အပိုင်း ၂၇

2.2K 339 16
                                    

မြို့ငယ်လေး၏ လမ်းများတွင် သွားလာသူမရှိဘဲ ခြောက်သွေ့လျက်ရှိသည်။ နေ့ထူးနေ့မြတ်မဟုတ်ပါဘဲ ဆိုင်တွေပိတ်ထားသည်။ အိမ်ပြတင်းများတွင် လူရိပ်အချို့ ရှိနေသော်လည်း လူစိမ်းမြင်သည်နှင့် တံခါးကိုပိတ်သွားကြသည်။ တောင်တန်းများကို ဖြတ်ကျော်လာခဲ့ပြီး ခရီးကြမ်းနှင်လာခဲ့သည်မှာ ရက်သတ္တပါတ် နှစ်ပတ်ကျော်ခဲ့ပြီ။ အိမ်ခြေနည်းသော ရွာငယ်များကိုသာ ဖြတ်သန်းခဲ့သောကြောင့်လားမသိ။ အားလုံးသာမန်လိုပင် ထင်ရသည်။ ယခုမြို့လေးကတော့ လမ်းတစ်လျှောက် တွေ့ရသည့် ပထမဆုံးမြို့ငယ်လေးဖြစ်သည်။

မင်းရိပ်အတွက် မြင်းတစ်ကောင် ရနိုင်ဖို့ အရေးကြီးလိုအပ်နေသည်။ နှင်းတောင်များတွင် အသုံးပြုရန် စာမရီနွားရိုင်းများသည် မရှိမဖြစ် ဖြစ်သော်လည်း မြေပြန့်ရောက်ချိန် ခရီးတွင်ဖို့ မြင်းများရနိုင်မှ ဖြစ်မည်။ ရေခဲတောင်များမှ သူတို့နေထိုင်ရာထိရောက်ဖို့ဆိုတာ တစ်လနီးပါးကြာမြင့်သော ခရီးရှည်ဖြစ်သည်။ မြင်းဝယ်ယူရန်အတွက် ငွေကြေးအလုံလောက်ရှိသော်လည်း ရောင်းမည့်သူ မရှိ။ ရောင်းမည့်သူ မဆိုထားနှင့်။ လမ်းသွားလမ်းလာများပင် ရှိမနေ။

"ဟေ့လူ.. ခဏ .."

လမ်းကွေ့တစ်နေရာတွင် အရိပ်တစ်ခုကို မြင်လိုက်ရချိန် အပြေးသွားသည်။ အိမ်ထဲဝင်ရန် ကြိုးစားနေသူကို တံခါးပေါက်မှာပင် တားလိုက်နိုင်သည်။ မယုံမကြည်ဖြစ်နေသူက ချက်ချင်း သတိအနေထားနှင့် ဆက်ဆံသည်။

"မင်း ဘယ်သူလဲ.. ငါတို့မြို့ကို ဘာလာလုပ်တာလဲ.."

"ကျွန်တော် မြင်းတစ်ကောင် အရေးကြီးလိုနေလို့.. ဘယ်မှာ ရနိုင်မလဲ"

မုတ်ဆိတ်ပါးသိုင်းမွှေးများနှင့် လူရိုင်းပုံစံဖြစ်နေသော မင်းရိပ်ကိုကြည့်ရင်း လူကြီးသည် ယုံဟန်မရှိ။ အသင့်ပါလာသော ငွေထုပ်ကို ခပ်သွက်သွက် ထုတ်ပြသည်။

"အရေးကြီးလို့ပါဗျာ..."

"ဘယ်သူမှ ရောင်းမယ့်သူ မရှိဘူး.."

"ကြိုက်စျေးနဲ့ရစေရမယ်ဗျ.. ကူညီပါဦးဗျာ"

"မင်း ခုနက မေးတဲ့သူနဲ့ တူတူလာတာ မဟုတ်ဘူးလား.."

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now