အပိုင်း ၂၉

2.4K 341 43
                                    

တောင်ပေါ်လေပြည်အေးသည် ခပ်ကြမ်းကြမ်းတိုက်ခတ်ချိန် လိုက်ကာနီသည် လှုပ်ခါသွားသည်။ လှိုက်ခနဲ ပြန်အကျ အနားစကို မင်းရိပ်အသာဖမ်းထိန်းလိုက်သည်။ လှုပ်ရှားမှုမဲ့ငြိမ်သက်နေသူ၏ အကြည့်များက တောင်တန်းများဆီမှာ ရှိနေသည်။

အချိန်ကာလသည် ပြောင်းလဲနိုင်စွမ်းရှိသည်ဆိုသည်မှာ ထိုကောင်လေးအတွက်တော့ ဟုတ်မှန်ဟန်မတူ။ ယခင်ချိန်တုန်းကလိုပင် နှုတ်ခမ်းပါးများနှင့် ခန့်ညားစွာချောမောနေဆဲ။ လက်နှစ်ဖက်ကို ပိုက်ထားဟန်ကအစ ကျက်သရေရှိစွာ။ လှမ်းမြင်နေရသည့် လက်ချောင်းသွယ်များကအစ ပုံကျစွာထုဆစ်ထားသည့် ခန္ဓာအစိတ်အပိုင်းတစ်ခုချင်းစီက ပြည့်စုံမှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များသာ။ အရှိန်ဝါနှင့်ပေါင်းစပ်ထားသော ရင့်ကျက်သောမျက်လုံးများမှ တည်ငြိမ်ဟန်ကို မြင်နေရသည်။ လှည့်မကြည့်သူကို စကားစ, ဖို့ခက်သည်။

လိုက်ကာကို ဖယ်ကာ ဘေးနားတွင် ဝင်ရပ်ဖြစ်သည်။ ပွင့်ဟထားသော ပြတင်းပေါက်မှ အပြင်သို့ ငြိမ်သက်စွာ ငေးကြည့်မိချိန် ရင်းနှီးကျွမ်းဝင်သော တောင်တန်းများ၏အလှကို မြင်ရသည်။ တောင်မြင့်ထိပ်များတွင် နှင်းများဖုံးလျက်ကျန်ရှိနေသေးသည်။ မိုးကောင်းကင်တွင် မိုးသားတိမ်စမရှိဘဲ ကြည်လင်သာယာလျက်။ ပန်းမျိုးစုံနှင့် မြက်ခင်းစိမ်းများသည်လည်း နေရာတိုင်းမှာ ရှိနေပြန်သည်။ အတန်ကြာသည်ထိ မည်သည့်စကားမှမဆို တိတ်ဆိတ်နေသူကြောင့် မင်းရိပ် ပြတင်းဘောင်ပေါ် တင်ပါးလွှဲထိုင်လိုက်သည်။

"ဘာမှ ပြောစရာမရှိတော့ဘူးလား ရှိန်း"

မသိမသာထင်နေသော နဖူးထက်မှ အရေးကြောင်းသည် တစ်ချိန်ကလိုပင် ချစ်စရာကောင်းသည်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်စွမ်းရှိလွန်းသူနှင့် အကြည့်ချင်းဆုံသည်။

"မင်း ဆုံးဖြတ်ရမှာ ရိပ်"

"ငါ့ဆုံးဖြတ်ချက်ကို မင်းလက်ခံမယ်ပေါ့"

နာကြည်းသော အပြုံးကို မြင်ရသည်။​

"နောက်ဆုံးတော့ ငါ မင်းကို အမြဲအရှုံးပေးရတာပဲ"

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now