အပိုင်း ၁၈

2.3K 365 16
                                    

သူတို့ရောက်လိုရာနှင့် သိပ်မဝေးတော့။ ရေတံခွန်ကို မမြင်ရခင်ကတည်းက အရှိန်ပြင်းပြင်း ကျဆင်းနေသော ရေသံများကို ကြားရသည်။ လမ်းတစ်လျှောက်တွင် အကွေ့အကောက်များဖြင့် ချိုးကွေ့လာခဲ့ရာမှ ရေတံခွန်ငယ်အချို့ကို ဖြတ်သန်းလာခဲ့ကြသည်။ ကျောက်တုံး ကျောက်ခဲငယ်များမှသည် လူတစ်ရပ်စာထိ အရွယ်ပမာဏကြီးမားသော ကျောက်ဆောင်များကို ကျော်ဖြတ်ရသည်။ နောက်ဆုံးမြင်းကိုပင် လက်လွှတ်ခဲ့ရကာ ရွက်ဖျင်တဲကိုလည်း လမ်းမှာပင် စွန့်ပစ်ခဲ့ကြသည်။ မရှိမဖြစ် အရေးပါသော ဝန်ထုပ်ကိုယ်စီကိုသာ မျှပြီးသိုင်းလွယ် ခရီးဆက်ခဲ့ကြသည်။

သုံးဦးသားကြားမှာ မည်သည့်စကားသံမှမရှိဘဲ အတွေးကိုယ်စီနှင့် တိတ်ဆိတ်၍နေသည်။ ရေတံခွန်အသံသည် ကျယ်သည်ထက် ကျယ်လာပြီး လွင့်စင်လာနေသော ရေမှုန်ရေဖွားများကိုပင် စမြင်ရပြီ။ နောက်ထပ်အကွေ့တစ်ခုအပြီးတွင်တော့ လျှိုမြောင်အဆုံး ရေတံခွန်ကြီးကို အားလုံးရှေ့မှာ မြင်လိုက်ရသည်။ မြင့်မားသော ကျောက်ဆောင်နံရံမှ အရှိန်အဟုန်မြင့် စီးဆင်းနေသည်မှာ သဘာဝတရား၏ အားမာန်တစ်ခုလို။ ရေတံခွန်အောက်ခြေတွင်မူ ကန်ငယ်တစ်ခုဖြစ်ထွန်းနေကာ အရှိန်ပြင်းပြင်း အဆက်မပြတ်ကျဆင်းနေသော ရေထုထည်ကြောင့် စီစီဝေအောင် ရေမြှုပ်များ ပေါ်လိုက်ပျောက်လိုက်။

"မင်းရိပ်.."

ဘီလူး အသံကုန် အော်ခေါ်သော်လည်း ရေတံခွန်သံကိုဖုံးသွားဖို့ဆိုတာ မဖြစ်နိုင်။ သုံးဦးစလုံး အနီးဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်ရှာဖွေကြသည်။ မိုးက သည်းနေရာမှ နည်းသွား၍ တော်သေးသည်။​ နေရောင်မတောက်သော်လည်း နေ့အလင်းရောင်ကို ပြန်မြင်ရပြီ။

"ဟေး.."

အသံသည် အမြင့်တစ်နေရာမှဖြစ်သည်။ သုံးဦးစလုံး ဘေးပတ်ဝန်းကျင်ကိုသာ ရှာနေခြင်းဖြစ်၍ လျှိုမြောင်၏ နံရံမြင့်ကို မော့မကြည့်ဖြစ်ခဲ့ကြ။ မင်းရိပ်သည် ကျောက်ဆောင်၏ သုံးပုံတစ်ပုံခန့်မှာ ရောက်နေခြင်းဖြစ်သည်။ သို့သော် သူတို့ရှိရာ ပြန်ဆင်းလာသည်။ ကျောက်ချွန် ကျောက်စွန်းများပေါ် ပေါ့ပါးစွာ ရွေ့လျားဆင်းလာနေသည်မှာ အသည်းယားဖွယ်ရာ။ အချိန်တိုအတွင်းမှာပင် အောက်ပြန်ရောက်သည်။​ ရေစိုနေသော ရွှေရောင်ဆံပင်များမှာ နားထင်နှင့် နဖူးပေါ်ကပ်၍နေသည်။ လက်နှစ်ဖက်တွင် သေးငယ်သော ခြစ်ရာ ရှရာအချို့ကို မြင်နေရသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now