အပိုင်း ၂၅

2.4K 334 20
                                    

မြင်းညိုကြီးသည် အပြင်သွားရတော့မည်ကို သိသည့်အလား ရှားထက်နိုင်ခေါ်ရာသို့ လိုလိုလားလား လိုက်လာသည်။ သဘောကျစွာ ခေါင်းခါခါ လည်ခါခါနှင့် ဝမ်းမြောက်ဟန်ပြသည်။ လူသူကင်းရှင်းသော နေရာထိ ဇက်ကြိုးဆွဲခေါ်လာခဲ့ချိန် အသင့်စောင့်နေသော ရှိန်းမာန်ရာကို မြင်ရသည်။ သာမန်အဝတ်အစားများသာ ဝတ်ဆင်ထားပြီး ခေါင်းခြုံပါသည့် ဝတ်ရုံကြောင့် မည်သူဆိုတာ ချက်ချင်းသိနိုင်ဖို့ ခက်ခဲပါလိမ့်မည်။

"ရှိန်း.. နေ့လယ်စာ မစားသွားတော့ဘူးလား"

"မစားတော့ဘူး အစ်ကို.."

"မင်း ဘယ်သွားမလဲဆိုတာ အစ်ကို့ကိုတောင် အသိမပေးဘူးလား.. တစ်ခုခုဆိုရင် အစ်ကို မင်းကို ဘယ်မှာလိုက်ရှာရမလဲ"

"ည မနက်စေရပါဘူးဗျာ.."

"သတိထားဦးနော်.. သြော်.. ရှိန်း"

ပြောစရာရှိသည်ကို သတိရသော်လည်း ချက်ချင်းပြောထွက်ဖို့ ခက်နေသည်။

"မနေ့ညက အမ အစ်ကို့ကို ခေါ်တွေ့သေးတယ်.."

"ကျွန်တော် လက်ထပ်ဖို့ကိစ္စပဲလား အစ်ကို"

"ဟုတ်တယ် ရှိန်း.. မင်းကို တိုက်တွန်းပေးဦးတဲ့.."

သက်ပြင်းချရမှာပင် ရင်ထဲမောရသည်။ မိခင်ဖြစ်သူ၏ အစီအစဥ်ကို အကြောင်းအမျိုးမျိုးပြကာ ရှောင်လာခဲ့သည်မှာ နှစ်ပေါင်းကြာခဲ့ပြီ။ မင်းရိပ်ကို နယ်စပ်ဒေသသို့ စေလွှတ်လိုက်သည်ကို လွမ်းသူရာ မကျေနပ်ခဲ့။ ရှားထက်နိုင်နှင့်မင်းရိပ်ကို လက်ထပ်စေပြီးမှ လွှတ်စေချင်ခဲ့သည်။ ယခုနှစ်များအတွင်း နယ်စပ်ဒေသတွင် ကျူးကျော်စစ်ပွဲများ မကြာခဏရှိနေ၍လည်း ထိုကိစ္စကို ဘာမှထပ်မပြောတော့။ သို့သော် ရှိန်းမာန်ရာကို ဇာတိတိုင်းပြည်မှ မင်းသမီးတစ်ပါးနှင့် အမြန်ဆုံး လက်ဆက်ပေးနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

သူ၏ဇနီးလောင်းအကြောင်းကို ရှိန်းမာန်ရာ သိသင့်သလောက် သိပြီးဖြစ်သည်။ သူမ၏မိသားစုသည် အခုချိန်ထိ ဇာတိတိုင်းပြည်တွင် သြဇာအာဏာရှိသူများဖြစ်သည်။ မိခင်မိသားစု၏ သစ္စာခံများဖြစ်သလို ဆွေမျိုးမကင်းသူများလည်းဖြစ်သည်။ ရုပ်ရည်ရူပါမှာလည်း စံချိန်တင်နိုင်သည့် အလှပိုင်ရှင်တစ်ဦး။ အလည်အပတ်ရောက်လာစဥ်က တွေ့ဆုံခဲ့ကြပြီးဖြစ်၍လည်း စိတ်နှလုံးနူးညံ့သူဖြစ်မည်ကို ခန့်မှန်းမိသည်။ ရှိန်းမာန်ရာ သဘောမကျနိုင်သည့်အရာကို ရှာဖွေရမည်ဆိုပါလျှင် သူမ မိသားစု၏ ရာထူးမက်မောခြင်းတစ်ခုသာ ရှိလိမ့်မည်။ အထူးသဖြင့် သူမ၏ ဖခင်ဖြစ်သူသည် ရာထူးဂုဏ်များအတွက် မည်သူ့ကိုမှ ငဲ့မည့်သူမျိုးမဟုတ်။ ယခင်အင်ပါယာရှင် ခန့်ထားခဲ့သူများကို နေရာဖယ်ပြီး သူ့ကို ဘုရင်ခံ ရာထူးအဖြစ် လမ်းခင်းပေးနိုင်မည့် သမီးဖြစ်သူ၏ မင်္ဂလာပွဲကို အမြန်ဆုံးကျင်းပစေချင်သည်။ ရှိန်းမာန်ရာဘက်က နှစ်ကြာသည်ထိ အချိန်ဆွဲနေသည်ကို သဘောမကျဖြစ်နေသည်။

~  မှိုင်းမြူရစ်နွယ် ~Where stories live. Discover now