အပိုင်း ၁၁

2.7K 358 10
                                    

နှစ်နှစ်ဆိုသောအချိန်ကာလသည် မယုံနိုင်စရာ ပြောင်းလဲမှုမျိုးကို ပြုလုပ်နိုင်စွမ်းရှိနေသည်။ ဘုန်းတော်ကြီးဘေးနားတွင်ရပ်နေသူသည် အရပ်မြင့်မြင့် လူငယ်တစ်ဦးဟု ရုတ်တရက်ထင်စရာရှိသည်။ ရုပ်ရည်သွင်ပြင်သည်လည်း မှတ်မိနေသော ကလေးငယ်တစ်ယောက်၏ အရိပ်အယောင် စိုးစဥ်းမျှ ရှိမနေတော့။ ဘေးတွင်ရပ်နေသည့် သူငယ်ချင်းဖြစ်သူနှင့် ထိုသူသည် အသက်သုံးနှစ်ခန့် ကွာခြားသည်ကိုပင် သတိထားမိဖို့ခက်နေခဲ့ပြီ။

ထိုလူငယ်သည် သူတို့ရှိရာ တစ်ချက်လှည့်ကြည့်ပြီးချိန်မှာ ချက်ချင်းလိုလို အကြည့်လွှဲသွားခဲ့သည်။ အနားမှာရှိနေသည့် ဘုန်းတော်ကြီးနှင့်သာ အလိုက်အထိုက် စကားဆိုနေသည်။ ထိုဖြစ်ရပ်သည်ပင် ရှိန်းမာန်ရာအတွက် ထူးဆန်းသည်။ မင်းရိပ်မုန်းသည် အမြဲဂျစ်ကန်ကန်နှင့် ကန့်လန့်ဆိုတတ်သူ။ မည်သည့်အချိန်ကစပြီး သူသည် လူကြီးများကို တလေးတစား ဆက်ဆံတတ်သွားခဲ့သည်လဲ။

"ရှိန်း.. သူတို့က.."

စူးစမ်းသလိုမေးနေသည့် ရှားထက်နိုင်၏ အထင်မှန်ကြောင်းကို ခေါင်းညိတ်ဖြေသည်။ ဦးလေးဖြစ်သူသည် မျက်နှာပျက်သွားသော်လည်း ခေတ္တခဏမျှသာ။ ဘာမှမဖြစ်သလို ရှေ့ဆက်လျှောက်သွားသည်။ ဘုန်းတော်ကြီးကို အရိုသေပြုပြီးသည်နှင့် မင်းရိပ်မုန်းတို့ကို ရိုသေစွာ နှုတ်ဆက်စကားဆိုသည်။ မင်းရိပ်မုန်း သူငယ်ချင်းကလည်း ရှိန်းမာန်ရာကို အရိုအသေပြုကာ နှုတ်ဆက်သည်။ သူတို့နှစ်ဦးကြားတွင်တော့ မည်သည့်စကားလုံးမျှ ဖြစ်ထွန်းမလာ။ တစ်ခါမှ မမြင်မသိကြသူနှစ်ဦးလို ဝေးကွာမှုသက်သက်သာ ရှိနေသည်။

ဘုန်းတော်ကြီးသည် အသံတိတ်နေသည့် ညီအစ်ကိုနှစ်ဦး၏ အေးစက်မှုကို ရိပ်စားမိသလို ဧည့်ခံစကားကို အလိုက်အထိုက် ဆက်ပြောသည်။ ရှားထက်နိုင်ကလည်း တလေးတစားဆိုသည်။

"တွေ့ရတာ ဝမ်းသာပါတယ် သခင်လေး၊ ဘာပဲလိုလို ကျွန်တော့်ကိုခိုင်းပါ၊ ညီလေးလည်း လိုတာရှိရင် အစ်ကို့ကိုပြောပါ"

"ဟုတ်ကဲ့ပါခင်ဗျ၊ ကျေးဇူးပါ ကိုရှား"

မင်းရိပ်သူငယ်ချင်းဖြစ်သူက ဝင်ဖြေသည်။ ခရီးပြင်း နှင်လာကြသည့်ဟန် နှစ်ဦးစလုံး ပင်ပန်းနေကြသည်ကို သတိထားမိသည့် ဘုန်းတော်ကြီးမှာ ရှည်ရှည်ဝေးဝေး စကားမဆိုဘဲ နားနေနိုင်ရန်အတွက် အခန်းသို့ ပို့စေသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now