုမြောင်လိုမျိုးအရပ်ဒေသဖြစ်သည်။ ချောင်းငယ်တစ်ခု ဖြတ်သန်းစီးဆင်းနေပြီး ဘေးနှစ်ဖက်တွင် နံရံမြင့်များလို ကျောက်ဆောင်ချွန်များရှိသည်။ မိုးမရွာသည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် ချောင်းရေသည် ခပ်ကျဉ်းကျဉ်းသာ စီးဆင်းလျက်ရှိပြီး ကျောက်စရစ် ကျောက်ခဲများသာ လျှိုမြောင်တစ်လျှောက် အမြောက်အမြားရှိနေသည်။

ဘီလူးသည် မြင်းများကို အနားပေးရန် အထုပ်များဆွဲချနေရာမှ လှမ်းပြောသည်။

"မင်းရိပ်.. မင်း လမ်းမှားနေပြီလား.."

"ဟာကွာ.. ကြံကြံဖန်ဖန်"

"ဟေ့ကောင်.. သုံးရက်ရှိပြီ.. လူတစ်ယောက်နဲ့မှ မဆုံသေးဘူး"

"မမှားပါဘူးကွာ.. မနက်ဖြန်လောက်ဆို ရွာတစ်ရွာရွာတော့ ရောက်မှာ"

"မင်း သေချာကြည့်ဦး.."

မင်းရိပ် အရှုံးပေးလိုက်သလို လက်မြှောက်ပြကာ အဝတ်ထုပ်ထဲမှ သားရေလိပ်မြေပုံကို ဆွဲထုတ်ကာ ဖြန့်ခင်းသည်။ နေမဝင်သေးသော်လည်း လျှိုထဲတွင်ရှိနေ၍ အလင်းရောင် သိပ်မရှိချင်တော့။ ဘီလူးပါ အနားရောက်လာပြီး ဒူးထောက်ထိုင်သည်။ မင်းရိပ်လက်ညှိုးနှင့် ညွှန်ပြသည်။

"ဒီမှာလေကွာ.. အခုလျှိုအတိုင်း ရှေ့ဆက်သွား.. ဒီမှာ ရေတံခွန်.. ဘေးဆက်လျှောက်ရင် ပြန်တက်ဖို့နေရာရှိတယ်.."

"ဟာ.. ဖြစ်ပါ့မလား.. ဒီလောက်မြင့်တဲ့ ကျောက်ဆောင်တွေ .. မင်း အဖေမြင်းတွေက ဘယ်လိုတက်မလဲ"

တစ်နေ့ အင်ပါယာရှင်ဖြစ်လာမည့်သူကို မြင်းနှင့်သားအဖတော်ခိုင်းသော်လည်း စိတ်ဆိုးဟန်မရှိ။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now