အပိုင်း ၂၄

97 10 1
                                    

ကလေးငယ်တစ်ဦး၏ ရယ်မောသံကို လွင်ပျပျ ကြားလိုက်ရသည်။ ဆောင်းအကုန်နွေဦးကာလဖြစ်၍ ဥယျာဉ်ကြီးထဲတွင် နှင်းပွင့်တို့ရှိမနေတော့။ စိမ်းလန်းသော မြက်ပင်ငယ်အချို့ ပြန်လည်ခေါင်းထောင်၍လာခဲ့ပြီ။ ပန်းငုံ ပန်းဖူးတို့သည်လည်း ပွင့်ဖူးဝေရန် ပြန်လည် အားတင်းနေကြပြီ။ ဆောင်းတွင်းတစ်ခုလုံး အေးခဲနေသည့် ရေတံခွန်မှ ရေစီးသံလွင်လွင်ကို တဖန်ပြန်ကြားနေရပြီဖြစ်သည်။

"ဟေ့ကောင်လေး.. အဲ့ဒီ့ကို မသွားနဲ့လေ.. ဟာ.. ဒီကောင်.."

ကလေးငယ်ကို လှမ်းခေါ်သံကိုပါ ကြားရသည်။ နားနေဆောင်ထဲရှိနေသော ရှိန်းမာန်ရာသည် အသံကြားရာ လှမ်းကြည့်သည်။ နှစ်နှစ်ကျော် သုံးနှစ်အရွယ် ကလေးငယ်တစ်ယောက်ကို ဦးစွာမြင်ရသည်။ အုန်းခွံရောင် ဆံပင်ကြမ်းများသည် ထိုးထိုးထောင်၍နေသည်။ ခြေလှမ်းငယ်များသည် သွက်လွန်းလှသည်။ အပြေးလိုက်လာသောလူသည် ကလေးငယ်ကို ခါးမှဆွဲချီကာ မြှောက်ပင့်လိုက်သည်။

"မိပြီကွ..."

ကလေးငယ်၏ ရယ်မောသံသည် ဆည်းလည်းသံလိုပင်။ သဘောကျစွာ ပြုံးမိသည်။

"မင်းကို ဒီဘက် မလာရဘူး ငါ ဘယ်နှခါပြောရမလဲ.. မင်းကွာ.. တကယ့်ကောင်.."

ကလေးငယ်ကို ဆူနေရာမှ နားနေဆောင်ထဲရှိနေသော ရှိန်းမာန်ရာကို မြင်သွားဟန်တူသည်။ ခေတ္တခဏကြောင်သွားပြီးမှ မျက်နှာပျက်ပျက်နှင့် အရိုအသေပြုနှုတ်ဆက်သည်။

"ခင်ဗျား သားလေးလား လင်းထက်"

"ဟုတ်တယ်ဗျ"

"လာဦး သား"

ရှိန်းမာန်ရာ လက်ကိုဆန့်တန်းရင်း ခေါ်သည်။

မင်းရိပ်နန်းတွင်းမှ ထွက်သွားခဲ့သည်မှာ လေးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဘီလူးသည်ပင် ဖခင်တစ်ယောက်ဖြစ်နေခဲ့ပြီ။ အစောပိုင်းကာလများတွင် မင်းရိပ်ပြောသည့်အတိုင်း တစ်နှစ်ကြာ၍ လူလဲလှယ်ကြလျှင် သူတို့ပြန်ဆုံကြလိမ့်မည်ဟု ထင်ခဲ့မိသည်။ မင်းရိပ်ရှိနေသော ဒေသသို့ သွားရောက်ရန် လူပို့တိုင်း သူငယ်ချင်းဖြစ်သူ ပြန်လာမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် ဘီလူး၏ မင်္ဂလာပွဲသို့လည်း မင်းရိပ် ရောက်မလာခဲ့။ သားဦးလေး မွေးဖွားလာချိန်တွင်လည်း စာဖြင့်သာ အကြောင်းကြားနိုင်ခဲ့သည်။ မင်းရိပ်သည် ယခုတိုင် အေးခဲသော နယ်စပ်ဒေသတွင် ရှိနေဆဲသာ။ တဖြည်းဖြည်းနှင့် ယခင်အင်ပါယာရှင်၏ တူငယ်တစ်ယောက် လောကတွင်ရှိနေသေးသည်ကိုပင် အများက မေ့လျော့ထားကြပြီ။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now