အပိုင်း ၃

3.9K 463 4
                                    

နှင်းကျသော နေ့တစ်နေ့ဖြစ်၍ နေ့အလင်းရောင်သည် ဖြိုးဖျဖျသာ။ ညနေစောင်းအချိန်မှာပင် မှောင်ရိပ်သန်းလာသောကြောင့် အခန်းနံရံထောင့်မှ မီးတိုင်ကို အစေခံတစ်ယောက်မှ မီးထွန်းညှိပေးသွားခဲ့ပြီ။ မီးရောင်ကြောင့် စာကြည့်တိုက်ခန်းမကျယ်ကြီးတွင် သစ်သားစင်များ၏ အရိပ်သည် ရှည်မျောထွက်ပေါ်လာသည်။ ခန်းမလယ်ရှိ သစ်သားစားပွဲရှည်ကြီးပေါ်တွင် မြေပုံကြီးတစ်ခုကို ဖြန့်၍ခင်းထားသည်။ ရှိန်းမာန်ရာသည် ထိုမြေပုံထက် လက်နှစ်ဖက်ထောက်ရင်း လေ့လာနေဆဲ။

"ဒီနယ်နိမိတ်တွေအကုန်လုံးက ကျွန်တော်တို့အင်ပါယာပေါ့.."

"ဟုတ်တယ် အရှင့်သား ပင်လယ်ထိပေါ့.."

မုတ်ဆိတ်ဖြူများနှင့် အသက်ရွယ်ကြီးသူ ဆရာကြီးသည် အနားယူချင်နေပြီ။ ဒီနေ့အတွက် တော်လောက်ပြီဟု သူ ပြောခဲ့သည်မှာ သုံးလေးကြိမ်မကတော့။ သိချင်တတ်ချင်စိတ် လောကြီးကာ ကြိုးစားချင်လွန်းသူကြောင့် ခက်၍နေသည်။

"ပင်လယ်ကရော ဘယ်သူပိုင်လဲ"

"ဘယ်သူမှ မပိုင်ဘူးလေ"

"ဘာဖြစ်လို့လဲ"

"အဲ့... အဲ့ဒါက ရေပြင်ပဲဆိုတော့.."

"ရေပြင်ဖြစ်လည်း ဘာဖြစ်လဲ၊ ပင်လယ်ကိုရော ကျွန်တော်တို့ ဘာလို့မပိုင်လဲ"

ဤကလေးငယ်ကဲ့သို့ အသက်အရွယ်နှင့်မလိုက်အောင် စိတ်ဆန္ဒပြင်းပြသူမျိုးကို ဆရာအိုသည် သင်ကြားခဲ့ရသည့် သက်တမ်းတစ်လျှောက် မဆုံခဲ့ရဖူး။

"မနက်ဖြန်မှ ဆက်ပြောကြတာပေါ့ အရှင့်သား..အခု မှောင်လည်းမှောင်လာပြီ"

"ဒီနေရာကရော.."

မြေပုံတစ်နေရာကို လက်ညှိုးထောက်၍ မေးသည်။ အင်ပါယာရှင်ပိုင်ဒေသအားလုံးကို တောင်တန်း၊​ ပင်လယ်၊ တောအုပ်၊ မြစ်ချောင်းများဖြင့် အသေးစိတ်မှတ်သားထားသော်လည်း ထိုဒေသများကတော့ အဖြူရောင်သက်သက်။ မည်သည့်အမှတ်အသားမှ ရှိမနေ။

"ဒါကတော့ အခြားတိုင်းပြည်တစ်ခုပေါ့"

ရှိန်းမာန်ရာ ပခုံးများ တောင့်တင်းသွားသည်။ အမည်နာမကို မကြားလိုက်ရသော်လည်း ချက်ချင်းနားလည်သည်။ မည်သူကမှ ထိုတိုင်း၊ ထိုဒေသအကြောင်းကို ပြောဆိုခြင်းမရှိကြ။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now