အပိုင်း ၈

2.8K 390 20
                                    

တောင်ကုန်းမြင့်များပေါ် နှင်းပွင့်များ အဆက်မပြတ် ကျဆင်းလျက်ရှိသည်။ မြူစိုင်းသော ထင်းရှူးတောအုပ်များသည် မှုန်ရီမှိုင်းနေသည်။ ဖုံးလွှမ်းထားသော နှင်းဖြူများ၏ ရောင်ပြန်ဟပ်မှုကြောင့် နီးနားဝန်းကျင် မြင်ကွင်းကတော့ ရှင်းနေသည်။ လေးနှင့်မြားကိုလွယ်ထားသော လူသားနှစ်ယောက်၏ ပုံရိပ်သည် နှင်းဖုံးသော တောလမ်းတစ်လျှောက် ထင်းရှူးပင်မြင့်များကြား ပေါ်လိုက် ပျောက်လိုက်။ လျှောက်လိုက်တိုင်း ကိုယ်အလေးချိန်ကြောင့် နှင်းအိစွာ နိမ့်မဆင်းသွားစေရန် သစ်သားရှည်နှစ်ချောင်းဆင့် ပြုလုပ်ထားသော နှင်းလမ်းလျှောက်များကို ဖိနပ်အောက်တွင် တပ်ဆင်ထားသည်။

မင်းရိပ်မုန်းသည် အအေးဒဏ်ကို လုံးလုံးခံစားရခြင်း မရှိသည့်နှယ် အင်္ကျီပါးကို ဝတ်ဆင်ထားသည်။ ခေါင်းဆောင်းသားရေခြုံလွှာသည် နှင်းပွင့်များကို ကာကွယ်ပေးထားနိုင်သော်လည်း တစ်ပိုင်းတစ ထွက်ပေါ်နေသော ရွှေရောင်ဆံစများသည် ရွှဲရွှဲစို၍နေသည်။ အချိန်ကာလအားဖြင့် ရှိန်းမာန်ရာ ထွက်ခွာသွားချိန်မှစ၍ တစ်နှစ်ကျော် နှစ်နှစ်နီးပါးမျှ ကြာမြင့်ခဲ့ပြီဖြစ်သည်။ မင်းရိပ်မုန်းသည် ယခင်အချိန်များကလို လူလားမမြောက်သေးသည့် ပုံစံလုံးဝမဟုတ်တော့။ မြင့်မားသောအရပ်၊ ကြံ့ခိုင်သောခန္ဓာနှင့် ပီပြင်သော လူငယ်တစ်ယောက် ဖြစ်၍နေပြီ။​ အသက်ပိုကြီးပြီး နဂို အရပ်မြင့်သော ဘီလူးနှင့်ပင် မတိမ်းမယိမ်းဖြစ်နေခဲ့ပြီ။

"မင်းရိပ်.. ဘယ်လိုလဲ"

"ဟင်.."

"ဒီလောက်နှင်းကျနေတာ ငါတို့ ဘယ်သားကောင်မှ ခြေရာခံလို့ရမှာ မဟုတ်ဘူး"

ဘီလူး စိတ်ညစ်သလို ပြောသည်။ နှင်းတောထဲတွင် သူတို့နှစ်ဦး တစ်နေကုန် တောလိုက်ခဲ့ကြသည်။ အမှန်တော့ ယနေ့လို နှင်းကျလွန်းသည့်အချိန်တွင် အမဲလိုက်လျှင် တောထဲတွင် အချိန်ကုန်၊ လူပန်းရုံသာရှိမည်ကို သူ သိပြီးဖြစ်သည်။ ယခုလိုအချိန်တွင် တွင်းအောင်းနေမည့် သားကောင်များသာ ရှိလိမ့်မည်။ ထို့အပြင် မည်သည့်သားကောင်၏ ခြေရာကိုမဆို နှင်းပွင့်များက အချိန်တိုအတွင်း ဖုံးဖျက်နိုင်စွမ်းရှိသည်။ သူတို့နှစ်ဦး၏ ခြေရာများပင် ပြန်လှည့်ကြည့်လိုက်သည်နှင့် ပျောက်ကွယ်မတတ် နှင်းကျလွန်းသည့် နေ့တစ်နေ့။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now